Thursday, August 13, 2026

ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသို့ …..

ယနေ့ကာလတွင် ဖြစ်ပေါ်နေသည့် နည်းပညာတိုးတက်ပြောင်းလဲမှု၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ လူဦးရေပြောင်းရွှေ့မှု၊ ကမ္ဘာ့စီးပွားရေးပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှု စသည့်ကြီးမားသောစိန်ခေါ်မှုများသည် နိုင်ငံအဆင့်သာမက သက်ဆိုင်ရာနိုင်ငံအတွင်းရှိ ဒေသများအပေါ်သို့လည်း သက်ရောက်လျက်ရှိပါသည်။

ထိုသက်ရောက်မှုတို့သည် ဒေသတစ်ခုနှင့်တစ်ခုအပေါ် သက်ရောက်မှုခြင်း မတူညီကြသဖြင့် ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် မတူညီသည့်အခြေအနေများကို ဟန်ချက်ညီကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာပါသည်။ ဒေသတစ်ခုနှင့်တစ်ခုသည် လူဦးရေ၊ နေရာတည်ရှိမှု၊ သဘာဝအရင်းအမြစ်များ၊ ရာသီဥတုများ မတူညီကြသကဲ့သို့ ဒေသအလိုက် ဝင်ငွေ၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံနှင့် အလုပ်အကိုင်အခွင့်အလမ်းစသည့် ကဏ္ဍနယ်ပယ်အသီးသီးတွင်လည်း ကွာဟချက်များ ရှိနေကြပါသည်။

အချို့သောဒေသများတွင် စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းများနှင့် သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားကြသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နိုင်ကြသော်လည်း အချို့ဒေသများတွင် လူသားအရင်းအမြစ်၊ သဘာဝအရင်းအမြစ်နှင့် အခြားအခွင့်အလမ်းများနည်းပါးမှုကြောင့် ဖွံ့ဖြိုး တိုးတက်မှုနိမ့်ကျနေကြပါသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ်လေ့လာမှုအရ ဒေသများ၏စီးပွားရေးအခွင့်အလမ်း ကွာဟချက်များကြောင့် ဒေသများ၏လူနေမှုအဆင့်အတန်းများ ကွာခြားစေပြီး ဒေသတစ်ခုချင်းစီ၏ ကုန်ထုတ်စွမ်းအားကို လျော့ကျစေလျက်ရှိသည်ဟု ဆိုပါသည်။ ဒေသတစ်ခုချင်းစီ၏ ကုန်ထုတ်စွမ်းအား၊ ဝင်ငွေ၊ စီးပွားရေးအခွင့်အလမ်းတိုးတက်စေရန်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

ဒေသအခြေပြုမူဝါဒသည် ယနေ့ခေတ်မှ ပေါ်ပေါက်လာသည့် အယူအဆတစ်ရပ်မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာတွင် လူနှင့်နေရာဒေသတို့အကြား ဆက်နွှယ်မှုကို သိရှိနားလည်ရန် စီးပွားရေး၊ လူမှုရေးနှင့် ပထဝီဝင်ဆိုင်ရာ ဆွေးနွေးမှုများမှတစ်ဆင့် ဆယ်စုနှစ်များစွာအတွင်း တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့သည့် အယူအဆတစ်ရပ်ဖြစ်ပါသည်။

တူညီသောစီးပွားရေး အခွင့်အလမ်းတစ်ခုကိုပင် မတူညီစွာတုံ့ပြန်

နိုင်ငံအတွင်းရှိ ဒေသတစ်ခုချင်းစီတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍ၊ အလုပ်သမား ရရှိနိုင်မှု၊ ပြင်ပစီးပွားရေးအကျိုးသက်ရောက်မှုများနှင့် စီးပွားရေးဖွဲ့စည်းပုံတို့ မတူညီသောကြောင့် ဒေသတစ်ခုနှင့်တစ်ခုသည် တူညီသောစီးပွားရေး အခွင့်အလမ်းတစ်ခုကိုပင် မတူညီစွာတုံ့ပြန်နိုင်ကြပါသည်။ ထို့ကြောင့် ဒေသအခြေအနေများကို မထည့်သွင်းဘဲ နိုင်ငံတစ်ဝန်းလုံးအတွက် တစ်ပြေးညီ စီးပွားရေးမူဝါဒချမှတ်ခြင်းသည် အမြဲတမ်းမှန်ကန်မည်မဟုတ်ကြောင်း Chinitz (1961) က ဆိုပါသည်။

အကြောင်းမှာ ဒေသတစ်ခု၏ စီးပွားရေးတိုးတက်မှုသည် ပြင်ပမှဝယ်လိုအား သို့မဟုတ် အရင်းအနှီးများ ဝင်ရောက်လာခြင်းတစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဒေသအတွင်းရှိ စီးပွားရေးဖွဲ့စည်းပုံ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားဈေးကွက်နှင့် အဖွဲ့အစည်းများ၏အခြေအနေများနှင့်ပါ ဆက်စပ်နေသောကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဒေသဆိုင်ရာအစိုးရများ၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များသည် ဒေသတစ်ခုချင်းစီအတွက်သာ အကျိုးရှိစေသည်မဟုတ်ဘဲ နိုင်ငံတော်တစ်ခုလုံး၏ လူမှုစီးပွားရေးအကျိုးကိုလည်း ပေါင်းစပ်မြှင့်တင်နိုင်သည်ဟု Chinitz က ဆိုပါသည်။

အလားတူပင် Clark (1983) ၊ Agnew (1984) နှင့် Bolton (1992) တို့၏ အယူအဆများအရ နေရာဒေသတစ်ခုချင်းစီတွင် မတူညီသောစီးပွားရေးဖွဲ့စည်းပုံ၊ အဖွဲ့အစည်းများ၊ လူမှုကွန်ရက်များ၊ infrastructure ၊ community integrity နှင့် place attachment များရှိနေကြောင်း McCann (2023) က သုံးသပ်ခဲ့ပါသည်။ McCann ၏ သုံးသပ်ချက်အရ place-based policies သည် လူများကိုသာကူညီခြင်း သို့မဟုတ် နေရာများကိုသာကူညီခြင်းဟူသော နှစ်ခုထဲမှတစ်ခုကိုရွေးချယ်ခြင်းမဟုတ်ဘဲ လူများနေထိုင်သည့် နေရာ၏အခြေအနေများကို ပြုပြင်ပေးခြင်းအားဖြင့် ယင်းဒေသမှ ပြည်သူတို့၏ စီးပွားရေးနှင့် လူမှုရေးအခွင့်အလမ်းများတိုးတက်စေရန် ကြိုးပမ်းသည့်နည်းလမ်းဖြစ်ကြောင်း ဆိုပါသည်။

သို့ဖြစ်ရာ ဒေသအခြေပြုမူဝါဒသည် ဒေသအလိုက် စီးပွားရေးတုံ့ပြန်မှုမတူညီခြင်းများ၊ လူမှုအသိုက်အဝန်းနှင့် ဒေသအပေါ်တန်ဖိုးထားမှုများကို အသိအမှတ်ပြုခြင်း၊ လူမှုရေးဆိုင်ရာတန်ဖိုးနှင့် ဒေသအဖွဲ့အစည်းတို့၏အရေးပါမှုကို အလေးထားအကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။ ယင်းသို့သော ဒေသအခြေပြုမူဝါဒသည် ဒေသတစ်ခုကိုသာ သီးခြားအခွင့်အရေးပေးခြင်းမဟုတ်ဘဲ ယင်းဒေသတစ်ခုချင်းစီ၏ စီးပွားရေး၊ လူမှုရေး၊ အဖွဲ့အစည်းဆိုင်ရာနှင့် ပထဝီဝင်ဆိုင်ရာ ထူးခြားချက်များကို ထည့်သွင်းစဉ်းစား၍ ပြည်သူလူထုအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးသည့် နည်းလမ်းလည်းဖြစ်ပါသည်။

ယနေ့ခေတ် ဒေသဖွံ့ဖြိုးရေးအယူအဆများ အရလည်း Place-based Development သည် အထူးအရေးပါလာပါသည်။ ထိုအယူအဆအရ ဒေသတစ်ခုချင်းစီ၏ ပထဝီဝင်အနေအထား၊ သဘာဝ သယံဇာတ၊ လူမှုယဉ်ကျေးမှု၊ လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များ မတူညီသောကြောင့် "One-size-fits-all" မူဝါဒဖြင့် ဖွံ့ဖြိုးရေးမဆောင်ရွက်သင့်ဘဲ ဒေသတစ်ခုချင်းစီ၏ အားသာချက်နှင့် အားနည်းချက်များကို အခြေခံ၍ မူဝါဒများချမှတ်ရန် အလေးထားလာကြပါသည်။

နှစ်ဆယ်ရာစု၏ ဒုတိယနှစ်ဝက်ကာလ၌ ဒေသတွင်းအခြေပြု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သီအိုရီများ ပေါ်ပေါက်လာခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ရှုမြင်သုံးသပ်သည့် နည်းလမ်းအသစ်တစ်ရပ် ပေါ်ပေါက်လာစေခဲ့ပါသည်။ ယင်းသီအိုရီများအရ ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုဖြစ်ပေါ်ရခြင်းမှာ ဒေသတစ်ခုနှင့်တစ်ခု၏ အတွင်းပိုင်း ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းအလားအလာမတူညီခြင်းကြောင့်ဖြစ်သည်ဟု ဆိုပါသည်။

ထိုအတွင်းပိုင်း ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းတွင် ဒေသတစ်ခု၏ ယခင်ရှိပြီးသား ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ လူသားအရင်းအနှီးနှင့် လူမှုရေးအရင်းအနှီးတို့၏ အရည်အသွေး၊ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုကို အားပေးနိုင်သည့် ပတ်ဝန်းကျင်တို့ ပါဝင်သည်။ Endogenous Growth Theory သည် ဒေသဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားမှာ ဒေသတွင်းရှိ လူသားအရင်းအမြစ်၊ အသိပညာ၊ သုတေသန၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးကွန်ရက်များဖြစ်ကြောင်း၊ ဒေသတစ်ခု၏ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းသည် ပြင်ပရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းအပေါ် မူမတည်ဘဲ ဒေသအတွင်းရှိ စွမ်းဆောင်ရည်များကို မည်မျှထိရောက်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်ဆိုသည့်အချက်ပေါ်တွင် များစွာမူတည်ကြောင်း ဆိုပါသည်။

ဒေသအခြေပြုဖွံ့ဖြိုးရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံ့စီးပွားရေး တိုးတက်မှုကိုသာ မြှင့်တင်ပေးသည့် မူဝါဒတစ်ရပ်မဟုတ်ဘဲ ဒေသအလိုက် မညီမျှမှုများကို လျှော့ချနိုင်ရန် အထောက်အကူပေးနိုင်ခြင်း၊ ပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်ခြင်း၊ ဒေသ၏အရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ခြင်းနှင့် လူမှုရေးစည်းလုံး ညီညွတ်မှုကို ခိုင်မာစေခြင်းတို့အတွက် အရေးပါသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာတစ်ရပ်ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဝင်ငွေကွာဟမှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံစသည့် လိုအပ်ချက်များတွင် ကွာဟမှုများရှိနေကြပါသည်။ အချို့ဒေသများတွင် လူဦးရေ၊ သယံဇာတ၊ ပထဝီဝင် အနေအထား စသည့်အားသာချက်များ ပိုင်ဆိုင်ထားကြသဖြင့် စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိကြသော်လည်း အချို့ဒေသများသည် ဒေသဆိုင်ရာအားနည်းချက်များကြောင့် လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်စွမ်းမရှိသဖြင့် စီးပွားရေးအခွင့်အလမ်းကောင်းများ နည်းပါးကြပါသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် လေ့လာချက်များအရ ဖွံ့ဖြိုးဆဲစီးပွားရေးအခြေအနေများတွင် လူထု၏ လူနေမှုအဆင့်အတန်းသည် နေရာဒေသအလိုက် သိသိသာသာကွာခြားနေပြီး ထိုကွာခြားမှုများ၏ အခြေခံအကြောင်းတစ်ခုမှာ ဒေသများ၏ကုန်ထုတ်စွမ်းအားကွာခြားမှုကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုသို့ ဒေသတစ်ခုနှင့်တစ်ခု ကွာခြားချက်ကြီးမားလာသည်နှင့်အမျှ အကျိုးဆက်အနေဖြင့် ရွှေ့ပြောင်းနေထိုင်ခြင်းများ ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးမူဝါဒများ အကောင်အထည်ဖော်ရာ၌ အများပြည်သူဝန်ဆောင်မှုများ၊ အခြေခံအဆောက်အအုံ၊ ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဒေသအုပ်ချုပ်ရေးစွမ်းရည်များ ပေါင်းစပ်မြှင့်တင်ပေး၍ ကုန်ထုတ်စွမ်းအားမြှင့်တင်ပေးရန် လိုအပ်ကြောင်း OECD က ဆိုပါသည်။

ထို့အပြင် ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောက်ခြေမှအထောက်အကူပြုပေးသည့် အခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ဗဟိုအခြေ ပြုဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ဖွံ့ဖြိုးရေးမူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၏ မတူညီသောအဆင့်များ ဖြစ်ကြပါသည်။ Central-based development ၏ သဘောသည် နိုင်ငံတော်ဗဟိုအစိုးရက ဖွံ့ဖြိုးရေးဦးစားပေးကဏ္ဍများ၊ ဘတ်ဂျက်ခွဲဝေမှု၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် နိုင်ငံတော်အဆင့်မူဝါဒများကို အဓိကဆုံးဖြတ်၍ ဒေသများတွင် အကောင်အထည်ဖော်စေသည့် top-down approach ဖြစ်ပါသည်။

ဤနည်းလမ်း၏ အားသာချက်မှာ နိုင်ငံတစ်ဝန်းတူညီသောစံနှုန်းများ ချမှတ်နိုင်ခြင်း၊ အမျိုးသားအဆင့် အခြေခံအဆောက်အအုံကြီးများကို အရင်းအမြစ်များစုစည်း၍ အကောင်အထည်ဖော်နိုင်ခြင်းနှင့် ဒေသများအကြား ဘဏ္ဍာငွေပြန်လည် ခွဲဝေပေးနိုင်ခြင်းတို့ ဖြစ်ပါသည်။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒေသအစိုးရများ၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးစွမ်းရည်များ လိုအပ်နေသေးသည့် အခြေအနေ၌ ဗဟိုအစိုးရ၏ ဦးဆောင်မှုလိုအပ်ပါသည်။ အချို့နိုင်ငံများတွင် ဒေသအစိုးရများသည် ဝန်ဆောင်မှုများကိုထိရောက်စွာပေးနိုင်ရန် ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မလုံလောက်သည့်အခြေအနေတွင် ဗဟိုအစိုးရနှင့် ဒေသအစိုးရအကြား တာဝန်နှင့်အရင်းအမြစ် ခွဲဝေအကောင်အထည်ဖော်မှုမှာ အရေးကြီးကြောင်း UNDP က ဆိုပါသည်။

သို့သော်လည်း central-based approach ကို အလွန်အကျွံအသုံးပြုခြင်းကြောင့် အားနည်းချက်အနေဖြင့် နိုင်ငံတစ်ခုအတွင်း ဒေသတစ်ခုနှင့်တစ်ခု၏ ပထဝီဝင်အခြေအနေ၊ သဘာဝသယံဇာတ၊ လူဦးရေဖွဲ့စည်းပုံ၊ စီးပွားရေးအခြေခံ၊ ယဉ်ကျေးမှုနှင့်ဒေသခံများ၏ လိုအပ်ချက်များမတူညီခြင်းကြောင့် ဗဟိုမှ တစ်ပြေးညီချမှတ်သောမူဝါဒသည် ဒေသအားလုံးအတွက် တူညီသောထိရောက်မှုမပေးနိုင်သည်ကို တွေ့ရပါသည်။

OECD ၏ 2023 Regional Outlook အရ နိုင်ငံတစ်ခုအတွင်း ဒေသများ၏ အခြေအနေများ မတူညီခြင်းကြောင့် မူဝါဒများကို ဒေသအလိုက် သီးခြားလိုအပ်ချက်နှင့် အခွင့်အလမ်းများပြင်ဆင်ပေးရန် လိုအပ်ကြောင်းဆိုပါသည်။ place-based approach သည် central-based approach နှင့် မတူဘဲ ဒေသတစ်ခုချင်းစီတွင်ရှိသည့် စီးပွားရေးအခြေအနေ၊ လူဦးရေ၊ ယဉ်ကျေးမှု၊ ဆင်းရဲနွမ်းပါးမှု၊ အခြေခံအဆောက်အအုံနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်အပေါ်မူတည်၍ ဖွံ့ဖြိုးရေးအစီအစဉ် ချမှတ်ခြင်းဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဒေသတစ်ခုချင်းစီ၏ ထူးခြားသည့်အခြေအနေနှင့် အားသာချက်များကိုအခြေခံ၍ ဖွံ့ဖြိုးရေးမဟာဗျူဟာများချမှတ်သည့် နည်းလမ်းဖြစ်ပါသည်။ place-based development သည် နိုင်ငံ၏ ဒေသအားလုံးကို တစ်ပုံစံတည်း ဖွံ့ဖြိုးစေရန် အကောင်အထည်ဖော်ခြင်းမဟုတ်ဘဲ ဒေသတစ်ခုချင်းစီ၏ comparative advantages ကို အသုံးချအကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ရန် ရေခံ မြေခံ၊ ရာသီဥတု၊ အခြားဆက်စပ်သည့်အရင်းအမြစ် များရှိသည့်ဒေသတွင် လယ်ယာထုတ်လုပ်မှု၊ရေသွင်းစနစ်နှင့် agricultural value chains ကို ဦးစားပေး အကောင်အထည်ဖော်သကဲ့သို့ သဘာဝအလှအပနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည့်ဒေသတွင် ခရီးသွားလုပ်ငန်းနှင့် ဒေသထွက်ကုန်များကို အခြေခံသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာကို အသုံးပြုခြင်းဖြစ်ပါသည်။ ယင်းသည် ဒေသအားလုံးကို တစ်ပုံစံတည်းဖွံ့ဖြိုးစေခြင်းထက် ဒေသတစ်ခုချင်းစီ၏ comparative advantages များကို ဖော်ထုတ်အသုံးချသည့် နည်းလမ်းဖြစ်ပါသည်။ OECD ၏ လက်ရှိမူဝါဒအမြင်အရလည်း ဒေသတစ်ခုချင်းစီ၏ စီးပွားရေးနှင့် လူမှုရေးဖွဲ့စည်းပုံမတူညီသောကြောင့် place-based approach သည် ပိုမိုသင့်လျော်သော မူဝါဒချမှတ်မှုအတွက် အရေးပါကြောင်း ဆိုပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment