ဟေမာဖြိုး(ရွှေခြံ)
ကမ္ဘာတစ်ဝန်းတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်လာကြပြီး ပြည်သူများအတွက် ပိုမိုလွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြပါသည်။
မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့်လည်း အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများကို ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင်၍ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
အခွန်စနစ်တစ်ခု၏ထိရောက်မှုသည် နိုင်ငံတော်၏ဘဏ္ဍာငွေရရှိမှု၊ ပြည်သူများ၏ လိုက်နာဆောင်ရွက်မှု၊ အစိုးရအပေါ်ယုံကြည်မှုတို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူများအား အချိန်ကုန်သက်သာ၍ ပွင့်လင်းမြင်သာသောဝန်ဆောင်မှုများပေးအပ်နိုင်ရန် ဒီဂျစ်တယ်စနစ်များကို တိုးချဲ့အသုံးပြုလာခဲ့ပါသည်။ ယင်းစနစ်များအနက် မော်တော်ယာဉ်ဆိုင်ရာ အခွန်ဝန်ဆောင်မှုများကို ခေတ်မီစေရန် ဖော်ဆောင်ထားသော Vehicle Automatic Valuation System (VAVS) သည် အရေးပါသော ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပါသည်။
ယနေ့ခေတ်တွင် ပြည်သူများက အခွန်ဆိုင်ရာဝန်ဆောင်မှုများကို အခွန်ရုံးသို့ လူကိုယ်တိုင် သွားရောက်ရန်မလိုဘဲအွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာရယူနိုင်ရန် မျှော်လင့်လာကြပါသည်။ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း၊ အခွန်ပေးဆောင်ခြင်းများကို အီလက်ထရောနစ်စနစ်များဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၏ အဓိကရည်ရွယ်ချက်မှာ ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို ရိုးရှင်းစေရန်၊ အချိန်နှင့်ကုန်ကျစရိတ်များကို လျှော့ချရန်၊ ပွင့်လင်းမြင်သာမှုတိုးမြှင့်ရန်နှင့် အခွန်ထမ်းများ၏ လိုက်နာဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ပါသည်။
ယခင်က မော်တော်ယာဉ်ဝယ်ယူသူများသည် အခွန်စိစစ်မှုခံယူရန်အတွက် သက်ဆိုင်ရာအခွန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ရပြီး လိုအပ်သော အထောက်အထားများတင်ပြ အခွန်စည်းကြပ်မှုခံယူ၍ ဝင်ငွေရလမ်းတင်ပြနိုင်ပါက တင်ပြစေပြီး တင်ပြနိုင်ခြင်းမရှိပါက ကျသင့်အခွန်ကို သက်ဆိုင်ရာဘဏ်များသို့ ပေးသွင်းပြီးမှသာ အခွန်ရုံးမှ ထုတ်ပေးသည့် အခွန်ဆိုင်ရာစိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ကို ရယူဆောင်ရွက်ကြရ ပါသည်။ ယင်းလုပ်ငန်းစဉ်များက အချိန်ကြာမြင့်ခြင်း၊ ခရီးစရိတ်ကုန်ကျခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာလုပ်ငန်းများ များပြားခြင်းတို့ကြောင့် အခွန်ထမ်းများအတွက် အခက်အခဲအချို့ရှိခဲ့ပါသည်။
ထို့ကြောင့် မော်တော်ယာဉ် ဝယ်ယူ/ ရောင်းချခြင်းဆိုင်ရာ အခွန်ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ မြန်ဆန်စေရန် Vehicle Automatic Valuation System (VAVS) ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ VAVS စနစ်သည် မော်တော်ယာဉ်တန်ဖိုးများကို အလိုအလျောက်စိစစ်၍ ကျသင့်အခွန်ကို စနစ်ကတွက်ချက်ပေးနိုင်သော အီလက်ထရောနစ် ဝန်ဆောင်မှုစနစ်တစ်ခု ဖြစ်ပါသည်။
VAVS စနစ်တွင် အခွန်ထမ်းများသည် အခွန်ရုံးသို့ သွားရောက်ရန်မလိုအပ်ဘဲ ပြည်တွင်းအခွန် များဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://vavs.ird.gov.mm ၌ မိမိ၏ဖုန်းနံပါတ်ကိုအသုံးပြု၍ စနစ်အတွင်းသို့ဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် စနစ်မှအလိုအလျောက်တန်ဖိုးစိစစ်မည်၊ အခွန်တွက်ချက်ပေးမည်၊ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်ကိုပေးဆောင်နိုင်မည်ဖြစ်ပါသည်။
အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD’s Tax Payment Hub မှတစ်ဆင့် MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကိုအသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ Uab Pay၊ A plus Wallet၊ Citizen Pay၊ OK$၊ Wave Money၊ Trusty Pay၊ Zego Pay၊ M-Pitesan၊ GTB Pay၊ MoMoney စသည်တို့ဖြင့်လည်းကောင်း၊ Uab Bank ၊ Shwe Bank ၊ A Bank တို့၏ Mobile Banking စနစ်များဖြင့် ပေးဆောင် နိုင်ပါသည်။
အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ Security Code ပါ အီလက်ထရောနစ်အခွန်ဆိုင်ရာစိစစ် ဆောင်ရွက်ပြီးကြောင်း(e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရှိ Help Desk Group တွင် QR Codeအား စစ်ဆေးမှုခံယူပြီး မှန်ကန်ကြောင်းအတည်ပြုချက်ရရှိပါက မော်တော်ယာဉ်အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
VAVS စနစ်အား စီမံကိန်းပထမအဆင့် (PhaseI) အနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်းမှ ပြည်တွင်း၌ဝယ်ယူရောင်းချပါက အမည်ပြောင်းမှတ်ပုံတင်နိုင်ရန် အခွန်ကိစ္စစိစစ်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စီမံကိန်းဒုတိယအဆင့် (Phase II) အနေဖြင့် ပြည်ပမှတင်သွင်းလာသော ကနဦးမော်တော်ယာဉ်များ၊ ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သော ကနဦးမော်တော်ယာဉ်များ၊ ပိုင်ရှင်အမည်ဖြင့် မှတ်ပုံတင် ခြင်းနှင့်ကုမ္ပဏီအမည်ပြောင်းအခွန်ကိစ္စစိစစ်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
စီမံကိန်းတတိယအဆင့် (Phase III) အနေဖြင့် ဝင်ငွေရလမ်းတင်ပြမည့်ကိစ္စရပ်များ၊ အမွေဆက်ခံသည့်ကိစ္စရပ်များ၊ ဌာနဆိုင်ရာမော်တော်ယာဉ်များ၊ သာသနာရေးဆိုင်ရာမော်တော်ယာဉ်များ၊ သံတမန်ရေးရာဆိုင်ရာမော်တော်ယာဉ်များ၊ အခြားအခွန်ကင်းလွတ်ခွင့်ရှိသည့် မော်တော်ယာဉ်များ အခွန်စိစစ်မှုခံယူသည့်ကိစ္စရပ်များ၊ မော်တော်ယာဉ် ရောင်းချခြင်းအတွက်အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် အခွန်စိစစ်ခြင်းကိစ္စရပ်များကို တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
VAVS စနစ်ကို အသုံးပြုခြင်းဖြင့် အခွန်ထမ်းများအနေဖြင့် မည်သည့်နေရာမှမဆို အခွန်ဝန်ဆောင်မှုများကိုရယူနိုင်မည်ဖြစ်ပြီး အခွန်ရုံးများ သို့သွားရောက်ရသည့်အချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် အခွန်ပေးဆောင်မှုလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူလာခြင်းကြောင့် အခွန်ထမ်းများ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့်လည်း အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် စီမံခန့်ခွဲနိုင်ခြင်း၊ အခွန်တွက်ချက်မှုများကို စနစ်တကျဆောင်ရွက်နိုင်ခြင်းနှင့် အခွန်ကောက်ခံရရှိမှု တိုးတက်လာခြင်းတို့ကို ရရှိစေမည်ဖြစ်သည်။ ထို့ပြင် အခွန်ထမ်းပြည်သူနှင့် အခွန်ရုံးတို့အကြား တိုက်ရိုက်ထိတွေ့မှုလျော့နည်းလာသဖြင့် ပွင့်လင်းမြင်သာမှု တိုးတက်လာပြီး ကောင်းမွန်သောအုပ်ချုပ်မှုစနစ် တည်ဆောက်ရာတွင် အထောက်အကူပြုမည်ဖြစ်သည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များက ခေတ်မီအခွန်စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးအတွက် အရေးပါသောပြုပြင်ပြောင်းလဲမှုများ ဖြစ်ပါသည်။ VAVS စနစ်သည် ယင်းပြုပြင်ပြောင်းလဲမှုများအနက် ထင်ရှားသော စီမံကိန်းတစ်ရပ်ဖြစ်ပြီး အခွန်ထမ်းများအတွက် ပိုမိုလွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်သကဲ့သို့ အခွန်ကောက်ခံမှုထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် VAVS စနစ်၏ အောင်မြင်စွာအကောင်အထည်ဖော်နိုင်မှုသည် ပြည်တွင်းအခွန် များဦးစီးဌာန၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းစေပြီး ပြည်သူ့ဗဟိုပြုအခွန်ဝန်ဆောင်မှုစနစ်တစ်ရပ် တည်ဆောက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment