သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ-နေလင်း
ဇွန်လ၏ မိုးသည်းထန်စွာရွာသွန်းနေသော နံနက်ခင်းတစ်ခု။
အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် (YBS) ၁၃၃ ဂိတ်သို့ ခရီးသည်ယာဉ်တစ်စီး ဆိုက်ရောက်လာသည်နှင့် ကားပေါ်မှခရီးသည် အချို့ဆင်းလာကြသည်။ ထိုခရီးသည်များကြားတွင် တစ်ဦးကိုတစ်ဦး ဖေးမကူတွဲကာဆင်းလာသည့် အမျိုးသမီးနှစ်ဦး။
“မိုးကလည်း သည်းလိုက်တာနော်” ဟု အဖော်အဖြစ် လိုက်ပါလာဟန်ရှိသည့် အမျိုးသမီးက ထီးကို ဆန့်ဖွင့်ရင်း ခပ်ညည်းညည်းဆိုသည်။
ကြည့်ရသည်မှာ သူတို့နှစ်ဦးထဲတွင် တစ်ဦးမှာဝေဒနာကို အန်တုနေရသည့် ကင်ဆာဝေဒနာရှင် ဖြစ်ပြီး ကျန်တစ်ဦးမှာမူ သူ၏အဖော် (သို့မဟုတ်) လူနာစောင့်ဖြစ်ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ခြေလှမ်းများက ကားဂိတ်အနီးရှိ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနဝင်းအတွင်းသို့ ခပ်သွက်သွက်လေး လျှောက်လှမ်းဝင်သွား ခြင်းကြောင့်ပင်ဖြစ်သည်။
ထိုအမျိုးသားကင်ဆာကုသရေးဗဟိုဌာနသည် ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကုလားဝဲတံတား (သန်လျင်အမှတ် ၂ တံတား) အနီးတွင်တည်ရှိပြီး ကင်ဆာရောဂါ သီးသန့်ကုသပေးရာ ဌာနကြီးဖြစ်သည်။
အဆိုပါ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနကို ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင် ပြည့်စုံသည့်ကုသမှုစင်တာ (One – stop Comprehensive Care Center) အဖြစ် ဆေးကုသမှုများပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနသည် ကင်ဆာရောဂါအမျိုးမျိုးကို ကုသမှုခံယူရန် ရပ်ဝေးမှလာရောက်သည့် ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ်နှင့်အတူ များပြားလှသည့် ဝေဒနာရှင်များဖြင့် နေ့စဉ်နှင့်အမျှ လှုပ်ရှားသက်ဝင်လျက်ရှိနေသည်။
ထိုအမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် အထူးသဖြင့်ကင်ဆာဆဲလ်များကို ပစ်မှတ်ထား ချေမှုန်းနိုင်သည့် ခေတ်မီဓာတ်ရောင်ခြည်ကုစက်ကြီးများဖြင့် ကုသပေးခြင်း၊ လူနာများသက်သောင့် သက်သာဖြင့် စနစ်တကျဆေးဝါးကုသမှုခံယူနိုင်မည့် ဓာတုကုထုံး (Chemotherapy) ဆေးသွင်းခြင်းလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ပေးနေပြီဖြစ်သည်။
“ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ ကုထုံးအမျိုးမျိုးကို နိုင်ငံတော်အစိုးရရဲ့ပံ့ပိုးမှုနဲ့ ခေတ်မီ နည်းပညာမြင့် ဓာတ်ရောင်ခြည်သုံးစက်တွေနဲ့ လူနာတွေကို ကင်ဆာရောဂါအမျိုးမျိုးကို ကုသမှု ပေးနေပါတယ်။ ဆေးရုံတွေကနေ လွှဲစာတွေနဲ့ လာတဲ့လူနာတွေလည်း ကုသပေးနေပါတယ်” ဟု ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးကုဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမိုးလှိုင်က ပြောသည်။
၎င်းကဆက်လက်၍ “ဓာတ်ရောင်ခြည်နဲ့ပတ်သက်ပြီး အပြင်လူနာရောအတွင်းလူနာပါ ကုပေးနေပါတယ်။ ဒီအမျိုးသားကင်ဆာကုသရေးဗဟိုဌာနမှာ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ တပ်ဆင်ထားတဲ့ စက်သုံးလုံး၊ ပြင်ပအလှူရှင်များက လှူထားတဲ့စက်တစ်လုံး စုစုပေါင်း လေးလုံးရှိပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ရောင်ခြည်စက်သုံးလုံး ရှိပါတယ်။ စုစုပေါင်း ဓာတ်ရောင်ခြည်စက် ခုနစ်လုံးနဲ့ တစ်ရက်ကို လူနာ ၅၀၀ ကနေ ၆၀၀ ကြား ကုသပေးနေပါတယ်” ဟု ပြောသည်။
ထို့ပြင် ကင်ဆာဝေဒနာရှင်များအတွက် လိုအပ်သည့်ကုသမှုများပြုလုပ်ရာတွင် အခမဲ့ပံ့ပိုး ကူညီမှုများရှိသည့်အတွက် စရိတ်ကြီးမားလှသောရောဂါဝေဒနာကြောင့် စိုးရိမ်ပူပန်နေရသည့် လူနာ နှင့် မိသားစုဝင်များအတွက် များစွာအသက်ရှူချောင်စေမည်ဖြစ်သည်။
ထိုမျှသာမက ရပ်ဝေးမှ လာရောက်ကြရပြီး ဆေးရုံတက်ကုသမှုခံယူနေစဉ် ကာလအတွင်း နေထိုင်ရေးအခက်အခဲရှိသော လူနာများနှင့်လူနာစောင့်များ ဓာတ်ရောင်ခြည်ကုသမှုပေးနေသည့် ကာလတစ်လျှောက်လုံး စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် စနစ်တကျ စီစဉ်ပေးထားခြင်းက ကာလရှည်ကြာကုသရသည့် ဝေဒနာရှင်များအတွက်သာမက မိသားစုများ၏ ငွေကြေးပိုင်းဆိုင်ရာ သောကများကိုပါ စိတ်သက်သာရာရစေနိုင်သည့် စီစဉ်ပေးထားမှုတစ်ခုပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် မကူးစက်နိုင်သည့်ရောဂါများဖြစ်ပွားနှုန်း သိသိသာသာမြင့်မားလာနေပြီး ယင်းရောဂါများထဲတွင် ကင်ဆာရောဂါသည် ကျန်းမာရေးကဏ္ဍအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ကင်ဆာလူနာသစ် သန်း ၂၀ ခန့်ရှိပြီး ထိုအထဲတွင်မှ ၉ ဒသမ ၆ သန်းခန့် သေဆုံးခဲ့ကြောင်း သိရသည်။ မိမိတို့နိုင်ငံတွင်လည်း အသက် ၇၅ နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားနိုင်ခြေ ၁၃ ဒသမ ၉ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရေးကြီးလာပြီဖြစ်သည်။
ထို့ကြောင့် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ကျရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာ သိရှိကုသမှုခံယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် “ကင်ဆာရောဂါထိန်းချုပ်ရေး အမျိုးသားမဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)” ကို ရေးဆွဲပြီး ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
ယခင်က မြန်မာနိုင်ငံတွင် ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကင်ဆာဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူကြရာ၌ ရှိသည့် စက်အင်အားနှင့် တစ်နေ့တခြားတိုးပွားလာသည့် လူနာအရေအတွက် မမျှတမှုများကြောင့် လူနာများအနေဖြင့် ကုသမှုခံယူရန် နှစ်ချီ (လအတော်ကြာ) စောင့်ဆိုင်းရခြင်း၊ စရိတ်စကပိုမိုကုန်ကျခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ယခု ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ဖွင့်လှစ်ထားသည့် အမျိုးသားကင်ဆာကုသရေး ဗဟိုဌာနတွင် ဓာတ်ရောင်ခြည်ကုသမှုခံယူမည့် လူနာများအတွက် ဓာတ်ရောင်ခြည်ကုသစက်များထားရှိမည့် စက်ခန်းများကို ကြိုတင်ပြီး ဦးစားပေးဆောက်လုပ်ခဲ့သည်။ ဆေးကုသမှုဗဟိုဌာနကြီးမပြီးစီးမီ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက ဓာတ်ရောင်ခြည်ကုသစက်တစ်လုံးနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် နောက်ထပ်ဓာတ်ရောင်ခြည်ကုသစက်တစ်လုံး၊ မေလတွင် တစ်လုံး၊ ၂၀၂၆ ခုနှစ်တွင် တစ်လုံး စုစုပေါင်းလေးလုံးဖြင့် ကုသပေးလျက်ရှိသည်။
ထို့အတွက် လူနာပေါင်း ၂၁၉၁ ဦးကို ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသပေးမှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော် ကုသပေးနိုင်ခဲ့ပြီးဖြစ်ရာ ဝေဒနာရှင်များ၏ စောင့်ဆိုင်းရသည့်ကာလကို သိသာစွာ လျှော့ချပေးနိုင်ခဲ့ပြီဖြစ်သည်။
ထိုသို့ ဆေးကုသမှုပေးနိုင်ရန်အတွက် နိုင်ငံတော်က အမျိုးသားကင်ဆာကုသရေးဗဟိုဌာနရှိ ငါးထပ်ကုသဆောင်၊ ရှစ်ထပ်ကုသဆောင်များနှင့် ဓာတ်ရောင်ခြည်စက်ခန်းများအတွက် ငွေကျပ် ၃၄ ဘီလီယံကျော်၊ ဝန်ထမ်းအိမ်ရာများအတွက် ငွေကျပ် ၁၂ ဘီလီယံကျော်နှင့် ဓာတ်ရောင်ခြည်ကုသစက် အသစ်သုံးလုံးအတွက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ဘီလီယံ ၃၀ ကျော်ကို ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် အလှူရှင်များလှူဒါန်းသည့် စက်တစ်လုံးသည်လည်း ငွေကျပ် ၁၉ ဘီလီယံတန်ဖိုးရှိကြောင်း သိရှိရသည်။
ထိုသို့ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသည့် ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်၍ အတွင်းလူနာ များကိုပါ လက်ခံကုသပေးနိုင်ခဲ့ခြင်းကြောင့် ဇွန်လ ၁၀ ရက်ထိ ဆေးကုသမှုမှတ်တမ်းများအရ အတွင်း လူနာ ၇၉၆ ဦးနှင့် ပြင်ပလူနာ ၁၁၅၂၉ ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီးဖြစ်သည်။
ကင်ဆာဝေဒနာရှင်များ အချိန်မီကုသမှုခံယူ နိုင်ရေးအတွက် နိုင်ငံတော်က ဘက်စုံထောက်ပံ့ပေး နေသကဲ့သို့ပင် ယခုလုပ်ငန်းစဉ်တွင် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းကသာမက အခြားသက်ဆိုင်ရာဌာနများနှင့် ကဏ္ဍစုံကပါ ဝိုင်းဝန်းပူးပေါင်းပါဝင်လာကြသည်မှာလည်း လွန်စွာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။
အထူးသဖြင့် ဝေဒနာရှင်များအတွက် အဓိကကျလှသည့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ ချောမွေ့စေရန် အများပြည်သူသယ်ယူပို့ဆောင်ရေး ၁၃၃ ယာဉ်လိုင်းကဲ့သို့သော လိုင်းကားများက ဆေးရုံအနီးအနားထိ ဂိတ်ရွှေ့ပြောင်းအခြေစိုက်ပြေးဆွဲကာ ကူညီပေးခဲ့ကြသည်။ ယခုကဲ့သို့ အများပြည်သူသုံးမော်တော်ယာဉ်လိုင်းများ အများအပြားအလွယ်တကူ ရောက်ရှိလာနိုင်မည်ဆိုပါက ရပ်နီးရပ်ဝေးမှ ကင်ဆာဝေဒနာရှင်များနှင့် မိသားစုဝင်များအတွက် သွားလာရေး ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။
“လိုင်းကားတွေပိုပြီး ပြေးဆွဲပေးစေချင်တယ်။ တစ်ဆင့်တည်း မရောက်တဲ့အခါ ပြောင်းစီးရတော့ လူနာတွေတော်တော်လေးသွားလာရခက်တယ်။ နယ်ဝေးကလာတဲ့သူတွေ အဆင်ပြေဖို့ အဝေးပြေးကားဂိတ်တွေကနေ ဒီကိုရောက်တဲ့လိုင်းကားပြေးပေးရင် ပိုပြီးတော့အဆင်ပြေမှာပါ” ဟု ကျိုက်ထိုမြို့နယ်မှ ရင်သားကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုသမှုခံယူရန်ရောက်ရှိနေသည့် ဝေဒနာရှင်တစ်ဦးက ပြောပြသည်။
ထို့ပြင် နိုင်ငံတော်ကလည်း ကင်ဆာလူနာများ ဓာတ်ရောင်ခြည်နှင့် ကုသခံရန်စောင့်ဆိုင်းရသည့် အချိန်ကိုလျှော့ချနိုင်ရန် ဓာတ်ရောင်ခြည်ကုသစက်များ ဝယ်ယူတပ်ဆင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကို အထူးဦးစားပေး ခွင့်ပြုပေးခဲ့သည်။ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်အတွင်းရှိ ကင်ဆာဝေဒနာကုသပေးနေသည့် ဆေးရုံကြီးများ၌ လက်ရှိဓာတ်ရောင်ခြည် ကုသစက်စုစုပေါင်း ၂၆ လုံး၊ Brachytherapy ဓာတ်အပ်စိုက် ကိရိယာကိုးလုံး၊ ဓာတ်ရောင်ခြည်ကုသမှုစင်တာ ၁၄ ခု အထိ တိုးတက်ရှိလာခဲ့ပြီး ကင်ဆာဝေဒနာရှင်များအား ထိရောက်စွာကုသမှုပေးနိုင်ပြီဖြစ်သည်။
“လူနာတွေအတွက် အရင်ထက်စာရင် ဓာတ်ရောင်ခြည်စက်အသုံးပြုနိုင်မှု တိုးတက်လာတယ်။ ဓာတ်ရောင်ခြည်ကုသမှု နည်းပညာအနေနဲ့လည်း နိုင်ငံတကာရဲ့ ကုသမှုစံနှုန်းတွေအတိုင်း ကုသမှုပေးလျက်ရှိပါတယ်။ ဆေးဝါးတိုးတက်မှုအပိုင်းမှာလည်း အများကြီးတိုးတက်လာပါတယ်” ဟု ကင်ဆာရောဂါဓာတ်ရောင်ခြည်ဆေးကုဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်ရွှေက ပြောသည်။
၎င်းက ဆက်လက်၍ “ကင်ဆာကုသရေးသာမကပါဘူး။ ကင်ဆာသုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်။ အမျိုးသားကင်ဆာ ကုသရေးဗဟိုဌာနကိုဗဟိုပြုပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကင်ဆာကုသနေတဲ့ ဆေးရုံကြီးတွေမှာ ကင်ဆာလူနာ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကိုလည်း နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေနဲ့ စနစ်တကျဖြစ်စေဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ထိုသို့ နည်းပညာနှင့် ကုသမှုကဏ္ဍများကို နိုင်ငံတော်က အဆင့်မြှင့်တင်ဆောင်ရွက်နေသော်လည်း ဝေဒနာရှင်များဘက်က ကင်ဆာရောဂါ အမျိုးမျိုးအကြောင်းကို ကြိုတင်သတိပြုမိရန်လည်း လိုအပ်လှပေသည်။
ကမ္ဘာပေါ်တွင် ကင်ဆာရောဂါအမျိုးမျိုးရှိပြီး ကုသမှုပုံစံများမှာ တူညီမှုမရှိနိုင်ပေ။ လက်ရှိတွင် အမျိုးသားကင်ဆာကုသရေး ဗဟိုဌာနသို့လာရောက်ပြသကြသည့် လူနာများအနက် အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ ခံတွင်းလည်ချောင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့မှာ အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသားများတွင်မူ ခံတွင်းလည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာနှင့် အစာရေမျိုကင်ဆာတို့ အဓိကအဖြစ်များသည်ကို မြင်တွေ့ကြား သိခဲ့ရသည်။
ကင်ဆာရောဂါသည် လူအများကြောက်ရွံ့ထိတ်လန့်ကြသည့်အတိုင်း အသက်အန္တရာယ်နှင့် နီးစပ်သော ရောဂါကြီးတစ်ခုဖြစ်သည်မှာမှန်သော်လည်း ကင်ဆာဟုသိရုံမျှဖြင့် စိတ်ဓာတ်ကျ အရှုံးပေးရန်မလိုပေ။ ယနေ့ခေတ်တွင် ဆေးပညာ၊ နည်းပညာများ ထွန်းကားလာပြီဖြစ်ရာ ကင်ဆာရောဂါအချို့သည် စနစ်တကျကုသပါက လုံးဝပျောက်ကင်းနိုင်သည့်အဆင့်သို့ ရောက်ရှိပြီ ဖြစ်သည်။
ရောဂါဖြစ်ပွားမှကုသခြင်းထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့် အတိုင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများရှိစေရန်၊ အရက်နှင့် ဆေးလိပ်သုံးစွဲမှုလျှော့ချရန်၊ သားအိမ်ခေါင်းကင်ဆာနှင့် အသည်းရောင်အသားဝါ (ဘီ) ရောဂါကာကွယ် ဆေးများထိုးနှံကြရန်နှင့် အဓိကသော့ချက်မှာ ရောဂါကို အစောပိုင်းအဆင့် (Early Stage) ၌ စောစီးစွာ သိရှိရန်ပင်ဖြစ်သည်။
“စောစောသိရင် စောစောကုမယ်။ တချို့လူနာတွေက ဓာတ်ရောင်ခြည်နဲ့ကုသရင်ရနိုင်တဲ့ အကျိုး ကျေးဇူးကို မသိတဲ့အခါကျတော့ အသိပညာ အားနည်းတဲ့အတွက်ကြောင့် ရောဂါတွေက မတိုးသင့်ဘဲတိုးလာတယ်။ မဖြစ်သင့်တာတွေလည်း ဖြစ်ကုန်တယ်။ ဒီတော့ ထိရောက်တဲ့ ကင်ဆာရောဂါ ကုသရေးအတွက် အဟန့်အတားဖြစ်တာပေါ့။ ပြည်သူလူထုကို အသိပညာတွေ မျှဝေပေးနိုင်အောင် ကျန်းမာရေးဌာနကလည်း စီစဉ်ဆောင်ရွက်နေပါတယ် ” ဟု ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးကုဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမိုးလှိုင်က ပြောသည်။
သို့ဖြစ်ရာ ကင်ဆာရောဂါများကိုကုသမှုပေးနေသည့် ပြည်သူ့ဆေးရုံကြီးများအပြင် ကင်ဆာဟူသမျှကို ထိရောက်စွာကုသပေးမည့် အမျိုးသားကင်ဆာကုသရေး ဗဟိုဌာနကြီးတစ်ခုကို ယခုကဲ့သို့ သီးသန့်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းက ကင်ဆာဝေဒနာ ရှင်များအတွက် မျှော်လင့်အားထားရာ နေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးအတွက် လိုအပ်ချက်ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးရာရောက်သည်ဟုဆိုလျှင် မှားမည်မထင်။
ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးကို နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးဂရုပြုဆောင်ရွက်နေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း စောစောသိ၊ စောစောကုပါက ကင်ဆာဝေဒနာနှင့် နောက်ဆက်တွဲ လူမှုဒုက္ခများဘေးမှ ကင်းဝေးနိုင်မည်ဖြစ်သည့်အတွက် အချိန်မီပြသစစ်ဆေးကာ ကုသမှုခံယူရန် တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment