Friday, September 25, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ



                                                       နေပြည်တော်
စက်တင်ဘာ ၂၄

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရိုင်မြို့များတွင် က.ည.နရုံးများဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းများစနစ်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေး၊ သစ်တောများထိန်းသိမ်း စောင့်ရှောက်ရေးပေးနိုင်ရေး၊ ကျောင်းဆောင်သစ်များဆောက်လုပ်ပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သဲနုန်းများတူးဖော်ခြင်းနှင့် တာပေါင်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၅ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ လပွတ္တာမဲဆန္ဒနယ်မှ ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ၏ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအား ခရိုင်မြို့များတွင် တိုးချဲ့ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရုံးအသစ်တစ်ရုံး ဖွင့်လှစ်မည်ဆိုပါက ရုံးဆောက်လုပ်ရန်နှင့်ယာဉ်စစ်ဆေးခြင်းလုပ်ငန်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်းလုပ်ငန်းဆောင်ရွက်ရန် အနည်းဆုံး ပေ ၄၀၀'x ၄၀၀' မြေနေရာလိုအပ်ခြင်း၊ ရုံးဖွဲ့စည်းပုံနှင့် ဝန်ထမ်းဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲ၍ ရုံးဖွင့်လှစ်ခွင့်အားတင်ပြတောင်းခံရခြင်း၊ နိုင်ငံတော်၏ရသုံး မှန်းခြေငွေစာရင်းတွင် ရုံးအဆောက်အအုံ၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်စစ်ဆေးရေး စက်ကိရိယာများ၊ ရုံးအသုံးအဆောင်ပစ္စည်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များ ကြိုတင်၍တင်ပြတောင်းခံရခြင်းနှင့် ခန့်ထားရမည့်ဝန်ထမ်းများ၏ လစာစရိတ်များပေးချေရန်အတွက် သာမန်အသုံးစရိတ်များနှစ်စဉ်တင်ပြတောင်းခံရခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရုံးအသစ်ဖွင့်လှစ်မည်ဆိုပါက အထက်ပါအချက်အလက်များ ပြည့်စုံအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသော ဒေသများရှိယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်သူပြည်သူများ အဆင်ပြေစေရေးအတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများအား နယ်လှည့် ဆောင်ရွက်ပေးလျက်ရှိ၍ လတ်တလောတွင် ခရိုင်မြို့များ၌ ရုံးအသစ်ဖွင့်လှစ်ရန်အစီအစဉ်မရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားသည်။

ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်၏ Digital အသွင်ကူးပြောင်းရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့်ရလဒ်ကို မည်ကဲ့သို့စောင့်ကြည့်မှုပြုလုပ်ပြီး ပိုမိုတိုးတက်အောင်လုပ်ဆောင်နေမှုအခြေအနေကို ရှင်းလင်းပြောကြားရန်အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး (Digital Transfor-mation) လုပ်ငန်းစဉ်များကို စနစ်တကျ လမ်းညွှန်အကောင်အထည်ဖော်ရန်အတွက် အမျိုးသားဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာအရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရေတိုကာလတွင် သိသာထင်ရှားမြင်သာသည့် ငွေကြေးအကျိုးအမြတ်များ Tangible Result များ ရရှိနိုင်မည်မဟုတ်သော် လည်း ရေရှည်ကာလများတွင် အစိုးရ၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် သိသာထင်ရှားသည့်ရလဒ်များ၊ လူနေမှုနှင့် လူမှုစီးပွားကိစ္စရပ်များတွင် တိုးတက်မှုများရရှိလာမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြည်သူအပေါ် အကျိုးပြုသည့်ရလဒ်ကောင်းများရရှိနိုင်ရေးအတွက် စနစ်တကျစောင့်ကြည့်အကဲဖြတ်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ညွှန်းကိန်းများ သတ်မှတ်တိုင်းတာခြင်းတို့ကို ပန်းတိုင်ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်၏ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်မှုအား စနစ်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေး မည်သို့ဆောင်ရွက်မည်နှင့် ဆက်လက်ဆောင်ရွက်နေသည်ကို ပြည်သူသိရှိနိုင်ရေးအသိပညာပေးရန်အစီအစဉ် ရှိမရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိသတ်မှတ်ချက်များနှင့်အကျုံးဝင်သူ အမျိုးသားများကိုသာဆင့်ခေါ်လျက်ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူသည့် ၂ဝ၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့ စစ်မှုထမ်းဆောင်ရန် အသက်အရွယ်အရအကျုံးဝင်သူ အမျိုးသားဦးရေ ၆ ဒသမ ၂ သန်း ဝန်းကျင်ခန့် ရှိပါကြောင်း။

သို့သော်လည်း ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် နယ်မြေ/ဒေသအားလုံးမှ ပြည်သူ့စစ်မှုထမ်းရန် သတ်မှတ်ချက်နှင့်အကျုံးဝင်၊ ကိုက်ညီသူအားလုံးကို တစ်ပြိုင်တည်း၊ အင်အားတစ်ပြေးညီသတ်မှတ် ခေါ်ယူစေခြင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာနယ်မြေဒေသ/မြို့နယ်အလိုက် အကျုံးဝင်လူဦးရေ၊ လူဦးရေအစိပ်အကျဲ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေ စသည်တို့ကို အသေးစိတ် အခြေခံတွက်ချက်ပြီး အချိုးကျသတ်မှတ်ဆင့်ခေါ်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သည့် အမျိုးသားတိုင်း နိုင်ငံတော်ကာကွယ်ရေး အတတ်ပညာသင်ကြားတတ်မြောက်စေရန်နှင့် လက်ရှိနိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကိစ္စရပ်များပိုမိုဆောင်ရွက်နိုင်ရန်အလို့ငှာ သင်တန်းကျောင်းများက လစဉ်လက်ခံလေ့ကျင့်သင်ကြားပေးနိုင်သည့်အင်အားကို ထည့်သွင်းတွက်ချက်ကာ စနစ်တကျဆင့်ခေါ်ဆောင်ရွက်နေခြင်း ဖြစ်ပါ ကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေအပါအဝင် ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအား အများပြည်သူကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် လက်ကမ်းစာစောင်များရိုက်နှိပ်ပြီး ရပ်ကွက်/ကျေးရွာများအတွင်း ဖြန့်ဝေအသိပေးလျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အများပြည်သူသိရှိလိုသည်များကို မေးမြန်းနိုင်ရန်နှင့် ဥပဒေနှင့်မညီသည့် ဆောင်ရွက်နေမှုများရှိပါက သတင်းပေးပို့တိုင်ကြားနိုင်ရေး ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကိုလည်း အသိပေးကြေညာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၏ သစ်တောသစ်ပင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးမူဝါဒများချမှတ်ပြီး မည်သည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးက သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေး၊ သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ ပင်လယ်ကမ်းရိုးတန်းဒေသများ မုန်တိုင်းအန္တရာယ်မှကာကွယ်ရေးနှင့် ရေကြီးရေလျှံခြင်းတို့ တားဆီးကာကွယ်နိုင်ရေး၊ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေရေးတို့အတွက် သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်း သတ်မှတ်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် သစ်တောပျက်စီးပြုန်းတီးသွားသည့်နေရာများ၊ တောနိမ့်တောပါးများ၊ ရေဝေရေလဲဒေသများတွင် သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်စိုက်ပျိုးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ စနစ်တကျ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောသစ်ပင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန် မူဝါဒများချမှတ်ပြီး တစ်ပြိုင်တည်းလုပ်ဆောင်ရန်နှင့်ပတ်သက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒရည်မှန်းချက်များနှင့်အညီ ကာလတို၊ ကာလရှည်စီမံကိန်းများချမှတ်ပြီး သဘာဝတောများရေရှည်တည်တံ့စေရန် ထိန်းသိမ်း ကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းအမျိုးမျိုးတည်ထောင်ခြင်းနှင့် ပြည်သူများပူးပေါင်းပါဝင်သည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု အစီအစဉ်များ အကောင်အထည်ဖော်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

စလင်းမဲဆန္ဒနယ်မှ ဦးဇော်နိုင်၏ စလင်းမြို့နယ်အ.ထ.က(ခွဲ)၊ တ/ရုံးပင်ကန်ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် တ/ရုံးပင်ကန်-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် တန်းခွဲအရ လိုအပ်သည့်စာသင်ခန်း၊ စာကြည့်တိုက်၊ မီဒီယာခန်း၊ အစည်းအဝေးခန်းများအတွက် အဆိုပါကျောင်းရှိ အန္တရာယ်ဆောင်ဖြစ်သော ရတနာဆောင် ပေ ၁၀၀ x ၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်အားဖျက်သိမ်း၍ ပေ ၁၄၀ x ၃၀ RCC နှစ်ထပ်ဆောက်လုပ်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်း၏ ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးရွာ အ.ထ.က ကျောင်းအား RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သပေါ့ကန်-အခြေခံ ပညာအထက်တန်းကျောင်းတွင် ပေ ၁၂၀ x ၃၀ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်သည် အန္တရာယ်ရှိ ဆောင် ဖြစ်ခြင်း၊ ယာယီဆောင်ဖြင့် ပညာသင်ကြားနေရခြင်းတို့ကြောင့် လိုအပ်သောစာသင်ခန်း ခြောက်ခန်းစာအတွက် အဆိုပါအန္တရာယ်ရှိဆောင် ပေ ၁၂၀ x ၃၀ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်အား ဖျက်သိမ်း၍ ပေ ၁၁၀ x ၃၀ RC နှစ်ထပ်ဆောက်လုပ်ရန် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ကျောင်းကုန်းမြို့နယ် ဝက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဝက်ချောင်း-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယာယီဆောင်ဖြင့်ပညာသင်ကြားနေရခြင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Grade 10 ကျောင်းသားမရှိသော်လည်း လာမည့်ပညာသင်နှစ်တွင် ကျောင်းသား ရှိလာပါက စာသင်ခန်းလိုအပ်နိုင်သောကြောင့် အထက်တန်းဆင့်အတွက် စာသင်ခန်း နှစ်ခန်းစာ ပေ ၆၀ x ၃၀ RCC တစ်ထပ်ဆောက်လုပ်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏တန်းစီဇယားဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်း၏ မြဝတီမြို့နယ်ရှိ ပင်မဓာတ်အားခွဲရုံအား ပြုပြင်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန်အစီအစဉ် ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့်နှင့်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးနှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးထားသော ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ မြဝတီဓာတ်အားခွဲရုံသည် အကြမ်းဖက်အဖွဲ့အစည်း၏ နှစ်ကြိမ်ဖျက်ဆီးခံခဲ့ရပြီး ပျက်စီးမှုများအား ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်၍ ဓာတ်အားပို့လွှတ်ခဲ့ပါကြောင်း၊ သို့သော် တတိယအကြိမ်ဖျက်ဆီးခံရမှုတွင် ၂၃၀ ကေဗွီ မြဝတီပင်မဓာတ်အားခွဲရုံ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်နှင့်အတူ ၂၃၀ ကေဗွီ မော်လမြိုင်–မြဝတီ(၁၊၂) မဟာဓာတ်အားလိုင်းသည်လည်း ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံ ပြန်လည်တည်ဆောက် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်၍ ၂၃၀ကေဗွီ မော်လမြိုင် - မြဝတီ (၁၊၂) မဟာဓာတ်အားလိုင်း ဓာတ်အားစနစ်ဖြင့် ပြန်လည်ချိတ်ဆက်ဓာတ်အားပို့လွှတ်နိုင်ချိန်မှသာ မြဝတီမြို့နယ်အတွင်းသို့ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါ ကြောင်းနှင့် ၆၆/၁၁ ကေဗွီ၊ (၂၀+၁၀) အမ်ဗွီအေ မြဝတီဓာတ်အားခွဲရုံမှ မြဝတီမြို့နယ်အတွင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း များနှင့် ၁၁/၀ ဒသမ ၄ ကေဗွီထရန်စဖော်မာများအား လိုအပ်သည့် ထိန်းသိမ်းပြုပြင်စစ်ဆေးခြင်းများကို ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ မလှိုင်မြို့နယ် ရွှေစုခင်နှင့်သဘွတ်ကုန်းရွာတို့တွင် လျှပ်စစ်မီးမရရှိသေးသဖြင့် လိုင်းများသွယ်တန်းပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က မိတ္ထီလာခရိုင် မလှိုင်မြို့နယ်သဘွတ်ကုန်းကျေးရွာအုပ်စု ရွှေစုခင်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် ရွှေစုခင်ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀ ဒသမ ၉ မိုင်၊ သဘွတ်ကုန်း(တောင်)ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀ ဒသမ ၈ မိုင်၊ သဘွတ်ကုန်း(မြောက်) ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၂ မိုင် တို့ တိုးချဲ့တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာအုပ်စု ရွှေစုခင်ကျေးရွာ၊ သဘွတ်ကုန်း(တောင်ရွာ)နှင့် သဘွတ်ကုန်း(မြောက်ရွာ)တို့တွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လိုအပ်သော ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ လယ်ဝေးမြို့နယ် အေလာနှင့်သာဝတ္ထိနယ်မြေအတွင်းမှ ရွာများအား ၄ဝဝ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က လယ်ဝေးမြို့နယ် အေလာနယ်မြေအတွင်းရှိ ကျေးရွာ ၁၃ ရွာ တွင် တည်ဆောက်ရန် လိုအပ်လျက်ရှိသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာတည်ဆောက်ခြင်း လုပ်ငန်းများအား နေပြည်တော်ကောင်စီ ရန်ပုံငွေ ဖြင့်လည်းကောင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများအား လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်လည်းကောင်း ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ နှစ်အလိုက်လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

သာဝတ္ထိနယ်မြေအတွင်းရှိကျေးရွာ ၂၉ ရွာအနက် အောင်သာယာ၊ ကြာကန်၊ ဗောဓိကုန်း၊ အောင်ချမ်းသာ၊ ဟေမာန်၊ အောင်မင်္ဂလာ၊ အောင်စည်လာ၊ တဲကြီးကုန်း၊ တဲကြီးကုန်း (ရွာသစ်)နှင့် အောင်နန်းချို ကျေးရွာ ၁၀ ရွာတွင် ၁၁ ကေဗွီလိုင်း ၁၀ ဒသမ ၃ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၁၁ လုံးနှင့် ၄၀၀ ဗို့လိုင်း ၁၃ ဒသမ ၅ မိုင်တို့အား နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် တည်ဆောက်သွယ်တန်းထားပြီးဖြစ်ပါကြောင်း။

သာဝတ္ထိနယ်မြေအတွင်း ကျန်ရှိနေသော ကျေးရွာ ၁၀ ရွာတွင် ၁၁ ကေဗွီလိုင်း ၁၄ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၁၀ လုံးတို့ကို နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် တည်ဆောက်သွယ်တန်းပြီးဖြစ်သော်လည်း ကျေးရွာ များအတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း ၈ ဒသမ ၅ မိုင် ခန့် တည်ဆောက်ရန် ကျန်ရှိနေပါကြောင်း၊ ထို့ပြင် မြိုင်သာယာ၊ ပိန်းချောင်း၊ ဗောဓိပင်၊ ရွှေမြင့်မိုရ်၊ ဇီးကုန်း၊ လသာ(ပေါက်မြိုင်)နှင့် ကြို့တန်း(တဲတန်း)ကျေးရွာခုနစ်ရွာတွင် ၁၁ ကေဗွီလိုင်း ၈ ဒသမ ၆ မိုင် ခန့်၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ခုနစ်လုံး နှင့် ၄၀၀ ဗို့လိုင်း ၃ ဒသမ ၅ မိုင်ခန့် တည်ဆောက်ရန်လိုအပ်လျက်ရှိပါသဖြင့် အဆိုပါကျေးရွာ ၁၇ ရွာတွင် တည်ဆောက်ရန် ကျန်ရှိနေသည့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများအား နေပြည်တော်ကောင်စီရန်ပုံငွေဖြင့်လည်းကောင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများအား လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်လည်းကောင်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်မှစတင်လျာထား၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ နှစ်အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 သာဝတ္ထိနယ်မြေအတွင်း တောင်ပေါ်ဒေသတွင်တည်ရှိသော ဇလီနှင့်လသာ(ငှက်ကြီးတောင်) ကျေးရွာနှစ်ရွာတွင် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲပြီး လုံခြုံရေးအခြေအနေအရမြေပြင် ကွင်းဆင်းနိုင်မှုမရှိခြင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်စိစစ်ချက်အရ ပြည်သူပူးပေါင်း ပါဝင်ရမည့် ငွေပမာဏကိုလည်း ထည့်ဝင်နိုင်မှုမရှိခြင်းတို့ကြောင့် လောလောဆယ်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြား သည်။

ပေါင်မဲဆန္ဒနယ်မှ ဦးဗိုလ်ဝင်း၏ ပေါင်မြို့နယ်အလှပ်ကျေးရွာ ပင်လယ်ကမ်းခြေပတ်တာ ကျောက်စီတာတမံတွင် ကျန်ရှိနေသော ပေ ၁ဝ၅ဝ ကို ကွန်ကရစ်တာတမံအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ ဒေသမှ ထိန်းသိမ်း ထားသော အလှပ်ရေငန်တားတာပေါင်ကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည့် ပေတိုင် ၃၈၀၀ မှ ၅၀၀၀ အထိ အလျားပေ ၁၂၀၀ အပိုင်းမှ တာပေါင်အလျား ပေ ၁၅၀ ကို ဆောင်ရွက်နိုင်ရန် ယခု ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်၍ မိုးရာသီအကုန်ပွင့်လင်းရာသီတွင် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ တာပေါင်အလျားပေ ၃၀၀ ကို ထပ်မံဆောင်ရွက်ရန် အတွက် ယခု ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ထပ်မံဆောင်ရွက်ရန် ကျန်ရှိသည့် အပိုင်း ပေ ၇၅၀ အနက် တာပေါင် အလျား ပေ ၃၇၀ ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကျန်ရှိသည့်အပိုင်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဝင်း၏ ဟင်္သာတမြို့ သပြုဆိပ်အုတ်သျှစ်ကုန်းနှင့် ဝဲကြီးကျေးရွာများရှိ တာပေါင်များအား ခိုင်ခံ့အောင်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဟင်္သာတမြို့နယ် သပြုဆိပ်လယ်သမားတာနှင့် ဝဲကြီးလယ်သမားတာများသည် တောင်သူများ၏ အစီအစဉ်ဖြင့် တည်ဆောက်ထားပြီး တောင်သူများကိုယ်တိုင် ပြုပြင်ထိန်းသိမ်းလျက်ရှိကာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူထိန်းသိမ်းထားခြင်းမရှိပါကြောင်း၊ အဆိုပါ လယ်သမားတာများသည် မိုးရာသီငဝန်မြစ်ရေမြင့်ချိန်တွင် ငဝန်မြစ်ရေခေတ္တခိုအောင်းရာဧရိယာအား လျော့နည်းစေသဖြင့် ငဝန်မြစ်အတွင်းရေမျက်နှာပြင်ကို ပိုမိုမြင့်တက်စေပြီး ငဝန်ရေဘေး ကာကွယ်ရေးတာ၏ လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်ပါကြောင်း။

တောင်သူများ၏ လက်ရှိ အကျိုးစီးပွားမထိခိုက်စေရေးအတွက် ကာကွယ်ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ငဝန်မြစ်ရေဘေးကာကွယ်ရေးတာ၏ ကြံ့ခိုင်မှုနှင့်လုံခြုံစိတ်ချရမှုကို မထိခိုက်စေရန်လည်းကောင်း အဘက်ဘက်မှချိန်ဆပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ စီမံဆောင်ရွက်ပေးသွားရမည့် လုပ်ငန်းများဖြစ်ပါကြောင်းနှင့် ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်းအပါအဝင် တာဝိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျခံဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံ၏ မိုင်းရှူးမြို့နယ် နမ့်အွန်ချောင်းပေါ်ရှိ ဖိုင်အွန်ဆည်ကို သစ်ရိုက် ကျောက်ဖြည့်ဆည်အဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိုင်းစံမြို့ရှိ ဖိုင်အွန်ဆည်သည် ရေကြီးမှုကြောင့် တိုက်စားပျက်စီးသွားသဖြင့် မူလလက်ရိုက်ဆည်၏ အောက်ဘက် ပေ ၅ဝဝ ခန့်အကွာ ချောင်းကျဉ်းသည့် နေရာတွင် အလျား ပေ ၂ဝဝ၊ အမြင့် ခြောက်ပေဖြင့် သစ်ရိုက်ကျောက်ဖြည့်ဆည်အသစ် တည်ဆောက် ခြင်းနှင့် အလျား ပေ ၅ဝဝ ရှိသည့် ရေပေးမြောင်း အသစ် တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအခြေအနေပေါ်မူတည်၍ လုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ဦးသန့်ဇော်၏ ကွမ်းခြံကုန်းမြို့နယ် ဆိပ်ကြီးကျေးရွာအုပ်စုရှိ ဖီမခိုင်ရိုး ဟောင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည်တူးဖော်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကွမ်းခြံကုန်းမြို့နယ် ဖီမခိုင်ရိုးချောင်းကို မူလအနက်ရရှိစေရန်အတွက် ပြန်လည်တူးဖော်ပါက မိုးစပါးရာသီကွင်းရေနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည့်အပြင် နွေသီးနှံအောင်ရေလုံလောက်စွာ သွင်းယူစိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကွမ်းခြံကုန်းမြို့နယ် တောကြီးတန်းတိုက်နယ် ဆိပ်ကြီးကျေးရွာအုပ်စုရှိ ဖီမခိုင်ရိုးချောင်းအား ပြန်လည်တူးဖော်ပေးနိုင်ရန်အတွက် ခန့်မှန်းဆောင်ရွက်ရမည့်လုပ်ငန်းပမာဏနှင့် လိုအပ်သောရန်ပုံငွေကို နီးစပ်ရာဘဏ္ဍာနှစ် ဖြစ်သော ၂၀၂၇-၂၀၂၈ တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံထားဆဲဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိသည့် အချိန်နှင့်ကိုက်ညီ၍ မြေပြင်တိုင်းတာမှုလုပ်ငန်းများကို ထပ်မံစိစစ်၍ ရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တနိုင်းမဲဆန္ဒနယ်မှ ဦးမြင့်ကို၏ တနိုင်းမြို့နယ် ကိုင်ထောင်ချောင်းတစ်လျှောက် သဲနုန်းများတူးဖော်ခြင်း၊ တာပေါင်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တနိုင်းမြို့ပေါ်တွင် ဖြတ်သန်းစီးဆင်းနေသော ကိုင်ထောင်ချောင်း၏ တနိုင်း-မြစ်ကြီးနားလမ်းအောက်ပိုင်း အလျား ၉၅၃၃ ပေ သဲနုန်းတူးဖော်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ချောင်းရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ယခုအခါရေစီးရေလာကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ တနိုင်း-မြစ်ကြီးနားလမ်း၏ အထက်ပိုင်းရှိ ကိုင်ထောင်ချောင်းတစ်လျှောက်တွင် လက်ရှိတွင် ရေစီးရေလာကောင်းမွန်လျက်ရှိပြီး သဲနုန်းတူးဖော်ရှင်းလင်းဆောင်ရွက်ရန် မလိုအပ်ပါကြောင်း။

ကိုင်ထောင်ချောင်းတစ်လျှောက် ဘေးဝဲ/ယာတွင်ကျောက်စီမြေထိန်းနံရံဖြင့် တာပေါင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်နှင့်ပတ်သက်၍ တနိုင်းမြို့နယ်ရပ်ကွက်များ ရေကြီးရေလျှံမှုမှ လျော့ပါး သက်သာစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လိုအပ်သည့်စိစစ်လေ့လာတိုင်းတာမှုများ ဆောင်ရွက်ပြီး မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်အပိုင်းများကို ဦးစားပေးသတ်မှတ်ကာ နီးစပ်ရာဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထားတင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက “မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍအား ရိုးရာလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရေးအတွက် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှက ထောက်ခံဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏အဆုံး အဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုအားလက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment