Sunday, July 19, 2026

မော်တော်ယာဉ်တန်ဖိုး အလိုအလျောက် စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ်နှင့် မိတ်ဆက်ခြင်း

 

ရှမ်းမောမြေ

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း လူတစ်ဦးတစ်ယောက်ထံမှဖြစ်စေ၊ မော်တော်ယာဉ်အရောင်းစင်တာများမှဖြစ်စေ၊ ပြည်ပမှ ဝယ်ယူတင်သွင်းခြင်းဖြင့်ဖြစ်စေ မိမိဝယ်ယူခဲ့သည့် မော်တော်ယာဉ်အတွက် မိမိအသုံးပြုခဲ့ရသည့် ငွေကြေးနှင့်ပတ်သက်၍ ဝင်ငွေရလမ်းကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ရှင်းလင်းတင်ပြပေးရမည်ဖြစ်ပြီး မိမိမည်ကဲ့သို့ရရှိခဲ့ခြင်းဖြစ်သည်ကို ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန်နှုန်းထားများဖြင့် အခွန်ထမ်းဆောင်နေကြရပါသည်။




ထိုသို့ အခွန်ထမ်းဆောင်နိုင်ရန်အတွက် လက်ရှိတွင် အခွန်ထမ်းပြည်သူများသည် မိမိအမည်ပြောင်းဆောင်ရွက်လိုသည့် မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် (မော်တော်ယာဉ်မှတ်ပုံတင် စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်) မူရင်း/မိတ္တူ၊ မော်တော်ယာဉ် အရောင်းအဝယ်စာချုပ်အပြင် အမည်ပြောင်းဆောင်ရွက်လိုသည့် အခွန်ထမ်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/ မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/ မိတ္တူတို့ကို ယူဆောင်၍ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လူကိုယ်တိုင်သွားရောက်ပြီး အခွန်ကိစ္စစိစစ်ရှင်းလင်းခြင်းကို ဆောင်ရွက်ကြရပါသည်။ ကျသင့်အခွန်ငွေကိုလည်း မြန်မာ့စီးပွားရေးဘဏ်သို့ လူကိုယ်တိုင်သွားရောက်၍ အခွန်ငွေပေးသွင်းဆောင်ရွက်ကြရပါသည်။

အခွန်ငွေပေးသွင်းထားသော ငွေသွင်းချလန် အထောက်အထားရရှိသည့်အခါ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ထပ်မံ၍ ပြန်လည်သွားရောက်ကြရပြီး မော်တော်ယာဉ်များ ရောင်းချ/ ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ဆောင်ရွက်ခြင်း ပုံစံ (ပုံစံ-၁) ကို ထုတ်ယူကြရပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာနမှ မော်တော်ယာဉ်များ ရောင်းချ/ ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ဆောင်ရွက်ခြင်း ပုံစံ (ပုံစံ-၁) ပါရှိမှသာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် မော်တော်ယာဉ်ကနဦးမှတ်ပုံတင်ခြင်း၊ အမည်ပြောင်းခြင်းများကို ဆက်လက်၍ ဆောင်ရွက်နိုင်ပါသည်။

ထို့ကြောင့် အခွန်ထမ်းပြည်သူများသည် မိမိဝယ်ယူခဲ့သော မော်တော်ယာဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်များ ရောင်းချ/ ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ဆောင်ရွက်ခြင်း ပုံစံ (ပုံစံ-၁) ရရှိ နိုင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ လူကိုယ်တိုင် အနည်းဆုံးနှစ်ကြိမ်သွားရောက်ပြီး လုပ်ကိုင်ကြရသည့်အတွက် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ လူကိုယ်တိုင် မသွားရောက်နိုင်သဖြင့် အကျိုးဆောင်များကို အပ်နှံဆောင်ရွက်ကြသဖြင့် အပိုငွေကြေးကုန်ကျမှုများကို ဖြစ်ပေါ်စေပါသည်။

ယနေ့မျက်မှောက်ခေတ် ကာလသည် ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းလာသည်နှင့်အမျှ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူများ အချိန်ကုန်၊ လူပန်းသက်သာစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော ဝန်ဆောင်မှုများပေးနိုင်ရန် မော်တော်ယာဉ်ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် အမည်ပြောင်းလဲခြင်းများအတွက် အခွန်စိစစ်ခြင်းကိစ္စရပ်များကို လူကိုယ်တိုင်ရုံးဌာနများသို့ လာရောက်ရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည့် မော်တော်ယာဉ်တန်ဖိုးအလိုအလျောက် စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System-VAVS) ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

VAVS စနစ်ဆိုသည်မှာ အဘယ်နည်း

VAVS ဆိုသည်မှာ မော်တော်ယာဉ် ဝယ်ယူ/ရောင်းချခြင်းအပေါ် အခွန်ကိစ္စစိစစ်ခြင်းကို အွန်လိုင်းမှတစ်ဆင့် မိမိကိုယ်တိုင်တွက်ချက်စိစစ်နိုင်ပြီး ကျသင့်အခွန်ငွေကိုလည်း အီလက်ထရောနစ် နည်းလမ်းဖြင့် ချက်ချင်းပေးဆောင်နိုင်သည့် စနစ်ဖြစ်ပါသည်။ လက်ရှိတွင် ပထမအဆင့် (Phase 1) အနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များကို လူပုဂ္ဂိုလ်တစ်ဦးချင်းမှ ပြည်တွင်း၌ ဝယ်ယူရောင်းချသည့်အခါ အမည်ပြောင်းမှတ်ပုံတင်နိုင်ရန် အခွန်စိစစ်ခြင်းကိစ္စရပ်များ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

မည်သို့အသုံးပြုရမည်နည်း

အခွန်ထမ်းပြည်သူများအနေဖြင့် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာ သို့မဟုတ် လက်ကိုင်ဖုန်းရှိရုံဖြင့် http://vavs.ird.gov.mm ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ အောက်ပါနည်းလမ်း (၂) မျိုးဖြင့် ဆောင်ရွက်နိုင်ပါသည်-

၁။ တစ်ကြိမ်တစ်ခါအသုံးပြုခြင်း (One Time Use)။ အကောင့်ဖွင့်ရန်မလိုဘဲ တိုက်ရိုက်ဝင်ရောက် ဆောင်ရွက်ခြင်း၊

၂။ မှတ်ပုံတင်၍ အသုံးပြုခြင်း (Account Register)။ မိမိ၏အချက်အလက်များဖြင့် အကောင့်ဖွင့်လှစ်ထားပြီး အသုံးပြုခြင်း။

အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်သည့်

နည်းလမ်းများ

အခွန်စိစစ်မှုပြုလုပ်ပြီးပါက ကျသင့်ငွေကို ပြည်တွင်းအခွန်များဦးစီးဌာန၏ IRD’s Tax Payment Hub မှတစ်ဆင့် အောက်ပါ electronic payment စနစ်များဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်မည်ဖြစ်ပါသည်-

MPU Debit Card (E-Commerce ဖွင့်လှစ် ထားသောကတ်များ)၊

uab pay နှင့် uab Banking

Shwe Banking (မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဘဏ်)၊

MMQR (Standard QR code စနစ်)။

အခွန်ပေးဆောင်ပြီးပါက ဘာဆက်လုပ်ရမည်နည်း

အွန်လိုင်းမှတစ်ဆင့် အခွန်စိစစ်ခြင်းနှင့် ငွေပေးချေခြင်းပြီးဆုံးပါက VAVS စနစ်မှ ထွက်ရှိလာမည့် e-Tax Clearance Certificate (QR Form) ကို ကြည်လင်ပြတ်သားစွာထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ Help Desk Group တွင် QR Code အား စစ်ဆေးမှုခံယူပြီး မှန်ကန်ကြောင်း အတည်ပြုချက်ရရှိပါက မော်တော်ယာဉ်အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

ဘယ်အချိန်မှာ စတင်မှာလဲ

ပြည်တွင်းအခွန်များဦးစီးဌာနသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ လူပုဂ္ဂိုလ်အမည်ဖြင့် မော်တော်ယာဉ်အမည်ပြောင်းလဲခြင်းဆိုင်ရာ အခွန်စိစစ်မှုအားလုံးကို VAVS စနစ်ဖြင့် ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခင်ကဲ့သို့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လူကိုယ်တိုင်သွားရောက်ရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

(မှတ်ချက်။ ကနဦးမှတ်ပုံတင်ခြင်း (Brand New) နှင့် ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်းခြင်း၊ ဝင်ငွေရလမ်းတင်ပြခြင်း စသည့်မော်တော်ယာဉ် အခွန်စိစစ်ခြင်းကိစ္စရပ်များအား ယခင်အတိုင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။)

ရရှိမည့်အကျိုးကျေးဇူးများ

အချိန်ကုန်သက်သာခြင်း။ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် တန်းစီစောင့်ဆိုင်း ရမည့်အချိန်များကို လျှော့ချနိုင်ခြင်း၊

စရိတ်သက်သာခြင်း။ သွားလာရသည့် ကုန်ကျစရိတ်များနှင့် အပိုကုန်ကျစရိတ်များ ကင်းဝေးခြင်း၊

လွယ်ကူလျင်မြန်ခြင်း။ မည်သည့်နေရာတွင်မဆို အင်တာနက်ရှိရုံဖြင့် မိမိကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း။

အခွန်ထမ်းပြည်သူများအနေဖြင့် မိမိဝယ်ယူထားသော မော်တော်ယာဉ်များကို အမည်ပြောင်းဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းကိုအသုံးပြု၍ VAVS စနစ်အသုံးပြုပြီး အခွန်ကိစ္စစိစစ်ခြင်းများ ကိုဆောင်ရွက်ကြရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သို့မဟုတ် အသေးစိတ်သိရှိလိုသည်များရှိပါက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ အခွန်ဆိုင်ရာဝန် ဆောင်မှုဌာနခွဲများသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများရှိ e-Service Help Desk Group များသို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူများ အချိန်ကုန်၊ ငွေကုန်သက်သာစေရန်နှင့် မောပန်းခြင်းတို့မှ ကင်းဝေးစေနိုင်ရေးအတွက် ရေးသားဖော်ပြလိုက်ပါသည်။ ။

No comments:

Post a Comment