ဇာနည်ဘွား
နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့်စနစ်ကိုကျင့်သုံးသည်ဖြစ်စေ ဦးဆောင်သူအစိုးရနှင့် ပြည်သူတို့လက်တွဲညီညီ ဦးထမ်း ပဲ့ထမ်းကြိုးပမ်းဆောင်ရွက်ကြမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။
တစ်ခါက နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ
မစ္စတာ ဆာဆာကာဝါကို သတင်းသမားတစ်ဦးက “မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိပွန်ဖောင်ဒေးရှင်းက မည်သို့ပံ့ပိုးကူညီနိုင်မလဲ”ဟု မေးရာ မစ္စတာဆာဆာကာဝါက “မြန်မာ့ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာတို့ကသာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ဖြေကြားသွားခဲ့ဖူးသည်။
သဘာဝကျသော အဖြေတစ်ခုသာ
ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံကို မဆိုထားဘိ၊ အိမ်ထောင်စုတစ်စု၊ မိသားစုတစ်စုသည်ပင်
မိသားစု၏ စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် လူမှုစီးပွားဘဝအဆင်ပြေရေးအတွက်
အိမ်ထောင်ဦးစီးနှင့် မိသားစုဝင်များကိုယ်တိုင် ရုန်းကန်ကြိုးပမ်းတည်ဆောက်ကြရပါမည်။
ဆွေမျိုးမိတ်သင်္ဂဟများကမူ အလျဉ်းသင့်မှ ပံ့ပိုးကူညီပေးရုံသာ တတ်နိုင်ပါမည်။
အာရှမှ လက်ရှိထိပ်တန်းရောက်နိုင်ငံကြီးများကို
လေ့လာကြည့်လျှင် ဆယ်စုနှစ်များစွာ ကျုံးရုန်းလုပ်ကိုင်ပြီးမှ ယခုအခြေအနေသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တရုတ်စကားပုံအရ မိုင်ပေါင်းတစ်သန်းကို ခြေတစ်လှမ်းဖြင့် စတင်ခဲ့ကြခြင်းဖြစ်သည်။
တရုတ်၊ ဂျပန်၊
ကိုရီးယားနိုင်ငံတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
(MSME) လုပ်ငန်းများမှ အစပျိုးခဲ့ကြခြင်းဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံမှ ဟွန်ဒေးကုမ္ပဏီကြီးဆိုလျှင်
အရှေ့တောင်အာရှအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ဈေးကွက်အခွင့် အလမ်းများရရှိရန်
လမ်းစီမံကိန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် အစပျိုးလုပ်ကိုင်ပြီးမှ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုအဖြစ်
တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက
၁၉၇၈ ခုနှစ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စတင်နိုင်ခဲ့သဖြင့် လက်ရှိကာလတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအတောင့်တင်းဆုံး
နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
ထိုသို့ အာရှထိပ်တန်းနိုင်ငံကြီးများ၏
တိုးတက်အောင်မြင်မှုကို လေ့လာကြည့်လျှင် နိုင်ငံသားများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့်
အလုပ်ကြိုးစားလုပ်ကိုင်မှုကလည်း တစ်ကြောင်းပါဝင်လျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။
ကိုရီးယားတို့က
အလုပ်နှင့်ပတ်သက်လျှင် နှာခေါင်းသွေးလျှံထွက်အောင် လုပ်ကြမည်ဟု တင်စားပြောဆိုလေ့ရှိကြသည်။
ဂျပန်တို့ကလည်း အလုပ်နှင့်ပတ်သက်လျှင် နေ့မနား၊ ညမအား လုပ်ကိုင်ပြီး အလုပ်အပေါ် စွဲလန်းမှုကြီးလွန်းလှ၍
အစိုးရက နားရက်တွင် မဖြစ်မနေအနားယူကြရန် တားမြစ်ခဲ့ရသည်။ ရွှေမြန်မာတို့ကမူ အလုပ်နှင့်ပတ်သက်လျှင်
လိုအပ်ချက်အချို့ရှိနေဆဲပင်။ အလုပ်ထက် အပျော်အပါးဘက်ကို အားသန်သည်ဟု ဆိုရမည်။
ထို့ကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ပဒေသာပင် မြေကပေါက်မလာနိုင်ဘူး။ ကျွန်တော်တို့အလုပ်လုပ်မှ
ပေါက်မယ်ဆိုတာ ခင်ဗျားတို့နားလည်စေချင်တယ်”ဟူ၍လည်းကောင်း၊ “တိုင်းပြည်ထူထောင်ဖို့ဆိုတာ
လွတ်လပ်တဲ့ တိုင်းပြည်ဖြစ်ငြားသော်လည်း အလုပ်လုပ်ရတယ်ဆိုတာ ခင်ဗျားတို့သိစေချင်တယ်”
ဟူ၍လည်းကောင်း။
“ကျွန်တော်တို့မှာ
သုညကစပြီး အကုန်လုံးပြန်ပြီး အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဖြစ်တော့ တခြားနိုင်ငံတွေက
ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျုပ်တို့က ခြေလှမ်းလေးငါးဆယ်လှမ်း လှမ်းမှ နောက် ၁၀ နှစ်၊
၁၅ နှစ်လောက်ကြာလို့ရှိရင် တန်းတူညီတူဖြစ်နိုင်မယ်”ဟူ၍လည်းကောင်း မကြာခဏမိန့်ကြားသွားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ဧပြီလ ၁၀
ရက်နေ့က ကျင်းပခဲ့သည့် ကတိသစ္စာပြုပွဲ အခမ်းအနားအပြီးတွင် မီဒီယာများက ပြည်သူများအား
မှာကြားလိုသည်ကို မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာ၌ “တိုင်းပြည်စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ်နေကြရန်နှင့် အလုပ်လုပ်ကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားသွားခဲ့သည်။
တစ်ဖန် နိုင်ငံတော်သမ္မတက
ဧပြီလ ၂၀ ရက် နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌
“အဓိကအရေးကြီးသည်မှာ အလုပ်လုပ်ရန်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် ဝန်ကြီးချုပ်များအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးသွားကြရန်လိုကြောင်း”
စသည်ဖြင့် ပြောကြားသွား ခဲ့ပါသည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဦးစွာ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် ဦးတည်ချက်ချမှတ်ထားသည်။ ထုတ်ကုန်ပစ္စည်းများ
ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့
ပြည်ပသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ပြီး ပြည်ပဝင်ငွေများ ရရှိနိုင်မည်ဖြစ်သည်။
သို့ဖြင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ပိုမိုတိုးတက်အောင်ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများက များစွာအရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။
MSME လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်၍ ရသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း
ဆောင်ရွက်နိုင်သည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်များလိုအပ်ပါသည်။
MSME လုပ်ငန်းများအပိုင်းတွင် ဒေသတွင်းကုန်ကြမ်းများကို အသုံးပြုဆောင်ရွက်သည့်
MSME လုပ်ငန်းများက ပြည်ပမှ ကုန်ကြမ်းဝယ်ယူဆောင်ရွက်လျက်ရှိ သည့် MSME လုပ်ငန်းများထက်
ပိုမိုတိုးတက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်ကလည်း MSME လုပ်ငန်းများတိုးတက်စေရေးအတွက်
လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးလျက်ရှိသည့်အပြင် လိုအပ်သည့်ဖြေလျှော့မှုများကိုလည်း
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတွင်
ကဏ္ဍတစ်ခုဖြစ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေးအတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့်
သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သည့် သိပ္ပံကျောင်းများကို တက္ကသိုလ်၊ ကောလိပ်အဆင့်မြှင့်တင်ခြင်းနှင့်
တက္ကသိုလ်များ၊ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေနိုင်မည့် Quick Win များကို
ဖော်ဆောင်ပေးနေခြင်းဖြစ်ပါသည်။
ထို့အတူ မြန်မာနိုင်ငံသည်
မြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်
စီးပွားရေးကို အဓိကထားဆောင်ရွက် လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့်
စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိရန် အခြေခံပညာအလယ်တန်းများတွင်
စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံဘာသာရပ်များ သင်ကြားရေးကို ဆောင်ရွက်သွားမည့်အပြင်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
စိုက်ပျိုးမွေးမြူရေး
ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများ ရရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ
ဖြည့်ဆည်းပေးလျက်ရှိသည်။ ရေအရင်းအမြစ် လုံလောက်စွာရရှိရေးအတွက်မူ နေရောင်ခြည်စွမ်းအင်သုံး
မြစ်ရေတင်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းစီမံကိန်းများ၊ နိုင်ငံ့အကျိုးအတွက်
ဆောင်ရွက်ရမည့် စီမံကိန်းကြီးများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို
အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ့လူဦးရေ၏
၇၀ ရာခိုင်နှုန်းနီးပါးခန့် နေထိုင်ကြသည့် ကျေးလက်နေပြည်သူများအနေဖြင့်လည်း ဝင်ငွေများတိုးတက်လာပြီး
လူမှုစီးပွားဘဝများ တိုးတက်လာရုံမက ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းလည်း လျော့ကျလာမည်ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စနစ်တကျဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရုံမက
ဒေသစားသုံးမှုကိုပါ ဖူလုံစေပြီး ကုန်ဈေးနှုန်းကျဆင်းရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
လုပ်စရာကိုင်စရာအလုပ်များ၊ လုပ်ငန်းများများစွာရှိပါသည်။ တစ်ဝမ်းတစ်ခါး၊ စားဝတ်နေရေး၊
ဘဝရပ်တည်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများတွင် ပင်ပန်းဆင်းရဲကြီးစွာ
သွားရောက်လုပ်ကိုင်စရာမလိုပါ။ ကိုယ့်ရပ်ကိုယ့်ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်ပင် စားဝတ်နေရေးအထိုက်အလျောက် အဆင်ပြေနိုင်ပါသည်။
ထို့အတူ ဒေသနှင့်ကိုက်ညီသည့်
သရက်၊ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ ကျွဲကောစသည့် ဥယျာဉ်ခြံမြေ ထွက်ကုန်သီးနှံများကို
စီးပွားဖြစ် အဆင့်မြင့်ကုန်ထုတ်သီးနှံများအဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဝါ၊ ရော်ဘာစသည့်
စက်မှုကုန်ကြမ်း သီးနှံများအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်
ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံငြိမ်းချမ်း သာယာဝပြောရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ရုန်းကန်ကြိုးပမ်းတည်ဆောက်ကြရပါမည်။
ဧပြီလ ၁၀ ရက်နေ့တွင်
ကျင်းပခဲ့သည့် ကတိသစ္စာပြုပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးက အမှာစကားပြောကြားရာ၌
“ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့စကားအတိုင်း တိုင်းရင်းသားပြည်သူအားလုံးပူးပေါင်းဆောင်ရွက်မှသာ
အောင်မြင်မှုရရှိနိုင်မှာလည်းဖြစ်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
ကျွန်တော်သည် ယခုဆောင်းပါးစာစုရေးနေစဉ်
အတွင်းမှာပင် မိသားစုဘဝ အခက်အခဲကြုံတွေ့လေတိုင်း တိုးတိုးလေးဆိုညည်းလေ့ရှိသည့် ကဗျာစာဆို
ပညာရှင်ကြီး ဆရာကြီးထီလာစစ်သူရေးဖွဲ့သီကုံးခဲ့သော “မည်သူမဆို၊ ကူညီသည်ဖြစ်စေ၊ မည်သူမဆို၊
မကူညီသည်ဖြစ်စေ၊ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဘဝအခြေအနေ၊ ကိုယ့်အားကိုယ်ကိုးမှ၊ ကိုယ်သာသခင်ဖြစ်ပေ၊
ဝန်ထမ်း၊ ရွှင်လန်း၊ ပန်းတိုင်ကိုအရောက် လျှောက်နိုင်ဖို့လေ၊ လုလင်ငယ်သွေး၊ အားမာန်မွေးရမလေ”
ဆိုသည့် “လုလင်ငယ်သွေး” သီချင်းကို အမှတ်ရလာမိပါသည်။
နိုင်ငံတော်နှင့်
နိုင်ငံသားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေး အတွက်လည်း
နိုင်ငံသားတိုင်း အားမာန်မွေးကြရပါမည်။ အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်းဖြင့် ရွှေရောင်လွှမ်းသော
ရွှေပြည်သစ်ကို တည်ဆောက်ကြပါစို့။ ။
No comments:
Post a Comment