ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍
လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ကြသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
ကြိုးပမ်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးဆဲမိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအရ အားကောင်းလာစေရေး ဆောင်ရွက်သွားရန်မှာ အဓိကအရေးကြီးကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော် ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မလွဲမသွေ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ မကြာမီရက်ပိုင်း အတွင်း ၆ လပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာလျင် ပြည်သူလူထုမှ အစိုးရအပေါ် ယုံကြည်အားကိုးပြီး အဘက်ဘက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ဂျီဒီပီမှာ ၃ ရာခိုင်နှုန်း ခန့်တိုးတက်လာသည်ဟု အချက်အလက်များအရသိရှိရပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုူမရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအားနည်းပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေရခြင်း ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ပြင်ကုန်ထုတ်လုပ်ငန်းများတွင် စွမ်းအား ပြည့် အလုပ်မလုပ်ကြခြင်းများကြောင့်လည်း စီးပွားရေးအရ အားနည်းခြင်းများကို တွေ့ရကြောင်း၊ ထိုသို့ နိုင်ငံရေးအရမတည်ငြိမ်မှုများ ဖြစ်ပေါ်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေးအရအကူအညီများ မရရှိခြင်း၊ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်အပြည့်အဝမရရှိခြင်း၊ ကုန်သွယ်မှုများကျဆင်းခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် အခက်အခဲ များဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံရေးအရ မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းလာစေခြင်းဖြစ်ကြောင်း။
အကြမ်းဖက်လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် လမ်းတံတားများနှင့် အခြားအခြေခံအဆောက်အအုံများ
ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် နိုင်ငံတော်မှ ဘဏ္ဍာငွေများ၊
လူ့စွမ်းအားနှင့်အချိန်များကို ထပ်မံ အသုံးပြုရခြင်းကြောင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ အခြေအနေသည်
“သမင်မွေးရင်း ကျားစားရင်း” ဖြစ်နေသကဲ့သို့ တည်ဆောက်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြန်လည်တည်ဆောက်ခြင်း
စသည်ဖြင့် လည်ပတ်နေရသဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် များစွာထိခိုက်နှောင့်နှေးမှုများ
ဖြစ်ပေါ်စေလျက် ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အကန့်အသတ်များဖြစ်ပေါ်လျက်ရှိ ကြောင်း။
နိုင်ငံမတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အဟန့်အတား အနှောင့်အယှက်ဖြစ်စေခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့သောအခြေအနေတွင် မိမိတို့
အနေဖြင့် မိမိတို့ကြိုးစားလုပ်ကိုင်နိုင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုမူ
ဆောင်ရွက်၍ရနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ရရှိရေးနှင့်
အထွက်နှုန်းများ တိုးမြှင့်ရရှိအောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်
ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့်
ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံအတွင်းကုန်ထုတ်လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်
ရေးအတွက် လုပ်သားအရင်းအမြစ်များ ရှိရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့်
သွားရောက်အလုပ်လုပ်ကိုင် နေကြမှုများလည်းရှိပြီး ပြည်တွင်း၌ လုပ်သားအင်အား
ဆုံးရှုံးမှုများလည်းရှိကြောင်း၊ ထို့ပြင်မိမိတို့နိုင်ငံ၌ ပညာတတ်လူသားအရင်းအမြစ်များအားနည်းပြီး
အများစုမှာ ကိုယ်ကာယပိုင်းကို အားပြု၍ လုပ်ကိုင်ရသည့် လုပ်ငန်းများတွင်သာ လုပ်ကိုင်ကြရကြောင်း။
ထို့ပြင် နယ်မြေမတည်ငြိမ်မှု ဖြစ်ပေါ်လျက်ရှိသည့် ဒေသများတွင်မြေပေါ် မြေအောက်
သယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူ သုံးစွဲခြင်းများပြုလုပ်၍
ပြည်ပနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့နေ ကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှု
များစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့တစ်ဦး ချင်း၏ ကိုယ်ကျိုးအတွက် တရားမဝင်သည့်
နည်းလမ်းများဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေများရှာဖွေ ရရှိနေကြခြင်းကြောင့်
တရားဝင်ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်မှုများအားနည်းပြီး
လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါ ဒေသများတွင် ဆက်လက်တည်မြဲနေခြင်းဖြစ်ကာ ဒေသတည်ငြိမ်
အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်လျက်ရှိနေခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက်
ပညာရည်မြှင့်တင်မှုလုပ်ငန်းများကို အစဉ်တစိုက်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ၊
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကလည်း မိမိတို့ နိုင်ငံအနေဖြင့်
ပညာရေးအရအားနည်းချက်များစွာ ရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးကို
ကွဲပြားစွာသိမြင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားစွာသိမြင်နိုင်ခြင်းမရှိဘဲ
တည်ငြိမ်အေးချမ်းမှု ပျက် ပြားအောင် ဆောင်ရွက်နေမှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
နှောင့်ယှက်ဖျက်ဆီး နေခြင်းပင်ဖြစ်ကြောင်း။
ဆီထွက်သီးနှံနှင့်ပတ်သက်၍ မိမိအနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံများ အောင်မြင်စွာဖြစ်ထွန်းပြီး
ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊
ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် အမြဲမပြတ်လမ်းညွှန်မှာကြားလျက်ရှိကြောင်း၊
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှုအတွက်လိုအပ်သည့်
စားသုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း စားသုံးဆီ
ဖူလုံမှုရရှိရေး ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်
ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှု
ဖူလုံအောင်ထုတ်လုပ်ပြီး ပိုလျှံမည်ဆိုပါက ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်မည့် ဈေးကွက်လိုအပ်ချက်များ
ရှိပြီးဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အောင်မြင်စွာထွက်ရှိစေရေးအတွက်လည်း လိုအပ်သည့်
သွင်းအားစု များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီ
နှင့် အခြားအခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊
ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေး အတွက် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာအောင်
ဒေသအလိုက် တာဝန်ရှိသူများ အနေဖြင့် တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့နိုင်ငံသည် ရာဘာထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့်
ရာဘာကိုအခြေခံ သည့် မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာများ၊ ကျွတ်များကို
ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုအပ်သကဲ့သို့ အခြားလူသုံးကုန်ပစ္စည်းများကိုလည်း
ထုတ်လုပ်သွား နိုင်ရန်လိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ
စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်ပတ်သက်၍လည်း မိမိအနေဖြင့်
အမြဲမပြတ် အလေးထား မှာကြားလျက်ရှိကြောင်း၊
ဝါမှ ဝါဂွမ်း၊ ချည်မျှင်၊ ချည်ထည်၊ ပိတ်၊ အထည်အလိပ် စသည်ဖြင့် စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုနှင့်
အလုပ်အကိုင်အခွင့်အလမ်း များကို ဖြစ်ပေါ်စေပြီးဝင်ငွေများ တိုးတက်ရရှိစေနိုင်မည်
ဖြစ်သည့်အတွက် အောင်မြင် အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
အလားတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ် တို့အပါအဝင် မီးဖိုချောင် သုံး
အခြေခံစားကုန်သီးနှံများသည်လည်း ဒေသတွင်းဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက်
အထွက်နှုန်းများ တိုးတက်ရရှိရေး၊ ဈေးကွက်တိုးမြှင့်ရရှိရေး အလေး ထားဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊
အသားထုတ်လုပ်မှုနှင့် ပတ်သက်၍ လည်း ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် ရေထွက်ကုန်များကိုလည်း
အထွက်နှုန်းများ တိုးတက်ရရှိအောင် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပဈေးကွက်လိုအပ်ချက်
မြင့်မားစွာ ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်နေသည်မှာ
မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားရေး
တိုးတက်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားနိုင်မည်ကို စဉ်ဆက်မပြတ်
တွေးခေါ်စီမံဆောင်ရွက်နေရန်လိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ
ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးဆောင်ရွက်သွားကြရန်လိုသကဲ့သို့
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်း
ကြီးမြင့်မှုများနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် စားသုံးမှုဖူလုံမှု
ရှိစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့်
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ် စေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးအတွက်အားလုံးက
အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း။
ကုန်သွယ်မှုနှင့်ပတ်သက်၍
မိမိတို့နိုင်ငံအနေဖြင့် အရည်အသွေးကောင်းသည့် ဆန်များကို ပြည်ပသို့တင်ပို့လျက်ရှိပြီး
ပို့ကုန်ပမာဏ တိုးမြှင့်ရရှိနိုင်ရေးအတွက် အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရန်၊
ဆန်စက်များ အရည်အသွေး မြှင့်တင်ရန်နှင့် ဈေးကွက်ရရှိရန်လိုကြောင်း၊ ဆန်ထုတ်လုပ်မှုနှင့်အတူ
ဆန်ကွဲများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းများ ဆောင်ရွက်ခြင်းအစား အရည်အသွေးမြင့်
ထုတ် ကုန်အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဆိုပါက ဝင်ငွေတိုးတက်ရရှိလာနိုင်မည် ဖြစ်ကြောင်း၊
နိုင်ငံများအလိုက် ခန့်အပ်ထားသည့် စီးပွားရေးဆိုင်ရာသံမှူးများ အနေဖြင့်လည်း
မိမိတို့နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်များ ပြည်ပနိုင်ငံများသို့တင်ပို့နိုင် ရေး ဈေးကွက်ရှာဖွေဆောင်ရွက်နေကြရန်လိုကြောင်း။
အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်
အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံသည်
လည်း ပြင်းထန်ဆိုးရွားသည့် အပူဒဏ်လွန်ကဲမှုကို ရင်ဆိုင်ကြုံတွေ့လာရနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း၊
မကြာမီ မိမိတို့နိုင်ငံ၌ ဆောင်းရာသီသို့ ရောက်ရှိတော့ မည်ဖြစ်သော်လည်း အယ်လ်နီညိုကြောင့်
ပူပြင်းခြောက်သွေ့မှုများ၊ မြေအောက်ရေ ခမ်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ လက်ရှိအချိန်၌ပင်
အချို့သောမြို့နယ်များ၌ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေမှုများကို တွေ့မြင်ရကြောင်း၊
မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ကြုံတွေ့လာရနိုင်သည့် ရာသီဥတုဆိုးရွားမှုနှင့်ပတ်သက်၍
လိုအပ် သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လာမည့် ၂၀၂၇
ခုနှစ် မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီ ဥတုပူပြင်းမှုဒဏ်ကို
ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းသုံးစွဲခြင်း၊
အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ သိုလှောင်စုဆောင်း
ခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်း၊ ကြာရှည်စွာအထားခံ
စားသောက်၍ရနိုင်သည့် အသီးအနှံနှင့် စားရေရိက္ခာများကို စုဆောင်းထားရှိခြင်းနှင့် မိုးနှောင်းရာသီသီးနှံများကို
ပန်းတိုင်ရည်မှန်းချက်ရသည်အထိ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင်
စီမံဆောင်ရွက်ခြင်း တို့ဖြင့် ပြင်ဆင်ဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဖြည့်စွက်မှာကြားရာတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး မည်ကဲ့သို့ဆောင်ရွက်သွား နိုင်မည်ကို မိမိတို့ဘဝတစ်လျှောက်
ဖတ်မှတ်လေ့လာခဲ့ရသည့် အသိပညာဗဟုသုတ များ၊ ဖြတ်သန်းကြုံတွေ့သိရှိခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို
အသုံးချ၍ စီမံ တွက်ချက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေး စေတနာထား၍ အလေးထား ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့ စီးပွားရေးသည်လည်း
အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့်
ပြည်နယ် ဒေသအလိုက် အားသာချက်များရှိသည်များကို အသုံးချပြီး
ကိုယ်စီရည်မှန်းချက်ပန်းတိုင်များထားရှိ၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်
သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment