Friday, May 8, 2026

မြေဆီလွှာ အာဟာရဓာတ်အကြောင်း သိကောင်းစရာ

 


ဒေါက်တာဆွေဆွေမာ (YAU)

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများသည် သဘာဝပတ်ဝန်းကျင်၏ နှလုံးသားကဲ့သို့ အသက်ဝင်လျက်ရှိနေပါသည်။ ထိုဒေသများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူနေမှုဘဝတို့သည် မြေဆီလွှာဟုခေါ်သော အသက်ရှင်နေသည့် ဇီဝဗေဒဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုအပေါ် အခြေခံ၍တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဤမြေဆီလွှာသည် ရာသီဥတု၊ အပင်များ၊ မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများနှင့် သဘာဝအခြေအနေများ၏ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သော သန့်ရှင်းသည့်ဖြစ်စဉ်များဖြင့် ဖွဲ့တည်လာခဲ့သည့် သဘာဝ၏ အံ့ဖွယ်အမွေအနှစ်တစ်ခုဖြစ်ပါသည်။ မြေဆီလွှာသည် အပင်များကြီးထွားနိုင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်၊ ရေကိုစုပ်ယူနိုင်ရန်နှင့် သဘာဝဓာတ်များပြန်လည်စီးဆင်းစေရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ယခုခေတ်တွင် အနာဂတ်အတွက် ထည့်သွင်းမစဉ်းစားကြသော လူသားများ၏ လုပ်ရပ်ကြောင့် ဤမြေဆီလွှာကြီးသည် အလွန်အမင်းထိခိုက်နစ်နာ ပျက်စီးလျက်ရှိပါသည်။ မြေယာပေါ်တွင် သီးနှံပင်များကို အလွန်အကျွံစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာအစား ဓာတုမြေဩဇာများကို လိုသည်ထက်ပို၍ အသုံးပြုခြင်း၊ မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးသည့် သဘာဝအပင်များကိုဖယ်ရှားခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကို လျစ်လျူရှုခြင်းတို့က မြေဆီလွှာ၏ အရည်အသွေးကို တစ်နေ့ထက်တစ်နေ့ ကျဆင်းစေလျက်ရှိပါသည်။

မြေဆီလွှာ၏သော့ချက် ဇီဝအဖွဲ့အစည်းများပျက်စီးလာခြင်း၊ သီးနှံများစုပ်ယူနိုင်သည့် အာဟာရ ဓာတ်များ ကုန်ခန်းလာခြင်း၊ မြေပြိုခြင်းတို့သည် မြေဆီလွှာပျက်စီးခြင်းကို အဓိကဖြစ်ပေါ်စေပြီး ကျေးလက်လူထု၏ အသက်မွေးဝမ်းကျောင်းမှုကို တိုက်ရိုက်ခြိမ်းခြောက်နေပါသည်။

မြေဆီလွှာကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏အနာဂတ်ကို ကာကွယ်ခြင်းပင်ဖြစ်ပါသည်။ သို့ရာတွင် ယနေ့အချိန်၌ မြန်မာနိုင်ငံ၏ မြေဆီလွှာသည် တစ်နေ့ထက်တစ်နေ့ အားနည်းလာသောအခြေ အနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ မြေဆီလွှာသည် သဘာဝအတိုင်း ပြန်လည်ပြုပြင်နိုင်ရန် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း လူသားတို့၏ မတားဆီးနိုင်သောလုပ်ရပ်များကြောင့် ယင်းသည် ပြန်လည်မပြုပြင်နိုင်အောင် ပျက်စီးနေပါသည်။

ထို့ကြောင့် မြေဆီလွှာကိုကာကွယ်ရန်၊ ပြန်လည်ထူထောင်ရန်အတွက် သဘာဝနှင့်ဟန်ချက်ညီသော စိုက်ပျိုးရေးစနစ်များကို အသုံးပြု၍ အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ရန် လိုအပ်နေပါပြီ။ မြေဆီလွှာအာဟာရဓာတ် ဆုံးရှုံးမှုဆိုသည်မှာ ရိုးရိုးရှင်းရှင်း မြေဩဇာဓာတ်လျော့နည်းခြင်းမျှမကဘဲ ပိုမိုနက်ရှိုင်းသောဂေဟစနစ်ပျက်စီးမှု တစ်ရပ်လည်းဖြစ်သည်။ သစ်တောပြုန်းတီးမှုက မိုးရေတိုက်စားခံရမှုကို အရှိန်မြှင့်ပေးပြီး မြေဆီလွှာ၏ အဖိုးတန်အပေါ်ယံလွှာကို မြစ်ချောင်းများထဲသို့ သယ်ဆောင်သွားသည်။

ဤသို့ဖြင့် ဧကပေါင်းများစွာသော မြေဆီလွှာများက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်စဉ်စီးဆင်းလျက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်။ ဤဆုံးရှုံးမှုသည် စာရင်းဇယားများဖြင့် မှတ်တမ်းတင်နိုင်သည်ထက် ပိုမိုကြီးမားသည်။ ယင်းသည် မျိုးဆက်ပေါင်းများစွာ ဖွဲ့တည်လာခဲ့သော သဘာဝအမွေအနှစ်တစ်ရပ် ပျောက်ကွယ်ရခြင်းပင်ဖြစ်သည်။ 

စိုက်ပျိုးရေးလုပ်ငန်းသည် လူ့အဖွဲ့အစည်း၏ အခြေခံအသက်မွေးဝမ်းကျောင်းမှုဖြစ်ပြီး ယနေ့ခေတ်တွင် နည်းပညာတိုးတက်မှုများနှင့်အတူ ခေတ်မီသော စိုက်ပျိုးရေးနည်းလမ်းများ မြန်မြန်ဆန်ဆန် ဝင်ရောက်လာခဲ့ပါသည်။ ထိုနည်းလမ်းများတွင် “ဓာတုမြေဩဇာ” များကို အသုံးပြုခြင်းသည် အထင်ရှားဆုံးဖြစ်ပြီး တောင်သူများက သီးနှံများ၏ အထွက်နှုန်းကို တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဓာတုမြေဩဇာများအပေါ် မှီခိုလာကြပါသည်။ သို့သော် ဤဓာတုမြေဩဇာများကို နားလည်မှုလွဲမှားစွာ အလွန်အကျွံအသုံးပြုမိပါက မြေဆီလွှာအပေါ် ပြင်းထန်သောဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ဓာတုမြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာညစ်ညမ်းမှုဖြစ်လာပြီး မြေဆီလွှာမှ သဘာဝအတိုင်း အာဟာရဓာတ်များကို ထုတ်လုပ်နိုင်မှုမှာ ကျဆင်းလာပါသည်။ မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ သေဆုံးသွားခြင်း၊ မြေဆီလွှာ၏ ချဉ်ငန်ကိန်းတန်ဖိုး ပြောင်းခြင်းတို့ကြောင့် မြေဆီလွှာ၏ အာဟာရဓာတ်ပါဝင်မှုအပေါ် ထိခိုက်မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာစေပါသည်။

ထို့ပြင် သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်ပျိုးသည့်စနစ်သည်လည်း မြေဆီလွှာအတွက် ပြဿနာကြီးတစ်ရပ်ဖြစ်ပါသည်။ ဤနည်းဖြင့် မြေဆီလွှာမှသီးနှံတစ်မျိုးကို အထောက်အပံ့ပေးသည့် အာဟာရဓာတ်များ ဆက်တိုက်စုပ်ယူမိပြီး အခြားအာဟာရဓာတ်များမှာ မလိုအပ်ဘဲ စုပုံနေတတ်ပါသည်။ ဥပမာအားဖြင့် ဆန်စပါးကို နှစ်ပေါင်းများစွာ တစ်နေရာတည်းတွင် စိုက်ပျိုးပါက မြေဆီလွှာမှ အိုင်းယွန်း၊ ပိုတက်ဆီယမ်နှင့် ဇင့်ဓာတ်များ ချို့တဲ့လာတတ်ပါသည်။

နောက်ဆုံးတွင် မြေဆီလွှာသည် အာဟာရဓာတ်များ မညီမျှမှုကြောင့် သီးနှံများကြီးထွားရန် ခက်ခဲသည့် မကျန်းမာသော ပတ်ဝန်းကျင်တစ်ခုဖြစ်လာပါသည်။ ထိုကဲ့သို့သောအခြေအနေတွင် မည်သည့်မြေဩဇာကိုမဆို ထပ်မံထည့်သွင်းပေးသော်လည်း အထွက်နှုန်းသည် နှစ်တိုင်းကျဆင်းလာပြီး စီးပွားရေးအရတည်ငြိမ်မှုမရှိသော အခြေအနေကို ရင်ဆိုင်လာရပါသည်။

ဤပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများရှိပါသည်။ ထိုနည်းလမ်းမှာ ရိုးရှင်းလွယ်ကူ သည်ထက် စနစ်ကျပြီး စဉ်ဆက်မပြတ် အားထုတ်လုပ်ဆောင်မှုနှင့် နားလည်လက်ခံမှုတို့ဖြစ်သည်။ အခြေခံအကျဆုံးနည်းလမ်းမှာ မြေဆီလွှာ၏ အခြေအနေကို သိရှိရန်ဖြစ်ပါသည်။ မြေဆီလွှာစစ်ဆေးခြင်းမှာ ဆေးကုသရန်အတွက် ရောဂါရှာဖွေခြင်းကဲ့သို့ပင် အရေးပါပါသည်။ မြေဆီလွှာမှ မြေနမူနာများယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးပါက မည်သည့်အာဟာရဓာတ်ချို့တဲ့နေသည်၊ မည်မျှပမာဏဖြည့်တင်းရမည်၊ မြေဆီလွှာ၏ ချဉ်ငန်ကိန်းတန်ဖိုး မည်မျှရှိနေသည်၊ အော်ဂဲနစ်ကာဗွန်ပါဝင်မှု ပမာဏရှိနေသည် စသည်တို့ကို သိရှိနိုင်ပါသည်။ ဤအချက်အလက်များကိုအခြေခံ၍ တောင်သူများကဓာတ်မြေဩဇာကို အမှန်တကယ်လိုအပ်သော ပမာဏဖြင့်သာ ထည့်သွင်းနိုင်ပြီး အလွန်အကျွံအသုံးပြုမှုကို ရှောင်ရှားနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဓာတ်မြေဩဇာကုန်ကျစရိတ် သက်သာစေရုံသာမက မြေဆီလွှာကိုလည်း ကျန်းမာစေပြီး ရေရှည်တွင် အထွက်နှုန်းကိုပါ မြှင့်တင်နိုင်ပါသည်။

နောက်ထပ် အရေးကြီးသော နည်းလမ်းတစ်ခုမှာ အော်ဂဲနစ်စိုက်ပျိုးရေးသို့ ပြန်လည်ဦးတည်ခြင်း ဖြစ်ပါသည်။ သဘာဝအခြေခံမြေဩဇာများ၊ ဇီဝမြေဩဇာများ၊ မြေဆွေးများ၊ အော်ဂဲနစ်ကာဗွန်များကို အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိလှုပ်ရှားမှုများကို ပြန်လည်နိုးကြားစေပါသည်။ ဤအဏုဇီဝသက်ရှိများသည် အာဟာရဓာတ်များကို သဘာဝအတိုင်း ပြန်လည်စီးဆင်းစေပြီး မြေဆီလွှာ၏ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေကာ ရေသိုလှောင်နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။ အော်ဂဲနစ်မြေဩဇာများသည် ဓာတုမြေဩဇာများကဲ့သို့ ချက်ချင်းသက်ရောက်မှုမရှိသော်လည်း ရေရှည်တွင် မြေဆီလွှာကိုသဘာဝအတိုင်း ပြန်လည်နုပျိုစေပြီး အာဟာရဓာတ်များကို ဖြည်းညင်းစွာထုတ်လွှတ်ပေးသဖြင့် မြေဆီလွှာ၏ ကျန်းမာရေးကို ပိုမို၍ကောင်းမွန်လာစေပါသည်။

စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲခြင်းသည်လည်း အလွန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းသည် မြေဆီလွှာမှအာဟာရဓာတ်များမညီမျှမှုကို ကာကွယ်ပေးပြီး ပိုးမွှားနှင့်ရောဂါများကို သဘာဝအတိုင်း ထိန်းချုပ်နိုင်ပါသည်။ မြေကိုဖုံးအုပ်ထားသည့် မြေဆီထိန်းသီးနှံများကို စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ပြီး မြေဆွေးဖြစ်စေကာ အော်ဂဲနစ်ကာဗွန်ကို တိုးမြှင့်ပေးပါသည်။ လယ်ကွင်းဘေးတွင် မြေဆီလွှာကိုထိန်းသိမ်း နိုင်သော၊ လေကာနိုင်သော သစ်ပင်များစိုက်ပျိုးခြင်းသည် မြေပြိုခြင်းကို ကာကွယ်ပေးပြီး မြေဆီလွှာကို ရေနှင့်လေတို့၏ တိုက်စားမှုမှ ကာကွယ်ပေးပါသည်။ ဤနည်းလမ်းများသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်ပြီး သဘာဝနှင့်ဟန်ချက်ညီသော စိုက်ပျိုးရေးစနစ်ကို တည်ဆောက်ပေးပါသည်။

ခေတ်မီနည်းပညာများဖြစ်သည့် တိကျမှန်ကန်သော စိုက်ပျိုးရေးလုပ်ဆောင်မှုများနှင့် ပေါင်းစပ်အာဟာရစီမံခန့်ခွဲမှုတို့သည် ဤလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန် အထောက်အကူပြုပါသည်။ GPS နှင့် ဒရုန်းများကို အသုံးပြု၍ မြေဆီလွှာ၏ တိကျသောလိုအပ်ချက်ကို ခွဲခြားသိရှိပြီး မြေဩဇာနှင့်ရေကို လိုအပ်သလိုအကျိုးရှိရှိ အသုံးချနိုင်ပါသည်။ ပေါင်းစပ်အာဟာရစီမံခန့်ခွဲမှုစနစ်တွင် ဓာတုမြေဩဇာ၊ အော်ဂဲနစ်မြေဩဇာနှင့် ဇီဝမြေဩဇာများကို ပေါင်းစပ်အသုံးပြုကာ မြေဆီလွှာ၏ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဤကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် နည်းပညာများဖြန့်ဝေပေးခြင်းနှင့် သိရှိနားလည်လက်ခံခြင်းတို့သည် အလွန်အရေးကြီးပါသည်။ တောင်သူများအား မြေဆီလွှာ၏ အရေးပါမှု၊ မြေဆီလွှာစစ်ဆေးခြင်း၏ အကျိုးကျေးဇူးများ၊ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ခေတ်မီနည်းစနစ်များကို လက်တွေ့အသုံးချတတ်စေရန်အတွက် သင်ကြားပေးရန်လိုအပ်ပါသည်။ ကျေးလက်ဒေသလူငယ်များအား ဤနည်းပညာများကို သင်ကြားပေးခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်တစ်ရပ်ကို မွေးထုတ်နိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မြေဆီလွှာ၏ အာဟာရဓာတ်ဆုံးရှုံးမှုပြဿနာသည် တစ်ဦးတစ်ယောက်တည်း၏ ပြဿနာမဟုတ်ဘဲ ကျွန်ုပ်တို့အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုနေသည့် အများနှင့် ဆိုင်သော ပြဿနာဖြစ်ပါသည်။ မြေဆီလွှာ၏ အာဟာရဓာတ်ထိခိုက်ပျက်စီးဆုံးရှုံးစေနိုင်သော ပြဿနာကို စနစ်တကျဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့သော စီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ကျန်းမာသန်စွမ်းသော မြေဆီလွှာသည် ကျန်းမာသန်စွမ်းသော လယ်သမားများ၊ ကျန်းမာသောအစားအစာများနှင့် ကျန်းမာသော နိုင်ငံတော်တစ်ခုအတွက် အခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် မြေဆီလွှာကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အနာဂတ်ကို ကာကွယ်ခြင်းပင်ဖြစ်ပါသည်။         ။

No comments:

Post a Comment