Tuesday, June 16, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး


 

နေပြည်တော် ဇွန် ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။







ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးနှင့် ချစ်ကြည်ရေးကို အလေးထားပေးမှုများအတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံအားပေးရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆွေတော်သမ္မတကြီးဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြားဆက်ဆံမှု ပိုမိုနက်ရှိုင်းစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်တံ့စေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးလိုပါကြောင်း ဦးစွာ ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား အစဉ်အလာကောင်းမွန်လျက်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းခိုင်မာစေမည့် အရေးပါသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဆွေးနွေးမှုမှတစ်ဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကဏ္ဍအပါအဝင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ ကာလရှည်ကြာစွာ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြကြောင်း၊ ယခုအခါ မိမိတို့၏ ဆက်ဆံရေးသည် ပိုမိုနက် ရှိုင်းသည့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှုအဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံတကာဆက်ဆံရေးတွင် စံနမူနာပြုရသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း။

ယခုအချိန်တွင် တရုတ်နိုင်ငံအနေဖြင့် (၁၅) ကြိမ်မြောက် ငါးနှစ်သက်တမ်းစီမံကိန်း ချမှတ် ကျင့်သုံးနေချိန်ဖြစ်သကဲ့သို့ မိမိတို့အစိုးရသစ်အနေဖြင့်လည်း ရေရှည်တည်တံ့သည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ကြောင်း၊ မိမိတို့အစိုးရသစ်လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေး မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးတိုးမြှင့်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကောင်းများကို နှစ်နိုင်ငံအကြား လက်တွေ့ကျကျ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟုလည်း အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကျိုးကျေးဇူး မြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှု များကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံအကြား နယ်ပယ် အသီးသီးတွင် ကျယ်ပြန့်စွာဆွေးနွေးလိုပြီး ထိရောက်သည့် အောင်မြင်မှုရလာဒ်များကို ရရှိလိုပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်ရေးကို မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍကိုလည်း ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့တွင် ချုပ်ဆိုနိုင်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ကဏ္ဍစုံတွင် မြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်မှုကို တရားဥပဒေစိုးမိုးမှုနှင့်အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာ့လယ်ယာနှင့် MSME ထုတ်ကုန်များအတွက် Quarantine စံနှုန်းဆိုင်ရာ နည်းပညာပံ့ပိုးမှု မြှင့်တင်ရေးနှင့် နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် တည်ငြိမ်သည့်စွမ်းအင်စနစ်တည်ဆောက်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာပိုင်းတို့တွင် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ လိုအပ်သည်များ ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေးတို့အပါအဝင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment