မောင်မန်းညို (မဟာဝိဇ္ဇာ)
ရိုးရာစိုက်ပျိုးရေးနည်းစနစ်များ၊ ရာသီဥတုကို အကြွင်းမဲ့အမှီပြုနေရသည့် စိုက်ပျိုးထုတ်လုပ်မှု ပုံစံများသည် ယနေ့ခေတ်၏ ပြင်းထန်လှသော လူဦးရေဖိအားနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို မခံနိုင်တော့သည်မှာ ထင်ရှားလှပါသည်။
ထို့ကြောင့် ယနေ့ခေတ်တွင် စက်မှုကိရိယာများကိုအသုံးပြုသည့် စက်မှုလယ်ယာစနစ်သပ်သပ်ထက် ပိုမိုလွန်ကဲသော အဆင့်မြင့်ဇီဝနည်းပညာနှင့် ဂေဟစနစ်သိပ္ပံပညာရပ်များအပေါ် အခြေခံထားသည့် “စိုက်ပျိုးရေးနည်းပညာ အခြေခံစက်မှု လယ်ယာစနစ်” ကို ဖော်ဆောင်ရန်လိုအပ်လာပြီဖြစ်ပါသည်။ ဤစနစ်သည် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာ သက်ရှိသတ္တဝါတို့၏ ဂေဟစနစ်မျှခြေကိုလည်းမပျက်စီးအောင် စောင့်ရှောက်နိုင်သည့် တစ်ခုတည်းသော ရေရှည်တည်တံ့ခိုင်မြဲမည့် လမ်းညွှန်ချက်ဖြစ်ပေသည်။
အပင်ဇီဝနည်းပညာ၏ အခန်းကဏ္ဍ
စိုက်ပျိုးရေးနည်းပညာအခြေခံ စက်မှုလယ်ယာစနစ်၏ အဓိကမောင်းနှင်အားတစ်ခုမှာ အပင်ဇီဝနည်းပညာဖြစ်ပါသည်။ အပင်ဇီဝနည်းပညာဆိုသည်မှာ သက်ရှိအပင်များ သို့မဟုတ် ၎င်းတို့၏ ဆဲလ်အစိတ်အပိုင်းများကို ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်၍ လူသားတို့အတွက် အကျိုးရှိမည့်ရလဒ်များ ထွက်ပေါ်လာစေရန် ပြုပြင်ဖန်တီးသော သိပ္ပံပညာရပ် ဖြစ်ပါသည်။ ဤပညာရပ်သည် စက်မှုလယ်ယာစနစ်အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် “စံပြမျိုးစေ့” များကို ထောက်ပံ့ပေးပါသည်။
မျိုးဗီဇပြုပြင်ခြင်းနည်းပညာဖြင့် ဖန်တီးထားသော သီးနှံများသည် ဖျက်ပိုးမွှားဒဏ်ခံနိုင်ခြင်း၊ မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှုဒဏ်ခံနိုင်ခြင်းစသည့် ထူးခြားသော အရည်အသွေးများရှိကြပါ သည်။ ဥပမာအားဖြင့် ဗီတာမင်အေချို့တဲ့မှုကို ကာကွယ်ပေးနိုင်သည့် ရွှေရောင်ဆန်ကဲ့သို့သော အာဟာရတန်ဖိုးမြှင့်သီးနှံများသည် လူသားတို့၏ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။ ထို့ပြင် တစ်သျှူးယဉ်ကျေးမှုနည်းပညာအားဖြင့် ရောဂါကင်းစင်ပြီး ဗီဇတူညီသော အပင်ပေါက် သန်းပေါင်းများစွာကို ဓာတ်ခွဲခန်းအတွင်း တစ်ပြိုင်နက်တည်း မွေးမြူထုတ်လုပ်နိုင်ခြင်းကြောင့် စက်မှုလယ်ယာစနစ်ဖြင့် ကွင်းကျယ်စိုက်ပျိုးရာတွင် တစ်ပြေးညီ အဆင်ပြေစေပါသည်။ ဤအချက်များသည် အပင်ဇီဝနည်းပညာ၏အရေးပါမှုကို သတိပြုမိစေမည်ဖြစ်ပါသည်။
သက်ရှိသတ္တဝါများအတွက် အကျိုးပြုမှုနှင့် ဂေဟစနစ်မျှခြေ
ခေတ်သစ်စိုက်ပျိုးရေးစနစ်သည် နည်းပညာကို အလွန်အကျွံအားကိုးခြင်းဖြင့် သဘာဝတရားကို လျစ်လျူရှု၍ မရနိုင်ပေ။ သဘာဝပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ၊ အင်းဆက်များနှင့် အဏုဇီဝပိုးမွှားများ၏ အပြန်အလှန်အကျိုးပြုမှုသည် သီးနှံထုတ်လုပ်မှု ဖြစ်စဉ်တစ်ခုလုံးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဥပမာအားဖြင့် ပျား၊ လိပ်ပြာနှင့် ငှက်ကဲ့သို့သော ဝတ်မှုန်ကူးပေးသည့် သတ္တဝါများသည် ကမ္ဘာ့သီးနှံများ၏ ၇၅ ရာခိုင်နှုန်းကျော်ကို မျိုးပွားနိုင်ရန် ကူညီပေးလျက်ရှိပါသည်။ ယင်းတို့မရှိပါက လူသားတို့ အဓိကမှီခိုနေရသော သီးနှံနှင့် သစ်တောများ ပြုန်းတီးသွားမည်ဖြစ်ပါသည်။
“သဘာဝတရား၏ နိယာမအရ သက်ရှိဟူသမျှသည် တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေကြပါသည်။ ဂေဟစနစ်၏ ကွင်းဆက်တစ်ခု ပြတ်တောက်သွားပါက ယင်း၏ အကျိုးဆက်သည် ကမ္ဘာ့စားနပ်ရိက္ခာ ကွင်းဆက်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်ပါသည်။”
ထို့အတူ မြေဆီလွှာအတွင်းရှိ တီကောင်များနှင့် အဏုဇီဝရုပ်ကမ္ဘာသည်လည်း သေဆုံးသွားသော အပင်နှင့် တိရစ္ဆာန်ရုပ်ကြွင်းများကို ဆွေးမြည့်စေပြီး မြေဆီလွှာအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်လာအောင် ပြောင်းလဲပေးသည့် သဘာဝသန့်ရှင်းရေးသမားများနှင့် မြေဆွေး၊ မြေဩဇာစက်ရုံများဖြစ်ကြပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးနည်းပညာ အခြေခံစက်မှုလယ်ယာစနစ်သည် ဤသက်ရှိသတ္တဝါများ ရှင်သန်ပေါက်ပွားနိုင်မည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးတာဝန်ရှိပေသည်။ ခေတ်သစ်စိုက်ပျိုးရေးစနစ် နည်းပညာကိုအလေးထားလျက် သဘာဝတရားကို လျစ်လျူမရှုသည့် နည်းပညာနှင့် သဘာဝတရား ညီညွတ်မျှတစေသည့် စနစ်ဖြစ်ပါသည်။
မြေဆီလွှာကျန်းမာရေးနှင့် မြေဩဇာဆိုင်ရာ စီမံခန့်ခွဲမှု
လယ်ယာစိုက်ပျိုးရေးတွင် မြေဆီလွှာသည် အသက်သွေးကြောဖြစ်ပါသည်။ စက်မှုလယ်ယာစနစ် ထွန်းကားလာသည်နှင့်အမျှ ကာလတိုအတွင်း အထွက်နှုန်းကောင်းမွန်စေရန် ဓာတုမြေဩဇာများ နှင့် စိုက်ပျိုးရေးဆေး (ပိုးသတ်ဆေး) များကို အလွန်အကျွံ သုံးစွဲခဲ့ကြပါသည်။ ယင်း၏ နောက်ဆက်တွဲရလဒ်အနေဖြင့် မြေဆီလွှာများ အက်စစ်ဓာတ်လွန်ကဲလာခြင်း၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုပိုးမွှားများသေဆုံးကာ မြေကျစ်၊ မြေသေများဖြစ်လာခြင်း စသည့် ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ရပါသည်။ ထို့ပြင် ဓာတ်သတ္တုထုတ်လုပ်ရေး၊ မွေးမြူရေးဇုန်၊ စက်ရုံ/အလုပ်ရုံ၊ ဆေးရုံတို့မှ စွန့်ပစ်သောရေဆိုးများ၊ စိုက်ပျိုးရေးလုပ်ငန်းမှ အကြောင်းအမျိုးမျိုးဖြင့် မြေ/ရေအတွင်း စိမ့်ဝင်လာသော ဓာတုဆေးကြွင်းများ၊ ဓာတုပစ္စည်းများသည် မြစ်ချောင်းများအတွင်းသို့စီးဝင်ကာ ရေထုညစ်ညမ်းမှုကိုဖြစ်စေပြီး ရေနေသတ္တဝါများကိုပါ ပျက်စီးစေပါသည်။
နည်းပညာအခြေခံ စက်မှုလယ်ယာစနစ်တွင်မူ ဇီဝမြေဩဇာနှင့် သဘာဝမြေဩဇာတို့ကို အဆင့်မြင့်နည်းပညာများဖြင့် အချိုးကျပေါင်းစပ်အသုံးပြုကြပါသည်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို ကာဗွန်-နိုက်ထရိုဂျင် အချိုးကို စနစ်တကျညှိနှိုင်း၍ အကျိုးပြုဗက်တီးရီးယားများဖြင့် နှပ်ထားသော သဘာဝမြေဩဇာများသည် မြေဆီလွှာ၏ဖွဲ့စည်းပုံကို ရေရှည်ကောင်းမွန်စေပါသည်။ မြေဆီလွှာကျန်းမာမှသာ အပင်များအမြစ်တွယ်အားကောင်းပြီး ရောဂါဒဏ်ကိုခံနိုင်ရည်ရှိမည် ဖြစ်ပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ဆက်စပ်မှု
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ သတ်မှတ်ချက်အရ စားနပ်ရိက္ခာဖူလုံမှု (Food Security) ဆိုသည်မှာ “လူတိုင်း၊ အချိန်တိုင်းတွင် ကျန်းမာတက်ကြွသော ဘဝကို ဖြတ်သန်းနိုင်ရန်အတွက် ဘေးကင်း၍ အာဟာရပြည့်ဝသော အစားအစာကို စီးပွားရေးအရရော ရုပ်ပိုင်းဆိုင်ရာအရပါ လက်လှမ်းမီရရှိနိုင်ခြင်း” ဖြစ်ပါသည်။ ဤရည်မှန်းချက် အောင်မြင်စေရေးအတွက် ကျွန်ုပ်တို့သည် ထုတ်လုပ်မှုစွမ်းအား မြင့်မားရန်လိုအပ်သကဲ့သို့ ယင်းထုတ်လုပ်မှုသည်လည်း ရေရှည်တည်တံ့မှုရှိရမည် ဖြစ်ပါသည်။
စိုက်ပျိုးရေးနည်းပညာအခြေခံ စက်မှုလယ်ယာစနစ်သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အောက်ပါအတိုင်း အဓိကပံ့ပိုးပေးပါသည် -
• အလေအလွင့် လျှော့ချခြင်း။ ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် ခေတ်မီစက်ကိရိယာ များကြောင့် သီးနှံများ လေလွင့်ဆုံးရှုံးမှုကို အနည်းဆုံးအဆင့်သို့ လျှော့ချပေးနိုင်ပါသည်။
• အချိန်နှင့် လုပ်အားကို ချွေတာခြင်း။ ထွန်ယက်စိုက်ပျိုးခြင်းမှသည် ရိတ်သိမ်းခြွေလှေ့ခြင်းအထိ စက်မှုလယ်ယာစနစ်ကို အသုံးပြုခြင်းကြောင့် လုပ်အားရှားပါးမှုကို ဖြေရှင်းနိုင်ပြီး တစ်နှစ်လျှင် သီးနှံနှစ်ကြိမ်၊ သုံးကြိမ်အထိ အချိန်မီ စိုက်ပျိုးနိုင်ပါသည်။
• အရည်အသွေးမြင့်မားခြင်း။ ဇီဝနည်းပညာဖြင့် ထုတ်လုပ်ထားသော သီးနှံများသည် သိုလှောင်မှုဒဏ်ခံနိုင်ရည်ရှိသဖြင့် ဝေးလံသောဒေသများသို့ ကမ္ဘာ့စားနပ်ရိက္ခာ ဖြန့်ဖြူးရေး ကွင်းဆက်အတိုင်း ဘေးကင်းစွာ ပို့ဆောင်နိုင်ပါသည်။
စနစ်များ၏ ဟန်ချက်ညီ ချိတ်ဆက်မှု သံသရာ
ယခု တင်ပြချက်များသည် သီးခြားစီတည်ရှိနေကြသည်မဟုတ်ဘဲ ဆက်စပ်နေသော ဂေဟစနစ် သံသရာစက်ဝန်းကြီးတစ်ခု ဖြစ်ပါသည်။ လူသားတို့က ပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအခါ ရာသီဥတုမျှတလာပါသည်။ ရာသီဥတုမျှတသောအခါ ဝတ်မှုန်ကူးပေးသည့် သတ္တဝါများနှင့် မြေဆီလွှာအောက်ရှိ အဏုဇီဝပိုးမွှားများ စိတ်ကြိုက်ရှင်သန်ပွားများခွင့်ရပါသည်။ သဘာဝမြေဩဇာစနစ်နှင့် ဇီဝနည်းပညာတို့ ပေါင်းစပ်လိုက်သောအခါ မြေဆီလွှာသည် သာမန်ထက်ပိုမိုအာဟာရဓာတ် ပြည့်ဝလာပြီး ကျန်းမာသန်စွမ်းသော အရည်အသွေးပြည့်ဝသည့် သီးနှံများကို ဖြစ်ထွန်းစေပါသည်။ ထိုမှတစ်ဆင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို ရရှိစေကာ လူသားမျိုးနွယ်တို့၏ ရေရှည်တည်တံ့သောဘဝကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်ပါသည်။
အကြံပြုချက်
အတိတ်ကာလ စက်မှုလယ်ယာစနစ်သည် သဘာဝတရားကို ကျော်လွန်လွှမ်းမိုးရန် ကြိုးပမ်းခဲ့ ကြသဖြင့် ရေရှည်တွင် ကမ္ဘာကြီးကို ပျက်စီးခြင်းဆီသို့ ဦးတည်စေခဲ့ပါသည်။ သို့သော် ယနေ့ခေတ်တွင် လူသားတို့လျှောက်လမ်းရမည့် လမ်းကြောင်းမှာ “သဘာဝတရားနှင့် နည်းပညာကိုပေါင်းစပ်ခြင်း (သို့မဟုတ်) စိုက်ပျိုးရေးနည်းပညာအခြေခံစက်မှု လယ်ယာစနစ်” သာဖြစ်သည်။ စိုက်ပျိုးရေးနည်းပညာအခြေခံ စက်မှုလယ်ယာစနစ်သည် ခေတ်မီစက်ကိရိယာများ၏ မြန်ဆန်ထိရောက်မှုကို အသုံးပြုသကဲ့သို့ အပင်ဇီဝနည်းပညာ၏ အဆင့်မြင့်မားမှုကိုလည်းလက်ခံကျင့်သုံးပြီး ဂေဟစနစ်နှင့်မြေဆီလွှာကို တန်ဖိုးထားထိန်းသိမ်းသည့် စနစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ရေးနှင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးစီးပွားကို မြှင့်တင်နိုင်ရေးအတွက် ရိုးရာစိုက်ပျိုးရေးစနစ်သည် အပင်ဇီဝနည်းပညာ အခြေခံစက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းကြရမည်ဖြစ်ပါသည်။ ထိုသို့ ကူးပြောင်းရာတွင်လည်း ပတ်ဝန်းကျင်နှင့် သက်ရှိသတ္တဝါတို့၏အကျိုးပြုမှုကို မမေ့မလျော့ဘဲ ဟန်ချက်ညီညီ ထိန်းသိမ်းမောင်းနှင်သွားကြရမည်ဖြစ်ပါကြောင်း လေးနက်စွာ တိုက်တွန်းဆန်းစစ် တင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment