Wednesday, May 20, 2026

ရွှင်လန်းပွင့်ဖူးလာသော ကျောင်းပြင်ပရောက်ပန်းကလေးများ

 


သန့်ဇင်ထွန်း (ပညာရေး)

Naypyitaw State Academy ၏ ခမ်းနားထည်ဝါသော ဘက်စုံသုံးခန်းမကြီး၌ ၅-၅-၂၀၂၆ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနား၌ စာရေးသူနှင့် ဆရာအတတ်ပညာဦးစီးဌာနမှ ဆရာမတစ်ဦးက လူရည်ချွန်တစ်ဦးအား အသည်းအသန်ရှာဖွေနေပါသည်။ လူရည်ချွန်မောင်မယ် ငါးဦးလျှင် နည်းပြတစ်ဦး၊ ထိုနည်းပြတစ်ဦးကို ဦးစီးဌာန တာဝန်ခံတစ်ဦးက ကြီးကြပ်လျက်ရှိရာ လူရည်ချွန်မောင်မယ် အားလုံး ၇၅၁ ဦး ဖြစ်၍ နေရာအနှံ့မည်သည့်နေရာ ကြည့်ကြည့်လူရည်ချွန်ဝတ်စုံများ ဝတ်ဆင်ပြီးတက်ကြွလန်းဆန်းနေသော သားငယ်သမီးငယ်များက အုပ်စုဖွဲ့စကားပြောခြင်း၊ ဓာတ်ပုံအလှရိုက်ခြင်း၊ ဝန်ကြီးဌာနရှစ်ခု၏ ပြခန်းများတွင် စိတ်ဝင်တစားကြည့်ရှုလေ့လာခြင်းများ ပြုလုပ်နေကြပါသည်။

မကြာမီကာလတွင် ထိုလူရည်ချွန်၊ လူရည်မွန်များက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပုံဖော်ထုဆစ်ကြတော့မည်ဖြစ်ပါသည်။ ကျွန်တော်နှင့် ဆရာမတို့ စောင့်နေသောနေရာသို့ လူရည်ချွန်တစ်ဦးနှင့် ကြီးကြပ်ဆရာမတစ်ဦးတို့ ရောက်လာပါသည်။ ထိုသူမှာ အခြားသူမဟုတ်ပါ။ ငယ်ရွယ်စဉ်က ဒဂုံမြို့သစ် (တောင်ပိုင်း) ကျောင်းပြင်ပပညာရေး Non-Formal Primary Education(NFPE) စခန်းတွင် Level-1, Level-2 အား ၂၀၁၄ ခုနှစ် တွင် စတင်တက်ရောက်ခဲ့ပြီးနောက် ကျောင်းပညာရေးဖြစ်သော အခြေခံပညာအလယ်တန်း၊ အခြေခံပညာအထက်တန်းအဆင့်ဆင့်ကို အခက်အခဲများစွာကြားမှ ပြန်လည်တက်ရောက်ခဲ့ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဆရာအတတ်ပညာတက်ရောက်သင်ယူနေသော ဒုတိယနှစ် ကျောင်းသူ မနဒီရွှေလွှာ ဖြစ်ပါသည်။

မနဒီရွှေလွှာသည် ငယ်စဉ်ကတည်းကပင် မလျှော့သော လုံ့လ၊ ပြင်းပြသော စိတ်ဓာတ်၊ ထက်သန်သောဇွဲတို့ဖြင့် ဘဝခရီးလမ်းကို အောင်မြင်စွာဖြတ်သန်းခဲ့သူပီပီ လူရည်ချွန်ရွေးချယ်မှုအဆင့်ဆင့်တွင်လည်း အောင်မြင်အောင် ကျော်ဖြတ်နိုင်ခဲ့ပါသည်။ မနဒီရွှေလွှာကို မြင်တွေ့ ရသည့်အချိန်၌လည်း အခြားလူရည်ချွန် မောင်မယ်များနည်းတူ တက်ကြွလန်းဆန်းလျက် နေပြည်တော်လူရည်ချွန် စုရပ်စခန်းသို့ ရောက်ရှိချိန်မှစ၍ နေထိုင်စားသောက်ရေး အဆင်ပြေချောမွေ့မှုနှင့် နေပြည်တော်နယ်မြေအတွင်း လေ့လာရေးခရီးများမှ ဗဟုသုတရဖွယ်ရာများကို အားပါးတရပြောကြားနေပုံမှာ မည်မျှပျော်ရွှင်နေသည်ကို ထင်သာမြင်သာရှိလှပါသည်။ ကျောင်းပြင်ပပညာရေးမှ အောင်မြင်သော ကလေးများစွာရှိနေကြပြီးအချို့မှာ ပညာရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေသည်မှာ ဝမ်းမြောက်ဂုဏ်ယူဖွယ် ဖြစ်ပါသည်။

သို့သော် မိမိတို့နိုင်ငံအတွင်း ပြည်သူအများစုမှာ ကျောင်းတွင်းပညာရေးကိုသာ သိရှိနားလည်ကြပြီး ကျောင်းပြင်ပ ပညာရေးနှင့်ရင်းနှီးမှုမရှိကြောင်းကိုလည်း စာရေးသူသွားလာနေသည့် နယ်မြေအချို့တွင် တွေ့ရှိသိမြင်နေရပါသည်။ စာရေးသူအနေဖြင့် လွန်ခဲ့သည့် နှစ်များက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တို့တွင် ပညာရေးဝန်ထမ်းများ တက်ရောက်ရသည့် သင်တန်းများ၌ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ရပါသည်။

ထိုစဉ်အချိန်က သင်တန်းသားများအား ဗဟုသုတရရန်အလို့ငှာ အမေးအဖြေကဏ္ဍ၌ မေးမြန်းချိန်များတွင် သင်တန်းသား သုံးပုံတစ်ပုံခန့်သာ ကျောင်းပြင်ပပညာရေးကို သိရှိကြပြီး ထိုသုံးပုံတစ်ပုံအနက် လူနည်းစုသာ ကျောင်းပြင်ပ ပညာရေးလုပ်ငန်းဆောင်ရွက်မှုကို ပီပီပြင်ပြင် သိရှိကြသဖြင့် သင်ခန်းစာ အပိုဆောင်းမျှဝေပေးခဲ့သည့် သာဓကများစွာရှိခဲ့ပါသည်။ စာရေးသူ၏ မိတ်ဆွေများ၊ အထက်အရာရှိများကလည်း ကျောင်းပြင်ပ ပညာရေးအကြောင်း စာရေးသားရန် တိုက်တွန်းပြောကြား ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရေးသားဖြစ်ခဲ့ပါ။ ယခု မနဒီရွှေလွှာကို တွေ့မြင်ပြီးနောက်တွင် မအားလပ်သည့်ကြားမှ ကျောင်းပြင်ပပညာရေးမှ မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် အောင်မြင်ခဲ့သော သမီးငယ်အကြောင်း ရေးသားရန်အကြောင်း ဖြစ်လာပါသည်။

ကျောင်းပြင်ပပညာရေးဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းအဆင့် မတက်ရောက်ခဲ့ရသူများ (သို့မဟုတ်) မူလတန်းအဆင့်မပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူများကို ပညာသင်ကြားခွင့်ရရှိစေရန် နိုင်ငံတော်က ဒုတိယအကြိမ် အခွင့်အရေးပေးထားသည့် အစီအစဉ်ကောင်းတစ်ခုဖြစ်ပါသည်။ ကျောင်းပြင်ပမူလတန်းပညာရေးကို ကျောင်းပြင်ပရောက်နေသော အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ တက်ရောက်သင်ကြားနိုင်ကြပါသည်။

ထို့အပြင် ကျောင်းပြင်ပမူလတန်း ပညာရေးပြီးမြောက်ပြီးသူများနှင့် အခြေခံပညာအလယ်တန်းအဆင့် မပြီးဆုံးမီ ကျောင်းပြင်ပရောက်ခဲ့ရသူများ(သို့မဟုတ်) အလယ်တန်းပညာ သင်ကြားနေစဉ် ကျောင်းထွက်စောခဲ့ရသူများအတွက်လည်း ကျောင်းပြင်ပအလယ်တန်းပညာရေး Non-Formal Middle Education (NFME)သို့ တက်ရောက်နိုင်ကြပါသည်။ ကျောင်းပြင်ပအလယ်တန်းအတွက် အသက်ကန့်သတ်ချက်မှာ ၁၃ နှစ်မှ ၁၈ နှစ်အတွင်း ဖြစ်ပါသည်။

ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး နှစ်မျိုးစလုံးကို ပညာရပ်ပိုင်းဆိုင်ရာအခေါ်အရ တန်းညှိပညာရေးအစီအစဉ် (Equivalency Programme) ဟု ခေါ်ဆိုကြပါသည်။ ကျောင်းပြင်ပမူလတန်းပညာရေး(NFPE)တွင် Level-1, Level-2 ဟူ၍ သတ်မှတ်ထားရှိကာ Level တစ်ခုကို တစ်နှစ်စာသင်ချိန် နာရီ ၅၅၀ တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME)တွင် Level-1, Level-2, Level-3 ဟူ၍ သတ်မှတ်ထားရှိပါသည်။ ကျောင်းပြင်ပ အလယ်တန်းပညာရေး၏ Level တစ်ခုလျှင် တစ်နှစ်၊ စာသင်ချိန် နာရီ ၆၄၀ တက်ရောက်ကြရမည်ဖြစ်ပါသည်။

ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး၏ အားသာချက်တစ်ခုမှာ ကျောင်းပြင်ပ ရောက်သွားသည့် မည်သည့်ကလေးမဆို အသက်ကန့်သတ်ချက်အတွင်း ရောက်ရှိနေပါက ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးက စစ်ဆေးသည့် အတန်းဝင် ခွင့် စာမေးပွဲ (Placement Test) ကို ဝင်ရောက်ဖြေဆိုပြီး သတ်မှတ်ထားသော Level များတွင် တက်ရောက် သင်ကြားနိုင်ကြပါသည်။ ကျောင်းပြင်ပ ရောက်ကျောင်းသားများအနေဖြင့် တစ်ရက်လျှင် စာသင်ချိန်နှစ်နာရီခွဲခန့်သာ တက်ရောက်ရသဖြင့် ကျန်အချိန်များတွင် မိသားစုအိမ်မှုကိစ္စရပ်များ ကူညီပေးနိုင်ခြင်း၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၏ နေ့စဉ်လုပ်ငန်း ဆောင်တာများတွင် ပါဝင်ကူညီပေးနိုင်ခြင်း စသည့်အခွင့်အရေးကောင်းများရရှိသဖြင့် မိသားစုများသော၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်ရန် လိုအပ်နေသော မိသားစုများအတွက် မိမိတို့ကလေးများအား လုပ်ငန်းလည်းဆောင်ရွက်နိုင်၊ စာပေပညာလည်း သင်ကြားစေနိုင်ကြပါသည်။

ကျောင်းပြင်ပပညာရေးသို့ တက်ရောက်လိုသူများသည် မိမိတို့နေထိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ သွားရောက်သတင်းပေးပို့ရန် လိုအပ်ပါသည်။ သို့မှသာ မြို့နယ်ပညာရေးမှူးများက စီစဉ်ပေးသောနေရာများသို့ တက်ရောက်သင်ကြားခွင့်ရရှိကြမည်ဖြစ်ပါသည်။

ယခုစာရေးသူ တင်ပြခဲ့သော မနဒီရွှေလွှာမှာလည်း မိဘအလုပ်များကူညီရင်း ကျောင်းပြင်ပမူလတန်းပညာရေး တက်ရောက်အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထိ ကျောင်းပြင်ပမူလတန်းပညာရေး ကလေးငယ် ၆၃၁၄၃ ဦးအားလည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်း ကလေးငယ် ၄၁၇၁ ဦးအားလည်းကောင်း ပညာသင်ကြားသင်ယူခွင့်များရရှိစေခဲ့ပါသည်။ အဆိုပါကလေးငယ်များအနက် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ၁၂၇ ဦးရှိခဲ့ပြီဖြစ်ပါသည်။ အောင်မြင်ခဲ့သည့် ကလေးများအနက် ဆရာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေကြသူ သုံးဦး၊ ပညာရေးဒီဂရီကောလိပ်တက်ရောက်ပြီး တာဝန်ချထားရန် စောင့်ဆိုင်းနေကြ သူ နှစ်ဦး၊ ပညာရေးဒီဂရီကောလိပ်များတွင် တက်ရောက်နေသူ နှစ်ဦးတို့ရှိကြောင်း သိရှိရသဖြင့် ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများထဲမှ အောင်မြင်မှုရလဒ်များပင်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် စာရေးသူတို့၏ နိုင်ငံအတွင်း ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေး အစီအစဉ်များသည် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပညာရေးလမ်းကြောင်းပေါ်မှ လမ်းချော်သွားရသော ကလေးငယ်များအတွက် ဘဝလမ်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် တည့်မတ်ပေးနေသည့် ပညာသင်ယူမှု အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ထိုအခွင့်အလမ်းကောင်းကို လက်လွှတ်မခံဘဲ ပညာသင်ယူလိုသူများအတွက် ဒုတိယအကြိမ်အခွင့်အရေး (Second Chance) ရရှိစေရန် နိုင်ငံတော်မှ ဘဏ္ဍာငွေကျခံသုံးစွဲလျက် စီစဉ်ဆောင်ရွက်ပေးနေသည်ကို အများပြည်သူသိရှိရန် အရေးကြီးလှပါသည်။ အဆိုပါကလေးများ၏ ဘဝရှေ့ရေးသာယာဖြောင့်ဖြူးစေသည့်အပြင် ကျောင်းပြင်ပရောက် ကလေးတစ်ဦးချင်းစီ၏ မိသားစုတစ်ခုချင်းစီအလိုက် လူမှုစီးပွားဘဝအေးချမ်းသာယာ တိုးတက်စေရေးအတွက် ဒေသအလိုက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ဆန္ဒပြုတိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။  

No comments:

Post a Comment