နေပြည်တော် ဇူလိုင် ၂၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-12) ရှိ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အစိုးရမဟုတ်သော
ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသက်ပုံက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်
ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက
လွှတ်တော်၏ ဂုဏ်သိက္ခာမြင့်မားရေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို
ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
မိမိတို့လွှတ်တော်တွင် အစိုးရ၏ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက်
ကော်မတီ ၂၂ ခုကို ဖွဲ့စည်းထားကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့၏ ရည်မှန်းချက်တာဝန်များအလိုက်
နိုင်ငံတော်အတွက်၊ ပြည်သူ့အတွက် အကျိုးရှိမည့် မေးခွန်း၊ အဆိုများ ထွက်ပေါ်စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) ၃၆၆၆ ခုနှင့် အစိုးရမဟုတ်သော
နိုင်ငံတကာအသင်းအဖွဲ့များ (INGO) ၄၅ ခု ရှိသည်ကို တွေ့ရှိရကြောင်း၊ NGO၊ INGO များသည်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး၊ စားရေရိက္ခာဖြည့်ဆည်း
ဆောင်ရွက်ရေးအတွက် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနေသော အဖွဲ့အစည်းများဖြစ်ကြောင်း၊
မိမိတို့လွှတ်တော်အနေဖြင့် အဆိုပါအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ဥပဒေရှုထောင့်မှ
သုံးသပ်ပြီး နိုင်ငံတော်အတွက် အကျိုးရှိရှိဆောင်ရွက်နိုင်ရေး စီမံပေးရမည်ဖြစ်ကြောင်း၊
NGO ၊ INGO များနှင့်စပ်လျဉ်း၍ သီးခြားဥပဒေများပြဋ္ဌာန်းထားခြင်းမရှိသဖြင့် NGO/
INGO Management Law ၊ Foreign Assistance Transparency Law ၊ Volunteer Service
Law ၊ Data Protection Law ၊ Public Benefit Organization Law ၊ Humanitarian
Coordination Law များ ပြဋ္ဌာန်းသင့်၊ မသင့် ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း။
အဖွဲ့အစည်းများနှင့်ပတ်သက်သည့်
တည်ဆဲဥပဒေများကိုလည်း ပြန်လည်ဆန်းစစ်၍ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိ မရှိ၊ လိုအပ်ချက်များ
ရှိ မရှိ၊ ထပ်မံဖြည့်စွက်ရန် လို မလို လေ့လာသုံးသပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့်
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော NGO ၊ INGOများ၏ အရေအတွက်များစိစစ်ခြင်း၊ မှတ်ပုံတင်ဆောင်ရွက်ထားမှု၊
အဖွဲ့အစည်းများ၏ရည်ရွယ်ချက်၊ လုပ်ငန်းနယ်ပယ်အလိုက် အမှန်တကယ်လုပ်ဆောင်နိုင်ခြင်းရှိ
မရှိနှင့် ရန်ပုံငွေသုံးစွဲမှု၊ ရန်ပုံငွေရရှိမှု အရင်းအမြစ်များ၊ ငွေကြေးစီးဆင်းမှုကိစ္စရပ်များနှင့်ပတ်သက်၍
သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစိစစ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့်
NGO ၊ INGO များအား တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏အခက်အခဲများနှင့် လိုအပ်ချက်များကို
လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် လိုအပ်ချက်များကို
တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည့် အဖွဲ့အစည်း များဖြစ်ပေါ်လာရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မိမိတို့တာဝန်ထမ်းဆောင်မည့် လွှတ်တော်သက်တမ်း ငါးနှစ်တာကာလအတွင်းတွင် လွှတ်တော်ကဏ္ဍ
မြင့်မားတိုးတက်ပြီး လွှတ်တော်သည် နိုင်ငံတော်နှင့် ပြည်သူများက အားထားရသည့် လွှတ်တော်တစ်ရပ်ဖြစ်အောင်
ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment