သိင်္ဃသူ
(ယမန်နေ့က အဆက်)
၁၉၉၇ ခုနှစ်တွင် မြန်မာနှင့်လာအိုတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ် တစ်ပြိုင်တည်းဖြစ်လာကြရာ လာမည့်နှစ်ဆိုလျှင် အဖွဲ့ဝင်သက်တမ်း နှစ်ပေါင်း ၃၀ ပြည့်မည်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) (Association of South East Asian Nations-ASEAN) ကို စတင်ဖွဲ့စည်းစဉ်က ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အရှေ့နှင့်အနောက် အယူဝါဒပြိုင် အုပ်စုကြီးနှစ်စုကြား အင်အားပြိုင်ဆိုင်မှု မြင့်တက်နေချိန်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများကြားတွင်လည်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။ စစ်အေးတိုက်ပွဲကာလ ဟုခေါ်ဆိုခဲ့သည့် ထိုကာလအတွင်း အရှေ့တောင်အာရှဒေသတွင်း တည်ငြိမ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း စုစုပေါင်း ငါးနိုင်ငံတို့က ၁၉၆၇ ခုနှစ်၊ သြဂုတ် လ ၈ ရက်တွင် ဘန်ကောက်ကြေညာချက် (Bangkok Declaration) ဖြင့် အာဆီယံကို စတင်တည်ထောင်သည်။
အာဆီယံကိုစတင်ဖွဲ့စည်းစဉ်ကပင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းဝင်ရောက်ရန် ဖိတ်ခေါ် ခဲ့သော်လည်း စစ်အေးကာလအတွင်း အာဆီယံသည် ကွန်မြူနစ်ဆန့်ကျင်ရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် ရှုမြင်ခံရခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင် အင်အားကြီးနိုင်ငံ စစ်အခြေစိုက်စခန်းများရှိနေခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ တိကျသော ကြားနေရေးနှင့် ဘက်မလိုက်မူဝါဒကို တိကျစွာ လိုက်နာကျင့်သုံးနေခြင်းတို့ကြောင့် အာဆီယံသို့ မဝင်ရောက်ခဲ့။ စစ်အေးတိုက်ပွဲပြီးဆုံး ပြီးနောက်မှသာ အာဆီယံတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
လာမည့်နှစ်တွင် သက်တမ်း နှစ်ပေါင်း ၆၀ ပြည့်တော့မည့် အာဆီယံအဖွဲ့အစည်းမှာ အင်အားကြီး နိုင်ငံများ၏ သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှု၊ အဖွဲ့ဝင်နိုင်ငံများအကြား အကျိုးစီးပွားပြိုင်ဆိုင်မှုကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အာဆီယံ ပဋိညာဉ်စာတမ်းအရ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သော “ပြည်တွင်းရေးတွင် ဝင်မစွက်ဖက်ရေးမူ (Non-Interference Policy)” အပါအဝင် အာဆီယံ၏ဝိသေသလက္ခဏာဖြစ်သည့် “အာဆီယံနည်းလမ်း” တို့အပေါ် ပြင်ပပယောဂတို့ ဝင်ရောက်လာနေသည်ကို မြင်တွေ့နေရသည်။ မူလက အာရှယဉ်ကျေးမှုနှင့် အာရှစံတန်ဖိုးတို့အပေါ်တွင် သဘာဝကျကျ အခြေစိုက်ထားသည့် အာဆီယံအဖွဲ့အတွင်း အဖွဲ့ဝင်နိုင်ငံအချို့၏ နောက်ကွယ်မှပယောဂများက အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို စိန်ခေါ်လျက်ရှိသည်။
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် ဗဟုဝင်ရိုးကမ္ဘာသို့ အပြောင်းအရွှေ့နှင့် ကမ္ဘာ့နံပါတ် (၁) မဟာ အင်အားကြီးနိုင်ငံနှင့် တစ်ခါက ၎င်း၏နောက်လိုက် အနောက်အုပ်စုနိုင်ငံများကြားမှ အက်ကြောင်းများ၊ ပထဝီနိုင်ငံရေးကို အကြောင်းပြုသည့် စစ်ပွဲများ၊ ကိုဗစ် - ၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့မှု စသည့်ရှုပ်ထွေးနေသည့် နောက်ခံကားတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာ့ပြည်တွင်းရေးကို ရမယ်ရှာကာ ကုလသမဂ္ဂတွင် မူလအခြေခံမူများကိုဖောက်ဖျက်၍ မြန်မာကိုယ်စားလှယ်ကို ပိတ်ပင်ထားလိုက်သည်။ စင်စစ် မြန်မာနိုင်ငံတွင် အင်န်အယ်လ်ဒီပါတီ အာဏာရစဉ်ကာလကလည်း ကုလသမဂ္ဂတွင် မျက်နှာသာပေးခံရသည်မဟုတ်ဘဲ ကုလသမဂ္ဂတွင် လွှမ်းမိုးထားသည့် နိုင်ငံအုပ်စုများ၏ အာဂျင်ဒါနှင့် ဖိအားပေးမှုများသာ ရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီစနစ်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင်မြှောက်သော လွှတ်တော်များနှင့်အစိုးရတို့ ပေါ်ပေါက်လာသည်။ ရွေးကောက်ပွဲကို နိုင်ငံ၏အခြေအနေအရ (၃) ပိုင်း ပိုင်း၍ကျင်းပခဲ့ရာတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများကိုပါဖိတ်ခေါ်၍ တရားမျှတမှုနှင့် ပွင့်လင်းလွတ်လပ်မှု တို့ကိုပါ မှတ်ကျောက်တင်ခံခဲ့ခြင်း ဖြစ်သည်။ နဂိုကပင် အာဂျင်ဒါရှိပြီးဖြစ်သည့် အာဆီယံအဖွဲ့ဝင် မရိုးသားသည့် နိုင်ငံအချို့ ထိုစဉ်ကပင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို မမြင်ယောင်၊ မသိယောင် ဆောင်နေခဲ့သည်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ရေးနှင့် ဂုဏ်သိက္ခာကျဆင်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်နိုင်မှုမရှိရေး၊ ပြည်သူများဆင်းရဲမွဲတေ နိမ့်ကျရေးနှင့် ပြည်တွင်းပဋိပက္ခများ မီးထိုးပေးရေး စသည့် မကောင်းရာ မကောင်းကြောင်း၊ ပျက်စီးရာ ပျက်စီးကြောင်းတို့ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို မရိုးသားစွာ လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ နောက်ကွယ်တွင်မူ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဝိုင်းပယ်ဖယ်ရှားခဲ့ကြသည့် အုပ်စုများ၏အရိပ်များကို ထင်ထင်ရှားရှားပင် တွေ့မြင်နေရသည်။ အာဆီယံ၏ အခြေခံမူနှင့် အာဆီယံနည်းလမ်းတို့ကို ရောဂါကူးစက်ခံရခြင်း ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ အစိုးရတစ်ရပ်ပေါ်ထွန်းလာပြီးနောက် ပထမရက် (၁၀၀) အတွင်း နိုင်ငံတော်သမ္မတ၏ အိမ်နီးချင်းနိုင်ငံများသို့ ခရီးစဉ်များတွင် လာအိုသည် တတိယမြောက်နိုင်ငံဖြစ်သည်။ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အနေဖြင့် ဒုတိယမြောက်ဖြစ်ပြီး အာဆီယံနိုင်ငံများအနက် ပထမဆုံးသွားရောက်သည့် ခရီးစဉ်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းသို့ စတင်ရောက်ရှိသည့် ဇူလိုင် (၃) ရက် နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင် စီဖန်ဒွန်၊ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဆေဆုံဖုန်း ဖုန်ဝိဟိန့်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခုဆက်သည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလေးအနက်ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရေးကို အလေးထားဆောင်ရွက်လျက်ရှိမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့သည်။
အလျဉ်းသင့်၍ဆိုရလျှင် နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာနေထိုင်ရေးတွင် နိုင်ငံတစ်နိုင်ငံက ဖြစ်စေ၊ နိုင်ငံအုပ်စုတစ်စုကဖြစ်စေ အခြားနိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ခြင်းက အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်း၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မိမိပြည်တွင်းရေးကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်တို့ကို အပြန်အလှန် လေးစားကြရန်လိုသည်။ နိုင်ငံတိုင်း တန်းတူညီမျှမှုကို အသိအမှတ်ပြု၍ နိုင်ငံကြီးငယ်မခွဲခြားဘဲ နိုင်ငံအလိုက် ကျင့်သုံး ကြသည့် နိုင်ငံရေးစနစ်များကို လေးစားကြရန်လည်းလိုသည်။ ပြည်တွင်းရေးကို ဝင်၍မစွက်ဖက်ဘဲ ဒေသတွင်းတည်ငြိမ်ရေးနှင့် စုစည်းညီညွတ်မှုတို့ကို မိတ်ဖက်ဆက်ဆံရေးဖြင့် ခိုင်မြဲစေရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်သလို တံခါးပိတ်ဝါဒကျင့်သုံးနေသည့် နိုင်ငံလည်းမဟုတ်။ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည့်နိုင်ငံ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် နိုင်ငံ၊ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့်နိုင်ငံဖြစ်သည်။
နှစ်နိုင်ငံ ဆွေးနွေးမှုများအတွင်း မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေးကျင်းပရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ဒေသကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်ကုန်စည်ကူးသန်း ရောင်းဝယ်ပို့ဆောင်ရေး၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ နေပြည်တော်နှင့် ဗီယင်ကျန်း ညီအစ်မမြို့တော်ဆက်ဆံရေး ထူထောင်သွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနှင့် အခြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံကြား လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ ဖြစ်တန်ခြေလေ့လာရေး၊ မြန်မာ-ထိုင်း- လာအို သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်လုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်လောင်းကစားမှုများပပျောက်ရေး စသည့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး အကြောင်းအရာများစွာ ပါဝင်သည်။
လာအိုနှင့် မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံတို့အကြား အကျိုးစီးပွားချင်းက နီးကပ်ဆက်စပ်နေသည်။ လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံ (Landlocked) ဟူ၍ အစဉ်အလာအားဖြင့် အားနည်းချက်အဖြစ်ယူဆကြသည့် နိုင်ငံ၏ပထဝီအနေအထားအရ သဘာဝပေးအခြေအနေကို အားသာချက်အဖြစ် ရှာဖွေကာ ကုန်းမြေချင်းဆက်သွယ်ပေးသည့်နိုင်ငံ (Land- linked) အဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းလျက်ရှိသည်။ အမျိုးသားထောက်ပံ့ပို့ဆောင်ရေး မဟာဗျူဟာ (၂၀၁၆-၂၀၃၀ (National Logistics Strategy 2016 - 2030) ကိုရေးဆွဲချမှတ်၍ ကုန်းတွင်းဆိပ်ကမ်း (Dry Port)၊ ပြည်ပပို့ကုန်များ ပြုပြင်ထုပ်ပိုးသည့် ဇုန် (Export Processing Zone) ၊ လွတ်လပ်သော ကုန်သွယ်မှုဇုန် (Free Trade Zone) ၊ စက်သုံးဆီ သိုလှောင်ကန်ဇုန် (Oil Tank Zone) ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဖြန့်ဖြူးရေးဇုန်တို့ပါဝင်သည့် ဘက်စုံထောက်ပံ့ပို့ဆောင်ရေးဥယျာဉ် Integrate Logistic Park ကို ယခုနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရန် တည်ဆောက်လျက်ရှိသည်ဟု သိရသည်။
အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသော Thanaleng Dry Port သည် ဗီယင်ကျန်းမြို့တွင်တည်ရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လာအို-ထိုင်း ရထားလမ်း၊ လာအို-တရုတ် ရထားလမ်းတို့နှင့် ချိတ်ဆက်ထားသည်။ အာဆီယံဒေသထွက်ကုန်များကို တရုတ်နိုင်ငံသို့လည်းကောင်း၊ တရုတ်-ဥရောပ ရထားလမ်းနှင့်ချိတ်ဆက်၍ ဥရောပနိုင်ငံများသို့လည်းကောင်း တင်ပို့နေသည်။ အနာဂတ်တွင် လာအို-ဗီယက်နမ် ရထားလမ်းဖောက်လုပ်ကာ ဗီယက်နမ်နိုင်ငံ Bang Ang ပင်လယ်ဆိပ်ကမ်းမှ တစ်ဆင့် ပစိဖိတ်ဒေသဆိပ်ကမ်းနိုင်ငံများသို့ ကုန်ကျစရိတ်သက်သာသည့် နှုန်းထားများဖြင့် ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
Thanaleng Dry Port သည် လာအိုနိုင်ငံ၏ ကုန်းတွင်းဆိပ်ကမ်း (၉) ခုအနက် အဓိကအကျဆုံး နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်ပြီး အာဆီယံ-တရုတ်-ဗဟိုအာရှ-ဥရောပနိုင်ငံများကို ချိတ်ဆက်ပေးသည့် ကုန်စည်ပို့ဆောင်ရေးအချက်အချာအဖြစ် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာတို့အကြား နှစ်စဉ်ကွန်တိန်နာပေါင်း ၅၀၀၀၀ ခန့် ဖြတ်သန်းပို့ဆောင်ပေးနေသည်။ ထိုင်းနိုင်ငံမှ ကုန်စည်များကို အဆိုပါ Dry Port မှတစ်ဆင့် တရုတ်နိုင်ငံအရှေ့ပိုင်း ကွမ်ကျိုးသို့ တိုက်ရိုက်တင်ပို့ရာတွင် အမြန်ရထားဖြင့်ဆိုပါက ၄ နာရီသာကြာမြင့်သည် ဖြစ်ရာ သယ်ယူချိန်များစွာ သက်သာသွားစေသည်။
မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံမှထွက်ရှိသောကုန်စည်များကို မဲခေါင်မြစ်ကူး လာအို-မြန်မာ ချစ်ကြည်ရေးတံတားမှဖြတ်သန်း၍ Thanaleng Dry Port မှတစ်ဆင့် အခြားနိုင်ငံများသို့ ပို့ဆောင်နိုင်သလို တောင်အာရှနိုင်ငံများမှကုန်စည်များကို တစ်ဆင့်ခံပို့ဆောင်ခြင်း၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ခြင်း စသည်တို့လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများရှိနေသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးမှုများတွင် နောက်ထပ်စိတ်ဝင်စားဖွယ်အချက်မှာ နှစ်နိုင်ငံကြား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများပင် ဖြစ်သည်။ မြန်မာနှင့် လာအိုတို့သည် နှစ်နိုင်ငံအကြား မဲခေါင်မြစ်ကြီးကို သဘာဝနယ်နိမိတ်အဖြစ် အလယ်မှခြားကာ မိုင်ပေါင်း ၁၅၀ ခန့် အတူတကွ ပိုင်ဆိုင်ထားကြသည်။ မြန်မာနိုင်ငံသည် နှစ်စဉ် လျှပ်စစ်ဓာတ်အားလိုအပ် ချက် ၁၅ ရာခိုင်နှုန်း တိုးတက်နေပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ရာ အဆိုပါလိုအပ်ချက်ကို ပြည့်မီနိုင်ရန် ပြည်တွင်းဓာတ်အားတိုးတက်ထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူမှုများပါ တိုးတက်ဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိသည်။ လာအိုနှင့် မြန်မာနိုင်ငံတို့အကြား မဲခေါင်မြစ် ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်း သုံးခုမှ လေးခုအထိ ဆောင်ရွက်နိုင်ပြီး စုစုပေါင်း ဓာတ်အား မဂ္ဂါဝပ် ၂၈၀၀ မှ ၃၂၀၀ ခန့်အထိ ရရှိနိုင်မည့် အလားအလာနှင့်စပ်လျဉ်း၍ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ရှိနေခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်အတွင်း မဲခေါင်မြစ်ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ် (Joint Agreement on Feasibility Study) ကို ဇူလိုင် ၄ ရက်နေ့တွင် ဗီယင်ကျန်းမြို့၌ တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံဘက်မှ တာဝန်ပေးအပ်ထားသော Primus Sapphire Power Co.,Ltd. နှင့် လာအိုနိုင်ငံဘက်မှ တာဝန်ပေးအပ်ထားသော Phongsupthavy Group Sole Co,Ltd.တို့က ပူးပေါင်း၍ ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုလုပ်ငန်းများကို ၃၄ လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် မြန်မာနှင့်လာအို နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ နှစ်နိုင်ငံလုံးမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံချင်းဖြစ်သည့်အလျောက် ယဉ်ကျေးမှုချင်းမှာ မကွာခြားလှ။ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရေမြေတောတောင် အလှကိုယ်စီနှင့်ဖြစ်ရာ အပြန်အလှန်လည်ပတ်နိုင်သလို သူ့ဆီကိုယ့်ဆီရောက်လာသည့် ဧည့်သည်များကို နှစ်နိုင်ငံခရီးစဉ်များ ဖန်တီးပေးနိုင်သည်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ထက်လွမ် စေတီတော်သို့လည်းကောင်း၊ လာအို အသေးစား၊ အငယ်စား စက်မှုလုပ်ငန်း Phonthong Handi-crafts Cooperation and Cama Crafts သို့လည်းကောင်း၊ ညနေပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Patuxai (Victory Gate) သို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပြီး ဆက်လက်၍ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား မြန်မာသံရုံးတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)



No comments:
Post a Comment