ဇာနည်ဘွား
ဇူလိုင်လ ၁၉ ရက်နေ့ဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရရှာတာ ၇၉ နှစ်တောင်ရှိခဲ့ပြီလို့ ဆိုရမှာဖြစ်တယ်။ ၇၉ နှစ်ဆိုတဲ့ အချိန်ကာလဟာ လူ့သက်တမ်းအားဖြင့် တစ်ဘဝနီးပါးကြာညောင်းခဲ့တာဖြစ်ပေမယ့် အာဇာနည်ခေါင်းဆောင်ကြီးများကို မျိုးဆက်အလီလီ ယနေ့တိုင် မမေ့နိုင်ကြသေးပါ။ အထူးသဖြင့်ကား မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းဆွတ်တမ်းတနေကြဆဲ။
ဗိုလ်ချုပ်ကို
သက်ရှိထင်ရှားရှိစဉ်ကတည်းက လူထုကြီးက သူဘာပြောပြောလိုက်နာကြတယ်။ ဘာလုပ်လုပ် သူ့ကို
ယုံကြည်ကိုးစားချစ်ခင်ကြတယ်။ ထောက်ခံကြတယ်။ မသမာသူ သူသတ်သမားများ လက်ချက်နဲ့ သူကျဆုံးသွားတဲ့အခါမှာ
သူ့ကို လွမ်းဆွတ်တမ်းတခဲ့ကြတယ်။
ဗိုလ်ချုပ်ကို
သက်ရှိထင်ရှားမတွေ့လိုက်၊ မမြင်လိုက် မမီလိုက်ခဲ့တဲ့ မျိုးဆက်သစ်များကလည်း အာဇာနည်နေ့ရောက်ရင်
ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်တဲ့ ဥဩစွဲသံနဲ့အတူ အလေးအမြတ် သမှုအလေးပြုကြတယ်။ နှစ်စဉ်နီးပါးအုံ့ဆိုင်းမှုန်မှိုင်းနေတဲ့
ဇူလိုင်လရဲ့ မိုးစက်မိုးပွင့်များအောက်မှာ ဗိုလ်ချုပ်ကို လွမ်းဆွတ်အမှတ်ရလေ့ရှိကြတယ်။
၁၉၆၆ ခုနှစ် ဇူလိုင်လမှာ
ကျုံပျော်စာပေမှ ထုတ်ဝေခဲ့တဲ့ “မေ့ပျောက်၍မရသော အောင်ဆန်း” စာအုပ်အမှာစာမှာ လူထုကြီးသည်
ဘာကြောင့်သူ့ကို တန်းတန်းစွဲချစ်ခင်ကြသနည်းဆိုတဲ့ မေးခွန်းနဲ့အတူ အစချီပြီး . . .
“အောင်ဆန်းသည်
တက္ကသိုလ်သပိတ်ခေါင်းဆောင်အဖြစ် ဗြိတိသျှအစိုးရကို ဥပဒေအတွင်းမှ ပုန်ကန်စဉ်က သူ့အသက်
၂၁ နှစ်သာရှိသေး၏။ သာယာဝတီညီလာခံ၌ ဗြိတိသျှတို့ကို လက်နက်ဖြင့် ပုန်ကန်ရန် အစီအစဉ်ရေးဆွဲချမှတ်စဉ်က
သူသည် ၂၅ နှစ်မျှသာရှိသေးသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်ချုပ်အဖြစ်နှင့် မြန်မာပြည်သို့
ချီတက်လာစဉ်က သူ့အသက်မှာ ၂၆ နှစ်သာသာမျှရှိပါသေးသည်။ ဂျပန်ကို သူ့တပ်မတော်နှင့်ပြန်၍
တော်လှန်တိုက်ခိုက်ချိန်၌ သူ့အသက် ၃၀ ရှိပြီ၊ တစ်နှစ်အတွင်း လွတ်လပ်ရေးရရမယ်ဟု ကြုံးဝါးစဉ်က
သူ့အသက် ၃၃ နှစ်ခန့်မျှရှိပါသည်။ လွတ်လပ်ရေးမုခ်ဦးကို တည်ဆောက်ပေးပြီး၍ သူကျဆုံးသွားသောအခါ
သူ့အသက် ၃၃ နှစ်မျှသာရှိပါသေးသည်။ ဤအသက်မျှနှင့် သူလုပ်သွားခဲ့သောလုပ်ငန်းများကို ကြည့်ပါ၊
သူဘယ်လိုလူဖြစ်ကြောင်း ရိပ်မိကောင်းပါသည်” စသဖြင့် ရေးသားဖော်ပြခဲ့ပါတယ်။
အင်္ဂလိပ်လူမျိုး
သမိုင်းပါမောက္ခတင်ကာကလည်း သူရေးသားခဲ့တဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံ” ဆိုတဲ့စာအုပ်မှာ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ စပ်လျဉ်းပြီး “အောင်ဆန်းသည် တက္ကသိုလ်မှထွက်ခါစ
နိုင်ငံရေးအရည်မလည်သေးသည့် ဘဝမှာပင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မိမိစိတ်တိုင်းကျ
တောင်းဆိုနိုင်ခြင်းကား သူ၏အောင်မြင်မှုတစ်ရပ်ပင်ဖြစ်၏။ အောင်ဆန်းသည် ဗြိတိသျှအစိုးရတစ်ဖွဲ့လုံးအပြင်
အင်အားကြီးမားလှသော လက်နက်ကိုင်တပ်ပေါင်းစု သေနာပတိချုပ် မောင့်ဘက်တန်နှင့်တကွ နိုင်ငံရေးရာတွင်
ဝါရင့်ပြီး ပါးနပ်လှသည့် အရာရှိကြီးများပါဝင်သော ဗြိတိသျှဩဇာခံ မြန်မာနိုင်ငံအစိုးရတစ်ဖွဲ့လုံးကိုပင်
သူတစ်ဦးတည်း၏ စွမ်းရည်ဖြင့် အနိုင်ရယူခဲ့ပေသည်။ အဘက်ဘက်မှ ဆင်ခြင်သုံးသပ်ပါမူ နိုင်ငံရေးအာဏာနှင့်တာဝန်
လက်ကိုင်ထားရှိသော အင်္ဂလိပ်အမျိုးသားများသည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရာ၌ မိမိတို့ခြေရာလက်ရာပါစေရန်
အစွမ်းကုန် ကြံစည်အားထုတ်ခဲ့ကြ၏။ သို့သော် နောက်ဆုံး၌ သူတို့အားလုံးမှာ အောင်ဆန်း၏အရှိန်အဝါအောက်၌
ပြားပြားဝပ်ခဲ့ကြရရုံသာမက မြန်မာနိုင်ငံမှ ဗြိတိသျှတို့အပြီး အပြတ်ထွက်ခွာသွားကြရအောင်
ဖန်တီးပေးခဲ့သော အရေးအခင်းဟူသမျှတွင် အောင်ဆန်းသည်ပင်လျှင် ခိုင်မြဲစွာကြိုးကိုင်ခဲ့ပေသည်။
အောင်ဆန်းကို လက်ညှိုးညွှန်ရာရေဖြစ်စေတဲ့ အောင်ဆန်းဟူ၍ မြန်မာတို့ပြောစမှတ်ပြုကြသည်။
ထိုအဆိုမှာ သူအောင်ပွဲခံရချိန်၌ ပို၍မှန်ကန်သည်ဟု ဆိုရချေမည်။ အကြောင်းမူကား လူမသမာများလက်ချက်ဖြင့်
ကျဆုံးရသည့်တိုင်အောင် အောင်ဆန်းသည် နိုင်ငံ့အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးအဖြစ် သမိုင်းဝင်မော်ကွန်းတင်ခြင်း
ခံခဲ့ရပေသည်။ အောင်ဆန်းကား နိုင်ငံနှင့်အမျိုးအတွက် လွတ်လပ်ရေးအသရေကို အရဆောင်ကြဉ်းပေးခဲ့သည်။
နှောင်းကာလဝယ် ပေါ်ပေါက်လာသော စစ်၏ဒဏ်ရာဒဏ်ချက်များကား အောင်ဆန်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ”
လို့ အကဲဖြတ်ရေးသားဖော်ပြခဲ့ပါတယ်။
ထိုထိုသော သမိုင်းမှတ်တမ်းမှတ်ရာစာပေများကို
လေ့လာကြည့်ရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊
မြန်မာ့လွတ်လပ်ရေးနဲ့ တပ်မတော်ရဲ့ဖခင်ကြီး၊ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝရောက်ရှိနေခဲ့တဲ့
နိုင်ငံရဲ့လွတ်လပ်ရေးကို အသက်စွန့်ပြီး စွန့်လွှတ်စွန့်စားဆောင်ကြဉ်းပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးအဖြစ်
မြန်မာ့သမိုင်းမှာ ကမ္ပည်းမော်ကွန်းတင်ခံခဲ့ရသူ အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။
သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဆရာဖြစ်သူ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင် “အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊
ပါရမီအဓိဋ္ဌာန်တစ်မျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊ ဪတောင်နန်း မြောက်နန်းအဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က၊ အောင်ပန်းညိုရရှာတဲ့၊ အောင်ဆန်းတို့သေပုံနှမြော” စတဲ့ အာဇာနည်ဗိမာန်လေးချိုးကြီးနဲ့အညီ
ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား အမှတ်တရဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့
အတွင်းဝန်ရုံးဝင်းအတွင်းရှိ တိုင်းပြု ပြည်ပြု လွှတ်တော်အဆောက်အဦရှေ့မှာ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်နဲ့
အာဇာနည်ကုန်းမှာ အာဇာနည်ဗိမာန်ကိုလည်း နိုင်ငံတော်က တည်ဆောက်ပေးခဲ့ပါတယ်။
ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများအနေနဲ့လည်း
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂုဏ်ကျေးဇူးကို မျိုးဆက်အလီလီ
မမေ့မပျောက် သတိတရအမှတ်ရစိမ့်သောငှာ အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း
နိုင်ငံတော်အဆင့် ကျင်းပပေးခဲ့ကြပါတယ်။
သို့ပေမယ့်လည်း
ပါလီမန်ဒီမိုကရေစီခေတ်ကာလများမှာတော့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ဆက်စပ်တဲ့
အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာမှာ အာဏာရ နိုင်ငံရေးပါတီများဟာ နိုင်ငံရေးအကျိုးအမြတ်ကို
မျှော်ကိုးပြီး ကျင်းပခဲ့တာမျိုးတွေလည်း သမိုင်းမှာ အထင်အရှားရှိခဲ့ဖူးပါတယ်။
“ဆယ်နှစ်ဆယ်မိုး
ကြီးစိုးသွားသူတွေဟာ မဲဆန္ဒတောင်းခံချိန်မှာသာ အောင်ဆန်းကို သတိရကြတယ်” လို့ ဗိုလ်ချုပ်နဲ့
ခေတ်ပြိုင်လုပ်ဖော်ကိုင်ဖက်များကိုယ်တိုင် မချိတင်ကဲဆိုခဲ့ကြပါတယ်။ ဗိုလ်ချုပ်နဲ့သွေးသားမကင်းသူ၊
ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ်သူ နတ်မောက်ဘုန်းကျော်ကလည်း ၁၉၅၇ ခုနှစ် ဇူလိုင်လထုတ် မြဝတီမဂ္ဂဇင်းမှာ
“ငမိုးမသေသေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုခေတ်နိုင်ငံရေးသမားအချို့က “ဗိုလ်ချုပ်လမ်းစဉ်၊
ဗိုလ်ချုပ်လမ်းစဉ် ” ဆိုပြီး နာမည်ရောင်းစားနေမှုများကို သရော်စာအဖြစ် ရေးသားခဲ့ပါတယ်။
ဗိုလ်ချုပ်ရဲ့အစ်ကို
ဦးအောင်သန်းကလည်း “သူကျဆုံးပြီးနောက် သူ့နေရာဆက်ခံသူများသည် သူကဲ့သို့ ဒီမိုကရေစီအခွင့်အရေးများကို
ရိုသေပါ၏လော၊ ပြည်သူလူထုထံမှ မဲတောင်းသောအခါ “ဗိုလ်ချုပ်လမ်းစဉ်” ဟု ကြွေးကြော်ကြသော
ထိုပုဂ္ဂိုလ်များသည် ဘာတွေလုပ်ခဲ့ကြသနည်း။ အတိုချုပ်ရေးရလျှင် ထိုပုဂ္ဂိုလ်များသည်
ဒီမိုကရေစီကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့ကြသည်။ မိမိတို့အာဏာမဲ့ဘဝရောက်မှ ဒီမိုကရေစီစကားပြောသော
ထိုပုဂ္ဂိုလ်များကို ပြည်သူလူထုအနေဖြင့် ယုံရမည်လော ” စသဖြင့် “အောင်ဆန်းမိသားစု” စာအုပ်မှာ
ရေးသားခဲ့ပါတယ်။
စာရေးဆရာကြီး မောင်ထင်ကလည်း
“ဗမာ့နိုင်ငံရေး သုခမိန် ” စာအုပ်မှာ “ ဗိုလ်ချုပ်ကွယ်လွန်ခဲ့သည်မှာ ရှစ်နှစ်ရှိပြီ။
မြန်မာနိုင်ငံသားတို့အဖို့ကား ဗိုလ်ချုပ်လွန်ခဲ့သည်မှာ မနေ့တစ်နေ့ကလိုလို ထင်မိကြ၏။
ဗိုလ်ချုပ်ကို ချစ်သည့်ဇောဖြင့် အများပင် တမ်းတကြ၏။ သို့သော် ဗိုလ်ချုပ်၏အတွေးအခေါ်တို့ကိုကား
သတိရမှ ရကြပေလိမ့်မည်။ စင်စစ်ဗိုလ်ချုပ်သည် နုပျိုသောအရွယ်၌ နိုင်ငံရေးကို ဆောင်ရွက်ခဲ့ရသော်လည်း
သူ့အတွေးအခေါ်တို့မှာ ဝါရင့်သော နိုင်ငံရေးသုခမိန်တို့၏ အတွေးအခေါ်မျိုးဖြစ်ရကား ဗိုလ်ချုပ်အား
တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များ
ရင့်သန်လာခဲ့သည့်နည်းတူ လူထု၏စဉ်းစားဉာဏ်လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။
နိုင်ငံရေးသမားပေါသလောက် နိုင်ငံရေးသုခမိန်ရှားလှသော ဤနိုင်ငံတွင် နိုင်ငံရေးသုခမိန်များ
ထွန်းပေါ်လာပါစေရန် ရည်သန်၍ ကျွန်တော်မှတ်မိသမျှ ဗိုလ်ချုပ်၏ ဟောပြောချက်၊ ကြေညာချက်၊
မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်” စသည်ဖြင့် ရေးသားခဲ့ပါတယ်။
သို့ဖြစ်ရကား အာဇာနည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားကြတဲ့ မြန်မာပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်မောင်မယ်တွေအနေနဲ့
ခေတ်အဆက်ဆက် နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးအမြတ်ထုတ်လိုမှု ရည်ရွယ်ချက်တွေနဲ့
ဗိုလ်ချုပ်ကိုဟန်ပြပြီး နိုင်ငံရေးစတန့်ထုတ်ပြနေမှုတွေထက် ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့
လမ်းစဉ်ဖြစ်တဲ့ တစ်မျိုးသားလုံးညီညွတ်သွေးစည်း ရေး (ဝါ) အမျိုးသားစည်းလုံးညီညွတ်ရေး၊
လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ စီးပွားရေးဖူလုံရေး (ဝါ) လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊
အမျိုးသားစီမံကိန်းများ ပြန်လည်ထူထောင်ရေး၊ ကြီးပွားရေး၊ တိုးတက်ရေး၊ ခြိုးခြံချွေတာရေး၊
ရိုးသားဖြောင့်မတ်ရေး၊ အကျင့်စရိုက်ဆိုးများ ပြုပြင်ရေးစတဲ့ ဗိုလ်ချုပ်ရဲ့ ကောင်းမြတ်တဲ့လမ်းစဉ်များကို
အမှတ်ရလေးစားလိုက်နာခြင်းဖြင့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခါသမယမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုကြဖို့ ဆော်ဩလိုကြောင်းပါဗျာ။ ။
No comments:
Post a Comment