Thursday, August 13, 2026

လူငယ်ကျန်းမာ၊ အနာဂတ်ချမ်းသာ - နောက်ခံမတူငြား၊ ရည်မှန်းတူထား

 




ဒေါက်တာအောင်ထွဏ်း (အငြိမ်းစား၊ ကျောင်းကျန်းမာ)

စည်ကားသိုက်မြိုက်သော မြို့ပြများတွင်ဖြစ်စေ၊ ကျေးလက်စာသင်ကျောင်းများတွင်ဖြစ်စေ၊ သို့မဟုတ် အခက်အခဲများမှ ပြန်လည်ထူထောင်နေသော လူထုအသိုက်အဝန်းများတွင်ဖြစ်စေ မြန်မာလူငယ်များသည် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ ရွယ်တူချင်းများကဲ့သို့ပင် ရိုသေလေးစားခံရမှု၊ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်၊ အရည်အသွေးမြင့်မားသော ပညာရေး၊ ကောင်းမွန်သော ကျန်းမာရေးနှင့် မိမိတို့၏ အနာဂတ်ကို ပုံဖော်ရာတွင် စစ်မှန်သော ပါဝင်ပြောဆိုခွင့်စသည့်တူညီသော မျှော်လင့်ချက်များကို ပိုင်ဆိုင်ထားကြသည်။ ဤဆောင်းပါးသည် အဆိုပါနေ့ရက်၏ ကမ္ဘာ့အဆင့်အရေးပါပုံကို မီးမောင်းထိုးပြထားပြီး မြန်မာ့လူငယ်များ၏ ကျန်းမာရေးအခြေအနေ၊ ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်ကာ အကျိုးရှိသော ပူးပေါင်းပါဝင်မှုလမ်းကြောင်းများကို ဖော်ပြပေးထားပါသည်။

ယနေ့မြန်မာ့လူငယ်များ၏ ကျန်းမာရေးအခြေအနေ

ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့​သော အသက် ၁၃ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား ၁၁၅၅ ဦးအား လေ့လာခဲ့သည့် ၂၀၂၅ ခုနှစ် ကျောင်းအခြေပြု ဆယ်ကျော်သက်လူငယ်ကျန်းမာရေးသုတေသနစစ်တမ်းအရ -

၂၃ ဒသမ ၀ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် လျော့နည်းနေခြင်း၊

၃၁ ဒသမ ၀ ရာခိုင်နှုန်းမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲနေခြင်း၊

၁၀ ဒသမ ၄ ရာခိုင်နှုန်းမှာ အထီးကျန်ဆန်မှုကို ခံစားနေရခြင်းများ ရှိနေသည်။

အပြုသဘောဆောင်သော အချက်များအနေဖြင့် ကျန်းမာရေးနှင့် သန့်ရှင်းရေးအလေ့အထများ ကောင်းမွန်ကြပြီး (၉၀ ဒသမ ၉ ရာခိုင်နှုန်းမှာ သွားပုံမှန်တိုက်ကြသည်)၊ ကာကွယ်ဆေးနှင့် သန်ချဆေးတိုက်ကျွေးမှုများတွင်လည်း လွှမ်းခြုံမှုကောင်းမွန်ကြောင်း (၉၉ ဒသမ ၀ ရာခိုင်နှုန်း သန်ချဆေးရရှိခဲ့ပြီး ၄၈ ဒသမ ၄ ရာခိုင်နှုန်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရရှိခဲ့သည်) တွေ့ရှိရသည်။ သို့သော် ပညာရေးထိခိုက်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများနှင့် ဝမ်းစာရှာဖွေရေးအခက်အခဲများကြောင့် လူငယ်များ (အထူးသဖြင့် အမျိုးသမီးငယ်များ) အနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်ကို အပြည့်အဝဖော်ထုတ်နိုင်ရန် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ပထမ ရက် ၁၀၀ အတွင်း လူငယ်ကဏ္ဍဆိုင်ရာ တိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ

၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအ​ဝေးတွင် မြွက်ကြား​သော နိုင်ငံ​တော်အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံ​တော်အ​ခြေပြမိန့်ခွန်းတွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုချက်အဖြစ် ထည့်သွင်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ လူငယ်ဦးရေ ၁၇ သန်းခန့်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၃၂ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်သည့်အတွက် လူငယ်အင်အားများပြားသည့် နိုင်ငံဖြစ်သည်မှာ ရွှေရောင်အခွင့်အရေးတစ်ခုပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အခွင့်အလမ်းကောင်းရှိနေသော်လည်း လူငယ်ထုအတွင်းတွင် ကျောင်းထွက်နှုန်း မြင့်မားနေသည့်အတွက် အဆင့်မြင့်ပညာရရှိမှု၊ သက်မွေးပညာရေးရရှိမှု၊ ဒီဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု စသည့်ပညာရေးဆိုင်ရာအားနည်းချက်များ ဖြစ်ပေါ်နေပါကြောင်း၊ ထိုကဲ့သို့ အားနည်းချက်များကြောင့် ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင်ရရှိမှု အားနည်းခြင်း၊ ပုံမှန်လုပ်ခလစာမရရှိသည့် အလုပ် (Informal sectors) များတွင် အများစုလုပ်ကိုင်နေရခြင်း၊ ကျောင်းသင်ပညာရေးနှင့် အလုပ်အကိုင်ကိုက်ညီမှုအားနည်းခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုဂေဟစနစ်အားနည်းခြင်း စသည့်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ၊ မူးယစ်ဆေးဝါးပြဿနာ၊ အွန်လိုင်းလောင်းကစား၊ အကြမ်းဖက်မှုနှင့် ရာဇဝတ်​မှုများ၊ စိတ်ကျန်းမာရေးပြဿနာများ စသည့် လူမှုရေးဆိုင်ရာစိန်ခေါ်မှုများအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု (Civic Engagement) နည်းပါးခြင်း၊ ပရဟိတလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် စိတ်ရင်းစေတနာဖြင့် လုပ်ကိုင်ကြသည် မှန်သော်လည်း စနစ်တကျဆောင်ရွက်နိုင်မှု အားနည်းခြင်း စသည့်အမျိုးသားရေးစိတ်ဓာတ် ဖွံ့ဖြိုးရေးဆိုင်ရာစိန်ခေါ်မှုများကိုလည်း မိမိတို့နိုင်ငံတွင် တွေ့ကြုံနေရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်အဖြစ် “စွမ်းရည်ပြည့်ဝသော လူငယ်၊ အားကောင်းသောနိုင်ငံ၊ မျှဝေပိုင်ဆိုင်သော အနာဂတ်” (Empowered Youth, Strong Nation, Shared Future) ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ထားပြီး အမျိုးသားအဆင့် လူငယ်ဖွံ့ဖြိုးရေး မူဝါဒမူဘောင်တစ်ခုရေးဆွဲကာ မဟာဗျူဟာများ၊ ရေတို/ရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ “လူငယ်တွေအနေနဲ့ ပညာရေးမှာ ကြိုးစားကြပြီး ပညာတတ်တွေ ဖြစ်အောင်လုပ်ကြဖို့၊ စည်းကမ်းနဲ့ပတ်သက်ပြီး သိရှိအောင်လုပ်ကြဖို့၊ ကြိုးစားအားထုတ်ကြဖို့ လိုပါတယ်။ နောက်ပြီး အပျော်အပါးတွေ လျှော့စေချင်တယ်။ လူငယ်တွေကြိုးစားစေချင်တယ်။ တိုင်းပြည်အတွက် အလားအလာတွေ အများကြီးရှိပါတယ်”ဟု တိုက်တွန်းပြောကြားခဲ့ပြီး နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုများနှင့်အညီ လူငယ်များဘက်ကလည်း ကြိုးစားအားထုတ်ကြရန် မီးမောင်းထိုးပြခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာရေးအတွက် Sexual, Reproductive, Maternal, Newborn, Child and Adolescent Health (SRMNCAH) မဟာဗျူဟာစီမံကိန်းများဖြင့် ကျန်းမာရေး​စောင့်​ရှောက်မှုများ၊ သတင်းအချက်အလက်များနှင့် ဘဝတွက်တာ ကျွမ်းကျင်မှုပညာရပ်များကို တိုးမြှင့်​ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်လည်း အရင်းအမြစ်ကန့်သတ်ချက်များ၊ ကျေးလက်ဒေသများအထိ ရောက်ရှိမှုနည်းပါးခြင်းများနှင့် နည်းပြဆရာကန့်သတ်ချက် စသည့်စိန်ခေါ်မှုများကို ဆက်လက်ကျော်လွှားရန် လိုအပ်နေသေးကြောင်း​ တွေ့ရပါသည်။

လူငယ်များ ပါဝင်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများတွင် အကန့်အသတ်များ ရှိနေသော်လည်း မြန်မာလူငယ်များသည် လူမှုအသိုက်အဝန်းတည်ဆောက်ရေးလုပ်ငန်းများ၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေး/ ပညာရေး စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် တက်ကြွစွာပါဝင်နေကြသည်။

လူငယ်များ၏ စွမ်းအားကို ထိရောက်စွာအသုံးချ နိုင်ရန်အတွက် -

ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးဝမ်းကျောင်း နည်းပညာသင်တန်းများပေးခြင်း၊

လုပ်ငန်းခွင် အတွေ့အကြုံရှိသူများနှင့် ချိတ်ဆက်ပေးသည့် Mentorship အစီအစဉ်များ ဖန်တီးပေးခြင်း၊

စီးပွားရေးလုပ်ငန်းသစ်များအတွက် ပံ့ပိုး ပေးခြင်းနှင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုများ လေ့ကျင့်ပေးခြင်း၊

ကျေးလက်နေလူငယ်များ၊ မသန်စွမ်းလူငယ်များနှင့် အမျိုးသမီးငယ်များအတွက် အခွင့်အလမ်းများ အတူတူရရှိစေရန် ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်သည်။

တိုက်တွန်းနှိုးဆော်ချက် (Call to Action )

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဆိုသည့် ဆောင်ပုဒ်သည် အနာဂတ်အတွက် လမ်းပြမြေပုံတစ်ခုဖြစ်သည်။

အစိုးရဌာနများအနေဖြင့် အရည်အသွေးမြင့် ပညာရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းများနှင့် လူငယ်ရေးရာကျန်းမာရေးဝန်ဆောင်မှုများကို တိုးမြှင့်ပေးရန်၊

စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် အလုပ်သင်အစီအစဉ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊

ကျန်းမာရေး၊ ပညာရေး၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိသားစုများအနေဖြင့် လူငယ်များ၏ အာဟာရ၊ ​ဆေးလိပ်နှင့် ဆေးရွက်ကြီး၊ အီးစီးကရက် (Vape) မသုံးစွဲရေးနှင့် စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ပေးရန်၊

လူငယ်များကိုယ်တိုင်ကလည်း မိမိတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပြီး ဒီဂျစ်တယ်နည်းပညာများကို အကျိုးရှိစွာအသုံးပြုကာ သမိုင်း​ပေးတာဝန်ကို တာဝန်သိစွာ ထမ်းဆောင်ကြရန် လိုအပ်ပါသည်။

ယနေ့ မြန်မာ့လူငယ်များပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါသည်။

ကျမ်းကိုးစာရင်း (References)

United Nations Department of Economic and Social Affairs (UN DESA). International Youth Day 2026: “Different Contexts, Common Aspirations.” 2026.

United Nations Development Programme (UNDP). A Generation on Hold: Youth Employment and Education in Myanmar. 2 October 2025.

Department of Medical Research, Ministry of Health, Myanmar. School-based Adolescent Health Survey in Myanmar 2025, Fact Sheet. June 2026.

The Global New Light of Myanmar, “President U Min Aung Hlaing Reports on Government’s 100-Day Progress at Pyidaungsu Hluttaw,” 1 August 2026.

Ministry of Health, Myanmar. Sexual, Reproductive, Maternal, Newborn, Child and Adolescent Health (SRMNCAH) National Strategic Plan (2021-2025).

No comments:

Post a Comment