Monday, October 26, 2026

လူငယ်တွေဘဝ တိုးတက်အောင်မြင်ဖို့ စာဖတ်ကြပါစို့ …

 

စောအောင်လင်း

လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်ရဲ့အကျိုးတွေကို ဖန်တီးဖော်ဆောင်ကြမယ့်အင်အားတွေဖြစ်ပါတယ်။ ဒီအင်အားတွေက အရည်အချင်း၊ အရည်အသွေးတွေပြည့်ဝမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွေက အဆင့်အတန်းမြင့်မြင့်နဲ့ တိုးတက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအောင်မြင်ဖို့အတွက် မျိုးဆက်သစ်လူငယ်တွေ စာများများဖတ်ကြဖို့က အခြေခံကျတဲ့အကြောင်းတစ်ရပ်ဖြစ်ပါတယ်။

စာပေပညာရှင်ကြီး ဦးဗဂျီငိုက “စာဖတ်ခြင်းသည် အိမ်တံခါးများကိုဖွင့်သည်မည်၏။ စာမဖတ်ဘဲနေခြင်းသည် အိမ်တံခါးများကို ပိတ်ထားသည် နှင့်တူ၏”လို့ တိုက်တွန်းရေးသားခဲ့ပါတယ်။ စာတတ်ပြီး စာမဖတ်တဲ့သူတွေဟာ ရှည်လျားလှတဲ့ ဘဝခရီးလမ်းပေါ် လျှောက်လှမ်းရာမှာ နှေးကွေးနေလို့ ဘဝရည်မှန်းချက်ပန်းတိုင်ဆီကို နောက်ကျကျန်ခဲ့ တတ်ပါတယ်။

စာဖတ်ကြရင် အတွေးအခေါ် အသိအမြင်တွေ ကျယ်ပြန့်လာမယ်။ မှန်ကန်တဲ့အလုပ်တွေကို ရွေးချယ်လုပ်ကိုင်နိုင်မယ်။ မသိသေးတာတွေ ပိုပြီးသိလာရမယ်။ သိပြီးသား အကြောင်းအရာတွေထဲက အမှန်နဲ့အမှားကို ခွဲခြားနိုင်တဲ့ အသိဉာဏ်တွေ ရင့်သန်လာမယ်။ လုပ်သင့်တဲ့အလုပ်နဲ့ မလုပ်သင့်တဲ့အလုပ်တွေကို ခွဲခြားလုပ်ကိုင်တတ်လာမယ်ဆိုတဲ့ ကောင်းကျိုးတွေကို ခံစားရပါမယ်။

လူတိုင်းမှာ အသိဉာဏ်တွေကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမဲ့ သိထားတဲ့အသိတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြပါ။ မတူညီတဲ့ အသိတွေကြောင့် ဆင်းရဲချမ်းသာမှုတွေ၊ ပညာတတ်မှု ပညာမဲ့မှုတွေ၊ စဉ်းစားတွေးခေါ်နိုင်မှုတွေ ကွဲပြားနေကြပါတယ်။ ကွဲပြားမှုတွေကို တန်းညှိယူလို့မရနိုင်ပေမယ့် တစ်ဦးချင်းစီမှာရှိနေတဲ့ အသိဉာဏ်တွေ၊ အရည်အချင်းတွေ တိုးတက်လာဖို့ကိုတော့ စာဖတ်ခြင်းက အထောက်အကူပေးနိုင်ပါတယ်။ ကိုယ့်မှာရှိထားတဲ့ အသိဉာဏ်တွေနဲ့ တင်းတိမ်မနေဘဲ အသိဉာဏ်တွေ ပိုပြီးထက်မြက်ရှင်သန်နေအောင် စာဖတ်ခြင်းနဲ့ မြှင့်တင်နေကြရပါမယ်။

စိတ်အတွက် စာဖတ်ခြင်းဖြင့် အသိဉာဏ်ဝမ်းစာကိုဖြည့်တင်း

ဆရာကြီး ပီမိုးနင်းက “စာပေသည် လူ၌ အစာထက်အရေးကြီး၏။ ကိုယ်ခန္ဓာအတွက် စားသောအစာကို အစာဟုခေါ်၏။ စိတ်အတွက်လည်း အစာလိုလေရာ ထိုအစာကို “စာ” ဟူ၍ ခေါ်ရလေသည်” လို့ ရေးသားခဲ့တာ မှတ်သားဖူးပါတယ်။ လူတိုင်းရုပ်ခန္ဓာနဲ့ စိတ်ဆိုတဲ့အရာနှစ်ခုနဲ့ ဖွဲ့စည်းရှင်သန် နေကြတာဖြစ်ပါတယ်။ ရုပ်ခန္ဓာ ရှင်သန်ရပ်တည်နိုင်ဖို့ အစားအစာတွေကို နေ့စဉ်စားသောက်နေကြသလို စိတ်အတွက် စာဖတ်ခြင်းဖြင့် အသိဉာဏ်ဝမ်းစာကို ဖြည့်တင်းပေးနေကြရပါမယ်။

စာကို ဘယ်အရွယ်ကစပြီး ဘယ်အရွယ်အထိ ဖတ်သင့်ပါသလဲလို့ မေးတတ်ကြပါတယ်။ အတိုဆုံးနဲ့ လိုရင်းကိုဖြေရရင် စာဖတ်တတ်တဲ့အရွယ်ကစပြီး စာဖတ်နိုင်သေးတဲ့အရွယ်အထိ စာဖတ်သင့်ကြပါတယ်။ တချို့မိဘတွေက သူတို့ရင်သွေးတွေကို ကျောင်းစာတွေနောက်ကျမှာ စိုးရိမ်ပြီး ပြင်ပစာပေတွေ ဖတ်ခြင်းကို အားမပေးကြပါ။ ဒါဟာ မှားယွင်းတဲ့ အယူအဆတစ်ခုသာ ဖြစ်ပါတယ်။ သူ့အရွယ်နဲ့သူ လိုက်လျောညီထွေဖြစ်စေမယ့် ပြင်ပစာပေတွေကို ဖတ်ရှုကြရင် ပြင်ပဗဟုသုတတွေပါ တိုးပွားရရှိစေပါမယ်။ ထူးချွန်တဲ့လူငယ်တွေဟာ ကျောင်းက သင်ခန်းစာတွေသာမကဘဲ ပြင်ပဗဟုသုတတွေကိုလည်း လေ့လာဖတ်ရှုကြသူတွေ ဖြစ်ကြပါတယ်။

တစ်ရက်က စာရေးသူရဲ့ တူမတစ်ယောက်က မူလတန်းပညာသင်ယူနေတဲ့ သူ့သားကို စာဖတ်တဲ့ အလေ့အကျင့် အစပျိုးနိုင်အောင် ဘယ်လိုစာအုပ် တွေကို ပေးဖတ်သင့်လဲလို့ မေးလာပါတယ်။ သူ့သားရဲ့ ရှေ့ရေးကို ကြိုတင်မြော်တွေးပြီး မေးတာဖြစ်လို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါကြောင့် ကလေးကို စာဖတ်တဲ့အလေ့အကျင့် စပြီးပျိုးထောင်နိုင်အောင်၊ အရွယ်နဲ့လိုက်လျောညီထွေဖြစ်ပြီး စိတ်ဝင်စားမယ့် စာအုပ်စာစောင်မျိုးတွေကို ဖတ်နိုင်အောင် စီစဉ်ပေးသင့်ကြောင်း၊ ဥပမာ - ရွှေသွေး၊ တေဇရုပ်စုံ၊ မိုးသောက်ပန်းတို့လို ရုပ်ပြစာအုပ်မျိုးတွေကို အရင်ဆုံးဖတ်ဖို့ စီစဉ်ပေးသင့်ကြောင်း၊ စာဖတ်တဲ့ အလေ့အကျင့်ရလာပြီဆိုရင် တစ်ဆင့်တက်ပြီး ပုံပြင်စာအုပ်တွေ၊ စာစီစာကုံးစာအုပ်တွေကို ဖတ်စေသင့်ကြောင်း အကြံပေးလိုက်ပါတယ်။

အားလပ်ချိန်မှာ လက်ကိုင်ဖုန်းတွေနဲ့ အချိန်ကုန်နေကြတဲ့ လူငယ်တွေကိုလည်း ရပ်ကွက်စာကြည့် တိုက်ကိုသွားပြီး စာဖတ်တဲ့အလေ့အကျင့်ရအောင် လုပ်ပေးရပါမယ်။ ကျောင်းစာကြည့်တိုက်တွေမှာ ကျောင်းသားတွေ စာဖတ်တဲ့အလေ့အကျင့်တွေရှိ လာအောင် စနစ်တကျပျိုးထောင်ပေးကြရပါမယ်။

မြို့နယ်တိုင်းမှာ ဖွင့်လှစ်ထားတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် တွေမှာ စာအုပ်စာစောင်တွေ ကျယ်ကျယ်ပြန့်ပြန့် (အခမဲ့) ဖတ်ရှုလေ့လာနိုင်ပါတယ်။ စာကြည့်တိုက်ကိုသွားရင် ဝါသနာတူတဲ့ သူငယ်ချင်းအပေါင်းအသင်း သစ်တွေရပါမယ်။ စာကြည့်တိုက်က ကျင်းပတဲ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ကြပြီး စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကိုလည်း တက်ရောက်လေ့လာနိုင်ပါတယ်။

စာရေးသူငယ်စဉ်က ရပ်ကွက်ထဲက နောင်တော်ကြီးတွေက သူတို့ရဲ့စာအုပ်တွေစုပြီး စာကြည့်တိုက်တစ်ခု ထူထောင်ကြပါတယ်။ စာကြည့်တိုက်ကိုသွားပြီး စာဖတ်ရင်း စာအုပ်ငှားပေးတဲ့အလုပ်ကို ကူညီပေးဖြစ်သလို စာကြည့်တိုက်က ကျင်းပတဲ့ ကျပန်းစကားပြောပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေမှာ ယှဉ်ပြိုင်ဖြစ်ပါတယ်။ ယှဉ်ပြိုင်ရင်အနိုင်ရဖို့ စာတွေပိုပြီး ဖတ်ဖြစ်လာပါတယ်။ စာကြည့်တိုက်က တစ်ဆင့် ရပ်ကွက်ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့တွေမှာ ပါဝင်လှုပ်ရှားရင်း စာလည်းဖတ်ဖြစ်၊ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်လှုပ်ရှားဖြစ်ခဲ့ပါတယ်။ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုတွေ တည်ဆောက်နိုင်ခဲ့ကြပါတယ်။ အချိန်ကို အလဟဿမဖြုန်းတီးတော့ဘဲ ကိုယ်လည်း အကျိုးရှိ၊ အများအကျိုးကိုလည်း ဆောင်ရွက်နိုင်ခဲ့တာကတော့ စာကြည့်တိုက်က အခြေခံခဲ့တာဖြစ်ပါတယ်။

မျက်မှောက်ကာလမှာ လူငယ်အများစုက စာအုပ်စာစောင်တွေ ဖတ်ဖို့ထက် လက်ကိုင်ဖုန်းတွေကို ပိုပြီး အားပြုနေကြတာကို တွေ့နိုင်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်က အကြောင်းအရာတွေဟာ ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေသလို ဆိုးကျိုးဖြစ်စေမယ့်အကြောင်းအရာတွေက ပိုပြီးထိုးဖောက်လာနေပါတယ်။ အခုအချိန်မှာ တိုးတက်ပြောင်းလဲလာမှုတွေနဲ့ အတူ AI (Artificial Intelligence) ဉာဏ်ရည်တုနည်းပညာဆိုတာက အရှိန်အဟုန်နဲ့ တိုးတက်လာပြီး လူငယ်တွေအသုံးပြုမှုများပြားလာပါတယ်။ အေအိုင်နည်းပညာအကူ အညီနဲ့ စာဖတ်ခြင်းကို တိုးတက်စေနိုင်သလို ဆုတ်ယုတ်နိုင်စေတဲ့အကြောင်းတွေလည်း ဖြစ်လာ နိုင်ပါတယ်။ အေအိုင်နည်းပညာကို အသုံးချမှုလွန်ကဲသွားရင် လူငယ်တွေရဲ့ ပင်ကိုအရည်အချင်းတွေ ကျဆင်းသွားနိုင်တာကိုလည်း သတိထားကြရပါမယ်။

“တန်ဆေး၊ လွန်ဘေး”ဆိုတဲ့စကားလို နည်းပညာအသုံးချမှုတွေကို မိဘအုပ်ထိန်းသူ၊ ဆရာ ဆရာမများက မှန်ကန်စွာအသုံးချတတ်အောင် ထိန်းကျောင်း ပေးကြဖို့လိုပါတယ်။ စာဖတ်ကြရာမှာ စာတစ်ကြောင်း၊ စာတစ်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကိုသိနိုင်ကြဖို့ အေအိုင်နည်းပညာကိုချည်း အားမကိုးဘဲ အေအိုင်ကို တစ်ဖက်၊ အဘိဓာန်ကို တစ်ဖက်ကထားပြီး လေ့လာ သင်ယူသင့်ကြပါတယ်။

စာဖတ်ဖြစ်ဖို့သာ အဓိကကျ

တချို့က ဘယ်လိုစာအုပ်စာစောင်မျိုးတွေကို ဖတ်သင့်ပါသလဲလို့ မေးကြပါတယ်။ အကြမ်းဖျင်းပြောရရင် ဘယ်လိုစာအုပ်စာစောင်ဖြစ်ဖြစ် စာအမျိုးမျိုးကို ဖတ်သင့်ပါတယ်။ စာဖတ်ဖြစ်ဖို့သာ အဓိကကျတယ်လို့ ဆိုပါရစေ။ စာဖတ်အားကောင်းလာရင် ဘယ်စာအုပ်က ဖတ်သင့်တယ်၊ မဖတ်သင့်ဘူးဆိုတဲ့ခွဲခြားနိုင်တဲ့ အသိဉာဏ်ရှိလာပြီမို့ အကျိုးရှိမယ့် စာအုပ်တွေကို ရွေးချယ်ဖတ်ရှုလာနိုင်ပါမယ်။

စာအုပ်စာစောင်တွေဟာ စာပြုသူတွေက နည်းအမျိုးမျိုးအဖုံဖုံနဲ့ ပြုစုထားတဲ့ စာပေတွေဖြစ်ပါတယ်။ အမျိုးအစားအနေနဲ့ ရသစာပေနဲ့ သုတစာပေဆိုပြီး နှစ်မျိုးရှိပါတယ်။ ရသစာပေနဲ့ သုတစာပေကို ညီမျှအောင် ဖတ်ရှုသင့်ကြပါတယ်။

ရသစာပေက ပရိသတ်ရဲ့စိတ်ကို တစ်နည်းတစ်ဖုံလှုပ်ရှားအောင် ဖန်တီးပေးတဲ့ စာပေအမျိုးအစားဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ကူးနဲ့ ဖွဲ့ဆိုထားပြီး စကားပြေနဲ့ရေးသားထားတဲ့ စာပေတွေ၊ ကာရန်တွေကို အသုံးပြုပြီးလှပတင့်တယ် သာယာ နာပျော်ဖွယ်ရှိအောင် ရေးဖွဲ့ထားတဲ့ပျို့၊ ကဗျာ၊ လင်္ကာတွေ ဖြစ်ပါတယ်။ ရသစာပေဖတ်ရှုခြင်း ကြောင့် စာဖတ်သူရဲ့ အတွင်းစိတ်ဓာတ်ကို ဂယက်ရိုက်ခတ်စေပြီး ချစ်ခင်ခြင်း၊ ရယ်ရွှင်ခြင်း၊ သနားကြင်နာခြင်း၊ ကြမ်းကြုတ်ခက်ထန်ခြင်း၊ ရဲရင့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စက်ဆုတ်ခြင်း၊ အံ့သြခြင်း၊ ငြိမ်းအေးခြင်းဆိုတာတွေကို ရသမြောက်အောင် ရေးသားပြုစုထားတဲ့ စာပေအမျိုးအစား ဖြစ်ပါတယ်။

သုတစာပေဆိုတာက စာဖတ်ပရိသတ် မသိသေးတဲ့ အချက်အလက်တွေကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားတဲ့ စာပေအမျိုးအစားဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းနဲ့ ရေးဖွဲ့ဖန်တီးထားတာမျိုး မဟုတ်ဘဲ တကယ်ဖြစ်ပျက်တဲ့ အကြောင်းအရပ်ရပ်ကို ရေးသားထားခြင်းဖြစ်ပါတယ်။ စာရေးသူက အကြောင်းအရာတစ်ခုခုကို စာဖတ်သူတွေ သိရှိအောင် အကြောင်းကြားထားတဲ့ မှတ်တမ်းတင်တဲ့ စာပေအမျိုးအစားဖြစ်ပါတယ်။ မှတ်တမ်းစာပေ၊ အသိပေးစာပေလို့လည်း ဆိုကြပါတယ်။ ဥပမာ- သမိုင်း၊ သိပ္ပံ၊ လူမှုရေး၊ ခရီးသွားဆိုင်ရာ စာအုပ်၊ ဆောင်းပါးတွေ ဖြစ်ပါတယ်။

စာဖတ်ကြဖို့အတွက် “အလိမ္မာစာမှာရှိ” ဆိုစကားကို လူတိုင်းကြားဖူးကြမှာပါ။ ဒီဆိုရိုးစကား နဲ့ပတ်သက်ပြီး ဆရာကြီးတက်တိုးက “အလိမ္မာ စာမှာရှိဆိုတဲ့ စကားက လိမ္မာအောင် အကျိုးပြုတဲ့ စာပေတွေကိုဆိုလိုတာ” လို့ ရေးသားခဲ့တာ မှတ်သားရပါတယ်။ ဆိုလိုတာကတော့ လိမ္မာယဉ်ကျေးစေမယ့် စာပေတွေကို ဖတ်ရှုဖို့လိုတယ်ဆိုတာ ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်နေကြတဲ့ နိုင်ငံတွေက ပြည်သူတွေဟာ စာဖတ်အားကောင်းသူတွေဖြစ်ကြပါတယ်။ စာဖတ်တော့ အသိပညာတွေ တိုးလာတယ်။ စာတွေဖတ်ရင်း အသိပညာတွေ ပိုပြီးတိုးတက်လာ ကြတယ်။ တိုးတက်လာတဲ့အသိပညာတွေနဲ့ လူနေမှုဘဝတွေလည်း တိုးတက်လာပါတယ်။ အဲဒီနိုင်ငံတွေမှာ ပြည်သူတွေစာဖတ်တဲ့ အလေ့အထကောင်းတွေ ရှိလာအောင်၊ စာအုပ်စာပေတွေ အလွယ်တကူဖတ်ရှု နိုင်အောင် စီမံဆောင်ရွက်ပေးထားပါတယ်။ စက်ရုံ အလုပ်ရုံ၊ ကုန်ထုတ်လုပ်ငန်းတွေရှိတဲ့ဒေသတွေ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ကိုင်တဲ့ ကျေးလက်ဒေသတွေမှာ ဒေသနဲ့ကိုက်ညီတဲ့ စာကြည့်တိုက် အမျိုးအစားတွေကို ဦးစားပေးဖွင့်လှစ်ပေးထားတာကြောင့် စာဖတ်သူတွေများပြားသလို စာကြည့်တိုက် ရဲ့ အကျိုးတွေကိုလည်း ခံစားကြရပါတယ်။

စာဖတ်ကြဖို့ပြောရင် တချို့ကပညာအရည် အချင်းနည်းလို့ စာဖတ်ရမှာ ဝန်လေးနေတတ်ကြပါတယ်။ တချို့ကလည်း ပညာတွေတတ်မြောက်ထား ပေမယ့် စာဖတ်တဲ့အလုပ်ကို မလုပ်ချင်ကြတဲ့အတွက် အသိဉာဏ်တွေနည်းပါးပြီး အတွေးအခေါ်၊ အပြော အဆို၊ အလုပ်အကိုင်တွေ မှားနေတတ်ကြပါတယ်။ စာတတ်ထားပေမယ့် စာမဖတ်ရင် အသိပညာတွေနဲ့ အကောင်းအဆိုးတွေကို ခွဲခြားအသုံးချနိုင်မှာမဟုတ် လို့ စာတတ်သူတိုင်း စာဖတ်ကြဖို့လိုပါတယ်။

လူတိုင်းဘဝတစ်ခုကို တည်ဆောက်ကြရာမှာ အသိပညာတွေပြည့်စုံနေမှသာ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ အသိပညာတွေ ပြည့်စုံအောင် လူငယ်တွေအပါအဝင် လူတိုင်းက စာပေဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူနဲ့ စာမဖတ်သူတွေရဲ့ ဘဝတွေကို နှိုင်းယှဉ်ကြည့်ရင် ဘဝရပ်တည်ရှင်သန်မှု အရည်အသွေးတွေက ကွာခြားနေပါတယ်။ ယှဉ်ကြည့်လိုက်ရင် စာဖတ်သူက စာမဖတ်သူထက် ခေါင်းတစ်လုံး ပိုမြင့်တယ်လို့ ဆိုကြပါတယ်။ စာဖတ်တဲ့သူတွေက အသိစွမ်းရည်တိုးတက်နေတာကြောင့် အတွေးအမြင်၊ အပြောအဆို၊ အနေအထိုင်၊ အလုပ်အကိုင်တွေလည်း တိုးတက်အောင်မြင်ကြပါတယ်။

စာမဖတ်သူတွေကတော့ အသိပညာဗဟုသုတတွေနည်းပြီး အရည်အသွေးတွေ နိမ့်ကျနေတယ်။ သူတစ်ပါးကို အားကိုးရတယ်။ အမှန်နဲ့အမှား ဝေဖန်ခွဲခြားနိုင်မှု အားနည်းကြတယ်။ အကျိုးတစ်ခုခုအတွက် လုပ်လိုက်ရင်မှန်သလား၊ မှားသလားမခွဲခြားနိုင်ဘဲ တစ်ဇွတ်ထိုးလုပ်ကြရင်း မလုပ်သင့်တာတွေကိုလုပ်ကြ၊ လုပ်သင့်တာတွေကို မလုပ်ကြနဲ့ တိုးတက်အောင်မြင်မှုကိုမရနိုင်ပါ။

အခုကာလမှာ စာဖတ်ဖို့အတွက် စာအုပ်စာစောင်တွေအပြင် လက်ကိုင်ဖုန်းတွေ၊ နည်းပညာသုံးကိရိယာတွေနဲ့ပါ အလွယ်တကူ စာဖတ်နိုင်ကြပါပြီ။ စာဖတ်လိုစိတ်ရှိဖို့သာ လိုပါတယ်။ စာဖတ်ရင် ကောင်းကျိုးတွေ ခံစားကြရမယ်၊ အသိဉာဏ်စွမ်းအားတွေနဲ့ အတွေးအခေါ်တွေ တိုးတက်လာမယ်။ အခက်အခဲတွေကို စာဖတ်လို့ရတဲ့ အသိပညာတွေနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ်။ အတွေ့အကြုံသစ်တွေ ရရှိလာမယ်။ မသိသေးတာတွေသိလာရမယ်။ သိပြီးသားအသိတွေထဲက အမှန်နဲ့အမှားတွေကို ခွဲခြားသိမြင်လာမယ်။ ကိုယ်ပိုင်အသိဉာဏ်နဲ့ တိုးတက်အောင်မြင်တဲ့ဘဝကို တည်ဆောက်လာနိုင်မယ်ဆိုတာ ဧကန်အမှန်ဖြစ်ပါတယ်။ ဒါကြောင့်လူငယ်တွေ ဘဝတိုးတက်အောင်မြင်ကြဖို့ စာဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ ။

No comments:

Post a Comment