တယော
(ရေသယံဇာတ)
Nuozhadu
Dam (နိုဇာဒူးတမံ)အကြောင်း
မြစ်ဆုံတမံတည်ဆောက်မည့်နေရာနှင့် အနီးတွင် ကမ္ဘာ့အမြင့်ဆုံး ကျောက်ဖြည့်တမံများထဲမှ တစ်ခုအပါအဝင်ဖြစ်သော တမံတစ်ခုဖြစ်သည့် Nuozhadu Dam (နိုဇာဒူးတမံ) တည်ရှိပါသည်။ ထိုနိုဇာဒူးတမံသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀ ထုတ်လုပ်ရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လန်ချန်းမြစ် (မဲခေါင်မြစ်၏ တရုတ်နိုင်ငံဘက် အပိုင်း)၊ ယူနန်ပြည်နယ်၌တည်ရှိသော အမြင့် ၂၆၁ ဒသမ ၅ မီတာရှိသည့် ကျောက်ဖြည့်တမံအမျိုး အစားဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။
Nuozhadu Dam ကို တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၏
စက်မှုနှင့် လူနေမှုအတွက် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်၊ Lancang–Mekong
Hydropower Cascade ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ်
တည်ဆောက်ရန်၊ Lancang (မဲခေါင်) မြစ်တွင် မိုးရာသီရေကြီးရေလျှံမှုကို
ထိန်းညှိနိုင်စေရန်၊ မြစ်အောက်ပိုင်းဒေသများအတွက် ရေစီးဆင်းမှုကို ချောမွေ့စေရန်၊
မြစ်ရေစီးဆင်းမှုစနစ်တကျထိန်းချုပ်ရေးအဖြစ် မြစ်အောက်ပိုင်းရှိ တမံများ (Xiaowan
စသည့်) နှင့် ပေါင်းစည်းကာ Cascade Regulation ပြုလုပ်နိုင်စေရန်ဖြစ်ပါသည်။
တမံအမျိုးအစား
Earth-core Rockfill Dam ဖြစ်ကာ ရေပိတ်လွှာအဖြစ် မြေသားများကို အလယ်တွင် အသုံးပြုထားပြီး ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပါသည်။
တမံကြီး၏အမြင့်မှာ မီတာ ၂၆၀ ကျော်အမြင့်ရှိပြီး အဆိုပါတမံကို Earth-core
Rockfill နည်းဖြင့် ဆောက်လုပ်နိုင်ခဲ့ခြင်းက ကမ္ဘာ့တမံအင်ဂျင်နီယာများအတွက်
အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါသည်။ Settlement Control ၊ Compaction Technology ၊ Seepage Control စသော နည်းစနစ်များသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုအဖြစ် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၅၈၅၀
တပ်ဆင်ထုတ်လုပ်နေပြီး ယူနန်ပြည်နယ်နှင့် တရုတ်နိုင်ငံတောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထို့အပြင် သန့်ရှင်းစွမ်းအင်၊
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထိရောက်၊ အကျိုးရှိစွာရရှိသည့် စီမံကိန်းတစ်ခုဟု
စံတင်ထားခြင်းခံရသည်။
တမံတည်ဆောက်ထားသော
မဲခေါင်မြစ် (လန်ချန်းမြစ်) သည် နိုင်ငံဖြတ်ကျော်စီးဆင်းသည့်
မြစ်တစ်စင်းဖြစ်သောကြောင့် မြစ်အောက်ပိုင်း နိုင်ငံများအပေါ် သက်ရောက်မှုများရှိပါသည်။
ရေစီးဆင်းမှုကို ထိန်းညှိနိုင်ခြင်းကြောင့် မဲခေါင်အောက်ပိုင်းရှိ လာအို၊
ထိုင်းနှင့် ကမ္ဘောဒီးယားတို့တွင် ရေကြီးရေလျှံမှုလျော့နည်းခြင်း၊
စိုက်ပျိုးရေးအတွက် ရေကိုစဉ်ဆက်မပြတ်ရရှိခြင်း၊ သောက်သုံးရေနှင့်
စက်မှုလုပ်ငန်းသုံးရေအတွက် အထောက်အကူရရှိခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ခြင်း၊
မြစ်ကြောင်းသယ်ယူပို့ဆောင်ရေး တိုးတက်လာခြင်း၊ ဒေသခံများ၏ လူနေမှုအဆင့်အတန်း
မြင့်မားလာခြင်း စသည့်သက်ရောက်မှုရှိခဲ့ပါသည်။
ထိုကဲ့သို့
နိုဇာဒူးတမံ၏ ရေထိန်းညှိလွှတ်ပေးခြင်းကြောင့် မြစ်အောက်ပိုင်းနိုင်ငံများနှင့်
ဒေသခံများအတွက် ဘေးအန္တရာယ် လျော့နည်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုသဖြင့် နိုင်ငံတကာရေးရာဆွေးနွေးမှုများတွင် မကြာခဏအကိုးအကားပြုခံရသော
နမူနာကောင်းတစ်ခုဖြစ်ပါသည်။ တမံတည်ရှိရာ ယူနန်ပြည်နယ်သည် ငလျင်လှုပ်ရှားမှုရှိသော ဒေသဖြစ်သည့်အလျောက်
တမံအနီးပတ်ဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုများရှိခဲ့သော်လည်း Rockfill dam သည် Flexible
ဖြစ်သောကြောင့် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။
ယနေ့ထက်ထိ
တမံ၏ အရေးကြီးသော ဖွဲ့စည်းတည်ဆောက်ပုံမှာ မည်သည့်ပြဿနာမျှ မဖြစ်ပွားဘဲ ဆက်လက်၍ လည်ပတ်လျက်ရှိပါသည်။
ရေဖိအားနှင့် Seepage Control
တို့အတွက် ထည့်သွင်းတည်ဆောက်ထားသော Clay core၊
filter zones နှင့် drainage system တို့ကို
အလွန်တိကျစွာ ဒီဇိုင်းထုတ်တည်ဆောက်ထားရှိပြီး Instrumentation System ဖြင့် ရေယိုစိမ့်မှု၊ Settlement ကို
အမြဲစောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။ လူမှုရေးနှင့် ပတ်ဝန်းကျင်သက်ရောက်မှု၏ အရေးကြီးသောအချက်မှာ
ရေလှောင်တမံကြောင့် ဒေသခံများ ရွှေ့ပြောင်းပေးခဲ့ရပြီး သဘာဝပတ်ဝန်းကျင်၊
ငါးမျိုးစိတ်များအပေါ် သက်ရောက်မှုအနည်းငယ်ရှိခဲ့ပါသည်။ စီမံကိန်းအစကာလများတွင်
မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများက ရေစီးဆင်းမှုနှင့် သဲနှုန်းပြောင်းလဲမှုအပေါ်
စိုးရိမ်မှုများ ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း လက်ရှိအခြေအနေတွင် Nuozhadu Dam သည်
ပုံမှန်လည်ပတ်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏အရေးပါဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့်
မဲခေါင်မြစ်ကြောင်းတွင် ရေစီးဆင်းမှုအမြင့်ဆုံး ထိန်းညှိနိုင်စွမ်းရှိသော
ရေလှောင်တမံတစ်ခုအဖြစ် တည်ရှိနေပါသည်။
သက်စောင့်ရေမြစ်ကြောင်းအတွင်း
အမြဲစီးဆင်းနေမယ်
နိုဇာဒူးတမံနှင့်
မဲခေါင်မြစ်အတွင်း ရေထိန်းညှိမှုအကြောင်းအထက်တွင် ရေးသားခဲ့သလို ရေထိန်းညှိလွှတ်ပေးခြင်းဆိုသည်
အဘယ်နည်း၊ မည်ကဲ့သို့ လုပ်ဆောင်ပါသနည်း မေးစရာရှိနိုင်ပါသည်။ သက်စောင့်ရေ (Environmental Water / Enviro-nmental
Flow) ဆိုသည်မှာ မြစ်၊ ချောင်း၊ ရေလှောင်တမံနှင့်
အနီးပတ်ဝန်းကျင်ရှိ သဘာဝပတ်ဝန်းကျင် Ecosystem မပျက်စီးစေရန်နှင့်
သဘာဝသက်ရှိများ အသက်ရှင်နိုင်ရန် ထိန်းသိမ်းပေးသည့် လိုအပ်သော စီးဆင်းရေပမာဏ၊
အချိန်၊ ရေစီးနှုန်း၊ အရည်အသွေးတို့ကို တမံ၊ ရေလှောင်ကန်၊ ရေအားလျှပ်စစ်စီမံကိန်းများမှ
တိကျစွာသတ်မှတ်ထားပြီး နေ့စဉ်ထုတ်လွှတ်ပေးသော အနည်းဆုံးရေပမာဏကို ဆိုလိုသည်။
တမံတည်ဆောက်သည့်အခါ
ရေကို သိုလှောင်၊ ထိန်းချုပ်လိုက်သောကြောင့် သဘာဝအတိုင်းစီးဆင်းနေသော
မြစ်ရေစီးဆင်းမှု ပြောင်းလဲသွား၍ မြစ်ကြောင်းအောက်ပိုင်းကို ခြောက်သွေ့နိုင်ပြီး
ငါးမျိုးစိတ်များနှင့် ရေနေသတ္တဝါများ မျိုးပွားမှုပျက်စီးနိုင်ပါသည်။ ထို့ကြောင့်
သဘာဝမြစ်၏ “အသက်” ကို မပျက်စီးအောင် အနည်းဆုံးလိုအပ်သည့် ရေကို မဖြတ်တောက်ဘဲ
ဆက်လက်ပေးရခြင်းကို သက်စောင့်ရေဟုခေါ်ပါသည်။
သက်စောင့်ရေ၏
အဓိကရည်ရွယ်ချက်များမှာ ငါးများနှင့် ရေနေသတ္တဝါများ အသက်ရှင်သန်စေရန်၊
ငါးမျိုးပွားချိန်တွင် လိုအပ်သော ရေစီးနှုန်းနှင့် ရေအနက်တို့ ထိန်းညှိလွှတ်ရန်၊
မြစ်ကြောင်းပုံသဏ္ဌာန်ထိန်းသိမ်းရန်၊ ရေစီးဆင်းမှုမရှိသည့်အခါ သဲနုန်းများ စုပုံလာခြင်းကြောင့်
မြစ်ကြောင်း ပိတ်ဆို့လာနိုင်သဖြင့် Environmental Flow ဖြင့် မြစ်ကြောင်းကို
သဘာဝအတိုင်း ထိန်းထားနိုင်ရန်၊ ရေအရည်အသွေးထိန်းသိမ်းရန်၊ ရေစီးဆင်းမှုနည်းပါးလျှင်
ရေအပူချိန်မြင့်တက်လာပြီး
အောက်ဆီဂျင်လျော့နည်းလာနိုင်၍ သက်စောင့်ရေဖြင့် ရေညစ်ညမ်းမှုလျော့နည်းစေရန်၊ မြစ်အနီးအနားရှိ
သစ်တောများ၊ ရေလှောင်ကန်များ ထိန်းသိမ်းရန်တို့ ဖြစ်ပါသည်။
သက်စောင့်ရေအမျိုးအစားများမှာ
အနည်းဆုံးထိန်းညှိလွှတ်ပေးမည့်ရေပမာ (Minimum Enviro-nmental Flow) ဖြင့်
ထိန်းညှိလွှတ်ပေးခြင်း၊ ရာသီအလိုက် ရေပမာဏ (Seasonal Environmental Flow) ပြောင်းလဲထိန်းညှိလွှတ်ပေးခြင်း၊ သဘာဝအတိုင်းရေလွှမ်းမိုးသကဲ့သို့ Flood
Pulse (Artificial Flood) ဖြစ်စေရန် မိုးရာသီမိုးရေများချိန်
ရေလွှတ်ပေးခြင်းဖြင့် သဲနုန်းများကို သယ်ဆောင်စေပြီး Floodplain မြေနုကျွန်းများဖန်တီးခြင်း၊ ရေ၏အပူချိန်နှင့် အောက်ဆီဂျင်ကိုထိန်းထားနိုင်ရန်
ရေထုတ်လွှတ်မှုထိန်းညှိခြင်း (Environmental Water Quality Flow) ဟူ၍ အမျိုးအစားခွဲခြားခေါ်ဝေါ်နိုင်ပါသည်။
တမံစီမံခန့်ခွဲမှုတွင်
သက်စောင့်ရေပမာဏကို ထည့်သွင်းတွက်ချက်နိုင်စေရန် တမံမတည်ဆောက်မီကာလတွင် သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက်များ
လုပ်ဆောင်ကာ မြစ်ကြောင်းအတွင်း ရေနည်းချိန်ကာလတွင် စီးဆင်းလေ့ရှိသော
အနည်းဆုံးစီးဝင်ရေပမာဏကို မဖြစ်မနေတိုင်းတာ သတ်မှတ်ကြသည်။ စက်ရုံလည်ပတ် မောင်းနှင်သည့်
ကာလတွင်လည်း Operating
Rule Curve များကို Reservoir operation plan ထဲတွင်
ထည့်သွင်းရေးဆွဲကာ သက်စောင့်ရေထုတ်လွှတ်ရမည့်ပမာဏနှင့် အချိန်တို့ကို
ထည့်သွင်းဖော်ပြကြရသည်။ အဘယ်ကြောင့်ဆိုသော် သက်စောင့်ရေမရှိလျှင် ငါးမျိုးစိတ်များ
ပျောက်ဆုံးနိုင်သလို မြစ်ကြောင်းခြောက်သွေ့ခြင်း၊ ရေညစ်ညမ်းမှုမြင့်တက်ခြင်း၊
ဒေသခံလူမှုအသက်မွေးဝမ်းကျောင်းမှု ပျက်စီးနိုင်ခြင်း စသည့်ပြဿနာများ ဖြစ်ပွားနိုင်သည်။
ထို့အပြင် ပင်လယ်ဆားငန်ရေဝင်ရောက်မှုများလည်း ဖြစ်ပေါ်စေနိုင်သည်။
ယနေ့
ကမ္ဘာကြီးသည် ပူနွေးလာသည်နှင့်အမျှ ရာသီဥတုပြောင်းလဲလာမှုကြောင့် မြစ်ဝှမ်းများ
တစ်လျှောက်တွင် မိုးရာသီ၌ ရေကြီးရေလျှံမှုများ၊ နွေရာသီ၌ အပူချိန်ပိုမို
မြင့်တက်လာခြင်းကြောင့် ရေခဲတောင်များ အရည်ပျော်ခြင်းနှင့် ဒေသအချို့၌ ရေရှားပါးမှုပြဿနာများကို
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဧရာဝတီမြစ်ကဲ့သို့
ရာသီအလိုက် မြစ်ရေစီးနှုန်းနှင့် ရေစူးအနက်ကွာခြားချက်ကြီးမားသော
မြစ်ဝှမ်းပေါ်တွင် တမံများတည်ဆောက်ခြင်းဖြင့် ရေကို လိုအပ်သော ပမာဏအတိုင်း
သိုလှောင်ထားနိုင်ပြီး ရေကြီးရေလျှံမှုပါ ထိန်းချုပ်ပေးနိုင်မည်ဖြစ်ပါသည်။
ထိုသို့
ဆည်တမံတည်ဆောက်ကာ ရေသိုလှောင်သည့်အခါ ပိုလျှံသည့်ရေများသည် ရေပိုလွှဲများမှတစ်ဆင့်
မူလမြစ်ကြောင်းအတွင်း ပြန်လည်စီးဝင်စေသလို ရေအားလျှပ်စစ်ထုတ်လုပ်ရန် အသုံးပြုသည့် ရေများသည်လည်း
စက်လည်ပတ်ပြီးသည့်အခါ စက်ရုံရေထုတ်မြောင်းမှတစ်ဆင့် မူလမြစ်ကြောင်းအတွင်း
ပြန်လည်စီးဝင်စေခြင်းဖြင့် ၁၂ လရာသီ ပတ်လုံးမြစ်ကြောင်းအတွင်း ရေစီးဆင်းနေမည်ဖြစ်ပြီး
ရေကြောင်းသွားလာမှုပါ ရာသီမရွေး ပိုမိုဖွံ့ဖြိုးလာနိုင်ပါသည်။
ဧရာဝတီမြစ်ကြီးသည်
မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံစီးဝင်ခြင်းမှ စတင်တည်ရှိလာပြီး ထိုမှတစ်ဆင့်
မြန်မာပြည်အနှံ့ ဖြတ်သန်းစီးဆင်းလာကာ မြစ်လက်တက်ပေါင်းများစွာ ပေါင်းဆုံစီးဝင်လာသည့်
မြစ်ကြီးတစ်စင်းဖြစ်ပါသည်။ အများသိပြီးဖြစ်သလို ဧရာဝတီမြစ်ကြီးအတွင်း စီးဝင်ရေပမာဏ၏
၄၀ ရာခိုင်နှုန်းမှာ ချင်းတွင်းမြစ်မှဖြစ်ပြီး အဆိုပါ ချင်းတွင်းမြစ်ပေါ်တွင် မည်သည့်တမံမှ
တည်ဆောက်ထားခြင်းမရှိသေးပါ။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ်စက်ရုံ (ရဲရွာ) တည်ရှိရာ
ဒုဋ္ဌဝတီမြစ်ကြီးသည် ယနေ့ထက်ထိ စီးဆင်းနေဆဲဖြစ်ပြီး ဧရာဝတီမြစ်ကြီးအတွင်းသို့
အစဉ်မပြတ်ဆက်လက်စီးဝင်နေပါသည်။
ဆန့်ကျင်ကန့်ကွက်လိုသောစိတ်၊
လူမှုကွန်ရက် မီဒီယာပေါ်တွင် ကြည့်ရှုသူများလိုသောစိတ်ဖြင့် အတင်းကာရော
မျက်စိပိတ်၊ နားပိတ်ငြင်းဆန်နေသူများ ပြောဆိုရေးသားနေသလို
မြစ်ဆုံတမံကြီးတည်ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်းဒေသတွင် ရေခမ်းခြောက်မည်၊
ရေကြောင်းသွားလာရေးခက်ခဲနိုင်မည်ဆိုသည်မှာ အခြေအမြစ်မရှိသော
ခြောက်လုံးလှန့်လုံးများသာ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်
မြစ်ဆုံတမံမှာ မည်မျှပင်ရှိသည်ဆိုစေကာမူ ထိန်းသိမ်းသိုလှောင်ထားနိုင်သည့် ပမာဏထက်
တစ်လီတာပင်ပိုမိုသိုလှောင်၍ မရသောကြောင့် ထိုပိုလျှံရေများသည် ရေပိုလွှဲမှတစ်ဆင့်
မူလမြစ်ကြောင်းအတွင်း ပြန်လည်စီးဝင်စေမည်ဖြစ်ပါသည်။ ထို့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်မည့်
ရေလှောင်တမံဖြစ်ခြင်းကြောင့် တပ်ဆင်ထားသော စက်ပစ္စည်းများ လည်ပတ်စေရေးအတွက် ရေကိုမဖြစ်မနေအသုံးပြုရပေမည်။
ထိုအသုံးပြုပြီးသောရေများသည် စက်ရုံရေထုတ် မြောင်းမှတစ်ဆင့် မူလမြစ်အတွင်း
ပြန်လည်စီးဝင်စေမည်ဖြစ်သောကြောင့် တမံအောက်ဘက်ဒေသများ ရေခမ်းခြောက်မည်ဆိုသည်မှာ
မဖြစ်နိုင်သော စွပ်စွဲချက်ဖြစ်ပါသည်။
ဧရာဝတီမြစ်အတွင်း
အနိမ့်တမံများ တည်ဆောက်မည်ဆိုလျှင် ရေကြောင်းသွားလာရေး ပြတ်တောက်မည်ဆိုသူများသည်
မိုးဗြဲရေလှောင်တမံတွင် ထည့်သွင်းတည်ဆောက်ထားသော Navi-gation Channel အကြောင်း အသေအချာ
မသိသေး၍ ပြောဆိုနေခြင်းသာဖြစ်မည်ထင်ပါသည်။ မြန်မာနိုင်ငံတွင်
တည်ဆောက်ရေးစနစ်ပုံစံမျိုးစုံနှင့်
ဖွဲ့စည်းတည်ဆောက်ထားသော ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၃၁ ရုံ၏ နိုင်ငံတော်အကျိုးပြုနေမှု၊
သဘာဝနှင့် သဟဇာတရှိစွာ လိုက်လျောညီထွေရှိနေမှုများကို ရာသီ၊ အချိန်အခါမရွေးသွားရောက်လေ့လာကြည့်ရှု၍
ရပါလျက်နှင့် အကောင်းမြင်စိတ်နည်းပါးပြီး ဆန့်ကျင်ကန့်ကွက်ရန်သာ ရည်ရွယ်ချက်ရှိနေသော
အတွေးအခေါ်နှင့် အယူအဆရှိနေသူများ၊ အမှန်တရား၊ ပကတိအရှိတရားနှင့် ကင်းကွာစေရန် ပိတ်လှောင်ထားခြင်းခံနေရသူများက
၎င်းတို့အပြင် အများပြည်သူကိုပါ အယူအဆအတွေးအခေါ်အမှားများနောက် ကောက်ကောက်ပါစေရန်
လူမှုကွန်ရက်မီဒီယာများတွင် နည်းပညာဆိုင်ရာအသေးစိတ်အချက်အလက်များ တိကျစွာဖော်ပြထားနိုင်ခြင်းမရှိဘဲ
လူထုတုန်လှုပ်ခြောက်ခြားစေရန် နည်းပညာဆိုင်ရာအခေါ်အဝေါ်များကို သံတူကြောင်းကွဲ၊
ဆင်တူယိုးမှားသုံးစွဲကာ တိုင်းပြည်တိုးတက်ရေးကို ခြေထိုးခံနေကြသည်။
မိမိဆရာ၏
ဖခင်အငြိမ်းစားခွဲစိတ်ပါရဂူကြီးပင်လျှင် အဆိုပါသတင်းအချက်အလက်အမှားများကို
နားယောင်မိနေသဖြင့် ဆရာ့အနေဖြင့် အချက်အလက်အမှန်များဖြင့် နိုင်ငံတော်အကျိုးရလဒ်
ဖြစ်ထွန်းလာမည်ကို သေချာဃနစွာ ရှင်းလင်းပြောကြားခဲ့ရကြောင်း သိရှိခဲ့ရပါသည်။
တမံကြီးများနှင့်
ငလျင်အန္တရာယ်
ရေလှောင်တမံကြီးများကို
ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တည်ဆောက်ကြပြီး မည်သည့်ရည်ရွယ်ချက်များဖြင့်
တည်ဆောက်သည်ဖြစ်စေရေကိုလိုအပ်သော ပမာဏတစ်ခုရရှိရန် သိုလှောင်ကြရမည်ဖြစ်သည်။ တမံများ၏အလေးချိန်၊
ရေလှောင်တမံ၏ ရေဖိအားတို့ကြောင့် အောက်ခံ ဘူမိကျောက်သားပေါ်သို့ ဖိအားတစ်စုံတစ်ရာ
သက်ရောက်စေပါသည်။ ထို့ကြောင့် ရေလှောင်တမံ စီမံကိန်းများသည် ငလျင်ဖြစ်ပွားနိုင်သော
ဒေသများတွင် တည်ဆောက်မည်ဆိုပါက အထူးသတိထား၍ ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊
စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်ကြရပါသည်။
ပြတ်ရွေ့ကြောရွေ့လျားမှုကြောင့်ဖြစ်သော
သဘာဝငလျင်များနှင့် Ground
Shaking ကြောင့် ဖြစ်သောငလျင်များသည် ကွန်ကရစ်တမံတွင်
အက်ကြောင်းများ ဖြစ်ပေါ်လာနိုင်သလို ကျောက်ဖြည့်တမံများတွင် နိမ့်ကျခြင်း၊ လျောပြတ်ခြင်းတို့
ဖြစ်ပေါ်နိုင်ပါသည်။
နောက်တစ်ချက်မှာ
Reservoir Triggered
Seismicity (RTS) ဟုခေါ်သော တမံကြီးနှင့် ရေလှောင်ကန်များ၏
အလေးချိန်ကြောင့် ဖြစ်ပေါ်လာနိုင်သော ငလျင်ဖြစ်ပါသည်။ ဖြစ်ပေါ်နိုင်ရခြင်း
အကြောင်းရင်းမှာ ရေဖိအားကြောင့် မြေအောက်ရှိသော Fault များတွင်
Pore Water Pressure တိုး၍ Fault ကို “Slip”
ဖြစ်စေရန် အားပေးပြီး ငလျင်လှုပ်ခတ်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဤသို့သောအခြေအနေကို
ကြိုတင်တွက်ဆထားသည့် ဒီဇိုင်းသမားများက အောက်ခံဘူမိကျောက်သားအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းရရှိနိုင်မှု၊
ကုန်ကျစရိတ်နှင့် နှစ် ၁၀၀၀၀ လျှင် တစ်ကြိမ်ဖြစ်ပေါ်လာနိုင်သည့် အပြင်းထန်ဆုံးသော
ငလျင်၏ပြင်းအားကို ကြိုတင်ခန့်မှန်းတွက်ဆ၍ Concrete Gravity Dam၊ Arch Dam၊ Earthfill Dam၊ Rockfill Dam နှင့် ကွန်ကရစ်မျက်နှာပြင်ကျောက်ဖြည့်တမံ စသည့်အမျိုးအစားများမှ
သင့်လျော်ရာ တမံတည်ဆောက်ရေးအမျိုးအစားကို ရွေးချယ်တည်ဆောက်ကြပါသည်။
ငလျင်ကြောင့်
တမံများပျက်စီးမှုအမျိုးအစားများမှာ Slope Failure ဟုခေါ်သော မြေသားတမံများတွင်
လျောစောက်ပြိုကျခြင်း၊ Settlement ဟုခေါ်သော တမံ Crest
နိမ့်ကျခြင်း၊ Cracking ဟုခေါ်သော
ကွန်ကရစ်တမံများနှင့် CFRD တမံများ၏
ကွန်ကရစ်မျက်နှာပြင်များတွင် အက်ကွဲကြောင်းပေါ်ခြင်း၊ Seepage နှင့် Piping ဟု ခေါ်သောတမံ၏ Core သို့မဟုတ် foundation တွင် ရေယိုစိမ့်မှု
မြင့်တက်လာခြင်းတို့ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏
Koyna Dam (India) ၁၉၆၇ ခုနှစ်တွင် ပြင်းအား ၆ ဒသမ ၃ ပမာဏရှိ RTS ငလျင်တစ်ခုခံစားခဲ့ရပြီး
တမံကိုပြုပြင်ပြီး ဆက်လက်လည်ပတ်လျက်ရှိပါသည်။ ထို့အတူ တရုတ်နိုင်ငံ၏ Zipingpu
Dam (China) သည် ၂၀၀၈ ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၉ ပမာဏရှိ
စီချွမ်ငလျင် (Sichuan earthquake M 7.9) ကို ခံစားခဲ့ရသလို ဂျပန်နိုင်ငံ၏
Fujinuma Dam (Japan)သည်လည်း ၂၀၁၁ ခုနှစ်တွင် တိုဟိုခု ငလျင်ဒဏ်(Tohoku
earthquake M 9.0 )ကို ခံစားခဲ့ရသည်။ လက်ရှိအချိန်ထိ
အဆိုပါတမံနှစ်ခုစလုံးမှာ ၎င်းတို့၏ မူလတာဝန်များ ထမ်းဆောင်လျက်ရှိနေသည့်အပြင် Fujinuma
တမံသည် သဘာဝဥယျာဉ်အဖြစ်ပါ ဖွင့်လှစ်ထားသဖြင့် အများပြည်သူများ
လာရောက်အပန်းဖြေလေ့ရှိကြသည်။
ထို့ကြောင့်
တမံတည်ဆောက်အကောင်အထည် ဖော်သူများနှင့် ဒီဇိုင်းရေးဆွဲကြသူများက ငလျင်ဆိုင်ရာဆန်းစစ်ချက်အဖြစ်
ငလျင်ကြောမြေပုံထုတ်ခြင်း၊ Historical Earthquake Analysis အဖြစ် အများဆုံးနှစ် ၁၀၀၀၀
လျှင် တစ်ကြိမ်ဖြစ်ပွားနိုင်သော အပြင်းဆုံးငလျင်အားကို လေ့လာတွက်ထုတ်ခြင်းများ
ပြုလုပ်ကြပြီး Seismic Design နှင့် Analysis ပြုလုပ်ခြင်းကို Response spectrum analysis၊ Time
history analysis နှင့် Pseudo-static method ကိုသုံး၍
တွက်ချက်ကြသည်။
အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း
တည်ဆောက်ရေးကာလတွင် အသေအချာကြပ်မတ်လုပ်ဆောင်ကြပြီး တမံထိန်းသိမ်းစောင့်ကြပ်နိုင်ရန်နှင့်
သတိပေးလက္ခဏာများ သိရှိ စေရန် Seismographs၊ Piezometers နှင့် Incli-nometers
စသော အကူကိရိယာများ တမံအတွင်း ထည့်သွင်းတည်ဆောက်လာကြသည်။ သဘာဝ
ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရလျှင် လျင်မြန်စွာအရေးယူဆောင်ရွက်နိုင်ရန် Emergency
Action Plan (EAP) ကို Downstream evacuation plan နှင့် Alarm and communication system ဆိုပြီး
ရေးဆွဲပြင်ဆင်ထားကြသည်။ တမံကြီးများသည် ငလျင်ကြောင့် ထိခိုက်နိုင်သလို ရေလှောင်ကန်ကြောင့်
ငလျင်ကို အားပေးနိုင်ပါသည်။ သို့သော် နည်းပညာတိုးတက်လာမှုကြောင့်
ဒီဇိုင်းမှန်ကန်မှုရှိခြင်း၊ စောင့်ကြည့်လေ့လာမှုကောင်းမွန်ခြင်းတို့ကလည်း
ငလျင်ဒဏ်ကို ကောင်းမွန်လုံခြုံစွာ ခံနိုင်ရည်ရှိစေပါသည်။
ဆက်လက်၍
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဘူမိဗေဒအသွင်အပြင်များနှင့် ငလျင်ဇုန်အန္တရာယ်ကို
ဧရာဝတီမြစ်အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း (မြစ်ဝကျွန်းပေါ်ဒေသ)
အလိုက်ခွဲခြား၍ နည်းပညာဆိုင်ရာအမြင်ဖြင့် လေ့လာကြည့်မည်ဆိုလျှင် ဧရာဝတီမြစ်၏ ဘူမိဗေဒအခြေခံအခြေအနေအရ
ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ဘူမိဗေဒသဘောအရ လေ့လာစရာကောင်းသော Plate Boundary နီးစပ်ဒေသတစ်ခုအတွင်း
စီးဆင်းနေသည်။
အိန္ဒိယပြတ်ရွေ့သည်
မြောက်ဘက်သို့ တိုးဝင်ပြီး ယူရေးရှားပြတ်ရွေ့ထိတွေ့ကာ ရလဒ်အဖြစ်
မြောက်ပိုင်းတောင်တန်းမြင့်၊ အလယ်ပိုင်းမြေပြင် ချိုင့်ဝှမ်း၊
အောက်ပိုင်းမြစ်ဝကျွန်းပေါ်ချိုင့်ဝှမ်းဟူ၍ ဖြစ်ပါ်ခဲ့သည်။ ဧရာဝတီမြစ်အထက်ပိုင်း
(မြစ်ဖျားပိုင်း) ကချင်ပြည်နယ် မြစ်ဆုံဒေသ၏ ဘူမိဗေဒအသွင်အပြင်အရ ကျောက်အမျိုးအစားများမှာ
Metamorphic Rocks၊ Gneiss၊ Schist၊ Igneous
Intrusions နှင့် Granite တို့ဖြစ်ပြီး အလွန်ခိုင်ခံ့မာကြောသော
ကျောက်တောင်ဒေသဖြစ်ပါသည်။
ထို့ကြောင့်
တမံအုတ်မြစ်ဆိုင်ရာအတွက် ခိုင်ခံမှုကို ပိုမိုရရှိစေပါသည်။ မြစ်ကြောင်းအနေအထားမှာ
မြစ်ကြမ်းပြင်မတ်စောက်ခြင်း၊ ကျဉ်းမြောင်းသော တောင်ကြောများရှိခြင်း၊ Rock-controlled Channel ဖြစ်ပြီး သဲနုန်းများ အများဆုံးထုတ်ပေးရာဒေသလည်းဖြစ်ပါသည်။
ငလျင်ဇုန်အန္တရာယ်အရ အရှေ့ဘက်ဟိမဝန္တာ ငလျင်ကြောရှိသလို လှုပ်ရှားတတ်သော
ငလျင်ကြောများလည်း ရှိနေပါသည်။
ဧရာဝတီမြစ်
အလယ်ပိုင်းဒေသဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့်မကွေးတို့၏ ဘူမိဗေဒအသွင်အပြင်အရ
ကျောက်အမျိုးအစားများမှာ Sedi-mentary
Rocks ၊ Sandstone၊ Shale နှင့် Siltstone တို့ဖြစ်ပါသည်။
မြစ်ကြောင်းပုံသဏ္ဌာန်သည် Wide Alluvial Plain ၊ Meandering
Channel ဖြစ်ပြီး Sand Bar နှင့် Point
Bar များ များပြားစွာပေါ်ထွန်းနေသည့်အပြင်
မြစ်ကြောင်းရေတိုက်စားခြင်းများကြောင့် မြစ်ကြောင်းမတည်ငြိမ်မှုများလည်း
ဖြစ်ပေါ်နေပြန်သည်။
ငလျင်ဇုန်အန္တရာယ်အရ
Right-lateral Strike
Slip Fault ဖြစ်ပြီး အရှည်ကီလိုမီတာ ၁၂၀၀ ရှိသည့်
စစ်ကိုင်းပြတ်ရွေ့သည် ဧရာဝတီမြစ်နှင့် အလွန် နီးစပ်စွာ တည်ရှိနေပါသည်။
သမိုင်းဝင်ငလျင်များ ဖြစ်သည့် ၁၈၃၉ ခုနှစ် အင်းဝငလျင်၊ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်၊
၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်နှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင်တို့သည် ဤစစ်ကိုင်းပြတ်ရွေ့ကြောင့်
ဖြစ်ပေါ်လာခဲ့ကြသည်။
ဧရာဝတီမြစ်အောက်ပိုင်း
မြစ်ဝကျွန်းပေါ်ဒေသသည် ဘူမိဗေဒအသွင်အပြင်အရ Deltaic Deposits များဖြစ်သော Clay၊ Silt နှင့် Fine Sand များသာ
တည်ရှိပြီး မခိုင်မာသော မြေသားဖြစ်နေပါသည်။ ငလျင်ဇုန်အန္တရာယ်ကိုပြောရလျှင် Direct
Fault မရှိသော်လည်း Distant Earthquakes ၏ Effect
များ ခံစားရနိုင်ပါသည်။ ငလျင်အန္တရာယ်ကို လျှော့ချပေးနိုင်သော
နည်းလမ်းများအဖြစ် ဘူမိဗေဒဆိုင်ရာ အခြေအနေအရပြောရလျှင် အတတ်နိုင်ဆုံးငလျင်ကြောများကို
ရှောင်ရှားရန်နှင့် အဆောက်အအုံများကို အောက်ခံဘူမိကျောက်သားပေါ်တွင်
အုတ်မြစ်တည်ခြင်းတို့ ဖြစ်ပါသည်။
ရေအားလျှပ်စစ်စီမံကိန်းအနွယ်ဝင်ဖြစ်သော
တမံအပါအဝင် အဆောက်အအုံများသည် အောက်ခံဘူမိကျောက်သားပေါ်တွင် တည်ဆောက်ထားသည့်
အဆောက်အအုံများ ဖြစ်ပါသည်။ ။
No comments:
Post a Comment