နေပြည်တော် မေ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့်
နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက
Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး
မိမိတို့အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်
ဦးစွာ နိုင်ငံတော်သမ္မတက
အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွား ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟု ဆောင်ပုဒ်ချမှတ်ထားသည်နှင့်အညီ
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုသည်
မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင် အဓိကကျသည့် ပို့ကုန်၊
သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မိမိတို့နိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊
စိုက် ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊
စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို
တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး
မိမိတို့အနေဖြင့် ယခုထက်ပိုမို၍ ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်သည်ဟု အဖြေထွက်မည်ဖြစ်ကြောင်း။
ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည်များကို
သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်
မိမိတို့အစိုးရအဖွဲ့သည်
လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက်
ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက် တင်မြှောက်ထားသည့်
ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင်
တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများ၌ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊
မဲပေးသူအများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြားဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက်
မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည်
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကို ပြသခြင်း၊ နိုင်ငံတော်အစိုးရ၏
နိုင်ငံရေးအရဆောင်ရွက်ချက်များကို ထောက်ခံမှုပြသခြင်းပင်ဖြစ်ကြောင်း။
ကျင်းပပြုလုပ်ခဲ့သည့်
ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့်
ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်
ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ
၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ
၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများ အများစုဖြစ်ကြကြောင်း၊
ရွေးကောက်ပွဲတွင် ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်
ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ ၃၁ ပါတီမှ
လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး ရွေးကောက်ခံခဲ့ရကြောင်း၊
ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကို
ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံတော်တွင်
ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင်
သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို
ဦးလည်မသုန်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့်အစိုးရဖြစ်သဖြင့်
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့်
ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန် ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌
ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊
ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ
တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို
ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်
ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့်
လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကို
လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့
မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊
အမျိုး၊ ဘာသာသာသနာ၊ ထုံးတမ်း စဉ်လာများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်
စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း
အားနည်းချက်ရှိသည်များကိုပြင်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များကို
ထိန်းသိမ်းသွားကြရန်လိုကြောင်း။
သွင်းကုန်အစားထိုးထုတ်ကုန်များ
ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး
သွင်းကုန်ကဏ္ဍတွင်
စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပမာဏများစွာ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်
ဆီထွက်သီးနှံများ စိုက်ပျိုးသည့်နိုင်ငံ တစ်ခုဖြစ်သဖြင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရခြင်းမှာ
မဖြစ်သင့်ကြောင်း၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံနှင့်ပတ်သက်၍ စိုက်ပျိုးသည့်
တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးက စနစ်တကျဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ပို့ကုန်ကဏ္ဍတွင်
ဆန်တင်ပို့မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်ရှိသည့် လူဦးရေ၊ စားသုံးနိုင်မည့်ပမာဏနှင့်
ဆန်ထွက်ရှိမှုတို့ကို တွက်ချက်၍ ပိုလျှံသည့်ဆန် တင်ပို့မှုပမာဏများကို တွက်ချက်ရနိုင်ကြောင်း၊
ပိုလျှံသည့် ဆန်ရရှိမှုနှင့် ဈေးကွက်ရရှိမှုအပေါ်မူတည်၍ ပို့ကုန်များ ပိုမိုထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊
“ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်”
ဖြစ်ပြီး ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင် နာမည်ရပြီးဖြစ်ပြီး
ဈေးကွက်လိုအပ်ချက်ရှိသည့်ပို့ကုန်တစ်ခုဖြစ်သည့်အတွက် မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းရမည်ဖြစ်ကြောင်း၊
အလားတူ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်း ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊
ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီတို့ကို
အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက် လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ရေး
ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မီးဖိုချောင်သုံး သီးနှံများဖြစ်သည့်
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစသည့် ရာသီသီးနှံများသည် နေ့စဉ် မပါမဖြစ်အသုံးပြုနေရသဖြင့်
တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊
ပို့ကုန်များ တိုးမြှင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊
အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ရရှိရေး တို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက်သွားကြရန်လိုကြောင်း။
အသားငါးများ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်၍လည်း
ဒေသတွင်းစား သုံးမှုဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းလုံးဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက
အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့်
စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲတို့ကို အခြေခံသည့် တိရစ္ဆာန်အစာများကို
ပိုမိုတိုးမြှင့်ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက
ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း
လျှော့ချနိုင်စေမည်ဖြစ်ကြောင်း။
ပြည်တွင်း၊
ပြည်ပ ခရီးသွားလုပ်ငန်းနှင့် MSME လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်၍ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်
စီးပွားရေးနှင့်
ပတ်သက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ တိုးတက်လာစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအချင်းချင်း
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုသကဲ့သို့ ဒေသအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများမှလည်း
ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း သာယာလှပမှုနှင့် နှစ်လိုဖွယ်
ရှိသည့်ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ခရီးသွားဝင်ရောက်မှုများလည်း
တိုးတက်လာစေမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများသည်လည်း တိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊
ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် သွားလာနေ ထိုင်စားသောက်မှုတို့တွင်
အခြားသောဖွံ့ဖြိုးတိုးတက်နေသည့်ဒေသများ၊ နိုင်ငံများကို အတုယူ၍ သွားချင်စဖွယ်၊ လာချင်စဖွယ်၊
နေချင်စဖွယ်ဖြစ်အောင် ဆောင်ရွက်ပြီး ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
မိမိတို့ နိုင်ငံနှင့်ဒေသသို့ လာရောက်ကြသည့်ခရီးသွားများအားလုံး၏ မှတ်ချက်ကောင်းကို
ရရှိနိုင်ရေး နိုင်ငံသားတစ်ဦးချင်း၊ ဒေသခံတစ်ဦးချင်းစီမှစ၍ ကိုယ်စီအသိစိတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊
“အိမ်သာလျှင် ဧည့်လာမည်” ဟူသည့် စကားနှင့်အညီ သာယာလှပပြီး စည်းကမ်းစနစ်တကျရှိသည့် ပတ်ဝန်းကျင်ကောင်းကို
ပုံဖော်ဖန်တီးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လိုက်နာဆောင်ရွက်ရမည့်
ဝန်ထမ်းများ၊ ကိုယ်စီအသိစိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည့် ပြည်သူများအားလုံးအနေဖြင့်
ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံ့စီးပွားရေးအားကောင်းလာစေရေးအတွက်
MSME လုပ်ငန်းများကို မဖြစ် မနေအားပေးမြှင့်တင်ကြရန်လိုပြီး အချို့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင်
SME လုပ်ငန်းများကို အားထားနေရဆဲဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း
MSME လုပ်ငန်းများကို အထူးအလေးထားအားပေးသွားရန်နှင့် ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို
အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကထား၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင်
ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစု၊ လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်
ကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသတွင်းမှထွက်ရှိသည့်ကုန်ကြမ်းများကို
အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊
MSMEလုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို နိုင်ငံတော်မှ
ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ စီးပွားရေးမြှင့်တင်မှုလုပ်ငန်းတွင်
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့်
အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ
နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုး ကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ယခင် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင်
နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့်
နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄
သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်စေရေးအတွက်
မိမိတို့အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ
စဉ်းစားဆင်ခြင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့်
များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များ
မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အဆင့်အလိုက် ကြပ်မတ်ထိန်းသိမ်းကြရန်လိုကြောင်းဖြင့် မှာကြားသည်။
သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
ဆွေးနွေးတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက
သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နွေစပါးနှင့်မိုးသီးနှံများအတွက် လိုအပ်သော
ယူရီးယားမြေဩဇာနှင့် စက်သုံးဆီများ တောင်သူလက်ဝယ်အချိန်မီရောက်ရှိရေး၊ သစ်စိမ်းမြေဩဇာနှင့်
သဘာဝမြေဩဇာ သုံးစွဲမှုကို မြှင့်တင်ပြီး အရည်အသွေးမမီသော မြေဩဇာများ ဈေးကွက်အတွင်း
မပြန့်နှံ့စေရန်ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ နေကြာ၊ နှမ်း ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်
ဆန်စပါး Export Zone များမှတစ်ဆင့် ပြည်ပတင်ပို့မှု မြှင့်တင်ရေး၊ ပဲပုပ်စိုက်ပျိုးရေး၊
ရေချိုပုစွန်သားဖောက်ထုတ်လုပ်ရေးနှင့် ပြည်တွင်းထုတ်မျိုးချောင်းများဖြင့် နို့စားနွားမျိုးစပ်လုပ်ငန်းများအောင်မြင်ရေး
ဆောင်ရွက်လျက်ရှိမှု၊ လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့်သုံးစွဲနေမှုများကို
ထိရောက်စွာ တားဆီးရေး ဆောင်ရွက်လျက်ရှိမှု၊ သမဝါယမအသင်းများမှ တောင်သူများကို စနစ်တကျဖြင့်
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အသေးစားစက်မှုလုပ်ငန်းများအတွက်
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ ဓာတ်မြေဩဇာများ တောင်သူများလက်ဝယ်သို့
ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ သီးနှံပေါ်ပေး စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများ
ရရှိလျက်ရှိမှု၊ အခြေခံကျသည့် မွေးမြူရေးလုပ်ငန်းများအား မှန်ကန်သည့်ကုန်ထုတ်လုပ်မှုများ
ဖြစ်အောင်ဆောင်ရွက်လျက်ရှိမှု။
ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးရာတွင် လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေး
ဆောင်ရွက်ရန် လိုအပ်လျက်ရှိမှု၊ ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကမ်းလွန်စီမံကိန်းများကို
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက်
သန်လျင်ရေနံချက်စက်ရုံအား ပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စက်သုံးဆီများ သယ်ဆောင်ဖြန့်ဖြူးပေးရာတွင် စနစ်တကျဖြင့်ရယူသုံးစွဲနိုင်ရေး
Digital စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားများရရှိရေး သဘာဝဓာတ်ငွေ့နှင့်
ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့အား အဓိကထား ထုတ်လုပ်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားများ
လုံလောက်စွာရရှိစေရေး လျှပ်စစ်ဓာတ်အားထုတ် လုပ်မှု လုပ်ငန်းများတိုးတက်စေရေး လျာထားဆောင်ရွက်လျက်ရှိမှု၊
လျှပ်စစ်ဓာတ်အားဖြန့်ဝေ မှုများတွင် လေ့လွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိမှု။
MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊
MSME လုပ်ငန်းမှတ်ပုံတင်များပေးလျက်ရှိမှု၊ MSME ပြပွဲများ၊ ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်မှုမြှင့်တင်ရေး
သင်တန်းများဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိမှုနှင့် အေဂျင်စီများဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊
MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရန်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏
အားပေးဆောင်ရွက်မှုများကြောင့် MSME လုပ်ငန်းများ လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး
နိုင်ငံတော်အဆင့် MSME ပြပွဲများ ကျင်းပလာနိုင်မှု၊ ပြည်တွင်းဝါစိုက်ပျိုးထုတ်လုပ်မှုများ
တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှုနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ
တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ဝါးအခြေခံတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး
ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊
ကျောင်းပြင်ပ သို့ရောက်ရှိနေသည့် ကလေးများ ကျောင်းပြန်တက်နိုင်ရေး Placement Test များစစ်
ဆေး၍ အစိုးရကျောင်းများတွင် ပြန်လည်လက်ခံရေးနှင့် စနစ်တကျစာရင်းကောက်ယူ ဆောင်ရွက်နေမှု၊
ပုဂ္ဂလိက ကျောင်းများစနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရေး
စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်မှုတို့နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြပြီး ဒုတိယသမ္မတ
ဦးညိုစောက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှု၊
ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များအား ပြီးပြတ်အောင်ဆောင်ရွက်သွားရန်
လိုအပ်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ်
ပြန်လည်ဖြည့်စွက်ဆွေးနွေးမှာကြား
ဆွေးနွေးတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကကျကြောင်း၊
နှမ်း၊ နေကြာ၊ ပဲပုပ်၊ အာလူးများကို စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိကအားဖြင့် တစ်ဧက
အထွက်နှုန်းများကောင်းရန်နှင့် အချက်အလက်များ မှန်ကန်မှုရှိရန်လိုကြောင်း၊ ဆန်တင်ပို့မှုများ
တိုးတက်လာစေရေးအတွက် အရည်အသွေးကောင်းမွန်သည့်ဆန်များ စိုက်ပျိုးရရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေး၊ ရှမ်းပြည်နယ်တို့တွင် နေကြာ၊ ပဲပုပ်နှင့် နှမ်းကို
စိုက်ပျိုးကြပြီး လက်ရှိ စိုက်ပျိုးဧကအတိုင်းတစ်ဧကပန်းတိုင် ရည်မှန်းချက်အထွက်နှုန်းရရှိအောင်
ဆောင်ရွက်စေလိုကြောင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့တွင်
စပါး၊ ပဲ၊ နှမ်း၊ ပြောင်းတို့အပါအဝင် သီးနှံများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း၊
စိုက်ပျိုးရေး လုပ်ငန်းများ အဓိကဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးများအနေဖြင့် ပြည်ပ
ပို့ကုန်ပိုမိုတိုးမြှင့်ရရှိနိုင်ရေး စိုက်ပျိုးရန်လိုသကဲ့သို့ ပြည်နယ်များအလိုက်လည်း
ဒေသတွင်း စားရေးဖူလုံရေးအတွက် အဓိကထားဆောင်ရွက်သွားကြရန်လိုကြောင်း။
သမဝါယမစနစ်မှတစ်ဆင့်
ကျေးလက်နေပြည်သူများ စီးပွားပိုမိုဖြစ်ထွန်းလာစေပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
ကျေးလက်ဖွံ့ဖြိုးရေးမူကြီး (၅) ရပ်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊
ရေရှိရေးစသည်တို့ကို အခြေခံ၍ သမဝါယမစနစ်ကို ကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပင် သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊
ထို့ကြောင့် သမဝါယမစနစ်ဖြင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍
ဒေသအလိုက် ဖူလုံမှုရှိစေရေး လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို
မိမိတို့ဒေသအလိုက် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများ
ကိုလည်းဆောင်ရွက်သွားရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်
စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်သုံးဆီများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ထားနိုင်ကြောင်း၊
ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်
ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်
ရေရှည်အကျိုးကို ကြည့်၍ ဆောင်ရွက်
ထို့နောက် နိုင်ငံတော်သမ္မတက
နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကုန်စည် စီးဆင်းမှုလုံခြုံချောမွေ့စေရေးအတွက် တိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ တရားမဝင် ကုန်သွယ်မှုများ၊
မူးယစ်ဆေးဝါးများ သယ်ဆောင်မှုများမရှိစေရေးနှင့် စစ်ဆေးရေးဂိတ်များအနေဖြင့် စည်းကမ်းတကျ
စစ်ဆေးဆောင်ရွက်စေရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ဝန်ကြီးဌာနအသီးသီးနှင့်
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့်
အောင်မြင်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း
ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ဆောင်ရွက်ရန်လုပ်ငန်းများကိုလည်း
အောင်မြင်စွာဖြင့် ဆောင်ရွက်နိုင်ရေး အရှည်ကို မျှော်တွေးပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မြေနေရာများကို အသုံးချရာတွင်လည်း အရှည်ကိုမျှော်တွေးပြီး Master Plan များကြိုတင်ရေးဆွဲကာ
စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်မှ
ဆောင်ရွက်သည်များရှိသကဲ့သို့ ဒေသအလိုက် ဆောင်ရွက်ရသည်များလည်း ရှိပြီး ရေရှည်အကျိုးကိုကြည့်၍
စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်းဖြင့် ပြောကြားပြီး
အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment