Thursday, October 1, 2026

အယ်လ်နီညိုနှင့် တောင်သူဦးကြီးတို့၏ လယ်ကွင်းများ


 

အေးမြင့်ဆွေ (ဆည်/ရေ)

“မောင်ထွန်းရေ၊ မင်းသိပြီးပြီလား..။ ဒီနှစ် ဘာ…ညိုကြောင့်ဆိုလား ရာသီဥတုဖောက်ပြန်မှာမို့ ကြိုတင်ပြင်ဆင်ရမယ်ဆိုကွ..။ အဲဒီအကြောင်းသိရင် ငါ့ကို မင်းသိသလောက်လေး ပြောပြစမ်းပါကွာ” အညာကုက္ကိုပင်ရိပ်အောက် ဝါးခုံတန်းလျားတွင် ရေနွေးသောက်နေရင်းမှ လယ်သမားကြီး ဘကြီးအောင်သည် မြေးဖြစ်သူအား ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်၏။ မွေးကတည်းက လယ်ယာထဲတွင် ကြီးပြင်းကာ သီးနှံအမျိုးမျိုးကိုစိုက်၍ စားဝတ်နေရေး ဖြေရှင်းခဲ့ရသော ဘကြီးအောင်သည် ရာသီဥတုနှင့်ပတ်သက်သော သတင်းများကြားလျှင် စိတ်ဝင်တစား နားစွင့်လေ့ရှိပါသည်။





“အယ်လ်နီညိုပါ အဘရယ်..။ အဘပြောမှပဲ ဘာ..ညို ဖြစ်တော့တယ်ဗျာ။ အဲဒါက နည်းနည်းတော့ ရှုပ်တယ်အဘရဲ့။ ပင်လယ်ထဲမှာ အပူချိန်တွေမြင့်တာကစပြီး ရာသီဥတုကို ဖောက်ပြန်စေတဲ့ ဖြစ်စဉ်တဲ့ဗျ။ မိုးရာသီကာလ တိုတာတို့၊ မိုးရွာချိန် ပုံမမှန်တာတို့၊ မိုးရွာနည်းပြီး ပူပြင်းတာတို့ ဖြစ်တာလို့ပြောကြတာပဲ။ တစ်ခါတလေလဲ ခဏအတွင်း မိုးတွေအလွန်ကြီးပြီး ရေကြီးတာတွေဖြစ်တတ်တယ်တဲ့။ ဒီနှစ်ကမ္ဘာတစ်ဝန်းမှာ ရေတွေအလွန်ကြီးနေတာ အဲဒါကြောင့်လဲ ပါမယ်ထင်တယ် အဘရဲ့။ အဓိကကတော့ ရာသီဥတု ကမောက်ကမ ဖောက်လွဲဖောက်ပြန် ဖြစ်တာပေါ့ဗျာ..။ ထပ်အရှင်းဆုံးပြောရရင်တော့ ဒီနှစ်ဆောင်းနဲ့ နွေကတော့ ခါတိုင်းထက်ပိုပူမှာပေါ့ အဘရာ။”

“ဟုတ်ရော ဟုတ်ရဲ့လားကွာ..။ ဘယ်လိုလုပ်သိကြတာလဲ..”

“အခုခေတ်က ခေတ်မီနည်းလမ်းတွေနဲ့ ကြိုသိကြတာ အဘရဲ့။ ပြီးတော့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ဆိုတာကလဲ တစ်ကမ္ဘာလုံးကို ကြိုတင်ပြင်ဆင်ဖို့ သတိပေးထားတာတဲ့။ ကျွန်တော်တို့ တစ်နိုင်ငံတည်းတင်တော့မဟုတ်ဘူး။ အခြားနိုင်ငံတွေရော ကြိုတင်ပြင်ဆင်နေကြရတာဗျ။ သောက်သုံးရေ စုဆောင်းဖို့၊ ချွေတာဖို့၊ စိုက်ပျိုးရေတွေ သေချာစိစစ်သုံးဖို့၊ ရေတွင်းရေကန်တွေမှာ ရေစုဆောင်းထားဖို့ စတာတွေပေါ့ဗျာ။ ရေရှိမှ သောက်ရေ၊ သုံးရေအဆင်ပြေသလို စိုက်ပျိုးရေရှိမှ စားရေရိက္ခာသီးနှံတွေ စိုက်ပျိုးလို့ရမှာလေဗျာ…”

ကွမ်းသီးကို အားစိုက်၍ ညှပ်နေသော်လည်း ဘကြီးအောင်၏ အတွေးထဲသို့ မောင်ထွန်း၏ စကားလုံးတိုင်းက စီစီရီရီဝင်ရောက်သွားကာ “ဒီလိုဆိုရင်တော့ ရွာဦးဘုန်းကြီးကျောင်းနားက ရေကန်ကြီးကို သေချာသွားစစ်ပြီး ချုံနွယ်ပိတ်ပေါင်းရှင်းတာတွေ၊ ကန်ပေါင်ဆင့်တာတွေ ကြိုလုပ်ထားဦးမှ၊ စနစ်တကျရေခပ်ဖို့၊ ရေသုံးဖို့ ရပ်ရွာထဲလှည့်ပြောထားဦးမှ” ဟု ရပ်မိရပ်ဖပီပီ တွေးတောမိသွားပြန်သည်။

“သောက်သုံးရေတော့ မလုံလောက်ရင် ရွာဦးကန်ကို အားကိုးရမကွဲ့…။ လယ်တွေအတွက်ကရော ရေလုံလောက်ပါ့မလား။ ငါ့လယ်တွေက ဆည်ရေသောက်တွေကွ..”

“ဆည်တွေမှာလဲ ကြိုတင်ပြင်ဆင်ပြီးတော့ ရေသိုလှောင်ထားမှာပေါ့ အဘရာ..၊ ဒါပေမယ့် ပိုပူလာရင် စပါးပင်ကလဲ ရေပိုလိုလာမှာ။ အငွေ့ပြန်တာတွေ ဘာတွေလဲများလာတာပေါ့။ အဲဒီတော့ရေကို ဂရုတစိုက်လေး စိစစ်သုံးသင့်တယ်။ လယ်ကန်သင်းတွေလဲ ရေလုံအောင် သေချာဖို့ပြီး ကြွက်တွင်းတွေ၊ ပုစွန်တွင်းတွေစစ်ရမယ် အဘရဲ့။ မလိုအပ်ဘဲ ရေတွေကြိုသွင်းထားတာမျိုးမလုပ်ဘဲ ရေကိုလိုသလောက်ပဲသွင်းပြီး အခြားသူတွေနဲ့ မျှဝေသုံးရမှာပေါ့။ အဘလယ်တွေက ကွက်ဆင့်သောက်မြောင်းရင်းဆိုတော့ သိပ်စိတ်မပူရပေမယ့် မြောင်းဖျားက လူတွေအတွက်လဲ စဉ်းစားပေးရမှာပေါ့ အဘ။ အလှည့်ကျ မျှမျှတတသုံးရမယ် အဘရဲ့။ ကိုယ့်လယ်ရေရပြီးရော မြောင်းကို သဲအိတ်တားတာတို့၊ မြောင်းပေါင်ချိုးတာတွေတို့ မလုပ်သင့်ဘူးပေါ့ဗျာ…။”

“အေးပါကွာ..မင်းပြောပုံက ငါကပဲ ရေကို ညစ်ထားသလိုလို ဘာလိုလို။ အဲဒီလို မြောင်းပေါင်တွေချိုးရင်၊ သဲအိတ်တွေဆင့်ရင် တာတမံဥပဒေဆိုတာနဲ့ အရေးယူလို့ရတယ်လို့ ဆည်မြောင်းက ဦးစီးအရာရှိဆိုတာက ရှင်းပြထားလို့ တို့လယ်တစ်ကွင်းလုံး သိပါတယ်ကွာ..။ မလုပ်ရဲသလို လုပ်လဲမလုပ်ချင်ပါဘူး။ မြောင်းဖျားကလူတွေ ရေရလား အဆင်ပြေလား အမြဲမေးတာပါကွ…။ ရေအသုံးချမှုအဖွဲ့ဆိုတာမှာလဲ ဝင်ပြီးလုပ်နေတာပါ။ လယ်ကြားမြောင်းတွေ ဘာတွေလဲ အမြဲလူစုပြီး သူ့အုပ်စုနဲ့သူ ရှင်းနေကျ၊ ဖော်နေကျ။ ငါတို့လယ်တွေအတွက် ရေလုံလုံလောက်လောက်ရရင်ကို ငါ့မှာပျော်လို့ဟေ့။ အထွက်တိုးရင်တော့ ထီပေါက်သလို ပျော်တာပေါ့ကွာ။ အယ်လ်နီညိုအတွင်း မထိခိုက်ရအောင် ရေဘယ်လိုချွေသင့်သလဲ၊ ဘယ်လိုတွေစိုက်သင့်သလဲ၊ ဘယ်လိုတွေလုပ်ရမလဲ အကုန်လုပ်ရမယ်ဟေ့”

ဘကြီးအောင်၏ အားကြိုးမာန်တက် မျှော်လင့်ချက်အသံသည် အိမ်ဘေးစပါးခင်းများဆီမှ ဖြတ်တိုက်လာသော လေနှင့်အတူ တက်ကြွနေ၏။ အမှန်တကယ်တွင်လည်း တောင်သူဦးကြီးတို့အတွက် သီးနှံဝင်ငွေက မိသားစုစားဝတ်နေရေးအတွက် အလွန်ပင်အရေးကြီးလှသည်ဖြစ်ရာ စိုက်ပျိုးရေရရှိရေးသည် အလွန်အရေးကြီးပါသည်။

“ဟုတ်ပါပြီ အဘရယ်..။ တစ်ခုရှိသေးတယ်ဗျ..။ တကယ်လို့ စနစ်တကျတွက်ချက်ပြီး ဒီနှစ်တော့ စပါးအစား မတ်ပဲ၊ နှမ်းစတဲ့ ရေနည်းလိုသီးနှံတွေပြောင်းစိုက်သင့်တယ်လို့ ဌာနဆိုင်ရာတွေက အကြံပေးရင်လဲ ပူးပေါင်းဆောင်ရွက်သင့်တယ် အဘရဲ့။ ရာသီဥတုပူပြင်းရင် တချို့ကွင်းတွေမှာ ရေနည်းလိုသီးနှံက ပိုသင့်တော်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် လူညီဖို့တော့ လိုတာပေါ့ဗျာ။ တစ်ယောက်က စပါးစိုက်ချင်ပြီး တစ်ယောက်က နွေနှမ်းစိုက်ချင်လို့လဲ မဖြစ်သေးဘူးဗျ။”

“ဟုတ်တယ် လူညီဖို့တော့ လိုတယ်ကွ။ မဟုတ်ရင် စပါးကြား နွေနှမ်းစိုက်လို့ကတော့ ရိုးတံရေပုပ်ပြီး သေသွားမှာပေါ့။ မတ်ပဲတွေ ဘာတွေလဲ အတူတူပေါ့ကွာ။ ဒါနဲ့ ကြက်သွန်တို့၊ ဘာတို့ မီးဖိုချောင်သီးနှံတွေအတွက်ရော ရေဘယ်လိုစိစစ်သုံးသင့်သလဲသိရင် ပြောစမ်းပါကွာ…။ ငါ့ရွာနားက အကွက်တွေက နှစ်တိုင်း အဲဒါတွေစိုက်ရတာ..။ စပါးက ထမင်းဖိုးဆို အဲဒီလို သီးနှံလေးတွေကရတဲ့ဝင်ငွေက လှူလို့တန်းလို့ရသကွ။”

ဘကြီးအောင်ပြောသည်မှာ အမှန်ပင်။ စပါး၊ နှမ်းစသည့် ရာသီသီးနှံတို့မပေါ်သေးမီ ကြားကာလတွင် ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကြက်သွန်နီ၊ နံနံပင်စသည့် မီးဖိုချောင်သီးနှံများကလည်း ကျေးလက်ဒေသဝင်ငွေအတွက် အလွန်ပင်အရေးကြီးပါသည်။ ထိုသီးနှံတို့အားသာချက်မှာ မိမိတို့ခြံဝင်းအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပါသည်။

“ကြက်သွန်တို့ ခရမ်းချဉ်တို့လား..။ လိုတဲ့ရေရအောင်တော့ အခုမိုးမကုန်သေးခင်ကတည်းက အခင်းနားမှာ ရေကန်ငယ်လေးတွေ တူးထားနိုင်ရင်တော့ ပိုကောင်းတာပေါ့အဘရာ။ လျှိုပိတ်ရေကန်လေးတွေလိုပေါ့။ အဝီစိရေကတော့ လိုအပ်လွန်းမှ သုံးသင့်တာ အဘရဲ့။ မြေအောက်ရေဆိုတာကလဲ မြေပေါ်ရေလိုပဲ စိစစ်သုံးရမှာ။ ကြက်သွန်ကတော့ ရေပိုလိုမယ်ထင်တယ်နော် အဘ။ ခါတိုင်းလို နေ့တိုင်းရေမလောင်းဘဲ အလှည့်ကျ ရေသွင်းစိုက်လို့လဲရတယ်။ လူလဲသက်သာ ရေလဲသက်သာပေါ့ဗျာ။ ပြီးတော့ ပိုက်လေးတွေတန်းပြီး ရေဖျန်းစနစ်နဲ့စိုက်ရင်လဲ ရေသက်သာတယ်။ တချို့နေရာတွေမှာ အပင်အမြစ်လေးတွေနားမှာ ရေဘူးလေးတွေနဲ့ ရေစက်ချစနစ်နဲ့လဲ စိုက်ကြတယ်။”

“မင်းဟာကလဲ အစက်ချရုံနဲ့ အပင်က ကြီးနိုင်ပါ့မလားကွာ..”

“ကြီးတယ်ပြောတာပဲ အဘရဲ့။ အစ္စရေးနိုင်ငံဆိုရင် ကန္တာရထဲမှာ အဲဒီလိုနည်းတွေနဲ့ ရေချွေတာစိုက်ပြီး သစ်သီးဝလံတွေ အခြားနိုင်ငံတွေတောင် ရောင်းနိုင်သေးတာတဲ့။ အဘနည်းလမ်းသိချင်ရင် ကျွန်တော်ရှာပေးရမလား..”။

ဘကြီးအောင်သည် မြေးဖြစ်သူစကားအား ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြစ်သောကြောင့် နှုတ်ဆိတ်၍ ခပ်တိတ်တိတ်နေ၏။ သို့သော် မြို့ကျောင်းသား မြေးဖြစ်သူနှင့် ဒီနေ့စကားပြောရသည်မှာ အကျိုးရှိသည်ဟု စိတ်ထဲတွင်ယူဆ၍ အလွန်ပီတိဖြစ်လျက်ရှိပါသည်။ ယခုကဲ့သို့ မိမိသိသည်များအား လယ်နီးနားချင်း လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများအားလည်း ပြောပြထားသင့်သည်ဟု တွေးမိကာအနီးမှ ဝါးခမောက်ကို ကောက်ဆောင်း၍ ရွာထဲသို့သွားရန် ချက်ချင်းပြင်တော့သည်။

“ရွာထဲ သွားလိုက်ဦးမယ်ဟေ့။ လိုတာလေးတွေ ပြောပြရအောင်။ မင်းပြောတဲ့ ဘာ..ညို…”

“အယ်လ်နီညိုပါဗျာ.. အဘကလဲ... အခုကတည်းက မေ့နေပြီလား…”

“ခေါင်းစဉ်ပဲမေ့တာပါကွာ။ ကျန်တာ ငါအကုန်မှတ်မိပါတယ်…”

ဘကြီးအောင်သည် အယ်လ်နီညိုကို ဖြတ်ကျော်ဖို့ ပြင်ဆင်ရန် တက်ကြွလျက်ရှိပါ‌သည်။ ။

No comments:

Post a Comment