Thursday, May 14, 2026

UFO သတင်းထုတ်ပြန်ချက်နှင့် Media Literacy ဆန်းစစ်ခြင်း

မောင်မောင်လင်း

၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့မှာ အမေရိကန်အစိုးရဟာ ကမ္ဘာတစ်ဝန်းစိတ်ဝင်စားနေတဲ့ UAP (Unidentified Anomalous Phenomena) ခေါ် UFO နဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်ပေါင်း ၁၆၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၆ ခုနှစ် UAP ပွင့်လင်းမြင်သာမှုဆိုင်ရာဥပဒေ (UAP Disclosure Act 2026) အရ ဆောင်ရွက်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (Department of War) က war.gov/ufo ဆိုတဲ့ Portal မှတစ်ဆင့် ပထမဆုံးအသုတ် (Tranche 1) အနေနဲ့ ချပြခဲ့ခြင်းဖြစ်ပါတယ်။

ဒီထုတ်ပြန်မှုဟာ ၁၉၄၇ ခုနှစ် Roswell ဖြစ်ရပ်မှသည် ယနေ့ခေတ် ရေတပ်လေယာဉ်မှူးတွေရဲ့ အစီရင်ခံစာတွေအထိ ပါဝင်နေတာကြောင့် လူထုအတွင်း စိတ်လှုပ်ရှားမှုနဲ့ ဝေဖန်မှုတွေကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကို သာမန်သတင်းထူးထက်ကျော်လွန်ပြီး ကျွန်တော်တို့ခေတ်ရဲ့ သတင်းအချက်အလက် စိစစ်နိုင်စွမ်းအပေါ် စမ်းသပ်ချက်တစ်ခုအဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။

အမှန်တရားနှင့် လျှို့ဝှက်ချက်များ

ထုတ်ပြန်လိုက်တဲ့ မှတ်တမ်းဖိုင်တွေဟာ စစ်မှန်တဲ့ အစိုးရမှတ်တမ်းတွေဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပင်တဂွန်က တရားဝင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ AARO (All-domain Anomaly Resolution Office) ရဲ့ ဒေတာအခြေပြု ဆန်းစစ်၊ စုံစမ်းစစ်ဆေးမှုတွေပေါ်မှာ အခြေခံထားခြင်းဖြစ်ပါတယ်-

(က) Roswell ဖြစ်ရပ်နဲ့ FBI ရဲ့ မှတ်တမ်းများ (၁၉၄၇ ခုနှစ်) ။ ၁၉၄၇ ခုနှစ်မှာ နယူးမက္ကဆီကိုပြည်နယ် Roswell မြို့မှာ ပျက်ကျခဲ့တဲ့ အရာဝတ္ထုနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ဖိုင်တွေမှာ-

 (၁) FBI အေးဂျင့် Guy Hottel ရဲ့ ပျံလွှားပုံသဏ္ဌာန် ယာဉ်သုံးစင်းတွေ့ရှိခဲ့ပြီး တစ်စင်းချင်းစီမှာ သုံးပေခန့်ရှိတဲ့ လူသားပုံသဏ္ဌာန် သတ္တဝါသုံးဦးစီပါဝင်တယ်ဆိုတဲ့ ၁၉၅၀ ပြည့်နှစ် သတင်းပေးချက်ကို မှတ်တမ်းတင်ထားမှု၊ ယင်းအပေါ် အစိုးရက အဲဒီဖြစ်ရပ်ဟာ ဆိုဗီယက်တို့ရဲ့နျူကလီးယားစမ်းသပ်မှုကို ထောက်လှမ်းတဲ့ Project Mogul မှ မိုးပျံပူဖောင်းတွေသာဖြစ်တယ်ဆိုတဲ့ သိပ္ပံနည်းကျဆန်းစစ်ချက်။ ဒီလိုပူးတွဲချပြထားတာကြောင့် စာဖတ်သူအနေနဲ့ အမှန်တရားကို ကိုယ်တိုင်ဝေဖန်ဆန်းစစ်ဖို့ လှုံ့ဆော်ထားမှု။

(ခ) NASA ရဲ့ လကမ္ဘာသွား Apollo မစ်ရှင်များ (၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်) အတွင်း ရိုက်ကူးခဲ့တဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေမှာ နေးလ်အမ်းစထရောင်းနဲ့ ဘတ်ဇ်အယ်ဒရင်တို့ လကမ္ဘာပေါ်ဆင်းသက်စဉ်အတွင်း တွေ့ရှိခဲ့ရတဲ့ တောက်ပတဲ့အလင်းတန်းတွေအကြောင်း အစီရင်ခံစာ၊ Apollo 10 မစ်ရှင်မှာ လကမ္ဘာရဲ့တစ်ဖက်ခြမ်း၊ ကမ္ဘာနဲ့ အဆက် အသွယ်ပြတ်တောက်နေချိန်မှာ ကြားခဲ့ရသော ထူးဆန်းတဲ့လေချွန်သံကဲ့သို့အသံများ (Space Music)၊ ဒါနဲ့ပတ်သက်ပြီး ယခုအချိန်တွင်မူ ရေဒီယိုလှိုင်းနှောင့်ယှက်ခြင်းဆိုပြီး သိပ္ပံနည်းကျ ပြန်လည်ဖြေရှင်းချက်များ။

(ဂ) လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းက USS Nimitz လေယာဉ်တင် သင်္ဘောမှ ရေတပ်လေယာဉ်မှူးတွေ တွေ့ရှိခဲ့တဲ့ Tic-Tac သကြားလုံးပုံသဏ္ဌာန်ယာဉ်ဟာ တောင်ပံနဲ့အင်ဂျင်မပါဘဲ ပေပေါင်း ၈၀၀၀၀ အမြင့်မှ ပင်လယ်ရေမျက်နှာပြင်အထိ စက္ကန့်ပိုင်းအတွင်း ဆင်းသက်နိုင်တဲ့ စွမ်းဆောင်ရည်၊ အဲဒီယာဉ်ကို ရေတပ်ရဲ့အဆင့်မြင့် အနီအောက်ရောင်ခြည်သုံး ကင်မရာတွေနဲ့ ဖမ်းယူရရှိခဲ့တဲ့ ဗီဒီယိုဖိုင်များ။

သမ္မတထရမ့်အနေနဲ့ ယခင်အစိုးရများ (အိုဘားမားနဲ့ ဘိုင်ဒန်) ထက် ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြနေခြင်းဖြစ်ပေမယ့်လည်း ပညာရှင်အချို့ကမူ ဒါကို နိုင်ငံရေးဆိုင်ရာ ဟန်ပြလုပ်ဆောင်မှု (Political Theater) တစ်ခုအဖြစ် သံသယရှိနေကြပါတယ်။ “လူထုကိုယ်တိုင်ဆုံးဖြတ်ပါ” ဆိုတဲ့ စကားရပ်ဟာ အမှန်တရားကို ချပြခြင်းလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုကို ဖြည့်ဆည်းပြခြင်းလားဆိုတာက စဉ်းစားစရာဖြစ်လာပါတယ်။

သိပ္ပံနည်းကျ ဆန်းစစ်ခြင်း

အဲဒီလျှို့ဝှက်ဖိုင်တွေကို လေ့လာရာမှာ ရိုက်တာ၊ ဘီဘီစီနဲ့ နယူးယောက်တိုင်းမ်စ်လို နိုင်ငံတကာသတင်းဌာနများ၊ အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန (အမေရိကန်ပြည်ထောင်စု) (National Aeronautics and Space Administration - NASA) နဲ့ ပြင်ပကမ္ဘာမှ အသိဉာဏ်ရှိသက်ရှိတွေကို ရှာဖွေရေးအဖွဲ့အစည်း (Search for Extraterrestrial Intelligence Institute - SETI Institute) တို့မှ သိပ္ပံပညာရှင်တွေရဲ့ ထောက်ပြချက်အရ အောက်ပါ အချက်သုံးချက်ကို သတိပြုဖို့လိုအပ်ပါတယ်-

(က) ၉၅ ရာခိုင်နှုန်းသော ဖြစ်ရပ်များက ရှင်းပြလို့ရပါတယ်။ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအများစုဟာ လေယာဉ်သစ်များ၊ ဒရုန်းများ၊ ရာသီဥတုဖြစ်စဉ်များ၊ ကမ္ဘာမြေပတ်လမ်းရှိ အမှိုက်ပစ္စည်းများနဲ့ ကင်မရာရဲ့ မှန်ဘီလူးအလင်းပြန်ခြင်း ဒါမှမဟုတ် ရေဒါပုံရိပ်ယောင်တွေသာ ဖြစ်နိုင်ပါတယ်။

(ခ) ၅ ရာခိုင်နှုန်းက မဖြေရှင်းနိုင်သေးပါ။ အဖြေရှာမရသေးတဲ့ ဖြစ်ရပ်အချို့ ကျန်ရှိနေသေးပေမယ့်လည်း ဒါဟာ ဂြိုဟ်သားတွေလာရောက်ခြင်း (Extraterrestrial Origin) ဖြစ်တယ်လို့ဆိုနိုင်ဖို့ ခိုင်မာတဲ့သိပ္ပံနည်းကျသက်သေလုံးဝမရှိသေးပါ။

(ဂ)       ဝေဝါးသောသက်သေများ။ ဗီဒီယိုနဲ့ ဓာတ်ပုံအများစုဟာ မှုန်ဝါးနေပြီး အနက်ဖွင့်ဆိုဖို့ခက်ခဲတာကြောင့် ယတိပြတ်ကောက်ချက်ချလို့ မရနိုင်သေးပါ။

ဇာတ်ကြောင်းတည်ဆောက်မှုဗျူဟာနဲ့ သင်္ကေတများ

ဒီထုတ်ပြန်မှုမှာ နောက်ထပ်သတိပြုဖွယ်ရာတစ်ခုကတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်အသုံးအနှုန်းဖြစ်တဲ့ Department of Defense အစား Department of War ဆိုတဲ့ သမိုင်းဝင်အသုံးအနှုန်းကို ပြန်လည်အသုံးပြုလာခြင်းဖြစ်ပါတယ်။ အဲဒီလိုမျိုး သင်္ကေတတွေနဲ့ ဘောင်ခတ်ခြင်း (Symbolic Framing) ဟာ သာမန်အမည်ပြောင်းလဲခြင်းထက် ပိုမိုလေးနက်တဲ့ ဇာတ်ကြောင်း တည်ဆောက်မှုဗျူဟာ (Narrative Engineering) တစ်မျိုး ဖြစ်နိုင်ပါတယ်။

UFO ဖြစ်ရပ်တွေကို “ကာကွယ်ရေး (Defense)” ထက် “စစ်ရေး (War)” ပြယုဂ်အဖြစ် အားဖြည့်ပေးခြင်းဖြင့် လူထုရဲ့စိတ်ပညာ (Public Psychology) အပေါ် သက်ရောက်မှုရှိစေဖို့နဲ့ အာရုံစိုက်မှုကို ပိုမိုရရှိစေဖို့ ရည်ရွယ်ပုံဖော်ထားတာလားဆိုတာကတော့ မီဒီယာ လေ့လာသူတွေအတွက် စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။

အချက်အလက်စိစစ်နိုင်စွမ်းနဲ့ မီဒီယာသိမြင်နားလည်မှု

UFO Disclosure ဖြစ်ရပ်မှတစ်ဆင့် လူ့အဖွဲ့အစည်း၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ နိုင်ငံသားတစ်ဦးရဲ့ ယုတ္တိကျကျဆင်ခြင်နိုင်စွမ်းမြှင့်တင်နိုင်ဖို့ အောက်ပါအချက်လေးချက်ကို အလေးထားသင့်ပါတယ်-

(က)     ဒစ်ဂျစ်တယ်စစ်မှန်မှုနဲ့ အချက်အလက်ခိုင်မာမှု (Information Integrity & Digital Forensics)။ ယနေ့ခေတ်ဟာ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ဗီဒီယိုနဲ့ဓာတ်ပုံတွေကို လက်ရာမြောက်စွာ ဖန်တီးနိုင်တဲ့ခေတ်ဖြစ်ပါတယ်။ သတင်းမှားတွေဟာ အချက်အလက်အတုတွေနဲ့သာမက စစ်မှန်တဲ့ အစိတ်အပိုင်းတစ်ခုကိုအခြေခံကာ အနက်ဖွင့်ဆိုချက်လွဲမှားစေတဲ့ ဇာတ်ကြောင်းတည်ဆောက်မှုတွေနဲ့လည်း ပျံ့နှံ့တတ်ပါတယ်။ ဒါကြောင့် ထုတ်ပြန်ချက်တွေရဲ့ စစ်မှန်မှုကို စစ်ဆေးရာမှာ ဒစ်ဂျစ်တယ်ရေစာ (Digital Watermarking) နဲ့ ရင်းမြစ်စစ်ဆေးခြင်း (Source Verification) အလေ့အထရှိဖို့ အလွန်အရေးကြီးပါတယ်။

(ခ)       ပုံစံရှာဖွေတတ်သော ဦးနှောက်နဲ့ သိမြင်မှုဆိုင်ရာ ဘက်လိုက်မှုများ (Cognitive Biases)။ လူ့ဦးနှောက်မှာ မရှင်းလင်းတဲ့ ပုံရိပ်တွေကြားမှာ အဓိပ္ပာယ်ရှိတဲ့ပုံစံတွေ (Meaningful Patterns) ကို အလိုအလျောက်ရှာဖွေတတ်တဲ့ သဘာဝရှိပါတယ်။ ဒီ Pattern-Seeking သဘာဝကြောင့် မှုန်ဝါးဝါးဗီဒီယိုတစ်ခုကိုမြင်ရင် မိမိယုံကြည်ချင်တဲ့အရာ (ဥပမာ - ဂြိုဟ်သားယာဉ်) အဖြစ် အတင်းအဓိပ္ပာယ်ဖော်တတ်တဲ့ မိမိယုံကြည်ရာကိုသာ ဖက်တွယ်ခြင်း (Confirmation Bias) ကို သတိပြုရပါမယ်။ ‘မသိသေးခြင်း’ ကို ‘မသိသေးသည့်အတိုင်း’ လက်ခံနိုင်တဲ့ စိတ်ရှည်မှုနဲ့ ယုတ္တိဗေဒရှိဖို့ လိုအပ်ပါတယ်။

(ဂ)       အချက်အလက်နဲ့ အနက်ဖွင့်ဆိုချက်ကို ခွဲခြားခြင်း (Fact vs. Interpretation)။ အစိုးရမှတ်တမ်းတွေအရ စစ်မှန်ခြင်း (Authentic) ဖြစ်တိုင်း အဆိုပါဖြစ်ရပ်မှာ ဂြိုဟ်သားတွေ ကြောင့်ဖြစ်ခြင်း (Extraterrestrial Proof) လို့ မဆိုလိုပါ။ သိပ္ပံပညာမှာ Unknown (မသိရှိသေးခြင်း) ဟာ ပုံမှန်အမျိုးအစားတစ်ခုသာဖြစ်ပါတယ်။ ထုတ်ပြန်ချက်တစ်ခုရဲ့ ‘ဘာကိုထုတ်ပြန်သလဲ’ ဆိုတာထက် ‘ဘာကြောင့်အခုမှထုတ်ပြန်သလဲ’ နဲ့ ‘မည်သို့ နာမည်တပ်သုံးနှုန်းသလဲ’ ဆိုတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုပါ ထိုးထွင်းမြင်တတ်ရန် လိုအပ်ပါတယ်။

(ဃ)     သိမှုဆိုင်ရာနှိမ့်ချမှုနဲ့ ဝေဖန်ပိုင်းခြားခြင်း (Epistemic Humi-lity)။ Critical Thinking ဆိုတာ အရာရာကို သံယယဝင်ခြင်း မဟုတ်ဘဲ ရရှိထားတဲ့ သက်သေအဆင့်အတန်းအပေါ်မူတည်ပြီး မိမိရဲ့ယုံကြည်မှုအဆင့်ကို ချိန်ညှိနိုင်ခြင်းဖြစ်ပါတယ်။ ဒါကို သိမှုဆိုင်ရာနှိမ့်ချမှုလို့ ခေါ်ဆိုနိုင်ပါတယ်။ အချက်အလက်အသစ်နဲ့ ခိုင်မာသောသက်သေတွေထွက်ပေါ်လာတဲ့အခါ မိမိရဲ့ကောက်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ အသင့်ရှိနေခြင်းဟာ ရင့်ကျက်သောတွေးခေါ်မှုဆိုင်ရာ ချဉ်းကပ်မှုဖြစ်ပါတယ်။

အမှန်တရားကို ထုဆစ်ခြင်း

သတင်းအချက်အလက်တွေ ပေါများလာတဲ့ခေတ်မှာ ကျွန်တော်တို့ဟာ အမှန်တရားကို ဘယ်လိုစိစစ်မလဲဆိုတာက အတော်လေးကို အရေးကြီးလာတာကြောင့် ယခုဖြစ်စဉ်ကနေပြီး ကျွန်တော်တို့ သင်ခန်းစာရယူနိုင်ရပါမယ်။

မီဒီယာသိမြင်နားလည်မှု (Media Literacy) ဆိုတာ သတင်းတစ်ခုကို ယုံကြည်ရုံမျှမဟုတ်ဘဲ အဲဒီသတင်းနောက်ကွယ်မှ အကြောင်းရင်းတွေနဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို ခွဲခြားသိမြင်ခြင်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဖိုင်တွေကို ချပြလိုက်ခြင်းဟာ အမြင့်ဆုံးပွင့်လင်းမြင်သာမှုဆီသို့ ခြေလှမ်းတစ်လှမ်းဖြစ်နိုင်ပေမယ့်လည်း ကျန်ရှိနေတဲ့ ဇွန်လမှာထုတ်ပြန်မယ့် ဒုတိယအသုတ် (Tranche 2) ကို ဆက်လက်စောင့်ကြည့်ရင်း မိမိတို့ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့သာ အမှန်တရားကို ထုဆစ်ရမှာဖြစ်ပါတယ်။

အနှစ်ချုပ်ရရင်တော့ ဒီ UFO ဖိုင်တွေ ထုတ်ပြန်မှုဟာ ကျွန်တော်တို့အတွက် ‘ဘာကို ယုံရမလဲ’ ဆိုတဲ့ မေးခွန်းထက် ‘ဘယ်လိုခွဲခြမ်းစိတ်ဖြာရမလဲ’ဆိုတဲ့ မေးခွန်းကို ပိုမိုအလေးပေးစေပါတယ်။ ဒီလိုမျိုး လက်တွေ့ဖြစ်ရပ်လေ့လာမှုတွေကတစ်ဆင့် လူပြောများရေပန်းစားတဲ့ သတင်းတွေအပေါ် စိတ်ခံစားမှုဖြင့် တုံ့ပြန်ခြင်းထက် အလွှာလိုက် ခွဲခြမ်းစိတ်ဖြာခြင်းလုပ်တတ်တဲ့ ယဉ်ကျေးမှုကိုတည်ဆောက်နိုင်ပါက AI ခေတ်ရဲ့ သတင်းအမှောင်ထုကြားမှာ အမှန်တရားကို ပိုမိုနီးကပ်စွာရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

 နိဂုံးချုပ်အားဖြင့် ဒီ UFO ဖိုင်တွေ ထုတ်ပြန်မှုဟာ ဂြိုဟ်သားတွေအကြောင်း သိရှိရဖို့ထက် ကျွန်တော်တို့ရဲ့ ‘သတင်းအချက်အလက်ခိုင်မာမှုကို စမ်းသပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လူငယ်ထုကို Critical Thinking လေ့ကျင့်ပေးရာမှာ ဒီလိုဖြစ်ရပ်တွေက အလွန်တန်ဖိုးရှိလှပါတယ်။

 အမှန်တရားဆိုတာ အမေရိကန်အစိုးရက ထုတ်ပြန်လိုက်တာဆိုရုံမျှနဲ့ ပြီးဆုံးသွားရမယ့်အရာမဟုတ်ဘဲ ခိုင်မာတဲ့သက်သေနဲ့ ယုတ္တိရှိတဲ့ခွဲခြမ်းစိတ်ဖြာမှုတို့နဲ့သာ စဉ်ဆက်မပြတ်တည်ဆောက်ယူရမယ့်အရာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

No comments:

Post a Comment