မောင်ငြိမ်းအေး
(ယမန်နေ့မှအဆက်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇွန်လ ၁၇ ရက်နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာကြရာ CRCC မှ ဥက္ကဋ္ဌဖြစ်သူ Mr. Dai Hegen နှင့်အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် CRCC ၏ ပြခန်းကိုလေ့လာကြရာ CRCC မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ၁၉၄၈ ခုနှစ် ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရထားလမ်းတပ်ဖွဲ့၌ စတင်ပေါ်ပေါက်လာခဲ့ခြင်းအကြောင်းများ၊ ခေတ်အဆက်ဆက်ဖြစ်ပေါ်တိုးတက်ခဲ့မှုများ၊ CRCC သမိုင်းကြောင်းများနှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
လမ်းညွှန်မှာကြားထား
ထို့နောက် ရှင်းလင်းဆောင်ခန်းမတွင် CRCC ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခုကဲ့သို့ China Railway Construction Corporation Limited (CRCC) သို့အချိန်ပေး၍ လာရောက်လေ့လာမှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဝန်ထမ်းပေါင်း သုံးသိန်းကျော်ကို ကိုယ်စားပြု၍ မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြပြီး သမိုင်းကြောင်းရှည်လျားစွာဖြင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာလျက်ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံ၏သမ္မတကြီး မစ္စတာရှီကျင့်ဖျင်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည်ဖော်သွားနိုင်ရေးအတွက်လည်း မိမိတို့အားမှာကြားထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ရထားလမ်း၊ ကားလမ်းများ၊ မြေအောက်ရထားလမ်းများ၊ လေဆိပ်များ၊ Smart City များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့တွင် CRCC မှ တတ်ကျွမ်းသည့် နည်းပညာများဖြင့် အကျိုးပြုလိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး CRCC သမိုင်းကြောင်းများနှင့် လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေများ၊ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပေကျင်းမြို့ South Railway Station မှ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 အမြန်ရထားဖြင့် သွားရောက်စဉ် လမ်းခရီးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုများ၊ ရထားလမ်းနယ်များ စနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေထိုင်မှုနှင့် စိုက်ပျိုး ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရထားလမ်း ကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်းခြားမှန်ကန်စွာဖြင့် စိုက်ပျိုးထားရှိမှုများ စသည်တို့ကို ကြည့်ရှုလေ့လာခဲ့ပြီး လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူ များအား လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
မြန်မာ့ရထားအဆင့်မြှင့်ရေး
နိုင်ငံတော်သမ္မတကြီးသည် မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးကဏ္ဍမြင့်မား တိုးတက်လာစေရေးအတွက် အစဉ်တစိုက်အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့်ကာလများအတွင်း ရထားစက်ခေါင်း၊ ရထားတွဲဆိုင်း၊ ရထားလမ်းပိုင်း၊ ဘူတာရုံမှအစ အဆင့်မြှင့်တင်မြင့်မား တိုးတက်လာစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်အကြီး အကဲကိုယ်တိုင် အဆင့်မြှင့်တင်ထားသည့်ရထားများကို လိုက်ပါစီးနင်းပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့က စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့သွားရောက်စစ်ဆေးစဉ် “ရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ် သက်သာစွာဖြင့် အရေအတွက်များများ ပို့ဆောင်ပေးနိုင်သည့် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ရထားကိုအသုံးပြုခြင်းကြောင့် လောင်စာဆီများသုံးစွဲရမှုကိုလည်း သက်သာစေနိုင်ကြောင်း၊ ရထားပို့ဆောင်ရေးစနစ်ကို ပြည်သူများ ပိုမိုအားကိုးလာစေရေး ရထားနှင့်ပတ်သက်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်ကို သတိရမိသည်။
အထောက်အပံ့ကောင်း
ယခုပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့်သွားရောက်သည့် ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများအား တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်နှင့် တည်ဆောက်ထားမှုများကို လေ့လာဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတကြီးက စိတ်အားထက်သန်စွာ လမ်းညွှန်မှာကြားမှုအပေါ် ကျေနပ်ပီတိဖြစ်မိသည်။ ထို့ပြင် နိုင်ငံတော်သမ္မတကြီးသည် High-Speed Railway G23 ပေါ်၌ စားသောက်ဖွယ်ရာများ ဝန်ဆောင်မှုပေးထားပုံများ၊ ခရီးသည်များ သက်သောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရေး စီမံဆောင်ရွက်ပေးထားမှုများကို စိတ်အားထက်သန်စွာ ကြည့်ရှုလေ့လာပြီး မြန်မာနိုင်ငံ၏ မီးရထားဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရာ၌ အတွေ့အကြုံရယူ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ ရထားပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူများအား မေးမြန်းလေ့လာဆွေးနွေးခဲ့မှုများသည် မြန်မာနိုင်ငံ မီးရထားပို့ဆောင်ရေးကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းဖြစ်လာမည်ဟု ယုံကြည်မိသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ ရောက်ရှိကြရာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တတည်းခို မည့် ရှန်ဟိုင်းမြို့ Fairmont Peace ဟိုတယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ ဟိုတယ်သို့ သွားရောက်ရာ လမ်းတစ်လျှောက်၌ ရှန်ဟိုင်းမြို့ရှိ ဒေသခံပြည်သူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ လိုက်ပါလာသည့် အထူးယာဉ်တန်းအား လှုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြပုံများနှင့် ဟိုတယ်သို့ရောက်ရှိချိန်တွင်လည်း ငြိမ့်ညောင်းသာယာ မြူးကြွသည့် တီးဝိုင်းငယ်များတီးမှုတ်၍ ကြိုဆိုဂုဏ်ပြုခဲ့ကြပုံ မြင်ကွင်းများသည် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များအနေဖြင့် ရွှင်လန်းတက်ကြွစိတ်ခွန်အားများဖြစ်စေသည်။
တရုတ်ရထားကဏ္ဍမြင့်မား
နိုင်ငံတော်သမ္မတကြီး သွားရောက်လေ့လာခဲ့သည့် တရုတ်မီးရထားလမ်း ကော်ပိုရေးရှင်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ရထားလမ်းကော်ပိုရေးရှင်းအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် CRCC အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ်၌ နိုင်ငံပိုင်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးနှင့် စီမံခန့်ခွဲရေးကော်မရှင် (SASAC) ၏ စီမံခန့်ခွဲမှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။
ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာများဖြင့် ခေတ်မီကော်ပိုရေးရှင်းအသွင်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရှန်ဟိုင်းနှင့် ဟောင်ကောင်စတော့ခ်ဈေးကွက်တွင် စာရင်းသွင်းခဲ့သည်။ CRCC သည် ယနေ့အချိန်အထိ မီးရထားလမ်းနှင့် အမြန်ရထားလမ်း ပေါင်း ကီလိုမီတာ ၁၃၀၀၀၀ ကျော်၊ အဝေးပြေးလမ်းမ ကီလိုမီတာ ၅၀၀၀၀ ကျော်၊ တံတားကီလိုမီတာ ၂၈၀၀၀ ကျော်၊ ဥမင်လိုဏ်ခေါင်း ကီလိုမီတာ ၂၆၀၀၀ ကျော်နှင့် အဆောက်အအုံပေါင်း စတုရန်းမီတာ ၁၂၀၀၀၀၀၀၀ တို့ကို ကမ္ဘာ့နေရာ အများအပြားတွင် တည်ဆောက်ခဲ့သည်။
ထို့ပြင် CRCC ၏ လုပ်ငန်းခွဲများသည် အမေရိကတွင် ၂၄ ခု၊ အာဖရိကတွင် ၅၁ ခု၊ ဥရောပတွင် ၁၅ ခု၊ အာရှတွင် ၄၁ ခုနှင့် သမုဒ္ဒရာနိုင်ငံများတွင် ၁၀ ခု၊ ပြည်ပနိုင်ငံနှင့် ဒေသစုစုပေါင်း ၁၄၈ ခု တွင် အလုပ်သမားပေါင်း ၂၆၈၀၀၀ ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ CRCC မှ တည်ဆောက်ခဲ့သော အမြန်ရထားလမ်းများအနက် ကမ္ဘာ့အရှည်ဆုံး၊ အဆင့်အမြင့်ဆုံးနှင့် ရှုပ်ထွေးမှုအရှိဆုံး တစ်ဆက်တည်း အမြန်ရထားလမ်းအဖြစ် ပေကျင်း- ရှန်ဟိုင်း အမြန်ရထား လမ်းဖောက်လုပ်မှုတွင် ၄၆ ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံးကုန်းပြင်မြင့်ရထားလမ်းဖြစ်သည့် ကျင်းဟိုင်-တိဘက် ရထားလမ်းဖောက်လုပ်မှုတွင် ၇၀ ရာခိုင်နှုန်းပါဝင်ခဲ့သည်။
တရုတ်နိုင်ငံမှ တည်ဆောက်သည့် ပထမဆုံးနယ်စပ်ဖြတ်ကျော် ရထားလမ်းဖြစ်ပြီး တရုတ်နိုင်ငံရှိ ရထားကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ကူမင်း- ဗီယင်ကျန်း မီးရထားလမ်းနှင့် ပေကျင်းမြေအောက်ရထားလိုင်း အမှတ် (၁) စသည်ဖြင့် နေရာအမျိုးမျိုးတွင် ဖောက်လုပ်ထားသည့် မီးရထားလမ်းများသည် လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိသည်။ ထို့ပြင် နိုင်ငံတကာနှင့်ပူးပေါင်း၍ မီးရထားလမ်းထိန်းသိမ်းပြင်ဆင်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းသစ်သောမြို့တော်
ထိုနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ထံသို့ ရှန်ဟိုင်းမြို့ မြို့တော်ဝန် မစ္စတာ ကုန်းကျန့်က ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace ဟိုတယ်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ရှန်ဟိုင်းမြို့ မြို့တော်ဝန်က နိုင်ငံတော် သမ္မတကြီးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) လာရောက်မှုအပေါ် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရှန်ဟိုင်းမြို့ဆိုင်ရာ အချက်အလက်များ၊ ရှန်ဟိုင်းမြို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာ စီးပွားရေးဗဟို၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးဗဟို၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဗဟို၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးဗဟိုနှင့် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်ရေး ဗဟိုမြို့အဖြစ် ကြိုးပမ်းတည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်၍ တရုတ်နိုင်ငံသို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရှည်လျားသည့် နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ကူးလူးဆက်ဆံမှု သမိုင်းကြောင်းကောင်းများလည်း ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိကြောင်း၊ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချ စွာဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
မြို့ပြဖွံ့ဖြိုးမှုအလှ
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရှန်ဟိုင်းမြို့ မြို့တော်ဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ ၍ ရှန်ဟိုင်းမြို့ ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက် သင်္ဘောဖြင့်လိုက်ပါစီးနင်း၍ ရှန်ဟိုင်းမြို့၏ ညပိုင်းမြို့ပြဖွံ့ဖြိုး တိုးတက်မှုအလှများကို လေ့လာကြည့်ရှုကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရှန်ဟိုင်းမြို့ ဟွမ်းဖုဆိပ်ကမ်းသို့ ရောက်ရှိကြရာ ရှန်ဟိုင်းမြို့မှ အမြင့်ဆုံးတာဝါဖြစ်သည့် Oriental Tower မှ တာဝန်ခံနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် Oriental Pearl 2 အမည်ရှိ သင်္ဘောပေါ်သို့ရောက်ရှိရာ ဧည့်ခန်းမဆောင်အတွင်း၌ Oriental Tower မှ တာဝန်ခံဖြစ်သူက ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက်ရှိ အဆောက်အအုံများ၏ ဖွံ့ဖြိုးတိုးတက်လာမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက်၌ မြို့ပြဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝလှုပ်ရှားသွားလာနေမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြ သည်။
ဆောင်ရွက်ရမည့်နမူနာပြ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတကြီး၏ခရီးစဉ်တွင် စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့သော ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် သွားရောက်ခဲ့သည့် ရထားလမ်းတစ်လျှောက်ရှိ ဖွံ့ဖြိုးတိုးတက်မှုများသည် မြန်မာနိုင်ငံအတွက် အားကျအတုယူ ဆောင်ရွက်ရမည့်နမူနာများဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုနှင့်အညီ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရန်အတွက် ကားလမ်းများ၊ ရထားလမ်းများ၊ လေဆိပ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ယခု နိုင်ငံတော်သမ္မတကြီး ခရီစဉ်တွင် ရထားလမ်း၊ ကားလမ်းများ၊ မြေအောက်ရထားလမ်းများ၊ လေဆိပ်များ၊ Smart City များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့တွင် CRCC မှ တတ်ကျွမ်းသည့် နည်းပညာများဖြင့် အကျိုးပြုလိုပါကြောင်း ကမ်းလှမ်းမှုများရရှိခဲ့သည်။
ကမ်းလှမ်းမှုများနှင့်အတူ နိုင်ငံတော်သမ္မတကြီး၏ စိတ်အားထက်သန်သည့် လမ်းညွှန်မှာကြားချက်များဖြင့် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နိုးနိုးကြားကြား တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတကြီး၏ ချစ်ကြည်ရေးခရီးစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖျင်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေ ကောင်းနိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည်ဖော်သွားနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများအား မှာကြားထားချက်များအရ အနာဂတ်တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ကြဉ်းပေးနိုင်မည့် အလားအလာကောင်းများကို မြင်တွေ့နေရပြီဖြစ်သည်။
ယခုကဲ့သို့ ဂုဏ်ယူဖွယ်ရာ နှစ်နိုင်ငံဆက်ဆံရေးအောင်မြင်မှုများကို မြင်တွေ့ရခြင်းသည် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့် ပြည်သူတစ်ယောက်အနေဖြင့် များစွာဂုဏ်ယူရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားဝင်မှု၊ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုသည် နိုင်ငံတကာအလယ်တွင် ခိုင်မာနေသည်ကို ယခုသမိုင်းဝင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) က သက်သေပြလျက်ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)




No comments:
Post a Comment