နေပြည်တော် ဇွန် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
နေပြည်တော်-တောင်ငူ
မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု
ဦးစွာ နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားဘူတာမှ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍
နေပြည်တော်-တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု၊ မီးရထားလမ်းပိုင်းတစ်လျှောက်
သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊
ဘူတာအဝင်၊ အထွက်နေရာများစနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မီးရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊
အသုံးပြုခြင်းမရှိသည့် မီးရထားသံလမ်းများအား ပြန်လည်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊
ရထားသွားလာရေးစနစ်တွင် လမ်းများသည် အဓိကကျသည့်အတွက် လမ်းများကောင်းမွန်အောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်းနှင့်
အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် တောင်ငူဘူတာသို့
ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
တောင်ငူမြို့ရှောင်
ရထားလမ်းဖောက်လုပ်နေမှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
တောင်ငူမြို့ရှောင် ရထားလမ်းနှင့် တောင်ငူဘူတာအသစ် ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် ရေထွက်ပေါက်များနှင့် ရထားလမ်းတပေါင်များ
စနစ်တကျဖြင့် ခိုင်ခိုင်ခံ့ခံ့ ဖြစ်စေရေးဆောင်ရွက်ရန်၊ ဘူတာသစ်ဆောက်လုပ်ရာတွင်လည်း နောင်တစ်ချိန်တွင်
ဖြစ်ပေါ်တိုးတက်လာနိုင်သည့် မီးရထားခရီးစဉ်များနှင့် ခရီးသွားဦးရေကို ကြိုတင်တွက်ဆ၍
တွက်ချက်တည်ဆောက်သွားရန်လိုပြီး မီးရထားစင်္ကြန်များနှင့် မီးရထားယာဒ်ဝန်းများကိုလည်း
စနစ်တကျ တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
တောင်ငူခရိုင်
အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်နေမှု
ဆက်လက်၍ တောင်ငူခရိုင်
အားကစားကွင်းသို့ ရောက်ရှိကြရာ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က
တောင်ငူအားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက အားကစားကွင်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့တွင်နေထိုင်သည့်လူဦးရေ၊
လာရောက်ကြည့်ရှုမည့် ပွဲကြည့်သူဦးရေတို့အပေါ် မူတည်တွက်ချက်၍ ၎င်းနှင့်ကိုက်ညီမည့်
အဆင့်မီသည့်ပွဲကြည့်စင်များဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် နောင်တွင်
တိုးတက်ဖြစ်ပေါ်လာမည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီစွာဖြင့်
တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုတင်ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းနှင့်
အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် တောင်ငူမြို့အားကစားကွင်းနှင့်
ပွဲကြည့်စင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်
ပတ်သက်၍ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ကေတုမတီမြို့ဟောင်းနှင့်
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေး
ထို့နောက် ကေတုမတီမြို့ဟောင်း
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် မြို့ရိုး၊ ကျုံးနှင့် နန်းတော်ရာ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည်
တောင်ငူကေတုမတီ နန်းမြို့တော်နှင့် နန်းတော်ရာဟောင်း ဖော်ထုတ်ထိန်းသိမ်းခြင်းဆောင်ရွက်နေမှု၊
အနောက်ဘက်မြို့ရိုး စင်တံခါးအနီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းခြင်းဆောင်ရွက်နေမှု၊
မြောက်ဘက်ကျုံးနေရာတွင် ကျုံးမြို့ရိုးနှင့် နွံကျုံးများ တူးဖော်ထားရှိမှု၊ ရေကျုံးနံရံ
ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကျောက်စီထားရှိမှု၊ ကျုံးရိုးလျှောက် လမ်းများ လက်ရန်းတပ်ဆင်ခြင်း၊
ကွန်ကရစ်ဘလောက်တုံးခင်းခြင်း၊ မြေယာရှုခင်း လုပ်ဆောင်ခြင်းများ ဆောင်ရွက်ထားရှိမှုတို့ကို
နေရာတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ်
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့၏သမိုင်းကြောင်းအရ
အထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များ၊ နန်းမြို့ရိုးများနှင့် ကျုံးများသည် တန်ဖိုးမဖြတ်နိုင်သည့်
ရှေးဟောင်းအမွေအနှစ်များဖြစ်သည့်အတွက် တတ်စွမ်းသမျှ ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်လိုကြောင်း၊
နိုင်ငံတော်၏ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်
နိုင်ငံ၏တန်ဖိုးပင်ဖြစ်ကြောင်း၊ ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးတို့သည် ဒဏ္ဍာရီမဟုတ်ဘဲ
အမှန်တကယ်ရှိခဲ့သည့် သမိုင်းကြောင်းအစဉ်အလာကြီးမားခဲ့သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့်အတွက်
စနစ်တကျ သုတေသနပြုလုပ်၍ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်နေရာများကို
ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးကူးတံတားများနှင့်
ဆက်စပ်လျက်ရှိသည့် လမ်းများပြန်လည်ဖော်ထုတ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း
ရှေးမူမပျက် မူလပုံစံများအတိုင်းဖြစ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိရန်လိုကြောင်းနှင့်
အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ကေတုမတီနန်းမြို့ရိုးတစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ်၊
နှစ်ဆောင်မြိုင်ကျေးရွာအနီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက်
အလွယ်တကူသုံးစွဲနိုင်သည့် တန်ဖိုးနည်း သဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များထည့်သွင်း၍
မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်း
ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်
လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
လာရောက်လေ့လာကြသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုကို မေးမြန်းအားပေးစကားပြောကြားပြီး မျိုးစပါးများရရှိရေး၊ ပန်းတိုင်အထွက်နှုန်းများ
ရရှိစေရေး၊ သီးထပ်စွမ်းအားများ ကောင်းမွန်မှုရှိစေရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုပြောကြားသည်။
တောင်ငူခရိုင်ဖွံ့ဖြိုးတိုးတက်ရေး
ဆွေးနွေးမှာကြား
ထို့နောက် နိုင်ငံတော်သမ္မတသည်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား
နယ်မြေခံလေတပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မိုးစပါးစိုက်ပျိုးရေးဆောင်ရွက်လျက်ရှိမှု၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဆောင်ရွက်ပြီးစီးမှု၊
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဧကကွက်များအဖြစ်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တောင်ငူခရိုင်အတွင်း နှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေများ၊
စိုက်ပျိုးမြေများအား စနစ်တကျအသုံးချဆောင်ရွက်လျက်ရှိမှု၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား
တိုးတက်စေရေး စိုက်ပျိုးလျက်ရှိမှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင်မှု၊
မိုးသီးနှံများ စိုက်ပျိုးလျက်ရှိမှု၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်လျက်ရှိမှု၊
တိုင်းဒေသကြီးအတွင်း ဒေသဝမ်းစာဖူလုံမှု၊ ရေဆင်းပေါ်ဆန်းစပါး စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိမှု၊
ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်မှုနှင့် ဆီဖူလုံမှုများတိုးတက်လာမှု၊ ပဲစိုက်ပျိုးထုတ်လုပ်မှုများ
တိုးတက်လာမှု၊ ရိုဘက်စတာကော်ဖီများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဟင်းသီးဟင်းရွက်များနှင့်
တစ်အုပ်တစ်မစိုက်ခင်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ သဘာဝ မြေဩဇာများထုတ်လုပ်လျက်ရှိမှု၊
Drum Seeder များ ထုတ်ပေးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသကြက်မွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ ဒေသအလိုက်အသားဖူလုံမှု၊ MSME လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား
ပြည်ပသို့တင်ပို့နိုင်မှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊
ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်လူမှု စီးပွားဘဝတိုးတက်ရေး
လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း မိုးသီးနှံများစိုက်ပျိုးရန်
လျာထားဆောင်ရွက်လျက်ရှိမှု၊ မိုးရာသီအတွင်း စပါးအမျိုးအစားများအလိုက် စိုက်ပျိုးလျက်ရှိမှု၊
မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်ထွန်းအောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်ယန္တရားများအသုံးပြု၍ ဧကကွက်များဖော်ဆောင်၍
ဆောင်ရွက်မည်ဆိုပါက များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် တောင်သူများအား စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊
ကော်ဖီစိုက်ပျိုးရာတွင် ကော်ဖီသည် တိုင်းပြည်အတွက် ထုတ်ကုန်အဖြစ် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သဖြင့်
ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့၊ မြို့သစ်ဖော်ဆောင်ရေးအတွက် Town
Plan ရေးဆွဲဆောင်ရွက်ထားရှိမှု၊ မြို့သစ်စီမံကိန်းအတွင်း မီးရထားလမ်းအသစ် ဖောက်လုပ်ရေးဆောင်ရွက်ထားရှိမှု၊
အုပ်ချုပ်မှုဆိုင်ရာအစိုးရရုံး ဌာနများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဝန်ဆောင်မှုဆိုင်ရာ
နေရာများ၊ အပန်းဖြေရန်နေရာများ၊ စိမ်းလန်းနေရာများ ထည့်သွင်းဆောင်ရွက်ထားရှိမှုတို့နှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ
ဆွေးနွေးပြောကြား
ယင်းနောက် နိုင်ငံတော်သမ္မတက
တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် တောင်ငူခရိုင်ကို
အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်နှင့် ဆက်စပ်၍
ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တောင်ငူဒေသကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းအားဖြင့်
ဒေသနှင့်ဆက်စပ်လျက်ရှိသည့် အခြားဒေသများမှ သူများသည်လည်း မိမိတို့ဒေသအတွက် ကြိုးစားလိုစိတ်များ
ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ တောင်ငူဒေသတွင် နေထိုင်သူများအနေဖြင့် မိမိတို့ဒေသအား ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး
မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို စဉ်းစားဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း၊ တောင်ငူဒေသတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေကြခြင်းဖြစ်သော်လည်း ရေရှည်တွင်
စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်း၊ MSME လုပ်ငန်းများကို
အားပေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ဒေသအလိုက် ဒေသတွင်း စားရေးဖူလုံမှုအပြင် ပြင်ပသို့ရောင်းချနိုင်ရေးအတွက်လည်း
ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
တောင်ငူဒေသတွင်
ဆန်ဖူလုံမှုရှိပြီးဖြစ်သည့်အတွက် ဆန်ထုတ်လုပ်ခြင်းမှ ရရှိလာသည့် ဖွဲ၊ ဆန်ကွဲများကို အသုံးပြု၍
တိရစ္ဆာန်အစာများထုတ်လုပ်ခြင်း၊ ဖွဲနုဆီထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ကြောင်း၊
ဒေသ၏ အခြေခံအရင်းအမြစ်ကောင်းများကို အသုံးချ၍ ရေကြီးရေနက်ကွင်းများ၌လည်း ငါးမွေးမြူရေးလုပ်ငန်းများကို
အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ငါးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို
အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်၊ နွား တို့ကို တိုးချဲ့မွေးမြူခြင်းအားဖြင့်လည်း
ဒေသတွင်း မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
အောင်မြင်အောင်ဆောင်ရွက်ခြင်းအားဖြင့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများ၊
ဟင်းသီးဟင်းရွက်များ၊ အခြေခံစားကုန်ပစ္စည်းများကို ဒေသတွင်းနေထိုင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့်
ပြည့်ဝစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်
ကောင်းများလိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်း
အချက်အလက်များအပေါ်တွင် မူတည်၍ စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲဆောင်ရွက်ရသည်ဖြစ်သဖြင့်
ဒေသအလိုက်မှလည်း အခြေခံအချက်အလက်များကို မှန်မှန်ကန်ကန်ပြုစုတင်ပြကြရန်လိုကြောင်း၊
ထို့ပြင် မိမိတို့နိုင်ငံ၌ မြေကိုအကျိုးရှိရှိအသုံးပြုသွားရန်လိုပြီး မိမိတို့ဒေသအလိုက်
ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို ထိထိရောက်ရောက်နှင့်
မှန်မှန်ကန်ကန် အသုံးချသွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါကလည်း
စိုက်ဧကတိုးချဲ့ခြင်းထက် ရှိပြီးဖြစ်သည့် စိုက်ဧကများတွင် ပန်းတိုင်အထွက်နှုန်းများရရှိစေရေး၊
သီးထပ်စွမ်းအား ပြည့်မီမှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်
လိုအပ်သည့် စိုက်ပျိုးရေနှင့် အောင်ရေများ ပြည့်ပြည့်ဝဝ ရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊
မိမိတို့နိုင်ငံတွင် မြစ်များ၊ ချောင်းများကို စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ချက်များရှိခဲ့သဖြင့်
ယခုအခါ မြစ်ချောင်းများ တိမ်ကောခြင်း၊ နုန်းပို့ချမှုများပြားလာခြင်းများ၊ ရေအရင်းအမြစ်
လျော့နည်းလာခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြစ်ချောင်းများရေစီးဆင်းမှုပြန်လည်ကောင်းမွန်ရေး
ပြန်လည်ထိန်းသိမ်းသွားရန်လိုကြောင်း၊ သို့ဖြစ်၍ မိမိတို့တာဝန်ယူထားရသည့် ကဏ္ဍများအလိုက်
အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ကိစ္စရပ်မှန်သမျှကို ဒေသအတွက်၊ နိုင်ငံ့အတွက် ရေရှည်အကျိုးကို မြော်တွေး၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။
ထို့ပြင် အနာဂတ်ကာလတွင်
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တစ်ရပ်ကို ပုံဖော်တည်ဆောက်ရာ၌ ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ
တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပညာတတ်လူသားအရင်းအမြစ်များ လျော့နည်းလာခြင်းသည်
နိုင်ငံ့အနာဂတ်အတွက် မည်ကဲ့သို့မျှ ကောင်းမွန်မှုမရှိသည်ကို သတိပြုကြရန်လိုကြောင်း၊
ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဒေသအလိုက် ကျောင်းနေအရွယ်ကလေးများအားလုံး
ပညာသင်ကြားနိုင်ရေး အလေးထား တိုက်တွန်းအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးကောင်းမွန်မှုရှိမှသာလျှင်
ကလေးငယ်များ၏ အနာဂတ်ဘဝလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်ကို အသိပညာပေးဟောပြောခြင်းများဖြင့်
စည်းရုံးဆောင်ရွက် သွားကြရန်လိုကြောင်း၊
မိမိတို့အနေဖြင့်
နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ
ဖော်ဆောင်ပေးနိုင်ရန်နှင့် အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်ရန်လိုကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး
အလုပ်လုပ်နိုင်မှသာလျှင် ဝင်ငွေရရှိနိုင်မည်ဖြစ်ကာ လူတစ်ဦးချင်းစီအလိုက်မှစ၍ ဒေသအလိုက်၊
ခရိုင်အလိုက် စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၎င်းမှတဆင့် နိုင်ငံ့စီးပွားသည်လည်း
တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက်
လက်ရှိနိုင်ငံတကာ၌ ဖြစ်ပေါ်ကြုံတွေ့ရလျက်ရှိသည့် စက်သုံးဆီ အခက်အခဲများအပါအဝင် အခြားအခြေခံလိုအပ်ချက်များကိုလည်း
တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ အလုပ်လုပ်ကိုင်နိုင်ရေး
ဖြည့်ဆည်းပေးမှုများကို အကျိုးရှိရှိနှင့် စနစ်တကျအသုံးချနိုင်ရန်လိုကြောင်း၊ အမှန်တကယ်လိုအပ်သည်မှာ
အလုပ်လုပ်ကြရန်နှင့် မိမိအတွက်၊ ဒေသအတွက်၊ နိုင်ငံတော်အတွက် အလုပ်လုပ်ကိုင်လိုစိတ်များ
ရှိကြရန်ပင်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အခက်အခဲ၊ အကျပ်အတည်းမှန်သမျှကိုလည်း ဖြေရှင်းနိုင်ရေး
စဉ်ဆက်မပြတ်လေ့လာ သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် တောင်ငူ၊
နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူးဖွံ့ဖြိုးရေးဒေသများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်
ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဒေသများမှတဆင့် အခြားမြို့များကိုလည်း
ဆင့်ကဲအထူးဖွံ့ဖြိုးတိုးတက်သောဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
သို့ဖြစ်၍ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာ ဒေသတို့အနေဖြင့် စံနမူနာပြ အထူးဖွံ့ဖြိုးရေး
ဒေသများအဖြစ် ဖြစ်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏
အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စသည့် ဒေသများသို့ လက်လှမ်းမီချိတ်ဆက်နိုင်သည့်
အလယ်ဗဟိုချက်နှင့် မြေလတ်ဒေသများလည်းဖြစ်သည့်အတွက်လည်း အောင်မြင်နိုင်မည့် ရေခံမြေခံနှင့်
အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲမှု လက်လှမ်းမီရာဒေသများအလိုက်
ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊
မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းရွက်နေရသည့်ကာလအတွင်း မှတ်ကျောက်တင်ခံနိုင်သည့်
အစိုးရတစ်ရပ်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကိုဖော်ဆောင်ပေးနိုင်သည့်
အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
ကေတုမတီမြို့သစ်၊ ကျွန်းကုန်းကျေးရွာရှိ ရွှေဝါကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ လုပ်ငန်းရှင်
ဦးရဲဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကြက်ခြံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ ကြက်စာအဖြစ် ထုတ်လုပ်ကျွေးမွေး၍
မွေးမြူလျက်ရှိမှု၊ ကြက်ခြံတွင်အသုံး ပြုလျက်ရှိသည့် Evaporated cooling system (အအေးပေးစနစ်)
အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများအား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများဖြင့်
အသုံးပြုဆောင်ရွက်လျက်ရှိမှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Evaporated cooling system (အအေးပေးစနစ်) ဖြင့်
ဥစားကြက်များ မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
ကျွန်းကုန်းဘူတာမှ RBE အထူးရထားဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment