ဆက်လက်ဝဲ(MDevS)
လူ့အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် ဒီမိုကရေစီစံနှုန်းများကို တိုင်းတာရာတွင် ထိုလူ့အဖွဲ့အစည်းအတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများနှင့်မသန်စွမ်းသူများအပေါ် မည်မျှအလေးထားစောင့်ရှောက်သနည်း ဆိုသည့်အချက်သည် အရေးကြီးပါသည်။
မသန်စွမ်းမှုဆိုသည်မှာ ကံကြမ္မာ၏ မျက်နှာသာမပေးမှု သို့မဟုတ် သနားကရုဏာသက်ရုံဖြင့် ပြီးပြတ်သွားသည့် ပရဟိတကိစ္စရပ်တစ်ခုမဟုတ်ပါ။ မျက်မှောက်ခေတ်တွင် မသန်စွမ်းမှုကို ဆေးပညာဆိုင်ရာ ချို့ယွင်းချက်အဖြစ် ရှုမြင်သည့်စနစ်မှ လူ့အခွင့်အရေးအခြေပြုရှုမြင်သည့်စနစ်သို့ ကမ္ဘာတစ်ဝန်း အားကောင်းမောင်းသန် ပြောင်းလဲကျင့်သုံး နေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (UN-CRPD)ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ယင်းနှင့်အညီ “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)”ကို ပြဋ္ဌာန်းခဲ့ပါသည်။ ထို့အပြင် “မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)”တွင်လည်း “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ချန်မထားခဲ့ရေး” ဟူသော အခြေခံမူကို ခိုင်ခိုင်မာမာ ချမှတ်ထားပါသည်။ ဤရည်မှန်းချက်များကိုမြေပြင်တွင် လက်တွေ့အသက်သွင်းနိုင်ရန်အတွက် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်သော ပထမခြေလှမ်းမှာ “မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း” ဖြစ်ပါသည်။
အစိုးရ၏ တာဝန်ခံမှုနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်
မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသည် ရိုးရှင်းသော စာရင်းကောက်ယူမှုမျှသာမဟုတ်ဘဲ အစိုးရ၏တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကိုဖော်ဆောင်သည့် ရလဒ်တစ်ခုဖြစ်ပါသည်။ တိကျသောအချက်အလက်မရှိပါက မည်သည့်ဝန်ကြီးဌာန၊ မည်သည့်အဖွဲ့အစည်းမျှ ထိရောက်သောကူညီပံ့ပိုးမှုများကို မလုပ်ဆောင်နိုင်ဘဲ ဘတ်ဂျက်များနှင့် မူဝါဒများသည် လေထဲတွင်သာ ပျောက်ဆုံးသွားမည်ဖြစ်ပါသည်။
မှန်ကန်သောအချက်အလက်နှင့် ပွင့်လင်းမြင်သာမှု။ ပြည်တွင်း၌ မသန်စွမ်းသူဦးရေ မည်မျှရှိသည်၊ ၎င်းတို့သည် မည်သည့်ဒေသများတွင် နေထိုင်ကြသည်၊ မည်သည့်မသန်စွမ်းမှုအမျိုးအစား (အမြင်၊ အကြား၊ ကိုယ်အင်္ဂါ၊ ဉာဏ်ရည်) အောက်တွင် ပါဝင်နေသည်ကိုသိရှိမှသာ အစိုးရအနေဖြင့် ပြည်သူ့ဘတ်ဂျက်ကို ထိရောက်၊ ပွင့်လင်းမြင်သာစွာ ခွဲဝေနိုင်ပါမည်။ ယင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ကတိကဝတ်အပေါ် တာဝန်ခံခြင်းဖြစ်ပါသည်။
အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို တရားဝင်အသိအမှတ်ပြုခြင်း။ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှ တစ်ဆင့်ထွက်ပေါ်လာသော “မသန်စွမ်းသက်သေခံကတ်ပြား” သည် မသန်စွမ်းသူတစ်ဦးအား နိုင်ငံသားတစ်ဦးအနေဖြင့် ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုပိုင်ခွင့်ရှိသူအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပါသည်။
မသန်စွမ်းမှုအဆင့်အလိုက် မျှတစွာပံ့ပိုးနိုင်ခြင်း။ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇)၊ ပုဒ်မ ၂၂ အရ ကျန်းမာရေးဝန်ကြီးဌာနသည် မသန်စွမ်းမှုအဆင့် စိစစ်သတ်မှတ်သည့် အဖွဲ့ဖြင့် မသန်စွမ်းမှုအမျိုးအစားနှင့် မသန်စွမ်းမှုအဆင့်ကို သတ်မှတ်ရာတွင် နိုင်ငံတကာက ကျင့်သုံးသော စံနှုန်းများနှင့် လိုက်လျောညီထွေရှိရေး ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မသန်စွမ်းမှုအဆင့်ကို စနစ်တကျသတ်မှတ်ပေးခြင်းဖြင့် အမှန်တကယ် ပိုမိုလိုအပ်နေသူများကို ပိုမိုထိရောက်စွာ ဦးစားပေးထောက်ပံ့နိုင်မည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။
မသန်စွမ်းသူများနှင့် အုပ်ထိန်းသူများ အလေးထားသင့်သည့်အကြောင်းရင်း
မသန်စွမ်းသူများနှင့် ၎င်းတို့၏ မိဘ၊ အုပ်ထိန်းသူများသည် မှတ်ပုံတင်ခြင်းလုပ်ငန်းကို မိမိတို့နှင့်မသက်ဆိုင်သကဲ့သို့ သဘောမထားဘဲ မိမိတို့၏အရည်အချင်းနှင့် အခွင့်အရေးများကို မြှင့်တင်ရန်အထူးအလေးထား ဆောင်ရွက်သင့်ပါသည်။ ဤလုပ်ငန်းစဉ်သည် သနားကြင်နာမှုကို တောင်းခံ ခြင်းမဟုတ်ဘဲ ဥပဒေအရအခွင့်အရေးကို လက်ဝယ် ပိုင်ပိုင်ရယူခြင်းဖြစ်သည်။
တန်းတူပညာသင်ကြားခွင့်။ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇)၊ အခန်း (၃)ပါ ပြဋ္ဌာန်းချက်များအရ ပညာရေးဝန်ကြီးဌာန၏ လူတိုင်းအကျုံးဝင် ပညာရေးစနစ်အောက်တွင် မသန်စွမ်းကလေးငယ်များသည် လက်ရှိကျောင်းများ၌ ခွဲခြားဆက်ဆံမခံရဘဲ သင်ကြားခွင့်ရှိသည်။
အလုပ်အကိုင်အခွင့်အလမ်းနှင့် ဥပဒေအရအကာအကွယ်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅၊ အခန်း(၁၀)နှင့် နည်းဥပဒေများ၊ အခန်း(၈)တို့အရ ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍ လုပ်ငန်းခွင်များတွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင်ခွဲတမ်းစနစ်ကို သတ်မှတ်ပေးရမည် ဖြစ်ပါသည်။ မိမိတွင်မသန်စွမ်းသူမှတ်ပုံတင် ကတ်ပြားရှိထားခြင်းဖြင့် သင့်လျော်သောအလုပ်အကိုင်ကို ဂုဏ်သိက္ခာရှိရှိလျှောက်ထားနိုင်ပြီး လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရပါကလည်း ဥပဒေကြောင်းအရ အကာအကွယ်ရယူနိုင်ပါသည်။
အများပြည်သူသိရှိပြီး ဝိုင်းဝန်းကူညီရန် လိုအပ်ချက်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် အစိုးရတစ်ဖွဲ့တည်း၏ အားထုတ်မှုဖြင့် မလုံလောက်ဘဲ အများပြည်သူ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုဖြင့်သာ ရေရှည်တည်တံ့နိုင်ပါသည်။ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအောင်မြင်ရန်မှာ မသန်စွမ်းမိသားစုများသာမက ပတ်ဝန်းကျင်ရှိ အများပြည်သူအားလုံး၏ စုပေါင်းအင်အားအပေါ်တွင် တိုက်ရိုက်မူတည်နေပါသည်။
သတင်းအချက်အလက် မျှဝေပေးခြင်း။ ကျေးလက်ဒေသများနှင့် ဝေးလံခေါင်ဖျားသောဒေသများရှိ မသန်စွမ်းသူများနှင့် အုပ်ထိန်းသူအချို့သည် သတင်းအချက်အလက် လက်လှမ်းမမီမှုကြောင့် ဤကဲ့သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းများရှိသည် ကိုပင် မသိရှိကြပေ။ ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ ပတ်ဝန်းကျင်တွင် မသန်စွမ်းသူများရှိပါက ၎င်းတို့၏ မိသားစုများကို မှတ်ပုံတင်ခြင်း၏အကျိုးကျေးဇူးများနှင့် လုပ်ထုံးလုပ်နည်းများကို လမ်းညွှန်အသိပေးသည့် “လူမှုရေးအရ တာဝန်သိစိတ်”ကို ပြသကြရပါမည်။
ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း။ အချို့သောအုပ်ထိန်းသူများသည် ရှေးရိုးစွဲအမြင်များ သို့မဟုတ် ရှက်ရွံ့မှုများကြောင့် မသန်စွမ်းကလေးငယ်များကို အိမ်တွင်း၌သာ ဝှက်ထားလေ့ရှိသည်။ အများပြည်သူအနေဖြင့် မသန်စွမ်းမှုကို အနာရောဂါတစ်ခု သို့မဟုတ် ရှက်စရာကိစ္စတစ်ခုအဖြစ်မရှုမြင်ဘဲ လူသားမျိုးကွဲများထဲက သဘာဝတရားတစ်ခုအဖြစ် နားလည်ပေးပြီး ၎င်းတို့မှတ်ပုံတင်ရန် သွားရောက်ရာတွင် ဝိုင်းဝန်းအားပေးကူညီရပါမည်။
အဆင်ပြေချောမွေ့စွာ လက်လှမ်းမီနိုင်မှု ဖန်တီးပေးခြင်း။ ရပ်ရွာအဆင့်တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ မသန်စွမ်းသူများ လွယ်ကူစွာလာရောက်နိုင်ရန် လမ်းတံတား၊ အဆောက်အအုံပိုင်းဆိုင်ရာနှင့် သတင်းအချက်အလက် ပိုင်းဆိုင်ရာကူညီမှုများကို မသန်စွမ်းသူအသင်းအဖွဲ့များနှင့်အတူ လူငယ်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပံ့ပိုးပေးသင့်ပါသည်။
ဆက်စပ်ပတ်သက်နေသော ကဏ္ဍများနှင့် လုပ်ငန်းစဉ်များ
မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်အဆင့် ယန္တရားတစ်ခုလုံးနှင့် ချိတ်ဆက်နေပြီး ထွက်ပေါ်လာသောအချက်အလက်များကို အဓိကအားဖြင့် အောက်ပါကဏ္ဍအလိုက် အသုံးချကာ အစိုးရနှင့် ပြည်သူအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်-
အမျိုးသားစီမံကိန်းရေးဆွဲရေးကဏ္ဍ။ နိုင်ငံတော် အဆင့်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ချမှတ်ရာတွင် တိကျသောမသန်စွမ်းမှုအချက်အလက်များက အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအချက်အလက်များရှိမှသာ နိုင်ငံတော်ဘတ်ဂျက်ကို ထိခိုက်လွယ်သောအုပ်စုများအတွက် ပွင့်လင်းမြင်သာစွာ မျှဝေခွဲဝေနိုင်သည်။ မည်သည့်ဒေသတွင် မသန်စွမ်းမှုနှုန်းမြင့်မားနေသည်ကို သိရှိခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးချနိုင်ပြီး “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ချန်မထားခဲ့ရေး” ဟူသော အမျိုးသားမူဝါဒကို တာဝန်ခံမှုအပြည့်ဖြင့် လက်တွေ့အကောင်အထည်ဖော် တွန်းတင်နိုင်ပါမည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ။ ဥပဒေ ၂၀၁၅၊ အခန်း(၇)နှင့် နည်းဥပဒေများ၊ အခန်း(၅)တို့အရ မသန်စွမ်းသူများ၏ အဆင်ပြေချောမွေ့စွာ လက်လှမ်းမီနိုင်မှုအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖော်ဆောင်ရာတွင် ဤအချက်အလက်များ လိုအပ်သည်။ ဘီးတပ်ကုလားထိုင်သုံးစွဲသူနှင့် အမြင်အာရုံချို့ယွင်းသူ ဦးရေကိုသိရှိမှသာ ဘတ်စ်ကားများ၊ ရထားများနှင့် လေဆိပ်များတွင် အထူးပြုပြင်ဖန်တီးပေးရမည့်စနစ်များ (ဥပမာ- ဘတ်စ်ကား အနိမ့်လိုင်းများ၊ အသံစနစ်များ)ကို စီမံနိုင်ပါမည်။
ထို့အပြင် ဒီဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက်ကဏ္ဍများတွင်လည်း မသန်စွမ်းသူများ လက်လှမ်းမီသုံးစွဲနိုင်မည့် ဆက်သွယ်ရေးစနစ်များနှင့် မိုဘိုင်းအက်ပလီကေးရှင်းများဖန်တီးရန် ဤအချက်အလက်များက တန်ဖိုးရှိပါသည်။
ပညာရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ။ ဥပဒေ ၂၀၁၅၊ အခန်း (၅)နှင့် နည်းဥပဒေများ၊ အခန်း (၃)တို့အရ အားလုံးအကျုံးဝင် ပညာရေးစနစ်အောင်မြင်ရန် မသန်စွမ်းကျောင်းသားဦးရေနှင့် အမျိုးအစားကို တိကျစွာသိရှိရန် အရေးကြီးပါသည်။ သို့မှသာ ပညာရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းမှုအလိုက် လိုအပ်သော စာရေးခုံ၊ စာသင်ခန်း၊ သန့်စင်ခန်း အစရှိသည့် အဆင်ပြေသင့်လျော်သော ပတ်ဝန်းကျင် များကို စီမံနိုင်မည်ဖြစ်ပါသည်။
ဥပဒေ ၂၀၁၅၊ ပုဒ်မ ၇၊ ပုဒ်မခွဲ(ဆ)အရ မသန်စွမ်းသူများ အလွယ်တကူ အသုံးပြုနိုင်သော ဝန်ဆောင်မှုများ၊ စနစ်များ၊ ပုံစံများ၊ နည်းပညာ အထောက်အပံ့ပစ္စည်းများ၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခြင်းနည်းပညာများကို သုတေသနပြုခြင်းနှင့် တီထွင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရာတွင် ဤမှတ်ပုံတင်စာရင်းသည် လမ်းညွှန်ပြသပေးပါသည်။
ကျန်းမာရေးကဏ္ဍ။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နည်းဥပဒေများ၊ အခန်း ၄ တို့အရ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးများ (ဥပမာ- မသန်စွမ်းသူများအတွက် အခမဲ့ သို့မဟုတ် သက်သာသောနှုန်းထားဖြင့် ဆေးဝါးကုသခွင့်၊ ခြေတုလက်တုနှင့် ပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးပေးရန်) စီမံချက်ရေးဆွဲရာတွင် ဤအချက်အလက်များ လိုအပ်ပါသည်။
ဥပဒေ ပုဒ်မ ၃၄ အရ မသန်စွမ်းသူများအတွက် ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်အစားထိုးကုသသည့် ဆေးရုံများ၊ ဆေးခန်းများ၊ လေ့ကျင့်သင်ကြားရေးကျောင်းများ တည်ထောင် ဖွင့်လှစ်ခြင်း၊ ခွဲစိတ်အစားထိုးကုသသည့် ပညာရှင်များ၏စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ လိုအပ်သော ခေတ်မီစက်ကိရိယာများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူ မှတ်ပုံတင်အချက်အလက်များက မရှိမဖြစ် အရေးပါပါသည်။
ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် နေထိုင်သော မသန်စွမ်းသူများသည် မြို့ပြနေသူများထက် ပိုမိုခက်ခဲပါသည်။ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတွင် မသန်စွမ်းသူများ၏ မှတ်ပုံတင်စာရင်းရှိခြင်းဖြင့် ကျေးလက်သောက်သုံးရေရရှိရေး၊ လမ်းတံတားခင်းခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးရာတွင် မသန်စွမ်းမိသားစုများကို ထိရောက်စွာကူညီနိုင်ပါသည်။ ရပ်ရွာအခြေပြုကဏ္ဍစုံဖွံ့ဖြိုးရေး လုပ်ငန်းများ၌ မသန်စွမ်းသူများကိုယ်တိုင် တက်ကြွစွာပါဝင်လာစေရန် Civic Participation ဆွဲခေါ်ရာတွင်လည်း ဤအချက်အလက်က အဓိက ကျပါသည်။
စက်မှုနှင့် စီးပွားရေးကဏ္ဍ။ ပုဂ္ဂလိကနှင့် အစိုးရစက်မှုလုပ်ငန်းများ၊ စီးပွားရေးကဏ္ဍများတွင် မသန်စွမ်းသူများ ပါဝင်စီးပွားရှာနိုင်ရန် ဤအချက် အလက်က လမ်းခင်းပေးနိုင်ပါသည်။ စက်မှုဇုန်များနှင့် ကုန်တိုက်များတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာလုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖန်တီးရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းနိုင်ပါသည်။ ထို့အပြင် မသန်စွမ်းသူ များဦးဆောင်သည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို နည်းပညာနှင့် အရင်းအနှီးထောက်ပံ့ပေးရန်အတွက် တရားဝင်အချက်အလက်များက အထောက်အထားခိုင်လုံစေပါသည်။
အလုပ်အကိုင်ရေးရာကဏ္ဍ။ ဥပဒေ ၂၀၁၅ ပါ အလုပ်အကိုင်ခွဲတမ်းစနစ်ကို အသက်သွင်းရန် မသန်စွမ်းသူများ၏ လုပ်ငန်းခွင်ဝင်ရောက်နိုင်စွမ်းနှင့် အရည်အချင်းအချက်အလက်များ လိုအပ်ပါသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မှတ်ပုံတင်ထားသော မသန်စွမ်းသူများ၏ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအလိုက် သင့်လျော်သော အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမခံရစေရန်နှင့် ဂုဏ်သိက္ခာရှိသော လုပ်ခလစာရရှိစေရန် ဥပဒေကြောင်းအရ စောင့်ကြည့်ထိန်းကျောင်းရာတွင် ဤအချက်အလက်က အလွန်အရေးကြီးပါသည်။
အမျိုးသမီးနှင့် လူငယ်ရေးရာကဏ္ဍ။ မသန်စွမ်းအမျိုးသမီးများနှင့် လူငယ်များသည် ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် လူမှုရေးအပယ်ခံရမှုများကို နှစ်ဆရင်ဆိုင်ရလေ့ရှိပါသည်။ မသန်စွမ်း လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အမျိုးသားလူငယ်မူဝါဒများတွင် ၎င်းတို့၏အသံ ပါဝင်လာစေရန် မှတ်ပုံတင်အချက်အလက်က ကူညီပေးနိုင်ပါသည်။
ထို့အတူ မသန်စွမ်းအမျိုးသမီးများကို လူမှုရေးအရ အကာအကွယ်ပေးမည့်အစီအစဉ်များနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပံ့ပိုးပေးရန် ဤအချက်အလက်များသည် ဗဟိုချက်မအဖြစ် ဆောင်ရွက်ပေးနိုင်ပါသည်။
ဆောက်လုပ်ရေးကဏ္ဍ။ ဥပဒေ
၂၀၁၅၊ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က၊ ခ၊ ဃ၊ င) နှင့် နည်းဥပဒေများ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က၊
ဂ၊ င)တို့အရ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မသန်စွမ်းသူများ အတားအဆီးမဲ့
သွားလာအသုံးပြုနိုင်ရေးအတွက် ဆောက်လုပ်ရေးကဏ္ဍသည် အရေးကြီးပါသည်။ မှတ်ပုံတင်ထားသော
အချက်အလက်များအပေါ် မူတည်၍ အိမ်ရာ၊ စာသင်ကျောင်း၊ ရုံး၊ ဆေးရုံ၊ ဈေး၊ ပန်းခြံ၊ ရုပ်ရှင်ရုံ၊
ကဇာတ်ရုံ၊ ပြတိုက်၊ အားကစားရုံ၊ ဈေးဝယ်စင်တာ၊ အများသုံးသန့်စင်ခန်း၊ လမ်းတံတား၊ လျှောက်လမ်း၊
ပလက်ဖောင်း၊ လူကူးမျဉ်းကျား၊ လမ်းဆုံမီးပွိုင့်၊ ကားဂိတ်၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်
စသည်တို့တွင် မသန်စွမ်းသူများလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် တည်ဆောက်ရန် စံချိန်စံညွှန်းများသတ်မှတ်ရာ၌
ယခုအချက်အလက်များကို သုံးရပါသည်။
အားကစားကဏ္ဍ။ မသန်စွမ်းသူများ၏ ကာယ၊ ဉာဏစွမ်းရည်များကို မြှင့်တင်ပေးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ပျော်ဝင်စေရန်အားကစားနှင့် လူမှုရေးရာကဏ္ဍသည် အရေးပါသည်။ နည်းဥပဒေ ၂၀၁၅၊ ပုဒ်မ ၂၈ အရ မှတ်ပုံတင်ထားသော မသန်စွမ်းအားကစားသမားများစာရင်းအရ မသန်စွမ်းအိုလံပစ်ကဲ့သို့သောပြိုင်ပွဲများအတွက် လေ့ကျင့်ပေးခြင်း၊ မသန်စွမ်းသူများအတွက် အထူးအားကစားကွင်းများနှင့် အပန်းဖြေကဏ္ဍများ ဖန်တီးပေးခြင်းဖြင့် ၎င်းတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာ ကို မြှင့်တင်ပေးနိုင်ပါသည်။
သဘာဝဘေးအန္တရာယ်နှင့် ပြန်လည်ထူထောင် ရေးကဏ္ဍ။ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများကြုံတွေ့ရချိန်တွင် မသန်စွမ်းသူများသည် အထိခိုက်လွယ်ဆုံးအခြေအနေတွင်ရှိသူများ ဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် မသန်စွမ်း သူများ၏ နေရပ်လိပ်စာနှင့် အမျိုးအစားအချက် အလက်များရှိထားမှသာ ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခြင်း၊ အစားအစာနှင့် ဆေးဝါးများ အရေးပေါ် ဖြန့်ဝေခြင်းတို့ကို အချိန်မီဦးစားပေးလုပ်ဆောင် နိုင်ပါမည်။ ဘေးဒဏ်သင့်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း မသန်စွမ်းသူများ၏ လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ပါသည်။
မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်မှု
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ အခန်း ၁၁ နှင့် နည်းဥပဒေ (၂၀၁၇) အခန်း ၂ တို့တွင် “မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း” လုပ်ထုံးလုပ်နည်းများကို တိကျစွာထည့်သွင်းပြဋ္ဌာန်း ထားပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းကို စီမံကိန်းမြို့နယ် ၂၆ မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ မသန်စွမ်းသူ ၈၈၇၄ ဦးအား မသန်စွမ်းသူမှတ်ပုံတင်များ ထုတ်ပေးနိုင် ခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းသည် မသန်စွမ်းသူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ထားရုံမျှသာ မဟုတ်ဘဲ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် အခြားဝန်ဆောင်မှုများကို အမှန်တကယ်ရရှိခံစားနိုင်စေရန် အခြေခံအရေးပါသည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅ နှင့် နည်းဥပဒေ ၂၀၁၇ တို့၏ ရည်ရွယ်ချက် များနှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ သက်ဆိုင်ရာအစိုးရဌာနများ၏ တာဝန်သာမက မသန်စွမ်းသူများ ကိုယ်တိုင်၊ မိသားစုဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးကလည်း မိမိတို့၏ အခန်းကဏ္ဍ အလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် ပြည်သူ့ တာဝန်တစ်ရပ်ဖြစ်ပါသည်။
“မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း” ကို အုပ်ချုပ်ရေးလုပ်ငန်းတစ်ခုအဖြစ်သာမမြင်ဘဲ မသန်စွမ်းသူများ၏ အခွင့်အရေးများ အမှန်တကယ်ရရှိခံစားနိုင်ရေးအတွက် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ရမည့် အခွင့်အရေးအခြေပြုလုပ်ငန်းစဉ် တစ်ရပ်အဖြစ် နားလည်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းဖော်ပြလိုက်ပါသည်။
သို့ဖြစ်၍ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းသည် ရိုးရှင်းသောကတ်ပြား တစ်ခုထုတ်ပေးသည့် လုပ်ငန်းစဉ်တွင်မဟုတ်ပါ။ ၎င်းသည် အစိုးရ၏တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးယန္တရားနှင့် အများပြည်သူ၏တက်ကြွသော လူမှုရေးအင်အားစုနှစ်ရပ်ပေါင်းစည်းကာ မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း၏ပန်းတိုင်များကို အသက်သွင်း နေခြင်းဖြစ်ပါသည်။
ထို့ကြောင့် မသန်စွမ်းသူများနှင့် အုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို ရဲရဲဝံ့ဝံ့ရယူကာ မှတ်ပုံတင်ခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင် ကြရန်လိုအပ်သလို ပြည်သူများအနေဖြင့်လည်း ခိုင်မာသောတာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းလက်တွဲ ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အစိုးရနှင့်ပြည်သူ အပြန်အလှန်ယုံကြည်ကိုးစားကာ ပူးပေါင်းဆောင်ရွက်မှသာ “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ချန်မထားခဲ့သော” မျှတကာ သာယာလှပသော လူ့အဖွဲ့အစည်းတစ်ရပ်ကို အတူတကွတည်ဆောက်နိုင်မည်ဖြစ်ပါတော့သည်။ ။
No comments:
Post a Comment