Saturday, May 23, 2026

အိပ်မက်တွေ ရှင်သန်နေဖို့ …


ဒေါက်တာ မြတ်မိုး

ယနေ့ သားသမီးသဖွယ် လူငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေ ပညာအခြေခံအုတ်မြစ်တွေကို ဆိုင်ရာဆိုင်ရာ သူ့အတန်း၊ သူ့ပညာအလိုက် ပြန်လည်စိုက်ထူရမယ့်အချိန်ရောက်ရှိလာပါပြီ။ ကျောင်းတွေ ပြန်ဖွင့်ပါတော့မယ်။ ကျောင်းအပ်နှံကြပါတော့မယ်၊၊

မိဘတွေအတွက်က မိမိတို့ ရင်သွေးတွေအတွက် ဖြစ်သင့်တဲ့၊ ဖြစ်ချင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရပါတော့မယ်၊၊ ကျောင်းသားတွေအတွက်က မိမိတို့တန်ဖိုးကို မြင့်သထက်မြင့်အောင် မြှင့်တင်ရမယ့်အချိန် ရောက်လာပါပြီ၊၊ နိုင်ငံတော်အနေနဲ့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှုပ်နှံရမယ့်အရာအားလုံးမှာ ကြီးမားလှတဲ့ ပညာအရင်းအနှီးကို မြှုပ်နှံနေပြီလည်းဖြစ်တယ်။ အဟောင်းနဲ့အသစ် ဘယ်လိုရှိရှိ အရေးကြီးတာတစ်ခုက မိမိပညာရေးလမ်းကြောင်း မျက်ခြည်မပြတ်ဖို့ပါ၊၊ စဉ်ဆက်မပြတ် သင်ယူနေရမယ်ဆိုတာကို သဘောပေါက်ဖို့နဲ့ ပညာမြင့်မှ ပွဲလယ်တင့်၊ ပညာမြင့်မှ လူမျိုးမြင့်မယ့် အနာဂတ်ဘဝတွေအတွက် ပညာကို အလေးထားဖို့ ဖြစ်ပါတယ်။

ပညာမပြည့်ဝခြင်းရဲ့ သက်ရောက်မှုဆိုးကျိုးများ သင်ခန်းစာယူပါ

ကျွန်တော်တို့ အမြဲမှတ်ယူထားတာက ပညာသင်ယူတာဟာ လူတိုင်းအတွက် အခွင့်အရေးတစ်ခုဆိုတာပါ။ ပစ္စုပ္ပန်ဘဝတင့်တယ်ဖို့နဲ့ အနာဂတ်ဘဝလှပဖို့ ပညာကို မဖြစ်မနေသင်ယူထားမှဆိုတဲ့အချက်ကို သဘောမပေါက်ရင် အရာရာဆုံးရှုံးမှုချည်းသာ ကြုံကြရမယ်။ ဒါကြောင့် ယနေ့လူငယ်တွေဟာ ကြိုတင်ပြင်ဆင်မှုများစွာနဲ့ မိမိတို့ရဲ့ အရည်အသွေးကို အစဉ်ထက်မြက်အောင် ကြိုးစားနေရမယ်လို့ ဆိုပါတယ်။

ထက်မြက်အောင် ဓားကိုအမြဲသွေးနေရမယ့် တာဝန်က မိဘ၊ ဆရာ၊ ကျောင်းသား၊ နိုင်ငံတော်အစိုးရ၊ ဆိုင်ရာ လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ရဲ့ ကိုယ်စီတာဝန်လည်း ဖြစ်ပါတယ်။ မိဘ၊ ဆရာဆို တာက ကျောင်းသားလူငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် လမ်းပြပေးနိုင်တဲ့သူတွေဖြစ်ပါတယ်၊၊ တော်ရုံအပြင် ကောင်းအောင်လည်း ညွှန်ပြပေးနိုင်ရမယ်။ ဖတ်သိ၊ မှတ်သိ၊ ကျောင်းစာ သညာသိအပြင် ဘဝရှင်သန်ရပ်တည်မှုအတွက် ဘယ်လမ်းက မှန်တယ်၊ မှားတယ်၊ ဘယ်လမ်းကကောင်းတယ်၊ ဆိုးတယ်စသဖြင့် လမ်းမှန်၊ လမ်းကောင်းပညာအသိကို ရွေးချယ်ပြသပေးဖို့ တာဝန်ရှိပါတယ်။ အတုနဲ့အစစ် ခွဲခြားပေးနိုင်စွမ်းရှိဖို့ကလည်း မိဘ၊ ဆရာသမားကိုယ်တိုင်မှာ ပညာ​ရှိရန်နဲ့ အသိတရားမြင့်မားနေဖို့ လိုပါတယ်။

အကြောင်းက ပညာမပြည့်ဝခြင်းရဲ့ ရိုက်ခတ်မှုဒဏ်အဆိုးသံသရာကြီးကို ယနေ့ မိဘ၊ ဆရာတွေ ကိုယ်တိုင်အစဉ်အဆက်ခံစားနေရလို့ပါပဲ။ ထို ဆင်းရဲ၊ ကြမ်းတမ်း၊ ခက်ထန်မှုဒဏ်ကို အားလုံးက လက်တွေ့ခံစားနေရကြောင်း ငြင်းလို့မရပါဘူး။ ပညာရေးဆိုတာ မိမိတို့ လက်ရှိပစ္စုပ္ပန်ခဏတာ လေးအတွက်ပဲ မကြည့်နဲ့၊ အနာဂတ်အထိ အဝေးမျှော်ပြီး ကြည့်ကြပါလို့ ဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒါမှသာ အနာဂတ်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ ပညာရေး ရင်းနှီးမြှုပ်နှံမှုဆိုတာ

ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုက အမှန်တကယ်လိုအပ်တဲ့ အကြောင်းတရားဖြစ်ကြောင်း ပြောခဲ့ပါပြီ။ အကြောင်းက တန်ဖိုးထိုက်တဲ့ အသိပညာမှန်သမျှ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ လက်နက်သဖွယ်စွမ်းပကားတွေကို ပေးစွမ်းနိုင်လို့ပါပဲ။ အမှောင်ထုကနေတောက်ပတဲ့ အလင်းစွမ်းအင်ကိုလည်း ရနိုင်စွမ်းပါတယ်၊ Value နဲ့ဆက်စပ်နေတဲ့ Power အဖြစ် ဆက်စပ်ကြည့်နိုင်ပါတယ်။ ဘယ်လိုအရင်းအမြစ်မဆို ပြီးပြည့်စုံတဲ့ အရင်းအမြစ်များဖြစ်ဖို့ လိုပါတယ်။ ဒီအထဲမှာ ပေးလိုက်ရတဲ့အချိန်တွေပါမယ်၊ ကုန်ကျမယ့် ငွေကြေးဓနအင်အားတွေပါလာမယ်၊ မိဘတွေဘက်က စိုက်ထုတ်လိုက်ရတဲ့ ငွေကြေး၊ အစိုးရရဲ့ ပညာရေးဘတ်ဂျက်စတဲ့ ဒါတွေအားလုံးက ရေရှည်အတွက် မျှော်မှန်းပြီး စိုက်ထုတ်မြှုပ်နှံထားရတဲ့ အရင်းအနှီးတွေပဲဖြစ်ပါတယ်။

ပညာရေးအတွက် မိဘတွေ ရင်းနှီးလိုက်ရတဲ့ ငွေအားက မနည်းလှတဲ့အပြင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာလည်း ယခုနှစ်တွေမှာ တိုးမြှင့်သုံးစွဲလာတဲ့ အချက်အလက်တွေကို တွေ့လာရပါတယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ပညာရေးဝန်ကြီးဌာနအတွက် ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားသောဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍအတွက် ၉ ဒသမ ၂၂ ရာခိုင်နှုန်း သုံးစွဲသွားမယ်လို့ သိထားကြပါပြီ။ ပညာရေးရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံအတွက် တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှုလို့ ခံယူထားတဲ့ နိုင်ငံတော်အနေနဲ့ ပညာရေးဘက်မှာ တိုးမြှင့်သုံးစွဲလာတဲ့ နိုင်ငံ့ဘဏ္ဍာအခြေအနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

လာမယ့်နှစ်တွေမှာလည်း နိုင်ငံတော်ဘဏ္ဍာရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထက်မနည်း သုံးစွဲသွားမယ့် အခြေအနေတွေရှိတာကြောင့် နိုင်ငံတော်ဘက်က ရင်းနှီးမြှုပ်နှံမှုဟာ တိုးတက်မှုပြတဲ့ အခြေအနေမှာရှိနေကြောင်း တွေ့ရှိနိုင်ပါတယ်။ အခုလိုရင်းနှီးမြှုပ်နှံမှုရဲ့ သက်ရောက်မှုအနေနဲ့ KG+9 အထိ မသင်မနေရပညာရေးစနစ်ဟာ အောင်မြင်လာမယ်၊ ကျောင်းနေရာခိုင်နှုန်း တိုးတက်မှုရှိလာမယ်၊ အသိအတတ်ပညာရှင်များစွာ ပေါ်ထွက်လာမယ်။ တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှု၊ ထိုမှတစ်ဆင့် ငြိမ်းချမ်းမှုအသီးအပွင့်များ ရရှိလာမယ်။ ပညာရေးကတစ်ဆင့် ကောင်းမွန်တဲ့ သက်ရောက်မှုဆီတစ်ခုပြီးတစ်ခုရရှိလာမယ့် Positive Domino Effect များကို မျှော်လင့်မိပါတယ်။

ပြင်းပြတဲ့ဆန္ဒစိတ်ဓာတ် ဝီရိယပညာလည်း ရှိမှသာ

ကျောင်းသားတွေရဲ့ ပြင်းပြတဲ့ဆန္ဒ၊ ထက်သန်တဲ့ စိတ်ဓာတ်၊ ကာယခွန်အား၊ ပညာတွေကလည်း ပေးဆပ်ထားရတဲ့ အရင်းအမြစ်တွေပါပဲ။ ဘဝမှာ ပညာအတွက် ပေးလိုက်ရတဲ့ အချိန်တွေဟာ မိမိတို့ဘဝအတွက် တန်ဖိုးထိုက်သင့်ပါတယ်။ ပညာရေးအတွက် ကုန်ဆုံးသွားတဲ့အချိန်တွေကို အဓိပ္ပာယ်မဲ့စွာ အလဟဿအချည်းနှီးမဖြစ်သင့်ပါဘူး၊၊ ပေးလိုက်ရတဲ့ ကာလရှည်ကြီးကို အကျိုးရှိအောင် အသုံးချခြင်းက မိမိဘဝရဲ့ တန်ဖိုးတစ်ခုအလား မှတ်ယူထားသင့်ပါတယ်။ ဘာကြောင့် ပညာကိုဘဝရဲ့ တန်ဖိုးဆိုပြီး တင်စားကြပါသလဲ၊ ပညာဟာလူလိမ္မာနဲ့သာ အတူယှဉ်တွဲနေတတ်လို့ပါ။ ပညာတတ်မှ လူရာဝင်မယ်၊ ပညာရှိမှ အများအကျိုးသယ်ပိုးနိုင်မယ်၊ ပညာရှင်ဖြစ်မှ လူ့အဖွဲ့အစည်းကောင်းကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်လို့ပါပဲ။

ပညာရေးအတွက် ငွေအား၊ လူအားစိုက်ထုတ်မှုအပေါ်မှာ ဝီရိယအား ကူညီပံ့ပိုးမှုမပါဘဲလည်း မဖြစ်နိုင်ပါဘူး။ ဝီရိယအားဆိုတဲ့နေရာမှာ မှန်ကန်တဲ့ ဝီရိယ၊ ပညာပါတဲ့ ဝီရိယမျိုးဖြစ်ဖို့တော့လိုပါတယ်။ ဒီနေရာမှာ ပညာဆိုတဲ့ သဘောတရားကို ကြည့်ရင် စဉ်းစားနိုင်စွမ်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားနိုင်စွမ်း၊ အကြောင်းအကျိုးဆက်စပ်နိုင်စွမ်းစတဲ့ အရည်အချင်းတွေနဲ့ ခွဲခြားထားလို့ မရပါဘူး။ ဒီလိုအရည်အချင်းတွေကသာ အယူအဆမှားအစွန်းတရားတွေကို ပယ်ရှားနိုင်တယ်။

ဘယ်လိုအကျပ်အတည်း ဘယ်လိုပြဿနာရှိရှိ ဖြေရှင်းကျော်လွှားနိုင်မှာ ဖြစ်လို့ပါပဲ။ သင့်မှာ ဒီအရည်အချင်းတွေရှိနေရင် အနာဂတ်ကို ဖန်တီးနိုင်သူ၊ လွှမ်းမိုးနိုင်သူ ဖြစ်လာနိုင်ပါတယ်။ အစီအစဉ်ရှိရှိ စနစ်တကျနဲ့ ပညာအပေါ်မှာ ပညာထပ်ဆင့်နေရမယ့် သဘောပါပဲ။ ဆိုလိုတာက ပညာတတ်တစ်ယောက် ဖြစ်ချင်ရင်မှန်ကန်တဲ့ ကြိုးစားအားစိုက်ထုတ်မှုဖြစ်မှ အကောင်းဆုံးအမှန်ဆုံးကို ရရှိမယ်ဆိုတဲ့သဘောပါ။

ဒါမှမဟုတ်ရင် လမ်းခုလတ်မှာပဲ ပညာရေးဆုံးခန်းတိုင်ပြီး လမ်းပျောက်တဲ့ဘဝရောက်ရှိသွားနိုင်တဲ့ သက်ရောက်မှုကို သတိထားရမယ်၊၊ တချို့ပညာရေးအတွက် ငွေကြေးဓနဥစ္စာများစွာကို ပုံအောလိုက်ရတယ်၊ ဒါပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်၊ ရည်မှန်းချက်မရောက်၊ ကျဆုံးသွားရတဲ့ သဘောတွေရှိဖူးပါတယ်။ ဝီရိယနဲ့ ပညာကို ဟန်ချက်ညီအောင် မလုပ်နိုင်တဲ့ အကြောင်းတရားတွေကြောင့်ပါပဲ။ ဒါကြောင့် ပြင်းပြတဲ့အားစိုက်မှုမပါရင် ဘာပဲလုပ်လုပ် အကျိုးမရှိနိုင်ပါ၊ လုပ်သမျှလည်း အရာမထင်နိုင်ပါ။ သိထားသမျှကို လက်တွေ့နဲ့ ထင်ဟပ်ပြီး လိုက်နာနိုင်မှသာ အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ အဖြေကို ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

အရှုံးထဲက အမြတ်ထုတ်ယူနိုင်မယ့် ခေါင်းဆောင်များသဖွယ်

အရင်က ကျွန်တော်တို့ သားသမီးတွေလျှောက်ခဲ့တဲ့ ပညာရေးခရီးလမ်းက မဖြောင့်ဖြူးခဲ့ပါဘူး။ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိခဲ့တယ်၊၊ ဖိစီးမှုတွေများခဲ့တယ်၊၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရိုက်ခတ်မှုတွေရှိခဲ့တာ မှန်ပါတယ်။ အခုအချိန်မှာတော့ အရင်ထက်စာရင် တည်ငြိမ်အေးချမ်းမှုနဲ့အတူ ပတ်ဝန်းကျင်ကောင်းတွေ အထိုက်အလျောက်ရှိလာခဲ့ပါပြီ။ မိမိတို့ မှီခိုအားထားရမယ့် မဏ္ဍိုင်အသစ်တွေနဲ့အတူ လမ်းကြောင်းမှန်မှာ ရောက်ရှိနေပါပြီ။ အဆိုး၊ အကောင်းဘယ်လိုအခြေအနေတွေ ရှိလာပါစေ၊ လူနဲ့ပတ်ဝန်းကျင် အညမညသဘောမှာ လူသားဖြစ်တဲ့ မိမိကိုယ်တိုင်ကသာ ပိုအရေးကြီးပါတယ်။ မိဘကိုယ်တိုင်၊ ဆရာကိုယ်တိုင်၊ ကျောင်းသားကိုယ်တိုင်က မိမိတို့ မွေးထုတ်လိုက်မယ့် မျိုးဆက်သစ်တွေအတွက် အမွေအနှစ်ကောင်းတွေ ချန်ထားနိုင်ဖို့ လိုအပ်နေပါလား၊ အရှုံးထဲကအမြတ်၊ အားနည်ချက်ကနေ အားသာချက်အဖြစ် ပြောင်းလဲနိုင်မယ့် မိမိကိုယ်တိုင်က အရှင်သခင်သဖွယ် ခေါင်းဆောင်သဖွယ် သဘောထားနေဖို့ လိုပါတယ်။

ပညာရေးအတွက်ဆိုရင် မိဘတွေအနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချနေရတယ်လို့ သဘောမထားဘဲ ငွေအားထက်ပြင်းပြတဲ့ ဆန္ဒအား၊ စိတ်အင်အားနဲ့ ပညာအားကို အရင်းတည်ကြည့်ပါ။ မိမိဦးတည်ချက်ဟာ ပိုပြီးတိတိကျကျ ဖြစ်သွားနိုင်တယ်၊ စနစ်တကျလည်း ဖြစ်သွားနိုင်ပါတယ်။ ဆရာ ဆရာမတွေဘက်ကလည်း သင်ကြားပေးရမယ့် တာဝန်အပေါ်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ သဒ္ဓါတရားပါ ပေါင်းစပ်လိုက်ရင်ပညာရေးဟာ နည်းမှန်လမ်းမှန်နဲ့ ပိုပြီးပြည့်စုံသွားနိုင်ပါတယ်။

အချုပ်အားဖြင့်တော့ ပညာရေးနှစ်အစတစ်ခုမှာ ကျောင်းသား ကျောင်းသူတွေ၊ မိဘ ဆရာတွေပါ စိတ်သစ်လူသစ် ဖြစ်နေဖို့လိုပါတယ်။ အရာရာပညာနဲ့ တန်ဖိုးဖြတ်တတ်တဲ့ လောကကြီးမှာ အဆိုးနည်းပြီး အကောင်းများမယ့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်မလား၊ ကိုယ်တိုင်ပါဝင်ကြရအောင်ပါ။ စာသင်ပျော်ကျောင်းသားတွေနဲ့ စည်ကားနေတဲ့ ကျောင်းပရဝဏ်တွေ များပြားလာဖို့ အားလုံးကြိုးစားမှရပါမယ်။ ဆန္ဒလွန်လို့၊ ဒေါသလွန်လို့၊ ပညာနည်းလို့၊ အကြောက်လွန်လို့ လုပ်မိကြတဲ့အထဲ ပါမသွားအောင်ပညာရှိဖို့ လိုပါတယ်။ ပညာတတ်ဖြစ်ဖို့ ပညာရှိဖို့ ပညာသင်ကြရပါမယ်။ ဒီအတွက်ကျောင်းတွေ အပ်နှံကြရမယ်။

မိဘတွေအနေနဲ့မိမိတို့သားသမီးများကို စာရိတ္တကောင်းသူ၊ စည်းကမ်းကောင်းသူ၊ မိဘ ဆရာ ရိုသေတတ်သူ၊ လူအချင်းချင်းလေးစားနိုင်သူ တန်ဖိုးရှိသူများ ဖြစ်စေချင်ပါသလား၊ စာသင်ကျောင်းဆီသာပို့ပေးပါ။ ကျွန်တော်တို့အားလုံး စာသင်ခန်းတွေဆီ အရောက်လှမ်းကြရပါမယ်။ ငြိမ်းချမ်းတဲ့ ဝန်းကျင်မှာ နေချင်ရင် ငြိမ်းချမ်းအောင်လုပ်နိုင်မယ့် အရည်အချင်းမျိုးကို ပညာကပဲပေးပါတယ်။ တိုးတက်တဲ့ ဝန်းကျင်တစ်ခုတည်ဆောက်ချင်ရင် ကိုယ်တိုင်က တိုးတက်နေမှရပါမယ်။

ဖွံ့ဖြိုးမှုကို လိုချင်ရင် ကိုယ်တိုင်က ပညာပြည့်ဝနေမှဖြစ်ပါမယ်။ ဒါကြောင့် သားတွေ သမီးတွေနဲ့ ကျောင်းသား ကျောင်းသူအားလုံး ပညာကိုသာ မရပ်မနားကြိုးစားသင်ယူကြပါ။ ပညာရေးအတွက် အားလုံးမှာ တာဝန်ရှိတယ်ဆိုပေမယ့် အရေးအကြီးဆုံးတာဝန်ရှိသူက မိမိကိုယ်တိုင်သာဖြစ်ကြောင်း မှတ်ယူပါ။ များများဖတ်လေများများသိလေ၊ များများလေ့လာလေခရီးဝေးဝေးရောက်လေပါ။ အမှောင်ထဲမှာ ပိတ်မနေကြဘဲ ကောင်းတဲ့အခွင့်အလမ်းမှန်သမျှအမိအရ ဆုပ်ကိုင်နိုင်ကြဖို့သာ အားပေးတိုက်တွန်းလိုက်ပါတယ်။ ။

No comments:

Post a Comment