နေပြည်တော် ဇွန် ၁၆
တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက်
ယနေ့အစည်းအဝေးသို့ ၅၅၂ ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့်
စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍
မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်
ဒုတိယနာယက Jang Phang နော်တောင် (ခ) ဦးနော်တောင် က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
(Myanmar Parliamentary Union- MPU) ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းမှစတင်ပြီး
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်နှင့်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ ချိတ်ဆက်ဆောင်ရွက်ရသည့် ဥပဒေပြုလုပ်ငန်းများ၊
တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု ပိုမိုအားကောင်းလာပြီး
လွှတ်တော်လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါတွင်လည်း အရည်အသွေးများ၊ စွမ်းရည်များကို
မြှင့်တင်ပေးနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့၏
လုပ်ဆောင်ချက် များအနက် သာဓကတစ်ခုကို တင်ပြရမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁)၊
(၂)၊ (၅) ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်
ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ အချင်းချင်းပေါင်းစပ်ပြီး ညှိနှိုင်း
ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထိုသို့ညှိနှိုင်းချက်များအရ
ဇယား (၁)၊ (၂)၊ (၅) ပါ ပြဋ္ဌာန်းချက်များအပေါ် ပြင်ဆင်လိုသည့်အချက် များ၊ ဖြည့်စွက်လိုသည့်အချက်များကိုပြုစုပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီသို့ တင်ပြနိုင်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေ၏ လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ချိတ်ဆက်မှုအားကောင်းလာပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းများလည်း ပိုမိုအဆင်ပြေချောမွေ့လာသည်ကို
တွေ့ရပါကြောင်း၊ ထို့အပြင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကြောင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ
ဆောင်ရွက်သည့်အခါ ပိုမိုအဆင်ပြေအောင် လုပ်ဆောင်နိုင်သည်ကိုလည်း တွေ့ရပါကြောင်း။
တတိယအကြိမ် လွှတ်တော်သက်တမ်းကာလ
တွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်
လွှတ်တော်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက်
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ၈၄-ခ အရ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(MPU)ကို ပြည်ထောင်စုလွှတ်တော်၏
သဘောတူညီချက်ရယူရန် လိုအပ် သောကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန်ဖြစ်ကြောင်း
ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU)တွင် အဖွဲ့ဝင် ၁၈ ဦးဖြင့်
ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်လင်းဒွေး၊
ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် အတွင်းရေးမှူးအဖြစ် ဒုတိယနာယက
Jang Phang နော်တောင် (ခ) ဦးနော်တောင်နှင့် အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့ကို တာဝန်သတ်မှတ်ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့်
မြန်မာ နိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) ဖွဲ့စည်းခြင်းနှင့်
စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းကို အစည်းအဝေးစတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း
ကြေညာသည်။
ဆက်လက်၍ အာဆီယံပါလီမန်များညီလာခံဆိုင်ရာပူးပေါင်းကော်မတီ
(Joint Committee on ASEAN Inter- Parliamentary Assembly-AIPA) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေက ကော်မတီ၏တာဝန်၊
လုပ်ပိုင်ခွင့်နှင့် သက်တမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက
က အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်း ကော်မတီ (Joint Committee on ASEAN
Inter- Parliamentary Assembly-AIPA) တွင် ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁၀) ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် မြစ်သားမဲဆန္ဒနယ် ဦးစန်းမြင့်တို့အပါအဝင် အဖွဲ့ဝင်
၁၆ ဦးဖြင့် ဖွဲ့စည်းရန်လျာထားကြောင်းနှင့် လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းကို အစည်းအဝေး
စတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီ
(Joint Committee on Inter- Parliamentary Union-IPU) ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍
ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်း က ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့် သက်တမ်းတို့ကို
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက
နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီ (Joint Committee on Inter-Parliamentary
Union-IPU)တွင် ဥက္ကဋ္ဌအဖြစ် ရပ်စောက် မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်းနှင့် အတွင်းရေးမှူးအဖြစ်
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၅) မှ ဦးအောင်သီဟတို့အပါအဝင်
အဖွဲ့ဝင် ၁၄ ဦးတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းရန် လျာထားကြောင်းနှင့် လွှတ်တော်၏သဘောတူညီချက်ရယူခြင်းကို
အစည်းအဝေးစတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာ သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက
က ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဒေါက်တာထွန်းထွန်းဝင်းအစား
နတ်တလင်းမဲဆန္ဒနယ်မှ ဦးတင့်လွင်ကို လည်းကောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင်
ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်အစား ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ၊ ကန်ကြီးထောင့်မဲဆန္ဒနယ်မှ
ဒေါ်ခင်စောမူ အစား ဒေါပုံမဲဆန္ဒနယ်မှ ဦးဝင်းကျော်နှင့် ရမည်းသင်းမဲဆန္ဒနယ်မှ ဦးညွန့်ဆောင်အစား
သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးတို့ကိုလည်းကောင်း၊ ကိုယ်စားလှယ်စိစစ်ရေးကော်မတီတွင်
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေအစား တောင်ငူမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဦးနှင့် ချင်းပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးအောင်မင်းနိုင်အစား မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၇) ဒေါက်တာဗညားအောင်မိုးတို့ကို အဖွဲ့ဝင်များအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်က
မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို
ကျင်းပပြုလုပ်မည့်နေ့ရက်ကို ထပ်မံအသိပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment