Tuesday, August 25, 2026

အနေဝေးသော်လည်း သွေးမဝေးသည့် ယုံကြည်စိတ်ချအားထားရသော မိတ်ဆွေနိုင်ငံ

 

မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

ဘယ်လာရုစ်သမ္မတနိုင်ငံသည် ရုရှားနိုင်ငံကဲ့သို့ပင် မိတ်ရင်းဆွေရင်း ညီအစ်ကိုသူငယ်ချင်းနိုင်ငံ ပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆုံတွေ့လျှင် ဘယ်လာရုစ်နိုင်ငံလည်း မပါမဖြစ်ပါသလို တစ်သားတည်း အတူလက်တွဲ ရင်းနှီးဆက်ဆံခဲ့ကြသည်။ ရုရှား၊ ဘယ်လာရုစ် သံယောဇဉ်သည် ကြာရှည်လေမြင့်လေ ခိုင်မြဲလာခဲ့သည်။ အနေဝေးသော်လည်း၊ အသွေးအသားမတူသော်လည်း သွေးမဝေးသည့်၊ ယုံကြည်စိတ်ချအားထားရသည့် ထာဝရမိတ်ဆွေ၊ ထာဝရသူငယ်ချင်းနိုင်ငံပင်ဖြစ်သည်။ ငယ်စဉ်က အတူသွားအတူလာခဲ့ကြသော သူငယ်ချင်းများကို သတိရသကဲ့သို့ပင် အခါအခွင့်သင့်တိုင်း မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံတို့သည် မဖြစ်မနေဆုံတွေ့၍ သူ့နိုင်ငံအကျိုး၊ ကိုယ့်နိုင်ငံအတွက် အကျိုးချင်းထပ်ဖလှယ်လေ့ရှိကြသည်။ အပြန်အလှန် ရိုင်းပင်းကူညီ ဖေးမလေ့ရှိကြသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြသည်။



ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကိုသည် ယခုခရီးစဉ်မတိုင်မီပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ရှည်လျားသည့် ခရီးစဉ်လမ်းကြောင်းဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံတို့သို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်ခဲ့သည်။ ထိုခရီးစဉ်မှ အပြန်ခရီးတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ အပေါ် သံယောဇဉ်ကြီးကြီးမားမားရှိသည်မှာ ပေါ်လွင်သည်။ အထူးခင်မင်မှုသဘောဖြင့် မဖြစ်မနေအလုပ်သဘော တရားဝင်ခရီးအဖြစ် ရောက်ရှိလာ ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့သည် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ယခုဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိခဲ့သည့် တရားဝင်ခရီးစဉ်အပါအဝင် ခုနစ်ကြိမ်မြောက် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မလွဲမသွေဆောင်ရွက်မည်

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဩဂုတ် ၂၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကိုက သမ္မတနန်းတော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့သည်။ ဘယ်လာရုစ်သမ္မတအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားကို လှိုက်လှိုက်လှဲလှဲ ပြောကြားခဲ့သည်။ ဘယ်လာရုစ်သမ္မတသည် ယမန်နေ့ကလည်း နိုင်ငံတော်သမ္မတနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ပွင့်လင်းစွာဖြင့် လေးလေးနက်နက် ဆွေးနွေးခဲ့သည်။ ယခုတရားဝင် ထပ်မံတွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည်များကို အထူး အလေးပေးဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများ လူမှုစီးပွားဘဝအတွက် လိုအပ်ချက်များရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးလိုစိတ်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးချက်များကို မလွဲမသွေ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကန့်သတ်ချက်မထား

နိုင်ငံတော်သမ္မတက နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်ရန် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီးပွားရေး၊ နည်းပညာနှင့် အခြားနယ်ပယ်များအားလုံးတွင် ကန့်သတ်ချက်မထားရှိပါဟု ယခင်က ပြောကြားဖူးကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ အပြည့်အဝရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အသိအမှတ်ပြု ချီးကျူးပြောကြားပေးသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ရွေးကောက်ခံအစိုးရ အနေဖြင့်ရော၊ မိမိ၏ ပုဂ္ဂိုလ်ရေးအရရော မိမိတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ် ဖြင့် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွား မည်ကို ပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည် ဖြစ်သကဲ့သို့ အဆွေတော်တို့နိုင်ငံမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

ဩဂုတ် ၂၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဘယ်လာရုစ် နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေး ခန်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကို တို့တက်ရောက်ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ ပညာရေးနှင့် လူငယ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာ များလဲလှယ်ခြင်းအခမ်းအနားပြုလုပ်ရာ နှစ်နိုင်ငံ အကြား တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူ အညီပေးရေးသဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးသဘောတူညီချက်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကိုအဝေးမှ အာရုံခံစောင့်ကြည့်နိုင်သော အာကာသယာဉ်ငယ် တစ်စင်းတည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့် မှတ်တမ်းလွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြားသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus” တို့အကြားချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စသည့်နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ကိုးခုတို့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့ ရှေ့မှောက်၌ လဲလှယ်ခဲ့ကြသည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်

ဩဂုတ် ၂၁ ရက်နေ့တွင် မင့်စ်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန် အလှန်ပြောကြားကြသည်။ အပြန်အလှန် ပူးတွဲကြေညာချက် အပြန်အလှန်ပြောကြားမှုအနှစ်ချုပ် ကိုကြည့်လျှင် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများစွာကိုတွေ့ရသည်။ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အထောက်အကူပြုသွားမည်။ နှစ်နိုင်ငံကြား တွင်ရှိသည့် ယုံကြည်မှု၊ ခင်မင်ရင်းနှီးမှုကြောင့် နိုင်ငံရေး အရသာမက စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်အတွက် နှစ်နိုင်ငံအကြား သံရုံးများကို ဖွင့်လှစ်သွားမည်။ ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်ရာတွင် ၂၀၂၆-၂၀၂၈ လမ်းပြမြေပုံကို အခြေခံပြီး ပူးပေါင်း ဆောင်ရွက်သွားမည်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် သိပ္ပံနှင့် နည်းပညာအခန်း ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်နေသည်။ လာမည့်နှစ်တွင် ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။

မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံမှ ကျောင်းသား များကို ဘယ်လာရုစ်နိုင်ငံတွင်ရှိသည့် တက္ကသိုလ်များတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးသွားမည်။ နှစ်နိုင်ငံ ပါလီမန်အချင်းချင်းဆက်ဆံမှု၊ နှစ်နိုင်ငံ နိုင်ငံရေးပါတီများအကြား ဆက်ဆံမှုကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်။ ဇူလိုင်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ကို ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းသာမက အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်။လုပ်ဖော် ကိုင်ဖက်ဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကျေးဇူးတင်ရှိသည်။ ပုဂ္ဂိုလ်ရေးအရအားတက်သရော ဆောင်ရွက်ခဲ့သလို မပြောင်းလဲသည့်သဘောတရား နှင့် ယခုအချိန်အထိ ဆက်ဆံပေးသည့်အတွက် ကျေးဇူးတင်ရှိသည်။ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် သဘောတူညီချက်များအားလုံးကို ဘယ်လာရုစ်နိုင်ငံဘက်မှ ဗျူရိုကရက်တစ် ယန္တရားကိုကျော်လွန်ပြီး အကောင်းဆုံး အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်မည်ဟု အာမခံကြောင်းသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကိုက ပြောကြားခဲ့သည်။

နားလည်မှုစာချွန်လွှာ ကိုးခု

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကောင်းမွန်သည့် ဆက်ဆံရေးသည် မကြာသေးမီနှစ်များတွင် အရှိန် အဟုန်ဖြင့် ပိုမိုတိုးတက်လာခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲများအကြား အပြန်အလှန်ခရီးစဉ်များ ရှိခဲ့ပြီး ခေါင်းဆောင်ပိုင်းသာမက အဆင့်အသီးသီးနှင့် နယ်ပယ်အသီးသီးတွင် နီးကပ်သည့်ဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလာခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လတွင် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး နိုဝင်ဘာလတွင် အဆွေတော်သမ္မတကြီးလည်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည် ရေးခရီးစဉ်အဖြစ် ပြန်လည်လာရောက်လည်ပတ်ခဲ့သည်။ ခရီးစဉ်များအတွင်း နှစ်နိုင်ငံအနာဂတ် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယခုခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ကိုးခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေး အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ပိုမိုချဲ့ထွင်နိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့သည်။

နှစ်နိုင်ငံအစိုးရအကြားတွင်သာမက လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့သည်။ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည်လည်း ဇူလိုင်လအတွင်း အသက်ဝင်ခဲ့ပြီဖြစ်သည့်အတွက် ခရီးသွားကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံမှုမြှင့်တင်နိုင်မည့် အလားအလာများကို ဆွေးနွေးနိုင်ခဲ့ကြသည်။ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံ အမှီသဟဲပြုပြီး ဆက်လက်ရပ်တည်သွားရေးကို ဆွေးနွေးခဲ့သည်။ ယခုခရီးစဉ်အတွင်း ထူးခြားချက်သည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် တရားဝင်အဆင့်မြှင့်တင် နိုင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ပြုလုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း မကြာမီ ဘယ်လာရုစ်သံရုံးကို လာရောက်ဖွင့်လှစ်မည်ဖြစ်၍ ကြိုဆိုလျက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများရှိသည့် မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံမှ နယ်ပယ် ကဏ္ဍစုံ စီးပွားရေးလုပ်ငန်းရှင်များ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစသည့်ကဏ္ဍများ တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ထပ်မံဖိတ်ခေါ်ခဲ့ သည်။ မြန်မာနိုင်ငံတွင်ရှိသည့် အထူးစီးပွားရေးဇုန်များ အနက် စီးပွားရေးအချက်အချာကျသည့် ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ဘယ်လာရုစ်နိုင်ငံ အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

ကူညီထောက်ခံဆောင်ရွက်

ဘယ်လာရုစ်သမ္မတနိုင်ငံမင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၂၁ ရက်နေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဘယ်လာရုစ်သမ္မတ နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့အား မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ပူးတွဲတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံတစ်ခုဖြစ်မှုနှင့် နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်း‌ဆောင်ရွက်မှုများ ခိုင်မာကောင်းမွန်လျက်ရှိမှု၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာလမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ် ရေးထိုးနိုင်ခဲ့မှု၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးအတွက် နှစ်နိုင်ငံနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွား မည့်အခြေအနေများ၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ကူညီထောက်ခံဆောင်ရွက်ပေးလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့သည်။

ဘယ်လာရုစ်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်ကလည်း ဘယ်လာရုစ်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ဘယ်လာရုစ်လွှတ်တော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိမှု၊ လွှတ်တော်နှစ်ရပ်အကြားအပြန်အလှန် လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အဖွဲ့အစည်းများ၊ လူငယ်လူရွယ်နှင့် အမျိုးသမီးရေးရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့်အခြေအနေနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ဓာတ်မြေဩဇာတင်ပို့ရေး

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၂၀ ရက် ဒေသစံတော် ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့ရှိ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုလေ့လာခဲ့ သည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Grodno မြို့ လေဆိပ်သို့ရောက်ရှိကြရာ Grodno ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Yuri Khadzhimuratovich နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိ သူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက် ကြသည်။ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံ၏သမိုင်းကြောင်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု သင်တန်းများသင်ကြားပေးနိုင်မှု၊ နှစ်အလိုက်ဓာတ်မြေဩဇာများထုတ်လုပ်နိုင်မှု၊ စက်ရုံမှ ဘယ်လာရုစ်နိုင်ငံ၏ ပြည်တွင်းစားရေရိက္ခာဖူလုံရေး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများ ထုတ်လုပ်လျက်ရှိသကဲ့ သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချ လျက်ရှိမှု၊ ဓာတ်မြေဩဇာစက်ရုံမှ အခြားထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိမှု၊ဈေးကွက် လိုအပ်ချက်ရှိသည့် နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိမှု၊ ဈေးကွက်သို့ဖြန့်ခွဲ ရောင်းချလျက်ရှိမှုနှင့် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာ များတင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ Grodno Azot ဓာတ်မြေဩဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ ဂရော့ဒ်နိုမြို့ (Grodno) တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော ဥရောပတိုက်၏ အကြီးဆုံး နိုက်ထရိုဂျင် အခြေခံဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး နိုင်ငံပိုင်စက်ရုံကြီးတစ်ခုဖြစ်သည်။ အဆိုပါ စက်ရုံသည် အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea)နှင့် နိုက်ထရိုဂျင် ဓာတ်မြေဩဇာအမျိုးမျိုးကို အဓိကထုတ်လုပ်ပြီး ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေးနေသည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့လည်း တင်ပို့နေသည့် ဘယ်လာရုစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အရေးပါသော စက်ရုံကြီးတစ်ခု ဖြစ်သည်။        

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment