မောင်ဖိုးသား
မိုးကတစ်ချက်နှစ်ချက် ခပ်သည်းသည်းလေးရွာပြီး ရပ်သွားတော့ ပူစပ်ပူလောင်နဲ့ကျန်ခဲ့တယ်။ ၅ လွှာတိုက်ခန်းရဲ့ဝရန်တာမှာ လေညင်းခံဖို့ရပ်နေရင်း အိမ်ရှေ့လမ်းမပေါ်က ဖြတ်သွားဖြတ် လာလုပ်နေကြတဲ့လူတွေကို ငေးကြည့်နေမိတယ်။ ခဏနေတော့ပျင်းလာတာနဲ့ မိန်းခလုတ်ကိုချ၊ တိုက်ခန်းရဲ့အဝင်တံခါးကို သော့တစ်ထပ်ခတ်၊ ဝရန်တာတံခါးကို သော့တစ်ထပ်ခတ်ပြီးမှ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာထိုင်ဖို့ ထွက်လာ လိုက်တယ်။ နေ့လယ်နေ့ခင်းဖြစ်နေရင်လည်း သော့နှစ်ထပ်ခတ်နိုင်မှ ကိုယ့်အိမ်၊ ကိုယ့်အခန်းလုံခြုံမှာပါ၊ ဖြစ်လာမှဖြေရှင်းတာထက်မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပဲလေ။
လက်ဖက်ရည်ဆိုင်က နှစ်ထပ်ဆိုင်မို့လို့ အပေါ်ထပ်ကို
တက်လာလိုက်တယ်။
“ဟာ ... မောင်ဖိုးသား၊ ဒီကိုလာ ...”
ဆိုင်ရဲ့အပေါ်ထပ်မှာ မတွေ့ရတာကြာနေတဲ့
ကျောင်းနေဖက်သူငယ်ချင်းနဲ့ဆုံတော့ ကျွန်တော့်ကို ဝမ်းသာအားရလှမ်းခေါ်တယ်။ ကျွန်တော်က
သူထိုင်နေတဲ့ဆိုင်ရဲ့ ထောင့်ဘက်လက်ဖက်ရည်ဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး ...
“ဝလာလိုက်တာ သူငယ်ချင်းရာ။ မင်းကို ကြည့်ရတာ
အဆင်ပြေနေပုံပဲ ...”
“ဒီမှာ သူငယ်ချင်းရေ ...၊ အဆင်ပြေလည်း
ပြေအောင်နေ၊ အဆင်မပြေလည်းပြေအောင် ကြိုးစားပြီးနေ ... ဒါမှ စိတ်ချမ်းသာရမှာပေါ့ကွာ”
အေးပါကွာ ဟုတ်ပါပြီလို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောရင်း
အနားကိုရောက်လာတဲ့ စားပွဲထိုးလေးကို ပုံမှန်တစ်ခွက်ပေးပါလို့ မှာလိုက်တယ်။
ပြီးတော့ သူငယ်ချင်းကိုကြည့်ပြီး ...
“ပြောပါဦးကွာ။ မင်းအခုဘာတွေလုပ်နေလဲ”
သူငယ်ချင်းက လက်ကာပြပြီး ...
“ခဏလေး သူငယ်ချင်း။ ငါကားသော့ခတ်ခဲ့လား မခတ်ခဲ့လားမသိဘူး။
အခုမှ မင်းနဲ့စကားပြောရင်း ကားသော့ကို သတိရသွားလို့ ...”
ငါသွားရှာလိုက်ဦးမယ်၊ ဖုန်းလာရင်ကိုင်ထားလိုက်လို့ ဆက်ပြောရင်း
ခပ်သွက်သွက်လေး ထွက်သွားတယ်။ သူထွက်သွားပြီးခဏနေတော့ စားပွဲထိုးလေးက လက်ဖက်ရည်လာချပေးတယ်။
ကျွန်တော်က လက်ဖက်ရည်ကို မှုတ်သောက်လိုက် တဲ့အချိန်မှာ သူ့ဖုန်းက ဖုန်းဝင်လာတယ်။ သူက
ဖုန်းကိုင်ဖို့မှာထားတာနဲ့ ဖုန်းကိုကောက်ကိုင်လိုက်တယ်။
“အေး သူငယ်ချင်း ... ငါထိုင်ခဲ့တဲ့ စားပွဲအောက်မှာ
တစ်ချက်ကြည့်ကြည့်ပါဦးကွာ။ ဒီမှာရှာမတွေ့လို့ ...”
ကျွန်တော်က ဖုန်းကိုကိုင်ထားရင်း စားပွဲအောက်
ကိုငုံ့ကြည့်လိုက်တော့ သူထိုင်ခဲ့တဲ့ဘက် အမှိုက်ခြင်းလေးနားမှာ ကားသော့ကို
လှမ်းတွေ့လိုက်ရတယ်။
“တွေ့ပြီဟေ့ကောင်ရေ ... ပြန်လာတော့ ...”
ကျွန်တော်က ဖုန်းချလိုက်ပြီး သူထိုင်ခဲ့တဲ့ဘက် မှာ
ဖုန်းကိုပြန်ထားလိုက်တယ်။ သူ့ဖုန်းမှာ နိုတီတွေတအားတက်တာ သတိထားမိလိုက်တယ်။
အွန်လိုင်းတော်တော်သုံးပုံရပါတယ်။
ခဏနေတော့ မောကြီးပန်းကြီးနဲ့ ရောက်ချလာတယ်။
“ဟူး ... မောလိုက်တာကွာ”
ကျွန်တော်က သူ့ကိုပြုံးပြီးကြည့်ရင်း ...
“မင်းဖုန်း Password တွေပါ
မေ့တတ်ရင်တော့ ဒုက္ခပဲ ...”
“ငါကမေ့တတ်လို့ ဘာ Password မှ မထားဘူး”
“အဲဒီလိုမလုပ်ရဘူးလေ ... မေ့တတ်တယ်ဆိုရင်လည်း ကိုယ့်မှတ်ပုံတင်နံပါတ်နဲ့
ကိုယ့်နာမည် အတိုကောက်နဲ့တွဲပြီး Password ထားတာမျိုး
လုပ်သင့်တယ်”
အေး ... အေး လုပ်လိုက်မယ်လို့ ကျွန်တော့်ကို
ပေါ့ပေါ့လေးပြန်ပြောတယ်။ ကျွန်တော်က ...
“မင်းရဲ့ဖုန်းက နိုတီတအားတက်တယ်။
အွန်လိုင်းတွေမှာ အစုံသုံးတယ်ထင်တယ်”
“ငါက အွန်လိုင်းနဲ့အလုပ်လုပ်ရတာကိုကွာ။ ပြီးတော့
...”
ကျွန်တော်က လက်ကာပြလိုက်ပြီး ...
“အဲဒါဆိုရင်တော့ Personal Data တွေ ကာကွယ်တတ်ဖို့ လိုအပ်မယ် သူငယ်ချင်း”
သူက ကျွန်တော့်ကို နားမလည်နိုင်သလို ကြည့်ပြီး ...
“Personal Data ဆိုတာက ... ဘာလဲ”
“ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ့ကွာ...။ ဒီနေ့ခေတ်
ဒီဂျစ်တယ်ကမ္ဘာမှာ ကိုယ်ရေးကိုယ်တာအချက်အလက် (Personal Data) ဆိုတာ ငွေကြေးနဲ့တန်ဖိုးတူတဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှု တစ်ခုပဲကွာ။ ဒါကြောင့်
ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သေသေချာချာထိန်းသိမ်း ထားသင့်တယ်။ Personal
Data ဟာ လူတစ်ယောက်ချင်းကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊
သွယ်ဝိုက်လို့ပဲဖြစ်ဖြစ် ဖော်ထုတ်နိုင်တဲ့အချက် အလက်တွေကိုဆိုလိုတာ။ ဥပမာ - နာမည်၊
မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ Email လိပ်စာ၊ ဘဏ်အကောင့်နဲ့ ငွေပေးချေမှုဆိုင်ရာအချက်အလက်တွေ၊ စကားဝှက် (Password)၊ လုံခြုံရေးကုဒ်တွေ (OTP)၊ ဓာတ်ပုံ၊
ဗီဒီယိုနဲ့တည်နေရာ (Location) အချက်အလက်တွေ၊ လူမှုကွန်ရက်အကောင့်နဲ့
အသုံးပြုမှုမှတ်တမ်းတွေပါတယ်”
သူငယ်ချင်းက စိတ်ဝင်တစားနားထောင်ရင်း
“အဲဒါကြောင့်လားမသိဘူးကွာ... ငါ့အကောင့်တွေမှာ ဆိုရင် မသိတဲ့စက်တွေကနေ
ဝင်ဖို့ကြိုးစားနေတယ်ဆိုပြီး လော့ဂ်အင် (Login) သတိပေးချက်တွေ ခဏခဏတက်လာတတ်တယ်။ နောက်ပြီး
Messenger ကနေလည်း သူငယ်ချင်းတွေရဲ့ အကောင့်တွေကတစ်ဆင့်
အရေးပေါ်ပိုက်ဆံချေးတဲ့ စာတွေ၊ ဆုကြီးပေါက်တယ်ဆိုပြီးနှိပ်ခိုင်းတဲ့
မသင်္ကာစရာလင့်ခ် (Link) တွေ မကြာခဏ ရောက်ရောက်လာတယ်။ ငါကတော့
အလုပ်များတာနဲ့ သိပ်ဂရုမစိုက်မိဘူး။ ဒါပေမယ့် အခုမင်းပြောတာ တွေကြားရတော့မှ ငါ့အချက်အလက်တွေများ
ပေါက်ကြားနေပြီလားလို့ စိုးရိမ်လာတယ်။ အသေးစိတ်လေးပြောပြကွာ... ငါစိတ်ဝင်စားတယ်” လို့
ပြောတာနဲ့....
“ငါတို့တွေ တစ်ရက်တစ်ရက် အွန်လိုင်းသုံးနေရင်းနဲ့
ကိုယ့်ရဲ့အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ချန်ထားမိတတ်တယ်။ ကော်ဖီဆိုင်မှာ Wifi
သုံးပြီး မေးလ်စစ်တာ၊ ဖုန်းထဲက “သင်နဲ့တူတဲ့အနုပညာရှင်ကဘယ်သူလဲ”
ဆိုတဲ့ ပဟေဠိတွေကို ဖြေကြည့်တာမျိုး၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆီကရောက်လာတဲ့ Link
ကို ချက်ချင်းနှိပ်မိတာမျိုးတွေက ပျော်စရာကိစ္စ တစ်ခု၊
ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ထင်ရနိုင်တယ်။ ဒါပေမယ့် အဲဒီလုပ်ဆောင်ချက်တွေကနေတစ်ဆင့်
ငါတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို မသမာသူတွေက စောင့်ကြည့်၊ စုဆောင်းဖို့အတွက် ဝေမျှနေတာလို့
မင်းတွေးမိဖူးလား ...”
သူငယ်ချင်းက ခေါင်းရမ်းပြပြီး အဲဒီအချက်အလက်တွေပေါက်ကြားရင်
ဘာတွေဖြစ်နိုင်လဲလို့ မေးတယ်။
“ကိုယ်ရေးအချက်အလက်တွေကို မသမာသူတွေရသွားပြီဆိုရင်
ကိုယ်ရေးအချက်အလက်အတု အသုံးပြုခံရမယ်၊ ဖေ့စ်ဘွတ်၊ အီးမေးလ်၊ ဘဏ်အကောင့်တွေကို ခိုးယူဖို့ကြိုးစားမယ်၊
ငွေလိမ်တောင်းမယ်၊ ကိုယ့်ရဲ့ဓာတ်ပုံနဲ့အချက်အလက်တွေကို ခွင့်ပြုချက် မရှိဘဲအသုံးပြုမယ်၊
ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ဂုဏ်သိက္ခာထိခိုက်တာတွေဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်ရေးအချက်အလက်တွေကို
သာမန်အချက် အလက်တစ်ခုလို့မယူဆဘဲ ကာကွယ်ရမယ့် ဒီဂျစ်တယ်ပိုင်ဆိုင်မှုတစ်ခုလို့ သဘောထားရမယ်”
“အဲဒါဆို ဘယ်လိုလုပ်ရမလဲ …”
အွန်လိုင်းမသုံးနဲ့ပေါ့ကွ…လို့ ကျွန်တော်က စလိုက်တော့
မျက်နှာကြီးရှုံ့မဲ့ပြီး ...
“မရဘူးလေကွာ မင်းကလည်း ...၊ ငါက
အွန်လိုင်းနဲ့အလုပ်လုပ်နေရတာကို ...”
ကျွန်တော်ကရယ်လိုက်ပြီး ...
“စတာပါကွာ...။ ငါပြောပြမယ်…။ ဒီလိုကွာ …
ကော်ဖီဆိုင်တို့၊ လေဆိပ်တို့၊ စားသောက်ဆိုင်တို့၊ ဟိုတယ်တို့မှာ Free Wifi လို့ခေါ်တဲ့ Public Wifi တွေရှိတယ်။ အဲဒီ Public
Wifi တွေမှာက လုံခြုံရေး အားနည်းချက်ရှိတယ်။ မသမာသူတွေက အဲဒီ
အားနည်းချက်ကိုအသုံးချဖို့ ချောင်းနေတာကွ။ Public Wifi နဲ့ သုံးဖြစ်တယ်ဆိုရင်
အရေးကြီးအကောင့်တွေကို Login ဝင်တာတို့၊ Online
Banking သုံးတာတို့၊ Digital Payment သုံးတာတို့
ရှောင်သင့်တာပေါ့ကွာ။
ကျွန်တော်ကချည်းပဲ စကားတွေပြောနေမိလို့
သူငယ်ချင်းရဲ့အခြေအနေကိုလည်း ကြည့်ရပါသေးတယ်။ သူ့ကိုကြည့်ရတာတော့ တကယ်ကို စိတ်ဝင်တစားနဲ့
နားထောင်နေတာ တွေ့ရတယ်။
သူက ရေနွေးကြမ်းသောက်ရင်း ကျွန်တော့်ကို ပြူးကြည့်ပြီး
ဆက်ပြောလေကွာလို့ပြောတယ်။
“အွန်လိုင်းလုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက်တွေကို
ကာကွယ်နိုင်တဲ့ အခြေခံနည်းလမ်းတွေ ဆက်ပြောပြမယ်။ အရင်ဆုံးကတော့ Account
Password တွေပေါ့ကွာ။ ခန့်မှန်းရခက်ပြီး ခိုင်မာတဲ့ Password
ကို သုံးရမယ်။ မင်းမေ့တတ်တယ်ဆိုရင် စာအုပ်အသေးလေးတစ်အုပ်ဆောင်ထားပြီး
မှတ်ထားပေါ့။ အကောင့်တိုင်းမှာ Password တူနေတာကို
ရှောင်ရမယ်။ ဖြစ်နိုင်ရင် Two-Factor Authentication (2FA) သုံးပြီး
လုံခြုံရေးအလွှာ ထပ်တိုးထားရမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ဘဏ်အကောင့်၊
ငွေပေးချေမှုမှတ်တမ်းတွေနဲ့ အကောင့်လှုပ်ရှားမှုတွေကို ပုံမှန်စစ်ဆေးရမယ်။
မသင်္ကာစရာလှုပ်ရှားမှုတစ်ခုခုတွေ့တာနဲ့ ချက်ချင်းတုံ့ပြန်ရမယ်။ ပြီးတော့ ဝက်ဘ်ဆိုက်
ဒါမှမဟုတ် Application တစ်ခုမှာ ကိုယ်ရေးအချက်အလက်တွေ
မဖြည့်ခင် သူ့ရဲ့တရားဝင်မှုနဲ့ လုံခြုံမှု ရှိ-မရှိကို သေချာ စစ်ရမယ်”
ကျွန်တော်က ပြောလက်စခဏရပ်ပြီး ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်တယ်။
လည်ချောင်းရှင်းလိုက်ပြီး ...
“ကျန်သေးတယ်။ ဆက်ပြောပြဦးမယ်။
အမည်မသိတဲ့သူတွေဆီကပို့လာတဲ့ ဖိုင်တွေကိုမဖွင့်နဲ့။ အဲဒီဖိုင်ကနေ ဖုန်း၊
ကွန်ပျူတာကို ထိခိုက်စေနိုင်တဲ့ Malware ဒါမှမဟုတ် Virus
တွေပါလာတတ်တယ်။ ဖုန်းမက်ဆေ့ချ်တွေ၊ မေးလ်တွေ၊
လူမှုကွန်ရက်တွေကတစ်ဆင့် ရောက်လာတဲ့ သံသယဖြစ်စရာ Link တွေကို
မနှိပ်နဲ့။ Phishing တိုက်ခိုက်မှုတွေက Link တွေကို ခဏခဏအသုံးပြု တတ်ကြလို့ပဲ။ ပြီးတော့ ဘဏ်နဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကနေပို့လာတဲ့
OTP ကို သိတယ်မဟုတ်လား။ အဲဒါက ဘယ်သူ့ကိုမှ ပြလို့မရဘူး။ အဲဒီ
OTP က မင်းရဲ့အကောင့်ထဲကို ဝင်သွားနိုင်တဲ့
အရေးကြီးလုံခြုံရေးကုဒ်ပဲ။ နောက်ဆုံးတစ်ခုက… လူမှုကွန်ရက်တွေပေါ်မှာ ကိုယ်ရေးကိုယ်တာ
အချက်အလက်တွေကို အလွန်အကျွံ မျှဝေတာတွေမလုပ်နဲ့။ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊
ခရီးသွားနေတဲ့အချိန်နဲ့ တည်နေရာလိုမျိုး အရေးကြီးတဲ့အချက်အလက်တွေကို လူမှုကွန်ရက်တွေပေါ်မှာ
အလွန်အကျွံမမျှဝေသင့်ဘူး”
“ကျေးဇူးတင်လိုက်တာကွာ။ ဒါပေမယ့် မင်းပြောတာတွေကို
ငါရုတ်တရက်မှတ်မိဖို့ခက်လို့ သတိကြီးကြီးထားမိနိုင်ဖို့ ဘယ်လိုမှတ်ရင်
အလွယ်တကူမှတ်မိနိုင်မလဲ သူငယ်ချင်း”
“အလွယ်အတွက်က PRI-FLOWS နဲ့
မှတ်လိုက် သူငယ်ချင်း။ PRI-FLOWS ဆိုတာက …
P. Password (စကားဝှက်)။ စကားဝှက်တွေနဲ့
ပတ်သက်ပြီး သေချာရှင်းပြရရင် ကိုယ့်အကောင့် တွေကိုကာကွယ်ဖို့ ခိုင်မာတဲ့စကားဝှက်တွေ
သတ်မှတ်ထားဖို့လိုတယ်။ ဥပမာ - နာမည်၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ် စတဲ့ခန့်မှန်းရလွယ်တာ
မျိုးတွေမသုံးဘဲ စာလုံးကြီး၊ စာလုံးသေး၊ ဂဏန်းနဲ့ အထူးသင်္ကေတ (@, #, $) တွေကို ရောနှောသုံးသင့်တယ်။ အကောင့်တစ်ခုနဲ့တစ်ခု စကားဝှက်တူညီ
နေတာမျိုးလည်း မဖြစ်ရဘူး။
R. Regular check (ပုံမှန်စစ်ဆေးတာ)။ ကိုယ့်ရဲ့ဘဏ်အကောင့်ထဲက
ငွေအဝင်အထွက်တွေ၊ လူမှုကွန်ရက်တွေမှာ လော့ဂ်အင် (Login) ဝင်ထား
တဲ့အခြေအနေတွေကို အမြဲပုံမှန်စစ်ဆေးနေဖို့ လိုတယ်။ အထူးသဖြင့် ကိုယ်မသိတဲ့စက်ကနေ
ဝင်ရောက်ထားတာ ရှိ မရှိ၊ သံသယဖြစ်စရာ ငွေလွှဲ ပြောင်းမှုတွေ ရှိ မရှိ ဆိုတာကို သတိထားပြီး
မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ အရေးကြီးတယ်။
I. Inspection (သေချာကြည့်ရှုစစ်ဆေးတာ)။ အွန်လိုင်းကနေဝင်လာတဲ့
အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေ၊ အသိပေးချက်တွေကို အပေါ်ယံ ကြည့်ပြီးမယုံဘဲ
သေချာစစ်ဆေးဖို့လိုတယ်။ ဥပမာ- ဘဏ်ကနေ ပို့တယ်ဆိုရင်တောင် တရားဝင်အီးမေးလ်လိပ်စာ ဟုတ်မဟုတ်၊
စာလုံးပေါင်း မှားယွင်းနေတာ ရှိ မရှိ သေချာကြည့်ရမယ်။ လိမ်တဲ့သူတွေက နာမည်ကို
ခပ်ဆင်ဆင်လေးတွေသုံးပြီး လှည့်စားတတ်ကြတယ်။
F. File (ဖိုင်/အချက်အလက်များ)။ အင်တာနက်
ကနေဖြစ်ဖြစ်၊ စာတိုတွေကနေဖြစ်ဖြစ် ကိုယ်သေချာ မသိတဲ့ဖိုင် (File)တွေ၊
အချက်အလက်တွေကို လွယ်လွယ်နဲ့ ဒေါင်းလုတ်မလုပ်ဖို့ သေချာဂရုစိုက်ရမယ်။
အဲဒီဖိုင်တွေထဲမှာ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာက အချက်အလက်တွေကို ခိုးယူမယ့်
ဗိုင်းရပ်စ် (Virus/
Malware) တွေ ပါလာနိုင်လို့ မဖွင့်ခင် သေချာစစ်ဆေးဖို့လိုတယ်။
L. Link (လင့်ခ် / ချိတ်ဆက်မှုများ) ။ မက်ဆေ့ချ်၊
အီးမေးလ်၊ ဗိုက်ဘာ (Viber) စတာတွေကနေ ရောက်လာတဲ့
မသင်္ကာစရာလင့်ခ် (Link) တွေကို ဘယ်တော့မှ အလွယ်တကူမနှိပ်မိဖို့လိုတယ်။
ဆုကြီးပေါက်တယ်ဆိုပြီး မက်လုံးပေးတာတွေ၊ အကောင့်ပိတ်မယ်ဆိုပြီး
ခြောက်လှန့်တဲ့လင့်ခ်တွေက ထောင်ချောက်တွေဖြစ်တတ်လို့ သေချာဂရုစိုက်ဖို့
ပြောချင်တယ်။
O. OTP (တစ်ကြိမ်သုံးစကားဝှက် - One-Time
Password)။ ဒီနေရာမှာ အဓိကပြောချင်တာက OTP Codes တွေကို အမြဲလျှို့ဝှက်ထားသင့်တဲ့ အကြောင်းပဲ။ အကောင့်ထဲဝင်ဖို့
ဖုန်းကိုရောက်လာ တဲ့ OTP ဂဏန်းခြောက်လုံးဟာ
ကိုယ့်ရဲ့နောက်ဆုံးခံတပ်ပဲ။ ဘဏ်ဝန်ထမ်းအစစ်ကတောင် ကိုယ့်ရဲ့ OTP ကို ဘယ်တော့မှ မတောင်းဘူးဆိုတာကို သတိထားပြီး ဘယ်သူလာတောင်းတောင်း လုံးဝမပေးဖို့
သေချာရှင်းပြချင်တယ်။
W. Wifi (Public Wifi - အများသုံးဝိုင်ဖိုင်)။ ကော်ဖီဆိုင်တွေ၊
လေဆိပ်တွေနဲ့ ဈေးဝယ်စင်တာတွေမှာ အခမဲ့ပေးထားတဲ့ Public Wifi တွေကိုသုံးပြီး
ဘဏ်အကောင့်ထဲဝင်တာ၊ ငွေလွှဲတာမျိုးတွေ လုံးဝမလုပ်သင့်ဘူး။ ဒီ Public Wifi တွေကနေတစ်ဆင့် ဟက်ကာတွေက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွယ်တကူကြားဖြတ်ခိုးယူသွားနိုင်လို့
အထူးသတိထား ရမယ်။
S. Share (မျှဝေတာကို သတိထားဖို့)။ အွန်လိုင်းလူမှုကွန်ရက်တွေမှာ
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ခရီးသွားမယ့်အစီအစဉ်တွေ၊
နေရပ်လိပ်စာတွေကို အလွန်အကျွံမျှဝေတာတွေကို အထူးသတိထားဆင်ခြင်ဖို့လိုတယ်။
လိမ်လည်သူတွေက ကိုယ်မျှဝေလိုက်တဲ့ အချက်အလက်တွေကိုပဲ အသုံးချပြီး
ခြေရာခံလိမ်လည်ဖို့ကြိုးစားတတ်လို့ သတိထားပြီးမှ မျှဝေသင့်တယ်။”
“ပြောပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ကွာ ...”
သူငယ်ချင်းက သူ့မျက်နှာကြီးဝိုင်းနေအောင်ပြုံးပြီး
ကျေးဇူးတင်စကားတွေပြောနေတော့တယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းနံပါတ်တွေ
ပေးဖြစ်ကြတယ်။
“ကဲ … ငါလည်းမောသွားပြီ။ အိမ်မှာအလုပ်လေး
တွေရှိသေးတယ်။ မင်းရော ပြန်တော့မလား ...”
“အေး ပြန်မယ်လေ ...”
ကျွန်တော်က စားပွဲထိုးကိုလှမ်းခေါ်ပြီး ပိုက်ဆံထုတ်တော့
... ကျွန်တော့်လက်ကိုကာပြီး သူငယ်ချင်းက အတင်းလုရှင်းလိုက်တယ်။
“မင်းကို ငါကျေးဇူးတင်လို့ လက်ဖက်ရည် တိုက်တာ”
“အေးပါကွာ ... အေးပါ။ အမြဲတမ်းမှတ်မိနေစေဖို့ PRI-FLOWS
စာလုံးလေးကိုတော့ အမြဲသတိရလိုက်နာဖို့ မှာချင်ပါတယ် သူငယ်ချင်း”
ကျွန်တော်တို့နှစ်ယောက် ဆိုင်အပေါ်ထပ်ကနေ
အတူတူဆင်းလာကြပြီး သူကတော့ သူ့ကားနဲ့သူပြန်သွားပါတယ်။
အိမ်အပြန်ကို အတွေးများစွာနဲ့ လမ်းလျှောက်လာမိတယ်။
တကယ်တော့ လုံခြုံတဲ့ဒီဂျစ်တယ် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ဆိုတာ
နည်းပညာတစ်ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ အသုံးပြုသူတိုင်းရဲ့ အသိပညာ၊ သတိနဲ့
တာဝန်ယူမှု အပေါ်မှာမူတည်ပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို ဂရုတစိုက်ကာကွယ်ပြီး
အွန်လိုင်းလိမ်လည်မှုတွေ၊ အကောင့်ခိုးယူမှုတွေနဲ့ ဒီဂျစ်တယ်အန္တရာယ်တွေကနေ ကိုယ်ကိုယ်တိုင်နဲ့
ကိုယ့်မိသားစုကို ကာကွယ်နိုင်ရပါမယ်။ နည်းပညာဆိုတာက ရပ်တန့် သွားမယ့်အရာမဟုတ်တဲ့အတွက်
နည်းပညာ တိုးတက်လာတာနဲ့အမျှ အဆင့်မြင့်တဲ့ ဒီဂျစ်တယ်အန္တရာယ်တွေကိုလည်း
ကြုံတွေ့လာရနိုင်ပါတယ်။ ဒီတော့ ... ကိုယ်ရေးအချက်အလက်တွေကို PRI-FLOWS နဲ့
စနစ်တကျထိန်းသိမ်းပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ်ကမ္ဘာဆီကို အတူဖြတ်သန်းကြရအောင်
…။ ။
No comments:
Post a Comment