နေပြည်တော် စက်တင်ဘာ ၂၄
တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၄ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်ကျော်လင်း(ခ)ဦးထိန်လင်း၏ မွန်ပြည်နယ်မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာအုပ်စု ဖားအောက်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်စက် (X-ray Machine) တစ်လုံး တပ်ဆင်ပေးရန်နှင့် ဓာတ်မှန်ရိုက်ခန်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဖားအောက်တိုက်နယ်ဆေးရုံသို့ လာရောက်ပြသသောလူနာများအနက် ဓာတ်မှန်ရိုက်ရန်လိုအပ်ပါက ကိုးမိုင်ခန့်ကွာဝေးသော မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့စစ်ဆေးဆောင်ရွက်နေရသည့်အတွက် ဖားအောက်တိုက်နယ်ဆေးရုံရှိ သင့်လျော်သည့် အခန်းတစ်ခန်း အလျား ၁၉ ပေ၊ အနံ ၁၃ ပေ၊ အမြင့် ၁၁ ပေအား ဓာတ်မှန်ခန်းအဖြစ် အသုံးပြုနိုင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သာမန်အသုံးစရိတ် ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး 100MA Digital X-Ray Machine တစ်လုံးအား ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်း၏ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် မြင်းကျဒိုးတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ရပ်ဆိုင်းနေခြင်းအား ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အဆိုပါအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း ၃၃ ရာခိုင်နှုန်းပြီးစီးမှုအတွက် ရန်ပုံငွေကျပ်သန်း ၂၅၀ ပေးချေခဲ့ပြီး ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်ကာလမှစ၍ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ “ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ အဆမတန်ကွာဟလာမှုကြောင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိပါသဖြင့်" လုပ်ငန်းပြန်လည်အပ်နှံခဲ့ပါသောကြောင့် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းနှင့်ပေးချေသည့်ရန်ပုံငွေကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိသော လုပ်ငန်းအစိတ်အပိုင်းများ အား အပြီးသတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညှိနှိုင်းပေးပို့ခဲ့ခြင်းအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ “အဆိုပါ လုပ်ငန်းသည် နယ်မြေအခြေအနေအရ ဆောင်ရွက်ရန်အခက်အခဲရှိပါသဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း" ပြန်ကြားချက်အရ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၉၆ ဒသမ ၇၄၀ သန်းအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ရခြင်းဖြစ်ပါကြောင်း။
အဆိုပါလုပ်ငန်းအား အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ညှိနှိုင်း၍ လုပ်ငန်းပြီးစီးရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေထပ်မံလိုအပ်ချက်ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် နေပြည်တော်ဥက္ကာသီရိကုမ္ပဏီမှ Oxygen Plant အောက်ဆီဂျင်ထုတ်လုပ်သော စက်တစ်လုံးဌာနပိုင် ဝယ်ယူတပ်ဆင်ခဲ့ရာ အောက်ဆီဂျင်စက်ကို သုံးနှစ်ကျော်အသုံးပြုခဲ့ပြီး စက်ချို့ယွင်းမှုကြောင့် ရပ်နားထားသည်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် ခန္တီးပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် အခက်အခဲများစွာကြုံတွေ့နေရပါသဖြင့် ချို့ယွင်းနေသော အောက်ဆီဂျင်စက်အား အမြန်ပြုပြင်ပေးရန်အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပြည်သူ့ဆေးရုံတွင် ယခုတင်ပြသည့် Oxygen Plant နှင့်၊ မြို့မိမြို့ဖများမှ လှူဒါန်းထားသော Oxygen Plant တစ်လုံးအပါအဝင် Oxygen Plant နှစ်လုံး ရှိပါကြောင်း၊ မြို့မိမြို့ဖများမှ လှူဒါန်းထားသော Oxygen Plant(OYS-50) အား ကောင်းစွာအသုံးပြုလျက်ရှိပြီး တစ်နေ့လျှင် Oxygen ဓာတ်ငွေ့ လီတာ ၄၀ ဆလင်ဒါအိုး ၁၆ လုံးခန့် ထုတ်လုပ်ပေးနိုင်ပါကြောင်း၊ ပြုပြင်ရန်လိုအပ်နေသော Oxygen Plant (Oxymat, O-280) နှင့်ပတ်သက်၍ ဥက္ကာသီရိကုမ္ပဏီ၏တင်ပြချက်အရ Preventive Maintenance Kit များလဲလှယ်ခြင်း၊ Air Compressor များစစ်ဆေး၍ လိုအပ်ပါကလဲလှယ်ခြင်း၊ Air Dryer များစစ်ဆေး ၍ လိုအပ်ပါက လဲလှယ်ခြင်း၊ Pressure Swing Absorption Zeolite bed စစ်ဆေးလဲလှယ်ခြင်း၊ Oxygen booster စစ်ဆေးလဲလှယ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဈေးနှုန်းတင်သွင်းလွှာများခေါ်ယူ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ်အစိုးရလက်ထက်က ခန့်ထားပေးခဲ့သော မျက်စိလက်ထောက်ဆရာဝန်အား တွဲဖက်ပြန်လည်ခန့်ထားပေးရန်အစီအစဉ် ရှိ/မရှိ၊ ပြန်လည်ခန့်ထားပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင်စေလွှတ်ပေးမည်နှင့် ပြန်လည်ခန့်ထားခြင်း မရှိပါက မည်သည့်အတွက်ကြောင့် မခန့်ထားနိုင်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်တစ်ဦး၊ အထူးကုဆရာဝန်များအနေဖြင့် အထူးကုဆရာဝန်(အရိုး/ခွဲစိတ်/မေ့ဆေး/ဓာတ်မှန်)နှင့် သွားနှင့်ခံတွင်း ဆရာဝန်များအား ခန့်အပ်ထားပြီး မျက်စိအထူးကုအားခန့်ထားခဲ့ပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်ယဉ်မင်းထိုက်၏ မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်ရှိ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့်ညီညွတ်သည့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသည် ခုတင် (၁၀၀)ဆံ့ သထုံမြို့ပြည်သူ့ဆေးရုံနှင့်လည်းကောင်း၊ ခုတင်(၅၀၀)ဆံ့ ပဲခူးမြို့၊ပြည်သူ့ဆေးရုံကြီးနှင့်လည်းကောင်း မော်တော်ယာဉ်ဖြင့် တစ်နာရီခန့်သာ သွားရပါကြောင်း။
ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသည် သုံးနှစ်စာအနေဖြင့် တစ်ရက်ပျမ်းမျှအတွင်း လူနာဦးရေ ၃၃ ဦး ရှိပြီး လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် လတ်တလော ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ တိုးမြှင့်ရန်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြား သည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စု ကောင်းဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကောင်းဘို့တိုက်နယ်ဆေးရုံအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ကောင်းဘို့တိုက်နယ် ဆေးရုံတည်ဆောက်ရန်အတွက် အလှူရှင်များမှ ကွင်းအမှတ်(၄)၊ ကောင်းဘို့မြောက် ဦးပိုင်အမှတ် (၇၂/၁၁၈) မြေဧရိယာ ၃ ဒသမ ၁၃ ဧကအား လှူဒါန်း ခဲ့သော်လည်း ၎င်းမြေဧရိယာအနက် ၂ ဒသမ ၇၂ ဧက သည် ယာမြေဖြစ်ပြီး ဝ ဒသမ ၄၁ ဧကသည် လယ်မြေဖြစ်နေသောကြောင့် လယ်မြေ၊ ယာမြေမှ အခြား နည်းသုံးစွဲခွင့် ရရှိရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီသို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ရရှိပါက ရပ်စောက်မြို့နယ် ကောင်းဘို့တိုက်နယ်ဆေးရုံအဆောက်အအုံများအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျာထားဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှစ်နိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက် လွှတ်တော်ရပ်နားထား စဉ်ကာလအတွင်းဖွဲ့စည်းခဲ့ရာ မြန်မာ-ကမ္ဘောဒီးယား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဒေါက်တာကျော်ထွန်းနှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မြင့်သောင်းတို့အပါအဝင် အဖွဲ့ဝင်၁၀ ဦး၊ မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးမျိုးမင်းနောင်နှင့် အတွင်းရေးမှူးအဖြစ် ကရင် ပြည်နယ်အမျိုးသားလွှတ်တော် အမှတ်(၄) ဒေါ်မီမီကျော်ထွန်းတို့အပါအဝင် အဖွဲ့ဝင် ၁၀ ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်၏အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်လွှတ်တော် ချစ်ကြည်ရင်းနှီးရေးအသင်းများဖွဲ့စည်းခြင်းနှင့် အသင်းများတွင်ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် မြင့်သောင်း အစား ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်းအား လည်းကောင်း၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ဝင်းကိုကို အစား ဗိုလ်မှူးချုပ် ခင်မောင်စိုးအား လည်းကောင်း၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူး တင့်လွင်အေး အစား ဗိုလ်မှူး ဇင်ကိုဝင်းအား လည်းကောင်း၊ အမျိုးသားလွှတ်တော်အစိုးရ မဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကော်မတီတို့တွင် အဖွဲ့ဝင် ဗိုလ်မှူး ကျော်ဇင်ဝင်း အစား ဗိုလ်မှူးနိုင်ဝင်းအားလည်းကောင်း၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူး ဇေယျာဝင်း အစား ဗိုလ်မှူး ဇော်မင်းသိန်းအား လည်းကောင်း၊ မြန်မာ-ကာဇက်စတန်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အတွင်းရေးမှူး ဗိုလ်မှူးတင့်လွင်အေး အစား ဗိုလ်မှူးဇင်ကိုဝင်း ကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အဖွဲ့ဝင် ဗိုလ်မှူး တင့်လွင်အေး အစား ဗိုလ်မှူး ဇင်ကိုဝင်း ကိုလည်းကောင်း၊ မြန်မာ-ကမ္ဘောဒီးယား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အတွင်းရေးမှူး ဗိုလ်မှူးချုပ်မြင့်သောင်း အစား ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်းအားလည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။
ယင်းနောက် တတိယအကြိမ်အမျိုးသားလွှတ်တော်တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို စက်တင်ဘာ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments:
Post a Comment