Thursday, August 27, 2026

နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဗီယက်နမ်အသင်း အာဆီယံ Hyundai Cup ချန်ပီယံဆုဆွတ်ခူး

 ရန်ကုန် ဩဂုတ် ၂၆

အာဆီယံ Hyundai Cup ဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ယနေ့ည ၇ နာရီခွဲက ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ဗီယက်နမ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးဖြင့် အနိုင်ရရှိကာ အာဆီယံ Hyundai Cup ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့သည်။

ပွဲစဉ်အတွင်း ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၁၂ မိနစ်တွင် ယော့ဆာကွန်းဘူရဖာနှင့် ၈၅ မိနစ်တွင် ဝမ်ချိုင်တို့က သွင်းယူပေးခဲ့သည်။

ဗီယက်နမ်အသင်းအတွက် ချေပဂိုးနှစ်ဂိုးစလုံးမှာ ထိုင်းကစားသမားများ၏ ကိုယ့်ဂိုးကို ပြန်သွင်းမိခြင်း (OG)မှ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၅၂ မိနစ်တွင် ဂိုးသမား ချတ်ချိုင်ဘုဒ်ပရွမ်နှင့် နာကျင်အချိန်ပို ၉၀+၃ မိနစ်တွင် ဝမ်ချိုင်တို့၏ ကိုယ့်ဂိုးကို ပြန်သွင်းမှုများကြောင့် ၂-၂ ဂိုးဖြင့်သရေကျခဲ့ပြီး ဗီယက်နမ်အသင်းအိမ်ကွင်း၌ ချန်ပီယံဆုဖလား မြှောက်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဗီယက်နမ်နှင့် ပြိုင်ပွဲ၏ အအောင်မြင်ဆုံးထိုင်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ရာ နှစ်ဖက်အပြန်အလှန် အကြိတ်အနယ်ရှိခဲ့သည်။ ပထမပိုင်းတွင် ထိုင်းအသင်းက ဖိအားပေးကစားပြီး တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ကစားကွက်ပြောင်းကာ တန်ပြန်တိုက်စစ်များဖြင့် ထိုင်းအသင်းကို ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။

ဗီယက်နမ်အသင်းသည် ၂၀၀၈၊ ၂၀၁၈၊ ၂၀၂၄ ခုနှစ်တို့တွင် ချန်ပီယံဖြစ်ခဲ့ပြီး ယခု Hyundai Cup 2026 ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် စတုတ္ထအကြိမ်မြောက် အာဆီယံချန်ပီယံဖြစ်လာခဲ့သည်။ အဆိုပါအောင်မြင်မှုနှင့်အတူ နှစ်ကြိမ်ဆက် (Back-to-Back) အာဆီယံချန်ပီယံဆုကို မြှောက်ကိုင်နိုင်ခဲ့သည့် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-AFF

No comments:

Post a Comment