ဒေါက်တာတင်ထွန်း (ဆေးပညာသင်ကြားရေး)
လူသားအရင်းအမြစ်သည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်ပါသည်။
ကျန်းမာကြံ့ခိုင်သော
နိုင်ငံသူနိုင်ငံသားများဖြင့်သာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍများသည်
ဟန်ချက်ညီညီ တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတို့၏ ကျန်းမာရေးကို
ကာကွယ်စောင့်ရှောက်ပေးနိုင်သော ကျန်းမာရေးစနစ်ကို တည်ဆောက်ခြင်းသည် နိုင်ငံတော်၏ မဟာဗျူဟာမြောက်တာဝန်တစ်ရပ်ဖြစ်ပြီး
ယင်းစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ကျန်းမာရေးလူ့စွမ်းအားများ၏ အရည်အသွေးနှင့်
စွမ်းရည်များသည် အရေးအကြီး ဆုံးအချက်တစ်ခုဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက နိုင်ငံတော်အတွက် လိုအပ်နေသော အရည်အသွေးမြင့်မားသည့်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု (High Qualified Human Resource Development) ကို
မျှော်မှန်းပြီး မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် နှစ် ၃၀ နှစ်ရှည်စီမံကိန်းနှင့်အညီ
အလေးထားအကောင်အထည်ဖော်လျက်ရှိပါသည်။
ကျန်းမာရေးစနစ်၏
အောင်မြင်မှုကို တိုင်းတာရာတွင် ခေတ်မီဆေးဘက်ဆိုင်ရာ နည်းပညာများ၊ အဆင့်မြင့်ဆေးရုံအဆောက်အအုံများ၊
ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည့်စုံမှုတို့က အရေးပါသကဲ့သို့ ပြည်သူလူထုအား စေတနာ၊
ကျွမ်းကျင်မှုနှင့် တာဝန်ယူမှုအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပေးနိုင်သော သူနာပြုနှင့်
သားဖွားစွမ်းအားစုသည်လည်း ပိုမိုအရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်လျက် ရှိပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(World Health Organization) ၏ The State of the World’s Nursing (2025) စစ်တမ်းတွင်
ကမ္ဘာပေါ်ရှိ ကျန်းမာရေးလူ့စွမ်းအားများ၏ ပျမ်းမျှ ၅၇ ရာခိုင်နှုန်းသည် သူနာပြုများဖြစ်ကြပြီး
၂၀၂၃ ခုနှစ်တွင် လူဦးရေ တစ်သောင်းလျှင် သူနာပြု ၃၇ ဒသမ ၁ ဦးနှုန်း ရှိကြောင်း ဖော်ပြထားပါသည်။
သူနာပြုနှင့်
သားဖွားများသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တစ်ခုလုံး၏ အစမှ အဆုံးထိ ပြည်သူလူထုနှင့်
အနီးကပ်ဆုံးထိတွေ့ ဆက်ဆံရသူများ ဖြစ်ကြပါသည်။ ကျန်းမာရေး မြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်း၊
ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းများအတွက် လူသားဘဝအစမှ ဘဝနေဝင်ချိန်ထိတိုင် ပြုစုစောင့်ရှောက်ပေးရပြီး
အဆင့်တိုင်းတွင် သူနာပြုနှင့် သားဖွားများ၏ စွမ်းဆောင်မှုများသည် လူနာ၏ အသက်အန္တရာယ်ကင်းရှင်းရေး၊
ကုသမှုရလဒ်ကောင်းမွန်ရေးနှင့် ပြည်သူလူထု၏ ယုံကြည်မှုတို့ကို ပိုမိုရရှိလာစေပါသည်။
၂၀၂၆ ခုနှစ် မေလ
၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို “အနာဂတ်ကမ္ဘာ ကျန်းမာဖွံ့ဖြိုးဖို့
သူနာပြုစွမ်းရည်မြှင့်တင်လို့ အသက်ပေါင်းများစွာ ကယ်ဆယ်စို့” ဆောင်ပုဒ်ဖြင့်လည်းကောင်း၊
မေလ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာသားဖွားများနေ့ကိုလည်း “မိခင်ကလေးကျန်းမာရေး
သားဖွားဆရာမများ ပိုမိုမွေးထုတ်ပေး” ဟူ၍ ဂုဏ်ပြုသတ်မှတ်ပြီး နိုင်ငံတကာမှ အလေးပေးဆောင်ရွက်နေခြင်း
ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးသည်
ကူးစက်ရောဂါအသစ်များနှင့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှု၊ သက်ကြီးလူဦးရေတိုးပွားလာမှု၊
ရာသီဥတုပြောင်းလဲမှုများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများ၊ သဘာဝဘေးအန္တရာယ်များနှင့်
နည်းပညာလျင်မြန်စွာ ပြောင်းလဲလာမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုသို့သောအခြေအနေများကြောင့်
ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် အရည်အသွေးမြင့်မားသော
သူနာပြု နှင့် သားဖွားစွမ်းအားစုကို မဟာဗျူဟာကျကျ တည်ဆောက်ရန် ပိုမိုထင်ရှားလာစေပါသည်။
သူနာပြုစုမှုအတတ်ပညာသည်
ပြုစုစောင့်ရှောက်မှုပေးသော အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် သာမက လူသားများ၏ ဂုဏ်သိက္ခာကို
လေးစားတန်ဖိုးထားသည့် ပရော်ဖက်ရှင်နယ် (Professional) တစ်ခုလည်း ဖြစ်ပါသည်။ သူနာပြုနှင့်
သားဖွားများ၏ ကိုယ်ကျင့်တရား၊ စေတနာထားမှု၊ အနစ်နာခံနိုင်မှု၊ ကျွမ်းကျင်မှု၊ ကိုယ်ချင်းစာနာမှု၊
ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်မှုနှင့် ခေါင်းဆောင်မှု စသည့်စွမ်းရည်များသည် ကျန်းမာရေးစောင့်ရှောက်မှု၏
အရည်အသွေးကို ဆုံးဖြတ်ပေးသောအရေးပါသည့်အချက်များ ဖြစ်ကြပါသည်။
မြန်မာနိုင်ငံသည်
ပြည်သူဗဟိုပြု လူတိုင်း လက်လှမ်းမီရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက် မှုစနစ် (Universal
Health Coverage) ကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ အရည် အသွေးပြည့်မီသော ကျန်းမာရေးဝန်ထမ်းများအား
စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါသည်။ ယင်းအနက် မြန်မာနိုင်ငံရှိ သူနာပြုနှင့် သားဖွားများသည်
ကျန်းမာရေးစနစ်၏ အကြီးမားဆုံးစွမ်းအားစုဖြစ်သည့်အပြင် ပြည်သူနှင့် ကျန်းမာရေးစနစ်အကြား
ယုံကြည်မှုပေါင်းကူးတံတားအဖြစ်လည်း ဆောင်ရွက်ပေးနေကြသူများလည်း ဖြစ်ကြပါသည်။
ထို့ကြောင့် “သူနာပြုနှင့်
သားဖွားစွမ်းအားစုအဆောက်အအုံ” ဟူသည်မှာ သူနာပြုနှင့်သားဖွား အရေအတွက်တိုးမြှင့်ခြင်းတစ်ခုတည်းကိုသာ
ရည်ညွှန်းခြင်းမဟုတ်ဘဲ အရည်အသွေးပြည့်မီသော ပညာရေး၊ လက်တွေ့ကျွမ်းကျင်မှု၊ သုတေသန စွမ်းရည်၊
နည်းပညာအသုံးချနိုင်မှု၊ ခေါင်းဆောင် နိုင်မှု၊ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များနှင့် ပြည့်စုံသည့်
သူနာပြုနှင့် သားဖွားစွမ်းအားစုကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၏
အနာဂတ်ကျန်းမာရေးစနစ်သည် ခေတ်မီနည်းပညာများနှင့် လူသားဆန်သော ပြုစု စောင့်ရှောက်မှုတို့ကို
ဟန်ချက်ညီညီ ပေါင်းစပ်နိုင် သည့် သူနာပြုနှင့် သားဖွားများအပေါ်တွင် များစွာ မှီခိုနေပါသည်။
ထို့ကြောင့် သူနာပြုနှင့် သားဖွားစွမ်းအားစုကို ရင်းနှီးမြှုပ်နှံခြင်းသည် ကျန်းမာရေး
ကဏ္ဍကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ကျန်းမာရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံခြင်းသည်
နိုင်ငံတော်၏ အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါသည်။
အဆိုပါ “သူနာပြုနှင့်
သားဖွားစွမ်းအားစုအဆောက်အအုံ” ကို နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုခိုင်မာတိုးတက်ရေးအတွက်
မရှိမဖြစ်လိုအပ်သော အမျိုးသားအဆင့် မဟာ ဗျူဟာတစ်ရပ်အဖြစ် ရှုမြင်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့်
ပညာရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့ အစည်းများ၊ အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့်
သူနာပြု၊ သားဖွားပညာရှင်များ အားလုံးလက်တွဲ ညီညီဖြင့် တည်ဆောက်သွားရမည့် ရေရှည်ဖွံ့ဖြိုး
တိုးတက်ရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း အလေးအနက် တင်ပြလိုပါသည်။
မြန်မာနိုင်ငံ၏
ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် သူနာပြုနှင့် သားဖွားများ၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍ
နိုင်ငံတော်၏
ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ဆေးရုံအဆောက်အအုံများ၊ ဆေးဝါးနှင့် ဆေး ပစ္စည်းများ၊
ခေတ်မီနည်းပညာများဖြင့်သာ ပြည့်စုံလာနိုင်ခြင်းမဟုတ်ဘဲ ၎င်းတို့ကို ပြည်သူလူထု အတွက်
အကျိုးရှိစွာအသုံးပြုနိုင်သော ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုနှင့်သားဖွားများအပါအဝင်
ဆေးပညာနှီးနွှယ်ပညာရှင်များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များအပေါ်တွင် အခြေခံလျက်ရှိပါသည်။
သူနာပြုနှင့်
သားဖွားများသည် ပြည်သူလူထုနှင့် အချိန်အကြာဆုံး ထိတွေ့ဆက်ဆံရသူများ ဖြစ်ကြ ပြီး လူနာများ၏
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များသာမက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် မိသားစု အခြေအနေများကိုပါ
နားလည်သုံးသပ်ကာ လူနာဗဟိုပြု ပြုစုကုသမှုနှင့် ပြည်သူလူထုဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုများကို
ဆောင်ရွက်ပေးကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် သူနာပြုနှင့် သားဖွားများ၏ လုပ်ဆောင်ချက်တိုင်းသည်
အရည်အသွေးရှိသော ပြုစုစောင့်ရှောက်မှု၊ ပြည်သူလူထု၏ စိတ်ကျေနပ်မှုနှင့် ကျန်းမာရေးရလဒ်များအပေါ်
တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပါသည်။
မြန်မာနိုင်ငံတွင်
သူနာပြုနှင့်သားဖွားများသည် အခြေခံကျန်းမာရေးစောင့်ရှောက်မှု (Primary Health
Care) လုပ်ငန်းများကို မြို့ပြနှင့်ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေး
နေသည့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။ သူနာပြုနှင့်သားဖွားများသည် ကျန်းမာ
ရေးမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်ခြင်း၊
အာဟာရ မြှင့်တင်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးနှင့်
လူထုအခြေပြု ကျန်းမာရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော
မိတ်ဖက်များအဖြစ် ရပ်တည်လျက်ရှိပါသည်။
လူတိုင်းလက်လှမ်းမီသော
ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသော သူနာပြုနှင့်သားဖွားစွမ်းအားစုများအား
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ မွေးထုတ်ပေးလျက်ရှိရာတွင်
၁၉၆၂ ခုနှစ်မှ ယနေ့ထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅၂၄၅ ဦး၊ သားဖွား ၄၂၅၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီ
ဖြစ်ပါသည်။
သူနာပြုနှင့်သားဖွားများ၏တန်ဖိုးသည်
ဆေးရုံနှင့် ဆေးပေးခန်းများ၌သာမက သဘာဝဘေး အန္တရာယ်များ၊ ကူးစက်ရောဂါဖြစ်ပွားမှုများနှင့်
အရေးပေါ်ကျန်းမာရေးအခြေအနေများတွင် ပိုမို ထင်ရှားပေါ်လွင်လာပါသည်။ အမျိုးသားအဆင့်
သဘာဝဘေးအန္တရာယ်များဖြစ်သော မုန်တိုင်းများ တိုက်ခတ်စဉ်၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားစဉ်၊
မြေ ငလျင်ဘေးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကဲ့သို့သောကိစ္စများနှင့်
အရေးကြုံလာရသည့်အခါ သူနာပြုနှင့် သားဖွားများသည် ရှေ့တန်း တိုက်စစ်မှူးများအဖြစ် မိမိတို့၏
လုံခြုံရေးနှင့် အခက်အခဲများကို ပဓာနမထားဘဲ ပြည်သူလူထု၏ အသက်နှင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးကြသူများဖြစ်ကြပါသည်။
အထက်ဖော်ပြချက် များသည် သူနာပြုနှင့် သားဖွားများ၏ ဂုဏ်သိက္ခာနှင့် လူသားချင်းစာနာမှုကို
ထင်ဟပ်ပြသသည့် အကောင်းဆုံးဥပမာများ ဖြစ်ကြပါသည်။
ယနေ့ခေတ် ကျန်းမာရေးစောင့်ရှောက်မှုသည်
ရောဂါကုသပေးခြင်း တစ်ခုတည်းကိုသာ ဦးတည်နေ ခြင်း မဟုတ်တော့ဘဲ ကြိုတင်ကာကွယ်ခြင်း၊ ကျန်းမာရေးမြှင့်တင်ခြင်း၊
ကျန်းမာရေးနှင့်ညီညွတ် သော လူနေမှုပုံစံတည့်မတ်ပေးခြင်းနှင့် ပြည်သူလူထု၏ ကျန်းမာရေးအသိပညာမြှင့်တင်ပေးခြင်းတို့ကိုလည်း
အလေးထားလာကြပြီဖြစ်ပါသည်။ ထိုလုပ်ငန်း စဉ်များတွင် သူနာပြုနှင့်သားဖွားများသည် ပြည်သူလူထုနှင့်
အနီးစပ်ဆုံး ဆက်သွယ်ဆောင်ရွက်နိုင် သူများဖြစ်ကြသဖြင့် ကျန်းမာသော လူ့အသိုက်အဝန်းတည်ဆောက်ရာတွင်
အဓိကဦးဆောင်နိုင် သော စွမ်းအားစုများထဲမှ တစ်ခုဖြစ်ပါသည်။
ထို့ပြင် ခေတ်သစ်ကျန်းမာရေးစနစ်သည်
ပညာရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု (Interprofessional Collaboration) ကို
အခြေခံထားသောစနစ်ဖြစ်လာသည်နှင့်အမျှ သူနာပြုနှင့် သားဖွားများ၏ အသင်းအဖွဲ့လိုက်ဆောင်ရွက်မှု
(Teamwork) အခန်းကဏ္ဍသည်လည်း ပိုမို ကျယ်ပြန့်လာပြီး ကျန်းမာရေးပညာရှင်များကြား ချိတ်ဆက်ပေါင်းစပ်ပေးနိုင်ရန်
လိုအပ်လာပါသည်။ ထို့ပြင် အရည်အသွေးမြင့်မားပြီး ပြည်သူအားလုံး လွှမ်းခြုံမှု ပေးနိုင်သော
ကျန်းမာရေးစနစ်ဖြစ်လာစေ ရန် သူနာပြုနှင့် သားဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများအဖြစ်သာမက
ကျန်းမာရေးမူဝါဒများ အကောင်အထည်ဖော်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ သုတေသနပြုခြင်းနှင့်
ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ခြင်းစသည်တို့တွင် မဟာဗျူဟာမြောက်
လူ့စွမ်းအားများအဖြစ် ရှုမြင်ရန်လိုအပ်လာပြီ ဖြစ်ပါသည်။
နိုင်ငံတော်အတွက်
လိုအပ်နေသည့် သူနာပြုနှင့် သားဖွားစွမ်းအားစုများအား ကျန်းမာရေးဝန်ကြီး ဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက
သူနာပြုတက္ကသိုလ်၊ သူနာပြုသိပ္ပံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် ရလဒ်အခြေပြု
(Outcome-based Curriculum) ကို အသုံးပြု၍ Community- oriented Care၊
Patient-centered Care၊ Evidenced-based Practice၊ Nursing Research နှင့်
Critical thinking စသည့်အရည်အချင်းများကို အလေးပေးသင်ကြားလျက်ရှိသည့် အပြင်
Clinical skills၊ Communication skills၊ Professional Ethics နှင့် Leadership
Skills တို့ကို ပါ အလေးထားသင်ကြားပေးလျက်ရှိပါသည်။
ထိုသို့ဖွင့်လှစ်သင်ကြားပေးနေသော
သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများအနက် သူနာ ပြုနှင့်သားဖွားသင်တန်းကျောင်း
၁၅ ကျောင်းကို သူနာပြုသိပ္ပံ (Institute of Nursing) များအဖြစ် ၁၆-၇-၂၀၂၆ ရက်နေ့တွင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြည်ထောင်စုနယ်မြေ
(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးက
သူနာပြုများ၏ လူသားဆန်မှု၊ မေတ္တာဖြင့် ပြုစုယုယမှုနှင့် သနားကြင်နာမှုတို့ကို အခြား
ရုပ်ဝတ္ထုပစ္စည်းများ၊ စက်ပစ္စည်းများဖြင့် အစားထိုး၍မရနိုင်သော အနုပညာဆန်သည့် သူနာပြုစုမှုပညာရပ်
(The Art of Nursing) ဖြစ်သည်ကို မမေ့ကြစေဖို့ လေးလေးနက်နက် မှာကြားခဲ့ပါသည်။
နိုင်ငံတော်၏
မူဝါဒနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ဒေသအလိုက်
လိုအပ်နေသည့် သူနာပြုနှင့်သားဖွား စွမ်းအားစုများအား သူနာပြုသိပ္ပံများမှ ဖြည့်ဆည်း
ပေးနိုင်ရုံမျှမက အရည်အချင်းပြည့်ဝပြီး လူသားချင်းစာနာစိတ်အပြည့်ရှိသော သူနာပြု၊ သားဖွားပညာရှင်များ
မွေးထုတ်ပေးနိုင်မည့် အရေးပါသောသူနာပြုနှင့် သားဖွားပညာရေး ဗဟိုဌာနများအဖြစ် ရပ်တည်လာနိုင်မည်ဟု
ယုံကြည်မိပါသည်။
သူနာပြုနှင့်
သားဖွားစွမ်းအားစု တည်ဆောက်ရေးအတွက် လက်ရှိစိန်ခေါ်မှုများနှင့် မဟာဗျူဟာ မြောက်ဆောင်ရွက်ရမည့်
ဦးတည်ချက်များ
ယနေ့ခေတ်ပြိုင်ကမ္ဘာတွင်
ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ရောဂါများကို ကုသပေးသည့် လုပ်ငန်းစဉ်တစ်ရပ်မျှသာ
မဟုတ်တော့ဘဲ နိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသား လုံခြုံရေးနှင့် ရေရှည်တည်တံ့သော
ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် မဟာဗျူဟာမြောက် ကဏ္ဍတစ်ရပ်အဖြစ် အသိအမှတ်ပြုခံနေရပြီဖြစ်ပါသည်။
ယင်းအခြေအနေတွင် ကျန်းမာရေးစနစ်၏ အခြေခံမဏ္ဍိုင်ဖြစ်သော သူနာပြုနှင့်သားဖွားစွမ်းအားစုကို
ခိုင်မာစွာတည်ဆောက်နိုင်ခြင်းသည် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်းကို အာမခံနိုင်မည့်
အရေးပါသောအချက်တစ်ရပ် ဖြစ်လာပါသည်။
သို့ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
ချက်များလာခြင်း၊ များပြားလာသည့် သက်ကြီးလူဦး ရေ၊ ရောဂါများ၏ စိန်ခေါ်မှုများ၊ သဘာဝဘေးအန္တရာယ်များနှင့်
ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် သူနာပြုများ၏တာဝန်နှင့် မျှော်မှန်းချက်များသည်
ယခင်ကထက် ပိုမို ကျယ်ပြန့်လာပါသည်။ ထို့ကြောင့် သူနာပြုနှင့် သားဖွားစွမ်းအားစုတည်ဆောက်ရာတွင်
အရေ အတွက် တိုးမြှင့်ခြင်းတစ်ခုတည်းကို အခြေခံ၍မရတော့ဘဲ “စနစ်ကျမှန်ကန်သောအရေအတွက်၊
မဖြစ်မနေရှိရမည့် အရည်အသွေးများ၊ မှန်ကန်စွာ နေရာချထားခြင်းနှင့် အချိန်ကိုက်ဆောင်ရွက်နိုင်
ခြင်း” ဟူသည့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအခြေခံမူများနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ရန်
လိုအပ်လာပြီ ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment