ဝတ်မှုန်ကူးခြင်း
ဝတ်မှုန်ကူးခြင်း(pollination)ဆိုသည်မှာ ပန်းပွင့်သောအပင်များတွင် အဖိုမျိုးပွားအစိတ်အပိုင်းဖြစ်သော ဝတ်ဆံဖို(anther)မှ ထွက်ရှိသည့် ဝတ်မှုန်စေ့ (pollen grains)များကို အမမျိုးပွားအစိတ်အပိုင်းဖြစ်သော ဝတ်ဆံအမ (stigma) သို့ ရောက်ရှိစေသည့်ဖြစ်စဉ်ဖြစ်ပါသည်။ ဝတ်မှုန်ကူးပြီးနောက် သင့်လျော် သောအခြေအနေများတွင် မျိုးအောင်ခြင်း (fertili-zation) ဖြစ်ပေါ်ကာ မျိုးစေ့နှင့် အသီးများဖြစ်ပေါ် လာပါသည်။ ပန်းတစ်ပွင့်၏ဝတ်မှုန်သည် ထိုပန်း၏ ဝတ်ဆံအမ သို့မဟုတ် တစ်ပင်တည်းရှိ အခြားပန်း၏ ဝတ်ဆံအမသို့ ရောက်ရှိခြင်းဖြင့် မိမိကိုယ်တိုင်ဝတ်မှုန်ကူးခြင်း (self-pollination)ဖြစ်နိုင်သကဲ့သို့ အပင်တစ်ပင်မှဝတ်မှုန်ကို အခြားအပင်တစ်ပင်၏ ဝတ်ဆံအမသို့ သယ်ဆောင်ပေးခြင်းဖြင့် အပြန်အလှန် ဝတ်မှုန်ကူးခြင်း(cross-pollination) ဖြစ်နိုင်ပါသည်။ ဝတ်မှုန်ကူးခြင်းသည် အစားအစာထုတ်လုပ်မှုနှင့် လူသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အလွန်အရေးပါပြီး သဘာဝဂေဟစနစ်များကို စိုက်ပျိုးရေးထုတ်လုပ်မှုစနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည်။ ကမ္ဘာတစ်ဝန်းတွင် ပန်းပွင့်သောအပင်များ၏ ၈၇ ဒသမ ၅ ရာခိုင် နှုန်းခန့်ကို ကျောရိုးမဲ့သတ္တဝါများနှင့် ကျောရိုးရှိသတ္တဝါများ နှစ်မျိုးလုံးမှ ဝတ်မှုန်ကူးကြပါသည်။
ဝတ်မှုန်ကူးသတ္တဝါများ
ဝတ်မှုန်ကူး သတ္တဝါများတွင် တောရိုင်းပျား
(Apidae, Halictidae)၊ ပျားရည်ပျား၊ အဆိပ်မရှိသော ပျားငယ်များ (stingless bees)၊ သစ်ခေါင်းတွင်းနေသော
သစ်ခေါင်းပျားများ၊ မြေတွင်းနေ ပျားများပါဝင်ပါသည်။ အဆိုပါပျားများအပြင် ဖလံများ၊ ယင်ကောင်များ
(အထူးသဖြင့် hoverflies, Bee flies)၊ နကျယ်ကောင်များ၊ ပိုးထိုးကောင်များ၊ လိပ်ပြာများ၊
ပိုးဖလံများ (moths)၊ ပိုးတောင်မာများ (beetles)၊ လင်းနို့များ၊ လင်းဆွဲများ
(Pteropo-didae)၊ ငှက်များ၊ ပုရွက်ဆိတ်များ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါများတွင် တချို့သော
မျောက်မျိုးစိတ်များ၊ ကြွက်၊ ရှဉ့်၊ ဝတ်ရည်စုတ်ငှက်များ (hummingbirds ၊
sunbirds) နှင့် ကြက်တူရွေးမျိုးစိတ် တချို့ပါဝင်ပါသည်။ စနစ်တကျမွေးမြူထားသော ပျားများအပါအဝင်
ဝတ်မှုန်ကူးသတ္တဝါများ လုံလောက်စွာ ရှိနေခြင်းဖြင့် စားရေရိက္ခာသီးနှံ ထုတ်လုပ်မှုအရည်အသွေးနှင့်
အရေအတွက်နှစ်မျိုးစလုံး တိုးတက်ကောင်းမွန်စေနိုင်သည်။
ဝတ်မှုန်ကူးခြင်း၏ အရေးပါမှု
လက်ရှိကမ္ဘာမြေတွင် လူသားများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများတည်ရှိမှုနှင့်
စားရေရိက္ခာ ဖူလုံရေးအတွက် အရေးကြီးသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဝတ်မှုန်ကူးခြင်းကို
ပျားများနှင့် တခြားအင်းဆက်ပိုးမွှားများက အဓိကဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံတွင်
ရာသီစိုက်ပျိုးသီးနှံများဖြစ်သည့် ပန်းနှမ်း၊ နေကြာ၊ နှမ်း၊ ပဲမျိုးစုံ၊ စမုန်စပါး၊
နံနံ၊ ဆီမုန်ညင်း၊ မုန်ညင်း/မုန်လာတို့နှင့် ရာသီအလိုက်စိုက်ပျိုးသည့် ပန်းမန်ပင်များ
နှင်းဆီ၊ စံပယ်၊ ဇွန်၊ စိန်ခြယ်ပန်းရောင်စုံ၊ မိုးကြိုပန်း၊ မေမြို့ပန်း၊ သစ္စာ ပန်း၊
ဂန္ဓမာပန်း၊ ပန်းထိမ်ငို၊ လီလီ၊ ဆောင်းချယ်ရီ စသည်တို့သည် ပျားရည်ထုတ်ယူနိုင်သော အဓိကပျားစာပင်များဖြစ်သည်။
ပင့်ကူထိပ်ပိတ်၊ နေကြာ ရိုင်း၊ ဘိစပ်၊ ကန္တာရ၊ အင်ကြင်း၊ တံငါပင်စိမ်း စသည့်သဘာဝပေါက်ပင်များသည်
ပျားရည်ထုတ်ယူသည့် ပျားစာပင်များဖြစ်သည်။ မက္ကဒေးမီးယား၊ ဆီးပင်၊ ရော်ဘာ၊ လိုင်ချီး၊
လဲမှို့၊ သရက်၊ သံပရာ၊ ကြက်မောက်၊ မန်ဂျန်ရှား၊ ကော်ဖီ၊ ဒူးရင်း၊ သရက်၊ လိမ္မော်၊ စတော်
ဘယ်ရီ စသည့် နှစ်ရှည် စိုက်ပျိုးသီးနှံများသည်လည်း ပျားရည်ထုတ်ယူသည့် အပင်များဖြစ်ပြီး
ဝတ်မှုန်ကူးခြင်းကြောင့် အရည်အသွေးမြင့်သီးနှံများ အထွက်နှုန်းတိုးပြီး အကျိုးကျေးဇူးများစွာ
ရရှိစေပါသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ
အစိုးရများအကြား သိပ္ပံ-မူဝါဒ ပလက်ဖောင်း (IPBES)၏ အဆိုအရ သတ္တဝါများ ဝတ်မှုန်ကူးပေးမှုအပေါ်
တိုက်ရိုက်မှီခိုနေရသော ကမ္ဘာ့အသီးအနှံ ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်
ဒေါ်လာ ၂၃၅ ဘီလီယံ မှ ၅၇၇ ဘီလီယံအထိရှိသည်။ ဝတ်မှုန်ကူးတိရစ္ဆာန်များသည် ကမ္ဘာ့သီးနှံထုတ်လုပ်မှု
(ပမာဏအားဖြင့်)၏ ၃၅ ရာခိုင်နှုန်းခန့် ပါဝင် ပတ်သက်ပြီး အဓိကအစားအစာသီးနှံ ၁၁၅ မျိုးတွင်
၈၇ မျိုးနှင့် ဆေးဖက်ဝင်အပင်များစွာ၏ အထွက်နှုန်းကို မြှင့်တင်ပေးပါသည်။ ကမ္ဘာလုံးဆိုင်ရာ အစားအစာ
သီးနှံအမျိုးအစား ၇၅ ရာခိုင်နှုန်းခန့်သည် ဝတ်မှုန်ကူးပေးသော သတ္တဝါများအပေါ် မှီခိုနေရပြီး
ယနေ့လူသားများအတွက် အစားအစာမျိုးစုံရရှိနိုင်မှုသည် ၎င်းတို့၏ အရေးပါမှုကို မီးမောင်းထိုးပြနေပါသည်။
ဝတ်မှုန်ကူးမှုကျဆင်းခြင်း
အဓိကအကြောင်းရင်းများ
ယခုအခါ ပျားများနှင့် အခြားဝတ်မှုန်ကူးပေးသော
သတ္တဝါများ၏အရေအတွက်သည် သိသာထင်ရှားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး အပြည်ပြည်ဆိုင်ရာ
သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)၏ အကဲဖြတ်မှု အစီရင်ခံစာအရ ပျားမျိုးစိတ် ၄၀ ရာခိုင်နှုန်းခန့်သည်
မျိုးသုဉ်းရန် အန္တရာယ်ရှိကြောင်း သိရပါသည်။ သစ်တောပြုန်းတီးခြင်း၊ နေရင်းဒေသ သစ်တောသစ်ပင်များ
အပိုင်းပိုင်းကွဲထွက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးတွင် သီးနှံမျိုးစိတ်တစ်မျိုးတည်းကိုသာ
အကြိမ်ကြိမ်ဆက်တိုက်စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်း၊ အပူချိန်အလွန်အမင်းမြင့်တက်ခြင်းနှင့်
ပန်းပွင့် ချိန်ပြောင်းလဲခြင်းကဲ့သို့သော ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည်
ဝတ်မှုန်ကူးပေးသော သတ္တဝါအရေအတွက် ကျဆင်းမှုအတွက် အဓိကအကြောင်းရင်းများဖြစ်ပါသည်။
သစ်တောများ၏ ဝတ်မှုန်ကူးပေးခြင်းဆိုင်ရာ
ဝန်ဆောင်မှု
သစ်တောများက ပံ့ပိုးပေးနေသော ဂေဟစနစ်ဝန်ဆောင်မှုများစွာအနက်
ဝတ်မှုန်ကူးမှုကို ပံ့ပိုး သောဝန်ဆောင်မှုသည် စီးပွားရေးအရ အရေးပါဆုံးနှင့် တန်ဖိုးအရှိဆုံး
ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ သစ်တောများသည် ပန်းဝတ်မှုန်ကူးသတ္တဝါများအတွက် အစာအရင်းအမြစ်၊
အသိုက်ပြုလုပ်ရန်နေရာ၊ ခိုလှုံရာနှင့် မျိုးပွားရာနေရာများကို ပံ့ပိုးပေးသည့်အပြင်
ပန်းဝတ်မှုန်ကူးပေးသည့် သတ္တဝါမျိုးစုံနှင့် အပင်မျိုးစိတ်များအကြား အပြန်အလှန်မှီခိုသော
ဂေဟစနစ်ဆိုင်ရာ ဆက်နွှယ်မှုများကိုလည်း ထိန်းသိမ်းပေးပါသည်။ သစ်တောများတွင် အသိုက်ဖွဲ့
နေထိုင်ကြသော တောရိုင်းဝတ်မှုန်ကူးသတ္တဝါများသည် ဘေးပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများသို့သွားရောက်ကာ
သီးနှံများကို ဝတ်မှုန်ကူးပေးသဖြင့် သီးနှံအထွက်နှုန်း၊ သီးနှံအရည်အသွေးနှင့် ဈေးကွက်တန်ဖိုးတို့ကို
သိသိသာသာ တိုးတက်စေပါသည်။ သစ်တောများသည် အောက်ဖော်ပြပါ ဂေဟဗေဒဆိုင်ရာ အဓိကလုပ်ဆောင်ချက်
သုံးခုမှတစ်ဆင့် တောရိုင်းဝတ်မှုန်ကူးသတ္တဝါများကို ကာကွယ်ထိန်းသိမ်းပေးထားပါသည်-
အသိုက်ပြုလုပ်ရာနှင့် ဆောင်းခိုရာနေရင်းဒေသများ။ သစ်တောများ၊
အပင်ကြီးများ၊ သစ်ပင်ခြောက်များ၊ သစ်တောကြမ်းပြင် မြေဆီလွှာ၊ အခေါင်းပါသောပင်စည်များ၊
သစ်တောအုပ်အထက်ပိုင်း ညဉ့်ခိုရာများ၊ ကျောက်တောင်များ၊ ကြွေကျနေသောသစ်ရွက်များ၊ ပဲမျိုးနွယ်အပင်ကြီးများ၊
ပန်းပွင့်သောချုံပုတ်များ စသည့်နေရာများသည် တောရိုင်းဝတ်မှုန်ကူးသတ္တဝါများအတွက် တည်ငြိမ်သောမှီခိုရာ၊
သားပေါက်ရာ နေရင်းဒေသ နားခိုရာ၊ အသိုက်ပြုလုပ်ရန်နေရာများကို ပံ့ပိုးပေးသည်။
ဝတ်ရည်နှင့်ဝတ်မှုန်များ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်း။ စိုက်ပျိုးရေးသီးနှံများ
မပွင့်သော ရာသီပြင်ပကာလများတွင်လည်း သစ်တောအတွင်းရှိ မတူကွဲပြားသည့် အပင်မျိုးစိတ်များက
ဝတ်မှုန်ကူးသတ္တဝါများ တစ်နှစ်ပတ်လုံးအသက်ဆက်နိုင်ရန် ဝတ်ရည်နှင့် ဝတ်မှုန်များကို
မပြတ် ပံ့ပိုးပေးပါသည်။
ရာသီဥတုပြင်းထန်မှုကို လျှော့ချထိန်းညှိပေးခြင်း။
သစ်တောသစ်ပင်များက
အပူချိန်ကို လျှော့ချထိန်းညှိပေးခြင်း၊ လေပြင်းများကို ကာကွယ်ပေးခြင်းနှင့် အစိုဓာတ်ကို
ထိန်းသိမ်းပေးခြင်းတို့ဖြင့် နုနယ်သော ဝတ်မှုန်ကူးသတ္တဝါများကို ရာသီဥတုဒဏ်မှ ကာကွယ်ပေးပါသည်။
သဘာဝဝတ်မှုန်ကူးခြင်းနှင့်
ပျားမွေးမြူခြင်းဖြင့် ဝတ်မှုန်ကူးခြင်း
သဘာဝဝတ်မှုန်ကူးသတ္တဝါများနှင့် စနစ်တကျမွေးမြူထားသော
ဝတ်မှုန်ကူးသတ္တဝါများ (ပျား မွေးမြူခြင်း) နှစ်မျိုးလုံးသည် သီးနှံထုတ်လုပ်မှုတွင်
အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
၁။ သဘာဝ ဝတ်မှုန်ကူးခြင်း
မြန်မာနိုင်ငံ၏ အပူပိုင်းကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသများမှသည်
မိုးနည်းပူပြင်းသော အလယ် ပိုင်းလွင်ပြင်များနှင့် အမြင့်ပိုင်းအရှေ့ဘက်ကုန်းမြင့် ဒေသများအထိ
ပါဝင်သည့် ထူးခြားသော ပထဝီဝင် အနေအထားသည် ဝတ်မှုန်ကူးသတ္တဝါများအတွက် မတူကွဲပြားသော
ဂေဟစနစ်နယ်ပယ်များကို ဖန်တီး ပေးထားပါသည်။ မြန်မာနိုင်ငံတွင် သဘာဝဝတ်မှုန်ကူးမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက်
ဒေသတွင်းသီးနှံများ၊ ဒေသမျိုးရင်းအပင်များနှင့် မူလရှိပြီး ဝတ်မှုန်ကူးသတ္တဝါ အုပ်စုများအပေါ်မူတည်၍
ဂေဟစနစ်တစ်ခုချင်းစီအလိုက် သီးသန့်အစီအမံများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါသည်။
(က) အလယ်ပိုင်း မိုးနည်းရေရှားဒေသ။ အဓိက
ဒေသမျိုးရင်း ဝတ်မှုန်ကူးသတ္တဝါများအနေဖြင့် ပျားကြီး/ သစ်တောပျား (Apis dorsata)၊
ပျား သေး/ယင်ပျား (Apis florea)၊ မျက်မွေးလိမ်ပျား/ စိမ့်ပျား
(Trigona/Tetragonula) နှင့် မြေကြီးတွင် အသိုက်လုပ်တတ်သော တစ်ကောင်တည်းနေ ပျားများ
တွေ့ရပါသည်။ ဝတ်မှုန်ကူးသတ္တဝါများ တိုးပွားလာစေရန်နှင့် သီးနှံများမပွင့်သော အချိန်တွင်
တစ်နှစ်ပတ်လုံး ဝတ်ရည်ရရှိစေရန်အတွက် ရာသီသီးနှံများ၊ ဆီထွက်သီးနှံ စိုက်ခင်းများ ပတ်လည်တွင်
ဘက်စုံသုံးပန်းပွင့်သည့် ဒေသမျိုးရင်းအပင်များ (ဥပမာ သင်္ဘောကသစ်၊ တမာ၊ ပေါက်၊ လက်ပံ၊
အညာကုက္ကို၊ စစ်၊ စွယ်တော်၊ မဲဇလီ၊ ပဲချယ်ရီ၊ ငုရွှေ၊ သမုန်းပင်၊ စောင်ချမ်း၊ ဆူးဖြူ၊
အကာရှား) အတန်းလိုက် စိုက်ပျိုးခြင်း။
(ခ) ရှမ်းကုန်းပြင်မြင့်နှင့် တောင်ပေါ်စိုက်ပျိုးဂေဟစနစ်များ။ အဓိကတွေ့ရသည့်
ဒေသမျိုးရင်း ဝတ်မှုန်ကူးသတ္တဝါများမှာ ကျောက်ဆောင်ပျား (Apis laboriosa)၊ သစ်ခေါင်းပျား(Apis
Cerana) ပျားမဲကြီးများ (Bombus မျိုးစိတ်များ)၊ အစွယ်မဲ့ပျားများ၊ ယင်ပျံများ(Hoverflies)နှင့် သစ်တောက်ပျားများ
(Xylocopa) တို့ဖြစ်သည်။ ဝတ်မှုန်ကူးသတ္တဝါများ တိုးပွားလာစေရေးနှင့် ဝတ်မှုန်ကူးလုပ်ငန်းများ
ပိုမိုတိုးပွားလာစေရေးအတွက် ကော်ဖီစိုက်ခင်းများအတွင်း ပန်းပွင့်သောဒေသမျိုးရင်းအပင်ကြီးများ
(ဥပမာ- ချယ်ရီ၊ ခါတော်မီ၊ မက္ကဒေးမီးယား၊ တောင်ဇလပ်မျိုး- Rhododendron sp. ၊
ချယ်ရီ - Prunus cerasoides) ကို ပေါင်းစပ်စိုက်ပျိုးပေးခြင်း၊
ထောပတ်နှင့် မက္ကဒေးမီးယားစိုက်ခင်းများအနီးတွင် သစ်တောက်ပျားများနှင့် တစ်ကောင်တည်းနေပျားများ
အသိုက်ဖွဲ့နိုင်စေရန် ဆေးသုတ်မထားသော အခေါင်းပါသောသစ်သားတိုင်များ၊ ဝါးဆစ်စည်းများနှင့်
ကျောက်တိုင်များကိုစိုက်ခြင်း၊ လှေကားထစ်စိုက်ခင်းအစွန်းများနှင့် ကန်သင်းများတွင်
ဒေသမျိုးရင်းပန်းပွင့်သည့်မြေဆီလွှာ အဖုံးအအုပ်ပင်များကို စိုက်ပျိုးခြင်း၊ လှေကားထစ်စိုက်ခင်းများတွင်
ပန်းပွင့်အပင်တန်းများစိုက်ခြင်း။
(ဂ) ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်း ဒီရေတောများ၊
လမုတောများ။ ဒီရေတော၊ လမုတောနှင့် ယဉ်ပါးသောရွှေ့ပြောင်းပျားကြီးအုပ်စုများ
(Apis dorsata)၊ သစ်ခေါင်းပျား(Apis cerana)၊ သစ်သီးစားလင်းဆွဲများ (Pteropus မျိုးစိတ်များ)၊
လိပ်ပြာနှင့်ဖလံများ (Hawk moths)
စသည့် အဓိက ဒေသမျိုးရင်း ဝတ်မှုန်ကူးသတ္တဝါများကို တွေ့ရသည်။ ဒီရေတော၊ လမုတောများသည်
ဒေသထွက်ပျားရည်ကို ထုတ်လုပ်ပေးရုံသာမက ပျားများအတွက် အလွန်အရေးပါသော မျိုးပွားရာနေရာများဖြစ်ကြသဖြင့်
ကန့်ကလာပင်၊ ဗြူးပင်၊ ကနစိုပင်၊ ဓနိပင်စသည့် ဒီရေတော၊ လမုတောများကို ထိန်းသိမ်းခြင်းနှင့်
ပြန်လည် စိုက်ပျိုးခြင်း၊ ဒူးရင်းသီးကဲ့သို့သော တန်ဖိုးမြင့်သစ်သီးများအတွက် ညဘက်ဝတ်မှုန်ကူးပေးသည့်
သစ်သီးစားလင်းဆွဲများ မှီခိုရာအပင်ကြီးများနှင့် ဂူများကိုကာကွယ်ပေးခြင်း။
၂။ ပျားမွေးမြူခြင်းနှင့် ဝတ်မှုန်ကူးခြင်း
ပျားမွေးမြူရေး (Apiculture/
Beekeeping) သည် ဝင်ငွေရရှိစေသည့် မွေးမြူရေးလုပ်ငန်းတစ်ခု ဖြစ်သကဲ့သို့ သီးနှံများ၏
ဝတ်မှုန်ကူးခြင်းကို တိုးတက်စေပြီး သဘာဝဂေဟစနစ်နှင့်
စိုက်ပျိုးရေးထုတ်လုပ်မှုကိုလည်း အထောက်အကူပြုပါသည်။ ပျားမွေးမြူရေးဆောင်ရွက်ရာတွင်
အဓိကအားဖြင့် အောက်ပါအချက်များ အထူးဂရုပြုဆောင်ရွက်သင့်ပါသည်-
(က) ပျားမျိုးရွေးချယ်ခြင်း။ ဒေသရာသီဥတုနှင့်
ကိုက်ညီသော၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော၊ ဝတ်ရည်ဝတ်မှုန် စုဆောင်းမှုကောင်းမွန်၍ ပျားရည်အထွက်နှုန်းကောင်းမွန်သော
ဒေသမျိုးရင်းပျားမျိုးများကို ရွေးချယ်ခြင်း၊ မျိုးပွားနိုင်စွမ်းရှိသော ပျားဘုရင်မကို
ရွေးချယ်ခြင်းနှင့် စီးပွားဖြစ်မွေးမြူနေသော ဥရောပပျားမျိုး Apis mellifera ကိုလည်း
စနစ်တကျမွေးမြူခြင်း။
(ခ) ပျားအုံတည်နေရာ။ ပန်းပွင့်အပင်များ၊
သစ်တော၊ ဥယျာဉ်နှင့် စိုက်ခင်းများအနီးတွင်ထားရှိခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့်
နေအပူချိန်မြင့်မားခြင်းမှ ကာကွယ်နိုင်သောနေရာဖြစ်ခြင်း၊ လူနေအိမ်၊ ကျောင်း၊ လမ်းမနှင့်
တိရစ္ဆာန်ခြံများမှ သင့်တော်သောအကွာအဝေးထားရှိခြင်း၊ ပျားအုံအဝင်အထွက်ပေါက်ကို လူသွားလမ်းများနှင့်
မျက်နှာမူ၍ ချထားမွေးမြူခြင်းမှရှောင်ကြဉ်ခြင်း။
(ဂ) ပျားစားကျက် (Bee
forage) စီမံခန့်ခွဲခြင်း။ ပျားမွေးမြူရေးအောင်မြင်မှုအတွက် တစ်နှစ်ပတ်လုံး
ပန်းပွင့်ရရှိနိုင်သည့် နေရာများကိုရွေးချယ်ခြင်း၊ ပျားမွေးမြူရေးနှင့် သီးနှံသစ်တော
ရောနှောစိုက်ပျိုးခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း (Bee-friendly Agroforestry
System) ၊ ပန်းပွင့်နေချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်းကို ရှောင်ကြဉ်ခြင်း၊ ဖျန်းရန်လိုအပ်ပါက
ညနေပိုင်း/ပျားများလှုပ်ရှားမှုနည်းချိန်တွင် စနစ်တကျအသုံးပြုခြင်း။
(ဃ) ပျားအုံစောင့်ရှောက်မှု
ပုံမှန်စစ်ဆေးခြင်း။ ပျားအုံကို အုံပြင်ပစစ်ဆေးခြင်းအား နေ့စဉ်ပြုလုပ်၍
အုံတွင်းစစ်ဆေးသည့်အခါ အုံတွင်း၌ ပျားဘုရင်မ ရှိ/မရှိ၊ ဥနှင့် ပျားသားလောင်း ပေါက်ပွားမှုအခြေအနေ၊
ပျားစာ(ဝတ်ရည်၊ ဝတ်မှုန်)လုံလောက်မှု ရှိ/မရှိ၊ ရောဂါကျရောက်မှု ရှိ/မရှိ၊ ပုံမှန်စစ်ဆေးပေးခြင်း၊
မိုးရာသီတွင် အစိုဓာတ်နှင့် ရောဂါများကို အထူးဂရုပြုခြင်း၊ ခြောက်သွေ့ရာသီတွင် ရေနှင့်
ပျားစားကျက် (ပန်းစားကျက်) လုံလောက်စေရန် စီမံဆောင်ရွက်ခြင်း၊ ပျားစာ(ပန်း)ရှားပါးချိန်တွင်
အစာအရံထားရှိခြင်း/လိုအပ်လျှင် ဖြည့်စွက်အစာကျွေးခြင်း။
(င) ပျားရည်စုဆောင်းခြင်း၊ ထုတ်ယူခြင်း။ ပျားအုံတစ်အုံလုံးမှ
ပျားရည်ကို အလွန်အကျွံ ထုတ်ယူခြင်းမှ ရှောင်ကြဉ်၍ ပျားများအတွက် လုံလောက်သောအစာများ
အရန်ချန်လှပ်ထားခြင်း၊ ပျားရည်ထုတ်ယူရာတွင် သန့်ရှင်းသောပစ္စည်းများ အသုံးပြုခြင်း၊
ပျားဖယောင်း (beeswax)၊ ပျားကော် (propolis)၊ ပျားဝတ်မှုန် (pollen)နှင့် ပျားနို့
(royal jelly) ကဲ့သို့သော ထုတ်ကုန်များကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်း။
သစ်တောများထိန်းသိမ်းခြင်းဖြင့်
ဝတ်မှုန်ကူးခြင်းကို မြှင့်တင်ကြပါစို့
သစ်တောများသည် သစ်နှင့် သစ်တောထွက်ပစ္စည်းများပံ့ပိုးပေးသည့်
သဘာဝအရင်းအမြစ် ဖြစ်ရုံသာမက ဝတ်မှုန်ကူးခြင်းကို ထိန်းသိမ်းပေးသည့် အရေးပါသောဂေဟစနစ်
အခြေခံအဆောက်အအုံ (ecological infrastructure) တစ်ခုလည်း ဖြစ်သည်။ သစ်တောများသည် ဝတ်မှုန်ကူးသတ္တဝါများအတွက်
အစာအာဟာရ၊ အနားယူရာနေရာ၊ အသိုက်ပြုရာနေရာနှင့် ရာသီအလိုက်ခိုလှုံရာနေရာများကို ပံ့ပိုးပေးသဖြင့်
ဝတ်မှုန်ကူးမှုဝန်ဆောင်မှုများ ရေရှည်တည်တံ့စေရန် အခြေခံကျပြီး အရေးကြီးသော အခန်းကဏ္ဍမှ
ပါဝင်လျက်ရှိပါသည်။ ပျားနှင့် အခြားဝတ်မှုန်ကူးသတ္တဝါများကို ထိန်းသိမ်းခြင်းသည် ပျားရည်ထုတ်လုပ်မှုကို
တိုးတက်စေရုံသာမက သီးနှံများ၏ ဝတ်မှုန်ကူးမှု၊ ထုတ်လုပ်မှုနှင့် အရည်အသွေးကိုလည်း အထောက်အကူပြုနိုင်ပါသည်။
သစ်တောဂေဟစနစ် စီမံအုပ်ချုပ်မှုကို စနစ်တကျဆောင်ရွက်ခြင်း၊ ရာသီသီးနှံစိုက်ခင်းများနှင့်
ကော်ဖီစိုက်ခင်းများအပါအဝင် တန်ဖိုးမြင့် သီးနှံဥယျာဉ်ခြံများအနီးတွင် ဒေသမျိုးရင်း
ပန်းပွင့်သောအပင်မျိုးစုံကို စိုက်ပျိုးခြင်း၊ သစ်တောနှင့် စိုက်ပျိုးရေး မြေများအကြား
ဂေဟစနစ်ဆက်သွယ်မှု ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ပျားမွေးမြူရေးနှင့် တွဲဖက်လျက်
သီးနှံသစ်တော ရောနှောစိုက်ပျိုးစနစ်များ စနစ်တကျစီမံဆောင်ရွက်ခြင်းဖြင့် သဘာဝဝတ်မှုန်ကူးခြင်းများ
ပိုမိုတိုးပွားလာပြီး စိုက်ပျိုးရေးသီးနှံ ထုတ်လုပ်မှုနှင့် အရည်အသွေးများလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်
ဖြစ်ပါသည်။
စိုက်ပျိုးရေးသီးနှံများ ထုတ်လုပ်မှု
တိုးတက်ရေး
ကိုးကား
IPBES. (2016).
The Assessment Report on Pollinators, Pollination and Food Production: Summary
for Policymakers. Bonn, Germany.
Klein, A.-M and Vaissière,
B. E., et. al., (2007). Importance of pollinators in changing
landscapes for world crops.
Garibaldi, L. A., et al.
(2013). Wild pollinators enhance fruit set of crops
regardless of honey bee abundance. Science, 339(6127), 1608–1611.






No comments:
Post a Comment