ကေဇက်ဟိန်း (PPIB )
ယနေ့သည် နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဗီယက်နမ်နိုင်ငံခရီးစဉ် ဒုတိယနေ့ပဲဖြစ်ပါတယ်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံမှုအပြင် အခြားသောနိုင်ငံရဲ့ အရေးပါသူများနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ အရေးကြီးဆုံးနေ့ရက်တစ်ရက်လို့ ဆိုရမှာပါပဲ။ နှစ်နိုင်ငံခေါင်းဆောင်တွေချင်း တွေ့ဆုံရာမှာပြောတဲ့ ဆွေးနွေးချက်များဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေခံပြီး ကဏ္ဍစုံထိ တစ်စတစ်စကျယ်ပြန့်သွားတဲ့အပြင် ဒေသတွင်းကနေ ကမ္ဘာ့မျက်နှာစာထိ ကျယ်ပြန့်သွားတတ်တဲ့ သဘောကို စာရေးသူမကြာခဏတွေ့မြင်ခဲ့ရပါတယ်။
မည်သို့သော
သဘောတူညီမှုများ ရရှိသွားမလဲ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများရဲ့
အရှိန်အဟုန်ဘယ်လောက်ထိ တိုးမြှင့်သွားနိုင်မလဲ၊ ဘယ်လိုကဏ္ဍသစ်တွေ
ဖော်ဆောင်သွားနိုင်ဦးမလဲ၊ ဒါတွေကတစ်ဆင့် နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်
ပူးပေါင်းနိုင်မှုအောင်ပွဲကို ဘယ်လိုတက်လှမ်းသွားနိုင်မလဲ
စတဲ့မေးခွန်းပေါင်းများစွာဟာ စာရေးသူရဲ့စိတ်ထဲ ပဲ့တင်ထပ်လို့နေပါတယ်။ စာရေးသူလည်း
နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါတဲ့
အထူးယာဉ်တန်းနဲ့ လိုက်ပါရင်း ခရီးစဉ်ဒုတိယရက် ကို စတင်ခဲ့ရပါတော့တယ်။
ဟနွိုင်းမြို့ရှိ
အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်ဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့၌ လွမ်းသူ့ပန်းခွေချအလေးပြု
နိုင်ငံတော်အကြီးအကဲနှင့်ဇနီး
ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးယာဉ်တန်းဟာ
ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်ဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့ဆီသို့
စတင်ခရီးဆက်ခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲဟာ
ပြည်ပခရီးစဉ်တွေတိုင်းမှာ နိုင်ငံတွေရဲ့ သမိုင်းကြောင်း၊ နိုင်ငံအတွက်
အသက်စွန့်ကြိုးပမ်းခဲ့သူတွေအတွက် အလေးအမြတ်ထားရာ သူရဲကောင်းဗိမာန်တွေကို သွားရောက်ဂုဏ်ပြုမြဲ၊
အလေးအမြတ်ပြုမြဲဖြစ်ပါတယ်။ သူရဲကောင်းဗိမာန်တွေဟာ နိုင်ငံတော်တွေရဲ့ သမိုင်းကို
လေးမြတ်စွာ ကမ္ပည်းရေးထိုးနိုင်သူတွေ၊ နိုင်ငံနှင့် လူမျိုးအတွက်
အသက်စွန့်ဝံ့သူတွေကို အသိအမှတ်ပြုထားတဲ့အထိမ်းအမှတ်နေရာတွေပဲ ဖြစ်ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တိုင်းက အပြန်အလှန်သွားရောက်တိုင်းအလေးအမြတ်ပြုမြဲပါ။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး
ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ သူရဲကောင်းဗိမာန်မှာ
ကျဆုံးလေပြီးသော အမျိုးသားသူရဲကောင်းများ ဂူဗိမာန်နဲ့ ဟိုချီမင်းဂူဗိမာန်တို့မှာ
ဂုဏ်ပြုတပ်ဖွဲ့၏ ဂါရဝပြုတီးမှုတ်မှုများနဲ့အတူ လွမ်းသူ့ပန်းခွေချခြင်းများကို
ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံသမိုင်းကိုလေးစားမှု၊
ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ သမိုင်းနေ့ရက်များကို ထပ်တူလေးစားဂုဏ်ယူနေမှု
စတဲ့စိတ်နှလုံးသားတွေရဲ့ ပြယုဂ်တစ်ခုပါပဲ။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ
မစ္စတာ တိုလန်းနှင့်ဇနီးတို့က ဂုဏ်ပြုကြိုဆို
ကြည်လင်သာယာသော
ကောင်းကင်ပြင်ကြီးက ဟနွိုင်းမြို့ပြတစ်ခုလုံးကို လွှမ်းခြုံထားသည့်နှယ်။
ကြည်လင်တဲ့ ရာသီသဘာဝ၊ ဟနွိုင်းမြို့ပြရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တို့ဟာ
လိုက်ဖက်ညီ နေပါတယ်။ မြို့ပြပုံရိပ်အစုံစုံတို့က စာရေးသူတို့ကို
လက်ပြနှုတ်ဆက်နေသလိုပင်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီးဦးဆောင်တဲ့ အဆင့်မြင့်မြန်မာ
ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာတဲ့ အထူးယာဉ်တန်းဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ
မစ္စတာတိုလန်းနှင့်ဇနီးတို့ ကြိုဆိုမည့်နေရာသို့ ရောက်ရှိခါနီးပါပြီ။ မကြာမီဆိုသလိုပဲ
အထူးယာဉ်တန်းဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော်
(National Assembly
Building) ရှေ့ရင်ပြင်ကို ရောက်ရှိခဲ့ပါတယ်။
ကြိုဆိုပွဲအခမ်းအနားအတွက်
ပြင်ဆင်ထားပုံက ခမ်းနားလှပါတယ်။ ရင်ပြင်ရဲ့ နေရာအချို့မှာလည်း
နှစ်နိုင်ငံအလံတွေကို လွှင့်ထူထားပါသေးတယ်။ နှစ်နိုင်ငံအလံများကို LED Board ဖြင့်
ပြသထားရှိမှုဟာလည်း နှစ်နိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှု ခိုင်မာနေခြင်းကို
ပြသထားသလို ခံစားမိပါတယ်။ ရှေ့ရင်ပြင်ပေါ်မှာလည်း ကော်ဇောနီလျှောက်လမ်းများနဲ့အတူ
ဂုဏ်ပြုတပ်ဖွဲ့များကလည်း အသင့်စောင့်ဆိုင်းလို့ နေပါတော့တယ်။ အထူးယာဉ်တန်းဟာ
အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်ကိုရောက်ရှိတာနဲ့ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နဲ့ဇနီးတို့ကို
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့က
ရင်းရင်းနှီးနှီးနဲ့ ကြိုဆိုနှုတ်ဆက်ကြပါတယ်။ နှစ်နိုင်ငံ အကြီးအကဲချင်းသာမက အကြီး
အကဲနှစ်ဦးရဲ့ ဇနီးနှစ်ဦးပါ တွေ့ဆုံခွင့်ရခြင်းဟာ သံတမန်ဆက်ဆံရေးဆိုတဲ့အဆင့်ထက်
ကျော်လွန်တဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကို ပြသပုံဖော်ပေးထားသလိုလည်း
စာရေးသူခံစားမိပါတယ်။
အဲ့ဒီနောက်မှာတော့
နိုင်ငံတော်သမ္မတ နှစ်ဦးဟာ အလေးပြုခံစင်မြင့်ထက်မှာ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏
အလေးပြုခြင်းကိုခံယူခဲ့ပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများနဲ့
ဂုဏ်ပြုအလေးပြုပြီးနောက်မှာတော့ နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ ဂုဏ်ပြုတပ်ဖွဲ့များကို
ကော်ဇောနီလျှောက်လမ်းများအတိုင်း လမ်းလျှောက်စစ်ဆေးခဲ့တာကိုလည်း
တွေ့မြင်ခဲ့ရပါတယ်။ အခမ်းအနားပြီးမြောက်ချိန်မှာတော့
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုကို စတင်ပါတော့တယ်။
နှစ်နိုင်ငံသမ္မတနှစ်ဦးရဲ့
တွေ့ဆုံဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာများကို လေ့လာကြည့်ကြပါမယ်။ ဒါတွေကတော့ မြန်မာနိုင်ငံရဲ့
နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာများ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာများ၊ စက်မှုကဏ္ဍနှင့်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများ၊ ပညာရေး၊ ကျန်းမာရေးနှင့်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နည်းပညာနှင့်
ဆန်းသစ်တီထွင်မှုဆိုင်ရာများ၊ လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍများ၊
ယဉ်ကျေးမှုနှင့်ပြည်သူ အချင်းချင်းထိတွေ့ဆက်ဆံမှုဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းနှင့်
လေကြောင်းဆက်သွယ်မှုဆိုင်ရာများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးဆိုင်ရာများ၊
ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊
ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို
တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ စတဲ့အချက်တွေကို အကျယ်တဝင့်နဲ့
ရင်းနှီးနွေးထွေးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံအကြီးအကဲအနေနဲ့
ဗီယက်နမ်နိုင်ငံ ခရီးစဉ်များကို ပြန်ကြည့်ရင် (၃) ကြိမ်တိုင်တိုင်
ရောက်ခဲ့ဖူးပါတယ်။ သမ္မတတာဝန်ယူပြီးအချိန်ဆိုရင်တော့ ဒီခရီးစဉ်ဟာ ပထမဆုံးအကြိမ်ပဲ
ဖြစ်ပါတယ်။ နှစ်နိုင်ငံသမ္မတနှစ်ဦး ဆွေးနွေးနေချိန်မှာ စာရေးသူမြင်မိတာလေးတွေရှိပါတယ်။
နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာကျင်းပခဲ့တဲ့
မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ
တွေ့ဆုံခဲ့ဖူးပြီး ဒီတစ်ကြိမ်ပြန်ဆုံတွေ့ရတဲ့အပေါ် နှစ်ဖက်စလုံးက တခုတ်တရပြောဆိုကြပါတယ်။
သာမန်ဆက်ဆံရေး မဟုတ်ဘဲ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည်တွေ့ဆုံတဲ့အခါမျိုးမှာ
မြင်ရတတ်တဲ့ မြင်ကွင်းမျိုးပါ။
ဒါ့အပြင်
နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံတော်မှာကျင်းပနိုင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့အတူ
အစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာမှု၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံရေးတိုးမြှင့်တည်ဆောက်နိုင်မှု၊
နှစ်နိုင်ငံရဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းပုံရိပ်များတူညီမှုနဲ့အတူ
ရင်းနှီးကျွမ်းဝင်မှုပိုမိုရှိတယ်ဆိုတဲ့ အကြောင်းကို ဗီယက်နမ်သမ္မတကြီးက အလေးအနက်ထားပြောခဲ့တာကို
တွေ့ရပါတယ်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်အနေနဲ့လည်း ဗီယက်နမ်နိုင်ငံ ပြည်သူများရဲ့ လွတ်လပ်ရေးနှင့်
အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းခဲ့မှု၊
နိုင်ငံတော်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ်
အထူးလေးစားကြောင်းကို တခုတ်တရပြန်လည်ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ
စစ်ပွဲနဲ့အရေးယူပိတ်ဆို့ကန့်သတ်မှုတွေကြားက ရုန်းထပြီး ယခုလိုအလျင်အမြန်
ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း နိုင်ငံတော်အကြီးအကဲက အလေးအနက်ထားပြီး
ချီးကျူးခဲ့ပါသေးတယ်။ ဒီလေးစားဂုဏ်ယူမှုဟာ လက်ရှိဗီယက်နမ် သမ္မတလက်ထက်တစ်ခုတည်းတင်မဟုတ်ဘဲ
ခေတ်အဆက်ဆက်ခေါင်းဆောင်များရဲ့ စွမ်းရည်ကို လေးစားဂုဏ်ယူကြောင်း
ပြသခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင်
မိမိတို့နိုင်ငံရဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ပြည်သူအချင်းချင်းထိ ဆက်ဆံရေးတွေ
တိုးမြှင့်သွားဖို့၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကတစ်ဆင့် နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍ၊
ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့
အလေးထားဆွေးနွေးကာ ရလဒ်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါသေးတယ်။
“မြန်မာ - ထိုင်း - လာအို - ဗီယက်နမ်အရှေ့ - အနောက် စီးပွားရေးစင်္ကြံ ပိုမိုအားကောင်းလာစေရေး၊
လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် သုံးနိုင်ငံအကြား
လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ မြန်မာ-လာအို-ဗီယက်နမ်၊
မြန်မာ - ထိုင်း - လာအို - ဗီယက်နမ် စသည့်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပြီး
မြန်မာနိုင်ငံနှင့် ချိတ်ဆက်နိုင်မည်ဆိုပါက ဒေသတွင်းကုန်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
အကျိုးများစွာဖြစ်ထွန်းနိုင်မည်”
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်ရဲ့ ဆွေးနွေးမှုများထဲက စီးပွားရေးစင်္ကြံလမ်းကြောင်းကိစ္စကို
ထုတ်နုတ်တင်ပြတာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အာဆီယံဒေသတွင်းရဲ့ စီးပွားရေးလမ်းကြောင်းအပေါ်
မြန်မာရဲ့ အချက်အချာကျမှုနဲ့ များစွာသက်ဆိုင်နေပါတယ်။ မိမိတို့နိုင်ငံဟာ မြန်မာ -
အိန္ဒိယ - ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
ဒီလမ်းနဲ့ ချိတ်ဆက်ပြီး ဗီယက်နမ်ဟာ လာအိုနဲ့ မြန်မာကတစ်ဆင့် အိန္ဒိယကိုထွက်ပေါက်
တစ်ခုရနိုင်သလို တောင်အာရှနဲ့ အနောက်ဘက်ဈေးကွက်လမ်းကြောင်း ရရှိနိုင်မှာပါ။ မြန်မာဟာ
ဗီယက်နမ်အတွက် Land
Bridge တစ်ခုဖြစ်သလို မြန်မာအတွက်လည်း လာအို - ဗီယက်နမ်ကတစ်ဆင့်
အရှေ့အာရှဈေးကွက်ကို ချိတ်ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ Land Bridge အပေါ် အခြေခံထားတဲ့ စီးပွားရေးစင်္ကြံကို တွေ့ရမှာပါ။
တစ်ယောက်တည်းအားထက်
ပူးပေါင်းမှုစွမ်းအားက ပိုပြီးကောင်းပါတယ်။ စီးပွားရေးစင်္ကြံ လမ်းကြောင်းတွေကို နိုင်ငံတော်အကြီးအကဲက
ပြည်ပခရီးစဉ်တိုင်းမှာ ဆွေးနွေးဖြစ်တာကို တွေ့မြင်ရမှာပါ။ တစ်နေရာတည်းကနေ
လမ်းကြောင်းတစ်ခုတည်းနဲ့ ပုံသေတွက်ချက်သွားလာနေမယ်ဆိုရင် အမှတ်မထင်တဲ့ အခင်းအကျင်းပြောင်းလဲမှုတွေက
ကြီးမားတဲ့အဟန့်အတားအကျပ်အတည်းကို ဖြစ်ပေါ်စေပါတယ်။ ယနေ့ကမ္ဘာ့ဖြစ်စဉ်များက
သက်သေပါပဲ။ ဒါကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမှာ စုပေါင်းအားနဲ့ ကဏ္ဍသစ်၊ မျက်နှာစာသစ်နဲ့
အခင်းအကျင်းအသစ်တွေကို ဖော်ဆောင်ထားနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်တာကို
နိုင်ငံတော်အကြီးအကဲက အာဆီယံကို ရည်ညွှန်းပြောဆိုနေခြင်းသာဖြစ်ကြောင်း စာရေးသူခံစားမိပါတယ်။
“ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘက်စုံခိုင်မာပြီး
လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ရပ်ကို တက်လှမ်းနိုင်ရန် အသင့်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား
နိုင်ငံရေးအရ ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်နိုင်ရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်
နည်းပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့်
ခရီးသွားလာရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများဖြင့်
ထောက်ခံရပ်တည်သွားနိုင်ရေး စသည့်နယ်ပယ်ပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို
မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း”။
ဒါကတော့
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတက ပြန်လည်ပြောကြားချက်ပါပဲ။ ခရီးစဉ်ရဲ့
ရလဒ်ဟာ ဒါပါပဲ။ မိမိတို့ နိုင်ငံအကြီးအကဲရဲ့ ခြေလှမ်းများနောက်ကို
တစ်ချက်လေ့လာကြည့်ကြပါမယ်။ သွားခဲ့တဲ့ခရီးစဉ်တွေ နောက်ပိုင်းမှာ
နိုင်ငံတော်ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးအဆင့်တွေဟာ အကြီးအကဲ
ဖော်ဆာင်ခဲ့တဲ့ ကဏ္ဍစုံအတွက် နိုင်ငံအသီးသီးကို သွားရောက်နေတာကို ယနေ့သတင်းစာမျက်နှာတွေမှာ
တွေ့ကြမှာပါ။ ဒါတွေဟာ နိုင်ငံတော်အတွက်၊ နိုင်ငံသူ နိုင်ငံသားတွေအတွက်ပါပဲလို့
မီးမောင်းထိုး ပြလိုပါတယ်ဗျာ။ နိုင်ငံတော်အကြီးအကဲကတော့ ခရီးဆက်ဦးမှာမို့
ဆက်လေ့လာကြည့်ရအောင်ပါ။
ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မစ္စတာချိန်ထန်မန်းနှင့်တွေ့ဆုံ
နိုင်ငံတော်အကြီးအကဲဟာ
ပြည်ပခရီးစဉ်တိုင်းမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့
လွှတ်တော်ကဏ္ဍကိုလည်း အလေးအနက်ထားဆောင်ရွက်စမြဲဖြစ်ပါတယ်။ တွေ့ဆုံပွဲကိုတော့
ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲရဲ့
ရလဒ်ကိုကြည့်မယ်ဆိုရင် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊
အပြန်အလှန်နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊
နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ တပ်မတော်အချင်းချင်း၊ ပါတီအချင်းချင်းမှစ၍ ပြည်သူအချင်းချင်းဆက်ဆံရေးအထိ
ပူးပေါင်းဆောင်ရွက်ဖို့ အဓိကထားဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင်
ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊
လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်များကို လေးစားတန်ဖိုးထားပြီး မြန်မာအနေဖြင့် ဗီယက်နမ်နိုင်ငံအပေါ်
ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ်မှတ်ယူနိုင်သည်ဆိုတဲ့အဆင့်အထိ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ချပြဆွေးနွေးခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
လွှတ်တော်နှစ်ရပ်ချင်း
ပူးပေါင်းမှုမှသည် နှစ်နိုင်ငံဥပဒေပြုရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊
ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများထိ တိုးမြှင့်နိုင်မှုများအပေါ် အလေးအနက်ထား
ဆွေးနွေးခဲ့တာကို တွေ့မြင်ကြားသိခဲ့ရပါတယ်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ
နိုင်ငံဝန်ကြီးချုပ် မစ္စတာလေမင်ဟုန်နှင့်တွေ့ဆုံ
ဒီတွေ့ဆုံမှုကိုတော့
ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဟနွိုင်းမြို့အစိုးရအဖွဲ့ရုံး (Grand Hall) မှာ တွေ့ဆုံဆွေးနွေးမှာပဲ
ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊
နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်နိုင်မယ့်အခြေအနေများ၊ အစိုးရလွှတ်တော် ပြည်သူများအချင်းချင်း
ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်မှုများ၊ ကာကွယ်ရေးနှင့်
လုံခြုံရေးကဏ္ဍ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊
စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍ၊
ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကဏ္ဍ၊ ဆက်သွယ်ရေး
နည်းပညာဆိုင်ရာကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏
နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီး ဟန်ချက်ညီတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားမည့် အခြေအနေများ၊
ဗီယက်နမ်နိုင်ငံအပါအဝင် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးကဏ္ဍအသီးသီးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်တွေကို
ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့တာကို တွေ့မြင်ရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာ (Silk
Village) သို့ သွားရောက်လေ့လာ
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ပထမခရီးစဉ်ဟာ လာအိုနိုင်ငံပဲ ဖြစ်ပါတယ်။ လာအိုနိုင်ငံ ခရီးစဉ် လိုက်ပါစဉ်ကလည်း လာအိုပိုးထည်တိုက်ကို
သွားရောက်လေ့လာခဲ့ပါသေးတယ်။ ယခုခရီးစဉ်မှာလည်း ဗီယက်နမ်နိုင်ငံရဲ့ Van Phuc ပိုးထည်ရွာ (Silk
Village) ကို သွားရောက်လေ့လာခဲ့ပြန်ပါတယ်။ ယနေ့အချိန်ထိတော့
ပိုးထည်တိုက်၊ ပိုးထည်ပစ္စည်း လုပ်ငန်းများနှင့်စပ်လျဉ်းပြီး မည်သို့အကောင်အထည်ဖော်မည်ကိုတော့
တွေးဆလို့ မရနိုင်သေးပါဘူး။
ခရီးစဉ်တစ်ခုမှာ
နှစ်နိုင်ငံခေါင်းဆောင်ချင်းသာမက ပါရမီဖြည့်ဖက်ဇနီးများပါ ခင်မင်ရင်းနှီးခွင့်ပေးခြင်းဟာ
ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနွေးထွေးသလို ခံစားမိပါတယ်။ ယခုပုံရိပ်ဟာ
အာဆီယံဒေသတွင်းကို ပြသခဲ့တဲ့ ဒုတိယမြောက် ပြကွက်တစ်ခုပမာ မြင်တွေ့ရပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရဲ့ Van Phuc ပိုးထည်ရွာ (Silk Village) အကြောင်းကို လေ့လာကြည့်ရအောင်ပါ။
Van Phuc ပိုးထည်ရွာ (Silk Village)ဟာ ဗီယက်နမ်နိုင်ငံရဲ့ အထင်ရှားဆုံးရိုးရာပိုးထည်
ရက်လုပ်တဲ့ ကျေးရွာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ ရှိတဲ့
ရိုးရာအမွေအနှစ်တစ်ခုအဖြစ် လေ့လာတွေ့ရှိခဲ့ရပါတယ်။ ပိုးမွေးမြူခြင်း၊
ပိုးချည်မျှင် ထုတ်လုပ်ခြင်း၊ ချည်မျှင်ပြင်ဆင်ခြင်း၊ ရိုးရာရက်ကန်းစင်များဖြင့်
ရက်လုပ်ခြင်း၊ အရောင်ဆိုးခြင်းနှင့် နောက်ဆုံးပိုးထည်များ ပြုလုပ်ခြင်းတွေကို
မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ ထူးခြားမှုတစ်ခုကတော့ ရိုးရာလက်မှုပညာရှင်များရဲ့
မျိုးဆက်အလိုက် ရက်ကန်းပညာလက်ဆင့်ကမ်း ထိန်းသိမ်းလာမှု၊ ခရီးသွားလုပ်ငန်းနှင့်
ချိတ်ဆက်ဖွံ့ဖြိုးလာမှုတွေဟာ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။
ဒီနေရာမှာ
စာရေးသူက တစ်ခုမျှဝေလိုပါတယ်။ ဥပမာ ပိုးထည်ဆိုပါစို့။ ရက်လုပ်ပြီး ထွက်ပေါ်လာတဲ့
လှပတဲ့ ပိုးထည်တစ်ခုဟာ ဒြပ်ရှိယဉ်ကျေးမှုတစ်ခုပါ၊ ရက်လုပ်တဲ့ ပညာရပ်ဟာ
ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုပါ။ နားလည်စေချင်တာက ယဉ်ကျေးမှုတစ်ခုမှာ ဒြပ်ရှိ
ဒြပ်မဲ့ယဉ်ကျေးမှုနှစ်ရပ်ရှိတယ်ဆိုတာပါပဲ။ ထပ်ပြီး အဓိကကျတာကတော့ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တဲ့
ပညာရပ်နဲ့ ပညာရပ်ကိုတတ်ကျွမ်းတဲ့ လူသားအရင်းအမြစ်ပါ။ ဒီလူသားအရင်းအမြစ်တွေ
ဆုံးရှုံးရင် ပညာရပ်တွေ တိမ်ကောပြီး ဒြပ်ရှိယဉ်ကျေးမှုတွေပါ
အလိုလိုပျောက်ဆုံးသွားတတ်တာ သဘာဝပါ။ မိမိတို့နိုင်ငံမှာလည်း ဒြပ်ရှိဒြပ်မဲ့နဲ့
သက်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှုတွေ တိုင်းရင်းသားများအလိုက် ရှိကြပါတယ်။ မိမိတို့ တိုင်းရင်းသားများအလိုက်
ဒြပ်ရှိဒြပ်မဲ့ရိုးရာယဉ်ကျေးမှုတွေ ဘယ်လိုအဆင့် ရောက်နေပြီလဲ၊
တိမ်ကောသွားနိုင်ခြေတွေရှိနေပြီ လားဆိုတာတွေကို စာရေးသူက အလျဉ်းသင့်လို့
ဆောင်းပါးလေးကတစ်ဆင့် မေးလိုက်ပါဦးမယ်။
နိုင်ငံတော်အကြီးအကဲတို့ရဲ့
ဇနီးနှစ်ဦးဟာ ရင်းနှီးနွေးထွေးသော ဆက်ဆံမှုများနဲ့အတူ လေ့လာရေးခရီးစဉ်လေးကို ပုံဖော်ညွှန်းဆိုပြသနိုင်ခဲ့တယ်လို့ပဲ
ဆိုလိုက်ပါရစေခင်ဗျာ။
ဟနွိုင်းမြို့ပုံရိပ်အချို့၊
ဗီယက်နမ်တို့၏စိတ်ဓာတ်နှင့် ထုတ်ကုန်များအကြောင်း တစေ့တစောင်း
အချိန်အနည်းငယ်ရခိုက်
စာရေးသူ ဟနွိုင်းမြို့ကို လေ့လာကြည့်ဖြစ်ခဲ့ပါသေးတယ်။ တကယ်တော့
ဟနွိုင်းမြို့ဆိုပေမယ့် ရန်ကုန်မြို့ကို ရောက်နေသလို ခံစားမိပါတယ်။
ရန်ကုန်မြို့နဲ့ ကွာခြားတာကတော့ ရန်ကုန်လို အထပ်မြင့်တွေ သိပ်မများတာပါပဲ။
ဟနွိုင်းမှာလည်း ရန်ကုန်မြို့လို ကန်တော်ကြီးပုံစံမျိုးတစ်ခုရှိပါတယ်။
လှပသပ်ရပ်တဲ့ Green Zone တစ်ခုပါ။ ဟနွိုင်းမြို့က အရွယ်မျိုးစုံဟာ ဒီကန်ကြီးနားမှာ
လမ်းလျှောက်ခြင်း၊ စကားစမြည်ပြောခြင်းတွေနဲ့ စိတ်အပန်းဖြေကြတာကိုလည်း စာရေးသူ
တွေ့မြင်ခဲ့ရပါတယ်။
တစ်နေ့တာ
အလုပ်လုပ်လို့ ပင်ပန်းနွမ်းနယ်မှုတွေကို ဒီကန်ကြီးရဲ့ ပတ်လမ်းတွေမှာ စည်းကမ်းရှိစွာ
အပန်းဖြေနေကြတဲ့ သဘောပါပဲ။ လူစည်ကား တဲ့နေရာတွေမှာ လူငယ်တွေစုပြီး သွားလာလှုပ်ရှားတဲ့
ပုံရိပ်ကလည်း စည်းကမ်းတကျရှိခြင်းဆိုတဲ့ လူနေမှုပုံစံကို ပြသလျက်ရှိပါတယ်။ ယနေ့စာရေးသူတို့နိုင်ငံက
လူငယ်တွေအတွက် အတုယူစရာ တစ်မျိုးဖြစ်ပါတယ်။
ဗီယက်နမ်လူမျိုးတွေဟာ
မိမိနိုင်ငံနဲ့ မိမိလူမျိုးကို ချစ်မြတ်နိုးစိတ်အပြည့်အဝရှိကြပါတယ်။
တိုင်းတစ်ပါးကို အထင်ကြီးလေးစားမှု အလျဉ်းမရှိဘဲ မိမိခွန် မိမိအား၊ မိမိလူမျိုးအားနဲ့သာ
မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ် အပြည့်အဝရှိတာကိုလည်း
စာရေးသူလေ့လာတွေ့ရှိရပါတယ်။ ယနေ့ဗီယက်နမ်နိုင်ငံဟာ ကဏ္ဍစုံမှာ အရှိန်အဟုန်နဲ့
အလျင်အမြန်တိုးတက်ပြောင်းလဲလာတာဟာ ဗီယက်နမ်လူမျိုးတို့ရဲ့ စည်းလုံးတဲ့အား၊
မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေစုစည်းပြီး ရုန်းထကြိုးစားခဲ့လို့
ပိုင်ဆိုင်ခဲ့တဲ့ ရလဒ်ကောင်းများပဲ ဖြစ်ပါတယ်။ မိမိတို့ နိုင်ငံသားတွေအနေနဲ့လည်း
ဒီလိုစံနမူနာကောင်းတွေကို အတူယူပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် စည်းလုံးညီညွတ်တဲ့အားနဲ့ကြိုးစားအားထုတ်ချိန်တန်ပါပြီ။
နောက်တစ်ခုမျှဝေပေးလိုပါသေးတယ်။ ဒါကတော့ ဗီယက်နမ်နိုင်ငံရဲ့
အထည်အလိပ်တွေအကြောင်းပါပဲ။
ဗီယက်နမ်နိုင်ငံရဲ့
အထည်အလိပ်တွေဟာ စျေးနှုန်းချိုသာပြီး အရည်အသွေးလည်း ကောင်းမွန်တာကို
စာရေးသူလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကလည်း သူတို့နိုင်ငံရဲ့ MSME လုပ်ငန်းတွေရဲ့
တိုးတက်မှုအရှိန်အဟုန်တစ်ခုပဲဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ
ကမ္ဘာပေါ်မှာ အဝတ်အထည်ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတစ်ခုအဖြစ်
စာရင်းဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့အရည်အသွေးကြောင့်
ကမ္ဘာမှာ နာမည်ကြီးအမှတ်တံဆိပ်များနဲ့ နာမည်ကြီးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဓိက
သော့ချက်ကို လေ့လာကြည့်ရာမှာတော့ ကျွမ်းကျင်လုပ်သား အရင်းအမြစ်ကောင်းတွေရှိပြီး
လုပ်ငန်းစွမ်းဆောင်ရည်နှင့် အထည်ချုပ်ကျွမ်းကျင်မှုမြင့်မားကြတယ်။
အခြေခံကုန်ကျမှုစရိတ်သက်သာတဲ့အတွက် စက်ရုံတွေလည်ပတ်မှုနဲ့
ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထိန်းသိမ်းထားနိုင်တယ်။
ထုတ်လုပ်လိုက်တဲ့
ကုန်ပစ္စည်းတွေအတွက်လည်း ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး
ကွန်ရက်ကောင်းတွေကို စွမ်းဆောင်နိုင်ကြတာကိုလည်း တွေ့ရတယ်။ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ
အချို့ကတစ်ဆင့် လိုအပ်တဲ့ ကုန်ကြမ်းတွေကို တင်သွင်းနိုင်နေတာကိုလည်း တွေ့ရပြန်ပါတယ်။
အတိုချုံးကြည့်ရင်တော့ အထည်အလိပ်တွေအတွက် ကုန်ကြမ်းရရှိမှုကောင်းခြင်း၊
ကျွမ်းကျင်လုပ်သားအရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ခြင်း၊ ပြည်တွင်းကတစ်ဆင့်
ပြည်ပဈေးကွက်ထိ ကွန်ရက်ရှာဖွေနိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ချိုသာခြင်းဆိုတဲ့
အဓိကအချက်တွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့အတွက်
ပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်။ ခရီးစဉ်အကြောင်းလေး ခဏဆက်လိုက်ရအောင်ပါ။
ခရီးစဉ်
ဒုတိယရက်ရဲ့ညမှာတော့ နိုင်ငံတော်အကြီးအကဲနှင့် ဇနီးဦးဆောင်တဲ့
အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ
တိုလန်းနှင့် ဇနီးတို့က ဂုဏ်ပြုညစာနဲ့တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဒီဂုဏ်ပြုညစာစားပွဲကိုတော့
ဗီယက်နမ်နိုင်ငံ သမ္မတရုံး၊ တုံကင်းနန်းတော်မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ တုံကင်းနန်းတော်ဆိုတာ
သမိုင်းဝင်အထိမ်းအမှတ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီကာလအတွင်းက
မြို့တော်ဝန်နေအိမ်အဖြစ် အသုံးပြုခဲ့တဲ့ သမိုင်းဝင်အထင်ကရ ဗိသုကာလက်ရာတစ်ခုပဲဖြစ်ပါတယ်။
နန်းတော်အတွင်း ရောက်ရှိခဲ့တဲ့အချိန်မှာတော့ ဗီယက်နမ်တို့ရဲ့ မြေယာရှုခင်း (landscape) ပိုင်းမှာ
ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ စနစ်တကျနဲ့
သာယာလှပမှုရှိအောင်ဖန်တီးထားနိုင်မှုကိုလည်း လေးစားအသိအမှတ်ပြုခဲ့ရပါတယ်။
ဒီနေ့မှာ
ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအခမ်းအနားတွေမှာ ခရီးစဉ်ရဲ့အောင်မြင်မှု ရလဒ်ကောင်းများကို
ကိုယ်စီအပြုံးတွေကတစ်ဆင့် မှန်တစ်ချပ်ပမာ တွေ့မြင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။
ဤရလဒ်များနှင့်အတူ
ပိုင်ဆိုင်ခဲ့တဲ့ နေ့ရက်တစ်ရက်ဟာလည်း တွဲလက်ညီညီအောင်ပွဲဆီသို့
တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ- ဗီယက်နမ်ခရီးစဉ်အဖြစ် ကမ္ပည်းတင်ရေးထိုးနိုင်ခဲ့ကြောင်း
စာပန်းချီခြယ်မှုန်းရကြောင်းပါဗျာ။ ။


No comments:
Post a Comment