ဒေါက်တာတင်မာမာဦး (DOA)
မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးမှာ လွန်စွာအရေးကြီးပါသည်။
စပါးအပါအဝင် သီးနှံများစိုက်ပျိုးရာတွင်
ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် နည်းလမ်းလေးသွယ်ကို
စနစ်တကျလက်တွေ့လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊
အသုံးပြုရမည့် မျိုးစေ့နှုန်းထား မှန်ကန်စွာအသုံးပြုပြီး ဒေသရေမြေနှင့်ကိုက်ညီသည့်
မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ခြင်းနှင့်
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည့်
သတ်မှတ်သွင်းအားစုများ အပြည့်အဝထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေဖူလုံစွာရရှိနိုင်စေရန်
စနစ်တကျစီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းနှင့်
ခေတ်မီနည်းစနစ်များ အသုံးပြုခြင်းတို့ကို လိုက်နာလုပ်ဆောင်ကြရမည် ဖြစ်သည်။
ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးနှင့်အတူ
သီးနှံစိုက်စွမ်းအားကို မြှင့်တင်နိုင်ရေးအတွက် မိုးစပါးတစ်သီးသာ စိုက်ပျိုးကြသည့်
မြေယာများအပေါ်တွင် ဒေသ၊ ရေ၊ မြေအခြေအနေအပေါ် မူတည်ပြီး သီးထပ်သီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့်
သီးညှပ်စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးမြေများ စိုက်ဧရိယာပြည့်မီစွာ
စိုက်ပျိုးနိုင်၍ သီးနှံများအထွက်နှုန်းကောင်းမွန်မှသာ ပြည်တွင်းစားသုံးမှု ဖူလုံပြီး
ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည်
ပုံမှန်အားဖြင့် မိုးနှင့်အတူ ရှင်သန်ရပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။
“မိုးရွာမှ ပျိုးသာမည်” ဆိုသော စကားနှင့်အညီ မိုးကိုမျှော်၍ စိုက်ပျိုးရေးလုပ်ငန်းများ
ဆောင်ရွက်ကြရသည်။ မိုးဦးကျ မိုးစတင်ရွာသည်မှ မိုးဦး၊ မိုးလယ်၊မိုးနှောင်း ရာသီအလိုက်ရွာသွန်းသည့်
မိုးရေချိန်အနည်းအများနှင့် စိုက်ပျိုးသည့် ရေမြေဒေသအခြေအနေအပေါ် မူတည်ပြီး လုပ်ငန်းအဆင့်ဆင့်ကို
အချိန်အခါမီဆောင်ရွက်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်
ယခုအချိန်အခါသည် မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးရန်အတွက် လယ်ယာမြေပြုပြင်ခြင်း၊
ထွန်ယက်စိုက်ပျိုးခြင်းစသည့် တောင်သူဦးကြီးများ လုပ်ငန်းခွင်ဝင်ချိန် ကာလဖြစ်သည်။ ထွန်ယက်စိုက်ပျိုးခြင်းလုပ်ငန်းများဖြစ်သည့်
လယ်ထွန်ခြင်း၊ ကောက်စိုက်ခြင်း၊ ပျိုးနုတ်ခြင်းစသည့် လုပ်ငန်းများသည် စပါးစိုက်ပျိုးရာတွင်
အရေးပါသည့် လုပ်ငန်းများဖြစ်သည်။
စိုက်ပျိုးလျက်ရှိသည့်
စပါးအပါအဝင် မိုးသီးနှံများအားလုံး ဖြစ်ထွန်းရှင်သန်အောင် ဆောင်ရွက်ရမည့်အပြင် ပန်းတိုင်ရည်မှန်းချက်များ
ပြည့်မီစွာထွက်ရှိရေးကိုလည်း ကြိုးပမ်းကြရမည်ဖြစ်သည်။ မိုးဦးသီးနှံများ စိုက်ပျိုးရာတွင်
သီးနှံအလိုက် လိုအပ်သည့် မြေအစိုဓာတ်ရရှိအောင် မိုးရွာသွန်းသည်နှင့် တစ်ပြိုင်နက် မြေယာပြုပြင်စိုက်ပျိုးရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည်
စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ ရှေးလူကြီးသူမများက ကာလရှည်ကြာ လက်တွေ့လုပ်ကိုင်မှု
အတွေ့အကြုံများမှတစ်ဆင့် စိုက်ပျိုးရေးလမ်းညွှန်ချက်များကို စကားပုံများအဖြစ် ချန်ရစ်ခဲ့ကြသည်။
ထိုအထဲတွင် မြေယာပြုပြင်ခြင်းနှင့်ပတ်သက်၍ အလွန်တန်ဖိုးရှိလှသော စကားပုံတစ်ခုမှာ “လယ်မှာ
အပုပ်၊ ယာမှာ အသုတ်” ဖြစ်သည်။ ဤစကားပုံသည် လယ်မြေနှင့် ယာမြေတို့၏ ကွဲပြားခြားနားသော
သဘာဝနှင့် ယင်းတို့အပေါ်မူတည်၍ လုပ်ဆောင်ရမည့် ထယ်ရေးထွန်ရေးနည်းစနစ်များကို အနှစ်ချုပ်ဖော်ပြထားခြင်းဖြစ်သည်။
လယ်ဟုဆိုလျှင်
မိုးရေ သို့မဟုတ် ဆည်ရေကို လှောင်ပိတ်၍ စပါးစိုက်ပျိုးသည့် ရေဝပ်မြေမျိုးကို ဆိုလိုသည်။
လယ်စိုက်ပျိုးရာတွင် အဓိကသော့ချက်မှာ မြေကြီးကို ဆွေးမြည့်စေခြင်း (သို့မဟုတ်) တမန်းပုပ်အောင်
ဆောင်ရွက်ခြင်းဖြစ်သည်။ ထယ်ထိုးပြီးနောက် မြေဆီလွှာအတွင်းရှိ ကောက်ရိုးဟောင်းများ၊
ပေါင်းမြက်များနှင့် သဘာဝမြေဩဇာများ ရေအောက်တွင် စနစ်တကျ ပုပ်သိုးဆွေးမြည့်သွားစေရန်
အချိန်ပေးရမည်။
မြေကြီးကို သနပ်ခါးသွေးထားသကဲ့သို့
မှုန့်ညက်နေအောင် ထွန်မွှေရမည်။ ထို့နောက် ရေသွင်းကာ ရက်အနည်းငယ်ကြာအောင် တမန်းပုပ်အောင်ထားရပါမည်။
ပေါင်းမြက်များနှင့် သီးနှံအကြွင်းအကျန်များ ပုပ်ဆွေးသွားသောအခါ အပင်အတွက် အလွန်ကောင်းမွန်သော
သဘာဝမြေဆွေး (Organic Matter) ဖြစ်လာပြီး စပါးပင်အတွက် လိုအပ်သည့်အာဟာရဓာတ်များ ရရှိစေကာ
ပေါင်းမြက်ပေါက်ရောက်မှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်သည်။
ယာမြေဟူသည် ဆီထွက်သီးနှံ၊
ပဲမျိုးစုံ၊ ပြောင်း အစရှိသည့် ယာသီးနှံများ စိုက်ပျိုးသည့် ကုန်းမြေ၊ မိုးရေသောက်မြေ
သို့မဟုတ် အစိုဓာတ်နည်းသော မြေအမျိုးအစားဖြစ်သည်။ ဤနေရာတွင်မူ “အသုတ်” ဟူသော စကားရပ်အတိုင်း
မြန်ဆန်သွက်လက်ရန် လိုအပ်မှုအား ဖော်ပြထားပါသည်။ ယာမြေ၌ ထယ်ရေးထွန်ရေး လုပ်ဆောင်ရာတွင်
လယ်မြေကဲ့သို့ ရေဝပ်မနေဘဲ လေတိုက်ခတ်မှုနှင့် နေရောင်ခြည်တို့ကြောင့် မြေတွင်းအစိုဓာတ်
အလွယ်တကူ ခန်းခြောက်သွားတတ်သည်။
ထို့ကြောင့် မြေပြုပြင်ရာတွင်
“သုတ်သုတ် ပျာပျာ” မြန်မြန်ဆန်ဆန်လုပ်ဆောင်ရန် လိုအပ်သည်။ မြေလှန် (ထယ်ထိုး) ပြီးသည်နှင့်
မြေကြီးခဲများကို မြန်မြန်မွှေ၊ မြန်မြန်ကြိတ်ကာ အပေါ်ယံမြေလွှာကို ညှိရမည်။ မြေကြီးကို
ဖွင့်ထားသည့်အချိန် ကြာသွားပါက မြေတွင်းရှိ အဖိုးတန်အစိုဓာတ်များ အငွေ့ပြန်ဆုံးရှုံးသွားမည်ဖြစ်သည်။
ထွန်ရေးကို သွက်သွက်လုပ်ပြီး မျိုးစေ့ကို အချိန်မီချနိုင်ပါက မြေတွင်းအစိုဓာတ် (Residual
Moisture)ကို အပြည့်အဝ အသုံးချနိုင်ကာ မျိုးစေ့အပင်ပေါက်နှုန်း ညီညာကောင်းမွန်စေသည်။
ယာမြေတွင် ထွန်ရေးအကြာကြီးဆွဲနေပါက အစိုဓာတ်ခန်းခြောက်ပြီး အပင်ပေါက်ရန် ခက်ခဲသွားတတ်သည်။
လယ်ယာကဏ္ဍတွင်
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလျက်ရှိရာ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သိုလှောင်ချိန်အထိ
စက်ကိရိယာများ သုံးစွဲဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်သည်။ မြေယာပြုပြင်ခြင်းလုပ်ငန်းများတွင်
ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များကို အသုံးပြုလာကြသဖြင့် အချိန်ကုန် လူပင်ပန်း
သက်သာလာသည်မှာ မှန်သော်လည်း “လယ်မှာ အပုပ်၊ ယာမှာ အသုတ်” ဟူသော သဘာဝတရား နိယာမကမူ ပြောင်းလဲမသွားပေ။
တောင်သူဦးကြီးများအနေဖြင့်
စက်ကိရိယာများအသုံးပြု၍ အလျင်အမြန်ထွန်ယက်နိုင်သော်လည်း စပါးမစိုက်မီ ကောက်ရိုးနှင့်
ပေါင်းမြက်များ မြေကြီးထဲတွင် ပုပ်ဆွေးပြီး တမန်းညက်စေရန် လိုအပ်သော အချိန်ကာလတစ်ခုကို
မပျက်မကွက် စောင့်ဆိုင်းပေးရန် လိုအပ်သကဲ့သို့ ယာသီးနှံများ စိုက်ပျိုးရာတွင် စက်အင်အားကို
အသုံးပြု၍ တစ်ပြိုင်တည်းထယ်ထိုး၊ ထွန်မွှေ၊ မြေညှိခြင်းများကို ခပ်သွက်သွက်ဆောင်ရွက်ခြင်းဖြင့်
မြေဆီလွှာအစိုဓာတ်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
“လယ်မှာ အပုပ်
ယာမှာ အသုတ်” ဆိုသည့် ရှေးစကားပုံသည် ရိုးရှင်းသော်လည်း စိုက်ပျိုးရေး ပညာရပ်၏ အခြေခံအကျဆုံးဖြစ်သော
“မြေဆီလွှာနှင့် ရေစီမံခန့်ခွဲမှု” (Soil and Water Management) ကို ထိရောက်စွာ လမ်းညွှန်နေခြင်းဖြစ်သည်။
တောင်သူဦးကြီးများအနေဖြင့် မိမိတို့စိုက်ပျိုးမည့် မြေအမျိုးအစား (လယ် သို့မဟုတ် ယာ)
၏ သဘာဝကို သေချာစွာနားလည်ပြီး ရှေးက တောင်သူကြီးများ၏ လက်တွေ့ဆောင်ရွက်ရာမှ ရရှိလာသည့်
အတွေ့အကြုံများ၊ လမ်းညွှန်မှုများကို မျက်မှောက်ခေတ်၏ ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ဆောင်ရွက်ပါက
တောင်သူဦးကြီးများအနေဖြင့် စိုက်သမျှသီးနှံတိုင်း အထွက်နှုန်းတိုးတက်ပြီး မြေကြီးမှရွှေသီးကာ
အောင်မြင်ဖြစ်ထွန်းသော လယ်ယာစီးပွားကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment