Tuesday, July 7, 2026

ညီအစ်ကိုနှစ်နိုင်ငံအကြား ပိုမိုအားကောင်းလာသည့် ချစ်ကြည်ရင်းနှီးမှု အကျိုးရလဒ်များ

 


မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါသည်။ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများတွင် ပထမဆုံးသွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ပါသည်။

အာဆီယံနိုင်ငံများတွင် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှုများကို အသိအမှတ်ပြုသဖြင့် နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် လာအိုနိုင်ငံ ဝန်ကြီးချုပ်နှင့်လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံပြီး လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ဖူးမြော်ကြည်ညို

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် တတိယမြောက်နေ့တွင် ဗီယင်ကျန်းမြို့မှ အထူးလေယာဉ်ဖြင့် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ လွန်ပရာဘန်မြို့သို့ ရောက်ရှိသည့်အခါ လာအိုနိုင်ငံ လွန်ပရာဘန်မြို့မှ တာဝန်ရှိသူများနှင့် ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။ ထို့နောက် လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာကြသည်။ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှု လေ့လာရာတွင် သမိုင်းဝင်တော်ဝင်နန်းတော်နှင့်လာအိုဘုရင်မင်းဆက်၏ ယဉ်ကျေးမှုအမွေအနှစ် များ၊ ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာများနှင့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းများကို စိတ်ဝင် တစားလေ့လာခဲ့သည်။ ထို့ပြင် ပြတိုက်ဝင်းအတွင်းရှိ လာအိုနိုင်ငံ၏ အမြတ်တနိုးတန်ဖိုးထားသော ရှေးဟောင်း “ဖဘန်” ဘုရားအား ဖူးမြော်ကြည်ညိုကြပြီးနောက် အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရုပ်ပွားတော် သမိုင်းမှတ်တမ်းစာအုပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ “ဖဘန်” ဘုရားသည် နန်းတော်ပြတိုက်၏ ဝင်ပေါက်ညာဘက်တွင်ရှိပြီး အေဒီ ၁ ရာစုက သီရိလင်္ကာနိုင်ငံတွင် သွန်းလောင်းခဲ့ကာ ၁၃၅၉ ခုနှစ်တွင် ခမာဘုရင်က ၎င်း၏သမက် လာအိုဘုရင် Fa Ngum အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဘုရားကျောင်းတော်ကို ၁၉၆၃ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ပြည်တွင်းစစ်ကြောင့် ၁၉၉၀ ပြည့်နှစ်မှ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ကာ ၂၀၀၆ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တော်ဝင်နန်းတော်ပြတိုက်သည် မဲခေါင်မြစ်ကမ်းပါးပေါ်တွင် တည်ရှိပြီး လာအိုနိုင်ငံ၏ အမြင့်မြတ်ဆုံးနေရာအဖြစ် ထိန်းသိမ်းထားရှိသည်။ ယခင်က ကျွန်းသစ်များဖြင့်သာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်သည့်အခါ ပြင်သစ်လက်ရာများနှင့် လာအိုဗိသုကာလက်ရာများ ရောနှောကာ အုတ်ဖြင့် အစားထိုးတည်ဆောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် လာအိုအာဏာရရှိလာချိန်တွင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီး တော်ဝင်မိသားစုတို့ နန်းတော်မှထွက်ခွာခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီးက လွန်ပရာဘန်မြို့တစ်ခုလုံးကို ကမ္ဘာ့ အမွေအနှစ်မြို့အဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။

ကဏ္ဍစုံပူးပေါင်းဆောင်ရွက်

ဇူလိုင် ၅ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ အား လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဘွန်လူအမ်မနိဝုန်က ခေတ္တတည်းခို ရာဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင် သည့် ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမို အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ လာအိုနိုင်ငံ လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့သည် ညီအစ်မမြို့ (Sister City) များဖြစ်ကြပြီး လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ကျိုင်းတုံမြို့တို့အကြား ခရီးသွားကဏ္ဍနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဆိုပါက နှစ်နိုင်ငံခရီးသွားကဏ္ဍအတွက် များစွာအကျိုးဖြစ်စေမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး ဇူလိုင် ၅ ရက်နေ့ မွန်းလွဲပိုင်းတွင်လာအိုရိုးရာဆုတောင်းပွဲအခမ်းအနား (ဘာစီပွဲတော်) သို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးတို့က မင်္ဂလာဆီမီးများ ထွန်းညှိ ပူဇော်၍ လာအိုရိုးရာအစဉ်အလာဖြင့် ဆုမွန်ကောင်းများ တောင်းကြကာ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနှင့်ဇနီးနှင့် လွန်ပရာဘန် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၏လက်များ၌ ဘာစီရိုးရာမင်္ဂလာကြိုးဖြူ (Sai Sin) ဖြင့် ချည်နှောင်၍ ဆုတောင်းပေးကြသည်။ လာအိုရိုးရာဓလေ့အရ မင်္ဂလာကြိုးဖြူကို အပြန်အလှန်ချည်နှောင်၍ ကံကောင်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် အောင်မြင်ချမ်းမြေ့ခြင်းတို့အတွက် ကောင်းချီးမင်္ဂလာဆုတောင်းပေးသည့် အစဉ်အလာရှိကြသည်။

ကိုယ်စိတ်နှစ်ဖြာချမ်းသာ

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” (Wat Xieng Thong) ဘုရားကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားကျောင်းအတွင်း အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် ရုပ်ပွားတော်နှင့် ဘုရားတည်ဆောက်မှု သမိုင်းမှတ်တမ်းစာအုပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါဝပ်ဆီယမ်သုန်ဘုရားကို ၁၆ ရာစုနှစ်အတွင်း ဘုရင် Saya Setthathirath လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ၁၅၆၀ ပြည့်နှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့သည်။ အဆိုပါဘုရားကျောင်းသည် လာအိုနိုင်ငံ၏ ရိုးရာလက်ရာများနှင့်ဗိသုကာလက်ရာများအနက် စိတ်ဝင်စားဖွယ်ကောင်းသည့် ဘုရားကျောင်းတစ်ခုဖြစ်သည်။ မှန်စီရွှေချ ဘဝသစ်ပင် ပန်းချီကားနှင့် သိမ်တော်အဆောက်အအုံ၏ ခေါင်မိုးဗိသုကာလက်ရာများမှာ ထင်ရှားသည်။ လွန်ပရာဘန် ပြည်နယ်သို့ ရောက်ရှိခဲ့လျှင် ဝပ်ဆီယမ်သုန်ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ပါက ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာအောင်မြင်မှုများရရှိသည်ဟု ယုံကြည်သက်ဝင်ကြသည်။ အာရှတိုက်၏ အလှဆုံး ဘုရားကျောင်းအဖြစ် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့လာလည်ပတ်ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ လွန်ပရာဘန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကော်ဇောနီ၏ တစ်ဖက်တစ်ချက်၌ လာအိုကင်းထောက်လူငယ်မောင်မယ် လေးများက နှစ်နိုင်ငံအလံငယ်လေးများ တလူလူဝှေ့ယမ်းပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ကို လှိုက်လှိုက် လှဲလှဲနှုတ်ဆက်ကြပုံများသည် သွေးချင်းနီးသည့် မိသားစုများ၏ နွေးထွေးသည့် နှုတ်ဆက်မှုများအဖြစ် ခံစားရသည်။ ခရီးစဉ်အတွင်း လာအိုနိုင်ငံ၏ ပြောင်းလဲတိုးတက်လာမှုများနှင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို နှိုင်းယှဉ်သိရှိ လေ့လာနိုင်ခဲ့သည်။ လာအိုနိုင်ငံသည် မဲခေါင်မြစ်ကြီးတစ်ခုတည်းကို အရင်းပြု၍ မိမိနိုင်ငံအတွက်သာမက ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ရောင်းချနိုင်သည့် စွမ်းဆောင်မှုများကို တွေ့ရသည်။ မြန်မာနိုင်ငံသည် မြစ်ကြီးလေးစင်း၊ မြစ်ငယ်များစွာ ပိုင်ဆိုင်ထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနိုင်ရန်အတွက် တရုတ်၊ လာအို မိတ်ဆွေနိုင်ငံများနှင့် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများတွင် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ထားသည့် “စွမ်းအင်လုံခြုံမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်သည်” ဆိုသည့်အချက်ကို အလေးထား၍ မြန်မာ-လာအို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကနဦးစမ်းသပ်မှုများပြုလုပ်ပြီး အကောင် အထည်ဖော်နိုင်မည့် အခွင့်အလမ်းရရှိခဲ့သည်။ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ သဘာဝအရင်းအမြစ် ကြီးတစ်ခုဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး မြန်မာ-လာအို သဘောတူခဲ့ကြသည်။ ထို့ပြင် အလုပ်သမားရေးရာနှင့် နှစ်နိုင်ငံမြို့တော်များဖြစ်သည့် နေပြည်တော်နှင့် ဗီယင်ကျန်းတို့ကို ညီအစ်မမြို့အဖြစ် ဆက်သွယ်ဆောင်ရွက်ရန်သဘောတူညီခဲ့သည်။ ကျိုင်းတုံနှင့် လွန်ပရာဘန် လေကြောင်းလိုင်းပြေးဆွဲရေး၊ နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၌ သတင်းအချက်အလက်ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးသဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် သံတမန်ဆက်ဆံရေးရှိသည်ဆိုသော်လည်း ပြည်သူအချင်းချင်းဆက်ဆံရေး သည် နှစ်ပေါင်း ၇၀ မက နှစ်ပေါင်းရာချီ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသော ညီအစ်ကိုနိုင်ငံများ ဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်၌ ညီရင်းအစ်ကိုမောင်ရင်းနှမပီပီ နှစ်နိုင်ငံ အပြန်အလှန် ထောက်ပံ့ကူညီခဲ့ကြသော နိုင်ငံများဖြစ်သည်။ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက်၌ နယ်စပ်ပြဿနာ များ လုံးဝမရှိခဲ့ဘဲ အေးချမ်းစွာထိတွေ့ဆက်ဆံခဲ့ကြသော နိုင်ငံဖြစ်သည်။ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ သည် အာဆီယံသို့ တစ်ရက်တည်းဝင်ရောက်ခဲ့ကြသော နိုင်ငံများဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက တာဝန်ယူသည့်အချိန်တွင် မြန်မာနိုင်ငံဘက်မှ အပြည့်အဝရပ်တည်ပေးခဲ့ သည်။

အချုပ်အားဖြင့်ဆိုပါလျှင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် နှစ်နိုင်ငံသမိုင်းကြောင်းနှင့် သံတမန်ဆက်ဆံရေးကာလတစ်လျှောက်လုံး၌ ညီအစ်ကို မိတ်ရင်းဆွေရင်းပမာ ဆက်ဆံခဲ့သည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအပြင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဖြစ် တိုးမြှင့်နိုင်ရန်အတွက် အပြန်အလှန်ဆွေးနွေး သဘောတူညီခဲ့ကြရာ နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများထက် ပိုမိုသော ညီအစ်ကိုနှစ်နိုင်ငံအကြား ပိုမိုအားကောင်း လာသည့် ချစ်ကြည်ရင်းနှီးမှုအကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။ ။

No comments:

Post a Comment