Wednesday, August 26, 2026

ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များ

 ကိုချင်း

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်သည်ဟုဆိုရာတွင် နိုင်ငံ၏ဝင်ငွေ သို့မဟုတ် စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တိုးတက်လာခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာခြင်း၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ လူ့အရင်းအနှီးနှင့်နည်းပညာတိုးတက်လာခြင်း၊ ဒေသအလိုက်ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်း ရေရှည်တည်တံ့သောစီးပွားရေးစနစ်တစ်ရပ် တည်ဆောက်နိုင်ခြင်းတို့ အားလုံးပါဝင်ပါသည်။

ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာချမ်းသာလာခြင်းထက် ပိုမိုကျယ်ပြန့်သည့် အဓိပ္ပာယ်ရှိပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ ခန့်အတွင်း ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်များကို ပြန်လည်လေ့လာကြည့်လျှင် ခေတ်တစ်ခေတ်နှင့်တစ်ခေတ် မေးခွန်းများမတူညီခဲ့ကြပါ။အစောပိုင်းတွင် နိုင်ငံတစ်နိုင်ငံ မည်သို့ချမ်းသာကြွယ်ဝလာမည်နည်းဟု မေးခဲ့ကြပါသည်။ ထို့နောက် စက်မှုလုပ်ငန်းကို မည်သို့တိုးတက်အောင်လုပ်မည်နည်းဆင်းရဲမွဲတေမှုမှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် မည်သို့ကူးပြောင်းမည်နည်းဒေသတစ်ခုချင်းစီ၏ အားသာချက်ကို မည်သို့အသုံးချမည်နည်းစီးပွားရေးကိုမည်သူက မောင်းနှင်မည်နည်း ဟူသော မေးခွန်းများသို့ တဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာခဲ့ပါသည်။

ယနေ့ခေတ်သို့ရောက်လာချိန်တွင်မူ အသိပညာနှင့်နည်းပညာကို စီးပွားရေးတန်ဖိုးအဖြစ် မည်သို့ပြောင်းလဲမည်နည်းနှင့် စီးပွားရေးတိုးတက်မှု၊ နည်းပညာနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုတို့ကို မည်သို့ဟန်ချက်ညီအောင် ပေါင်းစပ်မည်နည်း ဆိုသည့် မေးခွန်းများအထိကျယ်ပြန့်လာပြီဖြစ်ပါသည်။

ဤပြောင်းလဲမှုခရီးစဉ်ကို အကြမ်းဖျင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ် မျိုးဆက်ခုနစ်ဆက် အဖြစ် ခွဲခြားလေ့လာနိုင်ပါသည်။

ပထမမျိုးဆက်-လွတ်လပ်သောဈေးကွက်မှ ဓနဥစ္စာဖန်တီးခြင်းဆီသို့

၁၇၇၆ ခုနှစ်သည် ခေတ်သစ်စီးပွားရေးပညာသမိုင်းတွင် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ပါသည်။ ထိုနှစ်တွင် Adam Smith “The Wealth of Nations” ထွက်ပေါ်လာခဲ့ပြီး ဂန္ထဝင်စီးပွားရေးပညာ၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့ပါသည်။

ထိုခေတ်၏ အဓိကမေးခွန်းမှာ ရိုးရှင်းပါသည်။ နိုင်ငံတစ်နိုင်ငံ မည်သို့ချမ်းသာကြွယ်ဝလာမည်နည်း။အဖြေက လွတ်လပ်သောဈေးကွက်၊ အထူးပြုထုတ်လုပ်မှု၊ လုပ်အားခွဲဝေမှုနှင့် ကုန်သွယ်မှုတို့ ဖြစ်ပါသည်။

Adam Smith မမြင်နိုင်သောလက် (Invisible Hand)” သဘောတရားအရ သင့်လျော်သောဈေးကွက်အခြေအနေများအောက်တွင် လူတစ်ဦးချင်းစီက မိမိအကျိုးစီးပွားကိုရှာဖွေခြင်းဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ စီးပွားရေးအကျိုးစီးပွားနှင့်လည်း ဆက်စပ်နိုင်သည်ဟု ရှုမြင်ခဲ့ပါသည်။

တစ်ဖက်တွင် လုပ်အားခွဲဝေမှု(Division of Labour)”က ထုတ်လုပ်မှုစွမ်းအား မြင့်မားစေရန်အရေးကြီးကြောင်း ထင်ရှားလာခဲ့ပါသည်။ လူတစ်ဦးတည်းက ထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးကိုဆောင်ရွက်မည့်အစား အလုပ်များကိုအထူးပြုခွဲခြားဆောင်ရွက်စေခြင်းဖြင့် ထုတ်လုပ်မှုကိုအမြောက်အမြား တိုးမြှင့်နိုင်ခဲ့ပါသည်။

David Ricardo နှိုင်းယှဉ်အားသာချက် (Comparative Advantage) သဘောတရားကလည်း နိုင်ငံတိုင်းသည် အရာအားလုံးကို ကိုယ်တိုင်ထုတ်လုပ်ရန်မလိုအပ်ဘဲ မိမိတို့ နှိုင်းယှဉ်အားသာချက်ရှိသော ကုန်ပစ္စည်းများကို အထူးပြုထုတ်လုပ်ကာ အပြန်အလှန်ကုန်သွယ်နိုင်ကြောင်း ရှင်းလင်းပြသခဲ့ပါသည်။

ယင်းအတွေးအခေါ်များသည် ပထမစက်မှုတော်လှန်ရေးနှင့်ပေါင်းစပ်သွားရာမှ ရေနွေးငွေ့အင်ဂျင်၊စက်ယန္တရားနှင့် စက်ရုံအခြေပြုထုတ်လုပ်မှုများပေါ်ပေါက်လာခဲ့ပါသည်။ လက်မှုလုပ်ငန်းမှ စက်ရုံအခြေပြုအမြောက်အမြားထုတ်လုပ်မှုစနစ်သို့ ကမ္ဘာ့စီးပွားရေးအသွင်ပြောင်းသွားခဲ့ပါသည်။

ထို့ကြောင့် ပထမမျိုးဆက်၏ အဓိကအနှစ်သာရမှာ ဈေးကွက်+ အထူးပြုထုတ်လုပ်မှု + ကုန်သွယ်မှု = ဓနဥစ္စာဖန်တီးမှု ဟု ဆိုနိုင်ပါ သည်။

ဒုတိယမျိုးဆက်-ဈေးကွက်တစ်ခုတည်း မလုံလောက်တော့သည့်ခေတ်

၂၀ ရာစုအစောပိုင်းသို့ ရောက်လာသောအခါ အခြေအနေများ ပြောင်းလဲလာခဲ့ပါသည်။ အထူးသဖြင့် ၁၉၃၀ ပြည့်နှစ်ဝန်းကျင် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးက ဈေးကွက်ယန္တရားတစ်ခုတည်းအပေါ် အားကိုးခြင်း၏ အားနည်းချက်များကို ထင်ရှားစေခဲ့ပါသည်။

ထိုအချိန်မှစ၍ အစိုးရ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသနည်း ဟူသော မေးခွန်းထွက်ပေါ်လာပါသည်။

John Maynard Keynes က စီးပွားရေးကျဆင်းသည့်အချိန်တွင် အစိုးရသည်ဘဏ္ဍာရေးအသုံးစရိတ်နှင့် အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုတိုးမြှင့်၍ စုစုပေါင်းဝယ်လိုအားကို ထောက်ပံ့ပေးနိုင်ကြောင်း အလေးထားခဲ့ပါသည်။

ထိုခေတ်တွင် စက်မှုအသွင်ကူးပြောင်းရေး(Industrialization) Keynesian Economics သွင်းကုန်အစားထိုးထုတ်လုပ်ရေး (Import Substitution) နှင့် အစိုးရဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး (State-led Development) တို့ ပေါ်ထွက်လာခဲ့ပါသည်။

လမ်း၊ တံတား၊ ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားနှင့် အခြေခံအဆောက်အအုံများကို အစိုးရက ဦးဆောင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများဖွံ့ဖြိုးရန် လိုအပ်သောအခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနိုင်သည်ဟု ယူဆလာကြပါသည်။

ထို့ကြောင့် ဒုတိယမျိုးဆက်၏ အဓိကပြောင်းလဲမှုမှာ ဈေးကွက်က ဦးဆောင်သော စီးပွားရေးမှအစိုးရနှင့် ဈေးကွက် ပေါင်းစပ်ပါဝင်သောစီးပွားရေးသို့ ရွေ့လျားလာခြင်းဖြစ်ပါသည်။

တတိယမျိုးဆက်- ဆင်းရဲမှုမှ ဖွံ့ဖြိုးပြီးနိုင်ငံသို့

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ မှ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်အတွင်း ဖွံ့ဖြိုးမှုစီးပွားရေးပညာ (Development Economics)သည် ပိုမို ထင်ရှားလာခဲ့ပါသည်။

အဓိကမေးခွန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံအဖြစ် မည်သို့အသွင်ကူးပြောင်းမည်နည်း။

Sir Arthur Lewis ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပုံစံ အပြောင်းအလဲ(Structural Transformation)နှင့် နှစ်ကဏ္ဍဒွန်တွဲ စီးပွားရေးမော်ဒယ် (Dual Economy Model)တို့က စိုက်ပျိုးရေးကဏ္ဍမှ ထုတ်လုပ်မှုစွမ်းအားပိုမိုမြင့်မားသည့် စက်မှုကဏ္ဍသို့ လုပ်သားအင်အားရွှေ့ပြောင်းခြင်းအားဖြင့် နိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ကြောင်း ဖော်ပြခဲ့ပါသည်။

Walt Rostow ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အဆင့်ဆင့်ဖြတ်သန်းရသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရှုမြင်ခဲ့ပါသည်။

ထိုခေတ်တွင် ပို့ကုန်အခြေပြုစက်မှုထွန်းကားရေး (Export-oriented Industrialization)လည်း အရေးပါလာပါသည်။ ပြည်တွင်းဈေးကွက်အတွက်သာ ထုတ်လုပ်မည့်အစား နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ နည်းပညာ၊ အရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းရည်တို့ တိုးတက်လာနိုင်ပါသည်။

သို့သော် စက်ရုံတည်ဆောက်ခြင်းနှင့် စက်ယန္တရားဝယ်ယူခြင်းတစ်ခုတည်းဖြင့် ဖွံ့ဖြိုးမှုမဖြစ်နိုင်ကြောင်းနှင့် လူသားအရင်းအနှီးသည်လည်း အဓိကကျကြောင်း ပိုမိုသိရှိလာကြပါသည်။ ပညာရေး၊ ကျန်းမာရေးနှင့် ကျွမ်းကျင်မှုတို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် လူတစ်ဦးချင်း၏ ထုတ်လုပ်နိုင်စွမ်းသာမက နိုင်ငံ၏ရေရှည်စီးပွားရေးတိုးတက်မှုကိုပါ မြှင့်တင်ပေးပါသည်။

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)နှင့် စင်ကာပူတို့၏ လျင်မြန်သောစက်မှုနှင့်ပို့ကုန်ဖွံ့ဖြိုးမှုများသည် ယင်းဖွံ့ဖြိုးရေး အတွေးအခေါ်များ၏ ထင်ရှားသောအတွေ့အကြုံများ ဖြစ်လာခဲ့ပါသည်။

စတုတ္ထမျိုးဆက်-ဒေသတိုင်းကို ပုံစံတစ်မျိုးတည်းဖြင့် ဖွံ့ဖြိုး၍မရ

၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးရေးအတွေးအခေါ်သည် နိုင်ငံအဆင့်မှဒေသအဆင့် သို့ ပိုမိုရွေ့လျားလာခဲ့ပါသည်။

ဒေသတိုင်းတွင် သဘာဝအရင်းအမြစ်၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ လူ့စွမ်းအား၊ ကျွမ်းကျင်မှုနှင့် စီးပွားရေးအခြေအနေတို့ တူညီခြင်းမရှိပေ။ ထို့ကြောင့် ဒေသအားလုံးကိုပုံစံတစ်မျိုးတည်းဖြင့် ဖွံ့ဖြိုးစေရန် ကြိုးပမ်းခြင်းထက် ဒေသတစ်ခုချင်းစီ၏ ကိုယ်ပိုင်အားသာချက်ကို ဖော်ထုတ်အသုံးချရန် လိုအပ်လာပါသည်။

ယင်းမှ ဒေသတွင်းအခြေပြုဖွံ့ဖြိုးတိုးတက်မှု (Endogenous Development) ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Local Economic Development) စီးပွားရေးလုပ်ငန်းတူအစုအဖွဲ့ (Cluster) နှင့် တန်ဖိုးကွင်းဆက် (Value Chain) စသည့် အယူအဆများ ပိုမိုအရေးပါလာပါသည်။

ကုန်ကြမ်းထုတ်လုပ်ခြင်းတစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။ ကုန်ကြမ်းမှ ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကုန်အမှတ်တံဆိပ်တည်ဆောက်ခြင်းနှင့် ဈေးကွက်ဖြန့်ဖြူးခြင်းအထိ ချိတ်ဆက်သည့် တန်ဖိုးကွင်းဆက်တစ်ခုလုံး တည်ဆောက်ရန်လိုအပ်လာပါသည်။

Michael Porter စီးပွားရေးလုပ်ငန်းတူအစုအဖွဲ့ အယူအဆနှင့်အတူ ဂျပန်နိုင်ငံ Oita စီရင်စုမှစတင်ခဲ့သော ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Village One Product- OVOP) အစီအစဉ်သည်လည်း ဒေသထွက် ကုန်အခြေပြု ဖွံ့ဖြိုးရေးပုံစံတစ်ခုအဖြစ် လူသိများလာခဲ့ပါသည်။ နောက်ပိုင်းတွင် အခြားနိုင်ငံများ၌ OTOP နှင့် OROP စသည့် ပုံစံများအဖြစ် ပျံ့နှံ့လာခဲ့ပါသည်။

ဤမျိုးဆက်၏ သင်ခန်းစာမှာရှင်းလင်းပါသည်။ ဒေသတိုင်းကို တူညီသောပုံစံဖြင့်ဖွံ့ဖြိုးစေရန်မဟုတ်ဘဲ ဒေသတစ်ခုချင်းစီ၏ ထူးခြားသောအားသာချက်ကို ဖော်ထုတ်၍ အထူးပြုဖွံ့ဖြိုးစေရန် ဖြစ်ပါသည်။

ပဉ္စမမျိုးဆက်-MSME နှင့် စွန့်ဦးတီထွင်သူတို့ ရှေ့တန်းရောက်လာခြင်း

၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် နောက်ထပ်မေးခွန်းတစ်ခု ပေါ်လာခဲ့ပါသည်။ စီးပွားရေး၏ အဓိကမောင်းနှင်အားကို မည်သူက ဦးဆောင်မည်နည်း။

ယခင်က အစိုးရနှင့် အကြီးစားစက်မှုလုပ်ငန်းများကို အဓိကထားခဲ့သော်လည်း ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)များနှင့် စွန့်ဦးတီထွင်သူများ၏အခန်းကဏ္ဍ ပိုမိုကြီးမားလာခဲ့ပါသည်။

MSME များသည် အလုပ်အကိုင်ဖန်တီးပေးနိုင်ပါသည်။ ဒေသတွင်းဝင်ငွေတိုးတက်စေနိုင်ပါသည်။ အကြီးစားစက်မှုလုပ်ငန်းများနှင့် ထောက်ပံ့ကွင်းဆက် (Supply Chain) ချိတ်ဆက်နိုင်ပါသည်။ ပြည်တွင်း ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါသည်။

အင်တာနက်နှင့်ဒီဂျစ်တယ်နည်းပညာများ ကျယ်ပြန့်လာခြင်းကလည်း လုပ်ငန်းစတင်ရန် ကုန်ကျစရိတ်များကို လျှော့ချပေးခဲ့ပြီး လုပ်ငန်းငယ်များကိုပင် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်စေခဲ့ပါသည်။

စီးပွားရေးပျိုးထောင်မှုစနစ် (Business Incubators)၊ စီးပွားရေးအရှိန်မြှင့်ပေးမှုစနစ် (Accelerators)နှင့် စွန့်စားရဲသော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (Venture Capital)စနစ်များ ပေါ်ပေါက်လာခြင်းက စွန့်ဦးတီထွင်လုပ်ငန်းသစ်များ ရှင်သန်ကြီးထွားနိုင်ရေးအတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးလာခဲ့ပါသည်။ ထို့ကြောင့် အစိုးရ၏အခန်းကဏ္ဍသည်လည်း ပြောင်းလဲလာရပါသည်။

အစိုးရကိုယ်တိုင် ထုတ်လုပ်သူဖြစ်နေခြင်းတစ်ခုတည်းထက် ပုဂ္ဂလိကကဏ္ဍ၊ MSME နှင့် စွန့်ဦးတီထွင်သူများ လွတ်လပ်စွာကြီးထွားနိုင်ရန် သင့်လျော်သော မူဝါဒ၊ ငွေကြေး၊ နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် ဈေးကွက်ပတ်ဝန်းကျင်တို့ ဖန်တီးပေးသည့် ဝန်းကျင်ကောင်းဖန်တီးပေးသူ(Enabler)အဖြစ် အရေးပါလာပါသည်။

ဆဋ္ဌမမျိုးဆက်-မြေ၊ အရင်းအနှီးနှင့် စက်ပစ္စည်းထက် “အသိပညာ” က ပိုတန်ဖိုးရှိလာခြင်း

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ကမ္ဘာ့စီးပွားရေး၏တန်ဖိုး ဖန်တီးမှုပုံစံ အခြေခံကျကျပြောင်းလဲလာပါသည်။ ယခင်က စက်ရုံအရွယ်အစား၊ စက်ယန္တရားအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးပမာဏတို့ကို အဓိကထားခဲ့သော်လည်း အသိပညာ၊ နည်းပညာ၊ သုတေသနနှင့်ဆန်းသစ်တီထွင်နိုင်စွမ်းတို့က ပိုမိုအရေးပါလာခဲ့ပါသည်။

ဆန်းသစ်တီထွင်မှု (Innovation) သည် ကုမ္ပဏီတစ်ခုတည်းက ဖန်တီးနိုင်သည့်အရာမဟုတ်တော့ပေ။ တက္ကသိုလ်များက အသိပညာနှင့်သုတေသနကို ဖန်တီးပေးရပါသည်။ စက်မှုလုပ်ငန်းများက ထိုအသိပညာကို ထုတ်ကုန်နှင့် စီးပွားရေးတန်ဖိုးအဖြစ် ပြောင်းလဲရပါသည်။ အစိုးရက သင့်လျော်သော မူဝါဒ၊ စည်းမျဉ်းနှင့် အထောက်အပံ့ပတ်ဝန်းကျင်ကို ဖန်တီးပေးရပါသည်။

ထို့အပြင် အထူးသီးသန့်ပြုလုပ်မှုများ (Smart Specialisation)၊ ဒေသအလိုက်ဆန်းသစ်တီထွင်မှုစနစ်များ (Regional Innovation System) နှင့် စွန့်ဦးတီထွင်သူများ ဂေဟစနစ် (Entrepreneurship Ecosystem) စသည့် အယူအဆများလည်း ပိုမိုအရေးပါလာပါသည်။

ဉာဏ်ရည်တု(AI)၊ ကြီးမားသောဒေတာအချက်အလက်များ(Big Data)၊ အင်တာနက်ချိတ်ဆက်ကိရိယာများ (IoT)နှင့် ခိုင်လုံသော မှတ်တမ်းကွင်းဆက်နည်းပညာ(Blockchain)ကဲ့သို့သော ဒီဂျစ်တယ်နည်းပညာများသည် ထုတ်လုပ်မှုမှ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေမှုအထိ စီးပွားရေးလုပ်ငန်းပုံစံများကို ပြောင်းလဲစေခဲ့ပါသည်။

ထို့ကြောင့် စီးပွားရေးတိုးတက်မှု၏ အခြေခံသည် “အရင်းအနှီးပမာဏ မည်မျှရှိသနည်း”ဟူသော မေးခွန်းမှ “အသိပညာနှင့် ဆန်းသစ်တီထွင်နိုင်စွမ်း မည်မျှရှိသနည်း” ဟူသော မေးခွန်းဆီသို့ ရွေ့လျားလာခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment