နေပြည်တော် ဇွန် ၁၁
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း
၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၈ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့်
စတင် ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍
မှတ်တမ်းတင်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၇) ဦးသိန်းလှိုင်၏ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ
ကိုဓဥပဒေကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအပေါ် မည်သို့အရေးယူဆောင်ရွက်ထားသည်ကို
သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က
မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ(Myanmar
National Building Code) ကို တိုးတက်ပြောင်းလဲလျက်ရှိသည့် တည်ဆောက်ရေးဆိုင်ရာ ပညာရပ်များအား
လေ့လာသုံးသပ်၍ ၄ နှစ်လျှင်တစ်ကြိမ် အဆင့်မြှင့်တင်ထုတ်ပြန်ခြင်းများကို ဆောင်ရွက်ခဲ့ရာ
၂၀၂၀ ပြည့်နှစ်တွင် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်၍ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ
စံချိန်စံညွှန်း လမ်းညွှန်ချက်များ - ၂၀၂၀ (Myanmar National Building Code - 2020)
ကို ထုတ်ပြန် ကြေညာခဲ့ပါကြောင်း၊ ထပ်မံ၍ ၂၀၂၄ ခုနှစ်တွင် တိုးတက်ပြောင်းလဲလာသော နိုင်ငံတကာစံနှုန်းများအရ
ပြင်ဆင်ဖြည့်စွက်ရန် ဆောင်ရွက်နေစဉ်ကာလအတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် ငလျင်ဒဏ်ခံနိုင်ရန်
အဆောက်အဦများ တည်ဆောက်နိုင်ရေး လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို နည်းပညာရှင်များပါဝင်သည့်Technical
Working Group များ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့နှင့်
ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စတင်၍ ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း။
ငလျင်ဒဏ်ခံနိုင်သည့်
အဆောက်အဦများ ပေါ်ထွန်းလာစေရေး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ
- ၂၀၂၅ (Myanmar National Buildinig Code-2025)အား မဖြစ်မနေ လိုက်နာကျင့်သုံးဆောင်ရွက်ရန်အတွက်
ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း ၂၀၂၆ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင်
ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ်
၅/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး နည်းဥပဒေများကိုလည်း ဆက်လက်ရေးဆွဲလျက်ရှိပါကြောင်းနှင့်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအပေါ် ရှင်းလင်းဖော်ပြခဲ့သည့်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း
ဖြေကြားသည်။
ရှမ်းပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) စိုင်းဝင်းခိုင်၏ ရှမ်းပြည်နယ် တန့်ယန်းမြို့တွင်း
လမ်းပန်းဆက်သွယ်မှု သာယာကောင်းမွန်ရေးအတွက် မဟာဗျူဟာလမ်းဖြစ်သည့် “နောင်ဖာ” မိန်းလမ်းမကြီး
အရှည် ပေ ၅၀၀၀၊ အကျယ် ပေ ၂၀၊ အမြင့် ၈ လက်မအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်လမ်းဦးစီးဌာန အနေဖြင့်
တန့်ယန်းခရိုင်အတွင်းတွင်ရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် ဟိုယ- တန့်ယန်းလမ်း ၊ တန့်ယန်း
- မိုင်းကောင်- တာမဆွန်လမ်းနှင့် လဲချား - မိုင်းနောင်-မိုင်းရှူး - မိုင်းအွတ် - မိုင်းကောင်လမ်းများကို
လမ်း/ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ကိုသာ ရန်ပုံငွေလျာထားနိုင်ခဲ့ပါကြောင်း၊
ထို့ကြောင့် ဒေသတွင်း ကျေးရွာများအချင်းချင်း ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့်
တန့်ယန်း-နောင်ဖာလမ်းကို လတ်တလောအနေဖြင့် အများပြည်သူများ သွားလာရာတွင် အဆင်ပြေချောမွေ့
စွာ သွားလာအသုံးပြုနိုင်ရန်အတွက် လမ်းတစ်လျှောက်လိုအပ်သည့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
တန့်ယန်း-နောင်ဖာလမ်း၏
တန့်ယန်းမြို့တွင်း အပိုင်း ပေ ၅၀၀၀ အရှည် ၈ လက်မ ထုပြုပြင်ခြင်းအား ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍
ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း၍ ပြည်နယ်ရန်ပုံငွေလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်
မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း၏ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ
လမ်းကွန်ရက်များအား မိုးရာသီကာလအတွင်း ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ
ပြုပြင်ထိန်းသိမ်းနိုင်မည့် ချက်ချင်းပျက်၊ ချက်ချင်းပြင် (Immediate Repari/ Routine
Maintenance) မူဝါဒချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များကို ချက်ချင်းပျက်၊
ချက်ချင်းပြင်စနစ်ဖြင့် မိုးကာလတွင် လမ်းပေါက်များနှင့် လမ်းပျက်စီးမှုများကို ထိန်းသိမ်းပြုပြင်ခြင်းများ
ဆောင်ရွက်ရန် မူဝါဒချမှတ်ထားရှိပြီး လက်ရှိတွင် လမ်းပျက်စီးမှုများကိုလည်း ပြင်ဆင်ထိန်းသိမ်းခြင်းပုံစံ
၂မျိုးဖြစ်သည့် ကြိုတင်ရောကျောက်ကတ္တရာ (Premix) ဖြင့် ဖာထေးခြင်း၊ ကျောက်ဖြည့်သဲညှပ်စနစ်
(Waterbound) ဖြင့် လမ်းပေါက်ဖာထေး ခြင်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်း၊ မိုးများသည့်ဒေသဖြစ်ခြင်း၊
မိုးတွင်းကာလတွင် အောက်ခံမြေသား၏ ခံနိုင်ဝန် ကျဆင်းခြင်းနှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်သည့်ယာဉ်များ
ဖြတ်သန်း သွားလာခြင်းကြောင့် လမ်းပိုင်းအချို့တွင် လမ်းပေါက်များ၊ လမ်းပျက်စီးမှုများ
ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါသတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ဖြတ်သန်းသော ယာဉ်များကိုလည်း
တားဆီးကာကွယ်သွားမည်ဖြစ်ပြီး မိုးကုန်၍ ပွင့်လင်းရာသီရောက်သည့်အခါတွင် လမ်းပျက်စီးမှုအပေါ်မူတည်၍
ရန်ပုံငွေလျာထားကာ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း၏ နိုင်ငံတော်ဘဏ္ဍာငွေဖြင့်
ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ၌ တင်ဒါစနစ်ဖြင့် ရွေးချယ် ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများ
ပြည့်စုံမှန်ကန်ပြီး တစ်ပြေးညီဖြစ်စေရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တင်ဒါနှင့်ပတ်သက်၍ လမ်းညွှန်ချက်များအနေဖြင့် ယခင်နိုင်ငံတော်သမ္မတရုံးမှ
ထုတ်ပြန်ခဲ့သည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊
ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း
ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ
တောင်းခံခြင်းနှင့် တင်ဒါဆိုင်ရာစံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်အမှတ်
(၇/၂၀၁၇)၊ အစိုးရ ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများထုခွဲ ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ
ဆောင် ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)၊ ငလျင်နှင့်ပတ်သက်၍ မန္တလေးငလျင်ကြီးဒဏ်သင့်
နိုင်ငံပိုင် အဆောက်အအုံများအား ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်
ကြားချက်အမှတ် (၁/၂၀၂၅) တို့ကို ထုတ်ပြန်ထားပြီးဖြစ်ပါ၍ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တင်ဒါဖွင့်ဖောက်
ရွေးချယ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကိုသာ အဓိကမထားဘဲ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ယခင်နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားချက်အမှတ် (၇/၂၀၂၀) စာပိုဒ်-၆၂ နှင့် စာပိုဒ်-၉၂ မှ ၉၈ အထိစာပိုဒ်များကိုလိုက်နာ၍
အမှတ်ပေးစနစ် သတ်မှတ်ရွေးချယ်သွားရမည် ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သွားသောကုမ္ပဏီများ၏
အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ပြည်သူလူထုက အလွယ်တကူသိရှိနိုင်ရန်အတွက်
ယခင်နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားချက်အမှတ် (၇/၂၀၂၀) စာပိုဒ်-၁၁၀နှင့် စာပိုဒ်-၁၄၁
(က) တို့တွင် တင်ဒါ အောင်မြင်သူများစာရင်းနှင့် တည်ဆောက်ရေးလုပ်ငန်းတိုးတက်မှုများကို
အများ ပြည်သူ လွယ်လင့်တကူသိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြော်ငြာသင်ပုန်း
Website တွင် လွှင့်တင်ထားရမည်ဟု ပါရှိပြီးဖြစ်ပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့်အချက်များ
အားလုံးသည် လက်ရှိတွင် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
ဥပဒေကြမ်းကော်မတီတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀)
ဦးလှသိန်းအစား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်းနှင့်
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရှားရယ်အစား ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးပြုံးချိုတို့အား အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊
လွှတ်တော်အခွင့်အရေးကော်မတီတွင် ပဲခူးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်
(၄) ဦးရဲမြင့်ထွန်းအစား မွန်ပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုးနှင့်
ချင်းပြည်နယ်အမျိုး သားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးအောင်မင်းနိုင်အစား တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးယုနိုင်တို့အား အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ပဲခူးတိုင်းဒေသ
ကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၅) ဒေါ်ခင်ရွှေမြင့် (ခ) ဒေါ်နှောင်းထွေးအစား
မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးဝင်းဖေမောင်အား အဖွဲ့ဝင်
အဖြစ်လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁၂) နန်းဝိုးစိန် အစား စစ်ကိုင်းတိုင်းဒေသ ကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၃) ဒေါ်ကျော့ယဉ်ဝင်းအား အဖွဲ့ဝင် အဖြစ်လည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းများကို
လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက်ရယူသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ်
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဒေါ်မီမီကျော်ထွန်း၊ အတွင်းရေးမှူးအဖြစ်
စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ချစ်လွင်အပါအဝင်
အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို
အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ သဘောတူသဖြင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ
ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို
အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားပြီး
တာဝန်ပေးအပ်ခံရသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)
ဦးဝင်းလှိုင်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍
ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့်
ကော်မတီဥက္ကဋ္ဌအဖြစ် ကယားပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါက်တာနိုင်လင်းနှင့်
အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဒေါက်တ အမ်ဇော်လတ်
(ခ) ဆမ်းမားကို့(စ်)တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့
တင်ပြသည်။
ဆက်လက်၍ တတိယအကြိမ်
အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး
ပဉ္စမနေ့ကို ဇွန် ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment