ညီညီ(ရထား)
ရန်ကုန်-ပြည်ရထားလမ်းအား ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင် ဖောက်လုပ်ပြေးဆွဲခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ ရထားလုပ်ငန်း ပေါ်ထွန်းခဲ့သည့် အချိန်မှစ၍ ယနေ့ဆိုလျှင် (၁၄၉) နှစ်မြောက် ရှိပြီဖြစ်သည်။ သမိုင်းကြောင်းရှည်လျားခဲ့သည့်ကာလအတွင်း ရထား ပြေးဆွဲခြင်းလုပ်ငန်းဖြင့် ပြည်သူတို့အား တစိုက်မတ်မတ် ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော နိုင်ငံပိုင် စီးပွားရေးဌာနကြီးတစ်ခုလည်း ဖြစ်ပါ သည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍသည်
ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့်
ဆက်စပ်နေသကဲ့သို့ နိုင်ငံအတွင်း တောင်တန်း၊ ပြည်မဒေသ အသီးသီးတွင် မှီတင်းနေထိုင်လျက်ရှိကြသည့်
တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာ ဝပြောမှုများအပါအဝင်
ကဏ္ဍအသီးသီးနှင့် ဆက်စပ်လျက်ရှိသည်ကို သုံးသပ် တွေ့ရှိရပါသည်။
ခရီးသည်များစွာကို
တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်နိုင်
ရထားပို့ဆောင်ရေး
လုပ်ငန်းသည် ကုန်စည်ပမာဏများစွာကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် တစ်နေရာမှ တစ်နေရာသို့
လွှဲပြောင်းပေးခြင်းနှင့် ခရီးသည်များစွာကိုလည်း အစုအပြုံ လိုက် တစ်နေရာမှတစ်နေရာသို့
ပို့ဆောင်နိုင်စွမ်းရှိသော သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြစ်ပါသည်။ ရထားပို့ဆောင် ရေးလုပ်ငန်းသည်
နိုင်ငံအတွင်း ဒေသအသီးသီးကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း၊ ခရီးဝေးပို့ဆောင်မှုများအတွက်
စျေးသက်သာခြင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေးထက် အချိန်ပိုမြန်ခြင်း၊ အလွန်များပြားသောကုန်စည်များကို
တစ်ချိန်တည်း တစ်ပြိုင်တည်း ပို့ဆောင်ရန် အသင့်လျော်ဆုံးသော လုပ်ငန်းဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
သက်သာခြင်း၊ အခြားသော ပို့ဆောင်မှုနည်းလမ်းများထက် ပိုမိုလုံခြုံမှုရှိသော သယ်ယူပို့ဆောင်ရေး
နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။
ရထားပို့ဆောင်ရေး
လုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသော လုပ်ငန်းဖြစ်ခြင်း၊ ရထားသည်
ကားနှင့် နှိုင်းယှဉ်လျှင် တူညီသောကုန်စည်ပမာဏနှင့် အကွာ အဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း
လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို
လျော့ပါးစေခြင်း၊ ခရီးသည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သဖြင့် ယာဉ်ကြောကျပ်တည်း
မှုဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေ အသုံးပြုသင့်သော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ခြင်းစသည်တို့ကြောင့်
နိုင်ငံအသီးသီးတွင် နိုင်ငံတော် အစိုးရက ရထားပို့ဆောင်ရေးလုပ်ငန်းအား ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်
နေစေရန် နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ပြုထားကြကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်
ရထားပို့ဆောင်ရေးလုပ်ငန်းအား ခေတ်မီနည်းပညာများကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုများ
အထပ်ထပ်ပြုလုပ်၍ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရပါသည်။
မိမိတို့နိုင်ငံအနေဖြင့် ယခင်ခေတ်အဆက်ဆက် အစိုးရအဖွဲ့အသီးသီးကလည်း
ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ခဲ့ကြသလို နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး
မင်အောင်လှိုင်အနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် ညှိနှိုင်းအစည်းအဝေးများတွင်လည်းကောင်း၊
မြေပြင်ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်များတွင်လည်းကောင်း ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးကို
အထူးအလေးထားအာရုံစိုက်၍ စီမံလမ်းညွှန်မှုများပေးခြင်း၊ အနီးကပ် စစ်ဆေးကြပ်မတ်မှုပေးခြင်းနှင့်
လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့သည်ကို
တွေ့မြင်ကြရမည်ဖြစ်ပါသည်။
သုတေသနပြု၍
နည်းပညာများ လေ့လာပြီး ကြိုးပမ်းဆောင်ရွက်
မြန်မာ့မီးရထား၏
စက်ခေါင်းစက်ရုံ ကြီးများ၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ ဘူတာရုံများနှင့် ရထားလမ်း
အဆင့် မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းခွင် နယ်မြေများသို့ နိုင်ငံတော်အကြီးအကဲ
သည် ၁၁ ကြိမ်တိုင်တိုင် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့်
ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ
အတိုင်း တိကျစွာလိုက်နာ၍ ရေရှည် အတွက် ဦးစားပေး စဉ်းစားဆောင်ရွက်ရန်၊ ရထားစက်ခေါင်းနှင့်
တွဲများ ပြုပြင် ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့်
ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများတွင် ပြည်တွင်းမှ အင်ဂျင်နီယာပညာရှင်များကို
အဓိကထား အသုံးပြု၍ နည်းပညာများ တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားများ
ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်းနှင့်တွဲများ
တည် ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ပမှ မှာယူတင်သွင်းဝယ်ယူနေမှုများကို တဖြည်းဖြည်းလျှော့ချပြီး
ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေး သုတေသနပြု၍ နည်းပညာ များ လေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန်
စသည့်လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုးခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
၁၀-၄-၂၀၂၆ ရက်နေ့က
ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၌ နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြား ရာတွင် “ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူစေဖို့အတွက်
ပုံမှန်လမ်းကြောင်းများအတိုင်း သတ်မှတ် နှုန်းထားများနဲ့ ပြေးဆွဲပေးသော ခရီးသည်တင်ဝန်ဆောင်မှုဖြစ်တဲ့
အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation)ကိုလည်း တိုးချဲ့ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်” လို့ ထည့်သွင်း မှာကြားထားပါသည်။
ထို့အပြင် အဆိုပါနေ့၌ပင်
နိုင်ငံတော်သမ္မတက နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊
တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်
မိန့်ခွန်းတွင် “ပို့ဆောင်ရေးကဏ္ဍမှာ များများတင်နိုင်ပြီး မြန်မြန်ပို့ဆောင်ပေးနိုင်မယ့်
ကုန်ကျစရိတ်လည်းသက်သာစေတဲ့ မီးရထားကဏ္ဍကို မဖြစ်မနေမြှင့်တင်ကြရမှာ ဖြစ်ပါကြောင်း၊
ရထားလမ်းများကို အဆင့်မြှင့်တင်ပေးကြဖို့ လိုသလို စက်ခေါင်းများနဲ့ တွဲဆိုင်းများကိုလည်း
ခေတ်မီအဆင့်မြှင့်လာအောင် ပြောင်းလဲ ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းမှာပဲ စက်ခေါင်းများ၊
တွဲများ မဖြစ်မနေ ကိုယ်တိုင်တည်ဆောက် ထုတ်လုပ်ရမှာဖြစ်ပါကြောင်း၊ ယခု စတင်ပြောင်းလဲဆောင်ရွက်နေပြီဖြစ်တဲ့
စက်သုံးဆီ လောင်စာသုံး စက်ခေါင်းတွေအစား ဘက်ထရီအားသုံးနိုင်တဲ့ စက်ခေါင်းတွေ သုံးစွဲနိုင်မယ်ဆိုရင်
စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်မှာဖြစ်သလို သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းပြီး
မြန်ဆန်မှုကအစ အကျိုးပြုလာမှာဖြစ်ပါ ကြောင်း၊ ဒါ့ကြောင့် မီးရထားကဏ္ဍကို ပြည်သူတွေအတွက်
သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွေမှာ ယခုထက်ပိုမိုထိရောက်အောင်၊ အကျိုးရှိအောင်
ပြည်သူက ယုံကြည်အားထားရတဲ့ ပို့ဆောင်ရေးဖြစ်အောင် ကြိုးစားမြှင့်တင်ဆောင်ရွက်သွားကြဖို့”
ထပ်လောင်းမှာကြားထားရှိပါသည်။ နိုင်ငံတော်သမ္မတကြီးက ရထားပို့ဆောင်ရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်
ခေတ်စနစ်နှင့်အညီ မဟာဗျုဟာကျကျ သုံးသပ်ဆုံးဖြတ်ကာ စေတနာကောင်းဖြင့် တွန်းအားပေးမှာကြားထား
ခြင်းဖြစ်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။
(၁၄၉)နှစ်တာ
ခရီးရှည်တစ်လျှောက် ပြည်သူ့အကျိုးအား ဖော်ဆောင်
မြန်မာ့မီးရထားအနေဖြင့်
ဖြတ်သန်းခဲ့ရသည့် (၁၄၉) နှစ်တာ ခရီးရှည်တစ်လျှောက်တွင် ခေတ်၊ စနစ်များ အမျိုးမျိုးအဖုံဖုံ
ပြောင်းလဲခဲ့သော်လည်း မြန်မာ့မီးရထားသည် ပြည်သူ့အကျိုးအား တစိုက်မတ်မတ် ဖော်ဆောင် ထမ်းရွက်ခဲ့ပြီး
ယနေ့ထက်တိုင် ဆက်လက်ရပ်တည်လျက် စဉ်ဆက် မပြတ် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုများပေးနိုင်ရန်
ကြိုးပမ်းဆောင်ရွက် နေဆဲဖြစ်ပါသည်။ နိုင်ငံအနှံ့အပြား ပြည်သူများ၏ ခရီးသွားလာမှုနှင့်
ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန် စေရေး၊ ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေးတို့အတွက်
တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြပါသည်။
၂၀၂၅ ခုနှစ် မတ်လ
၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေငလျင်ဘေးဒဏ်ကြောင့် ရထားပြေးဆွဲရေး လုပ်ငန်း အပေါ် ကြီးမားသည့်
ထိခိုက်မှုကြုံတွေ့ခဲ့ကြရသော်လည်း ရထားဝန်ထမ်းများ၏ ကြိုးပမ်းစွမ်းဆောင်ခဲ့မှုများကြောင့်
ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရန် စွမ်းဆောင်ခဲ့မှုများကိုလည်း တွေ့မြင်ခဲ့ရပါသည်။
အဆိုပါ ပြင်းထန် မြေငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတလျှောက်နှင့် အခြား
ရထားလမ်းပိုင်းတို့တွင်ရှိသည့် ဘူတာရုံများ၊ ရထားသွားလာရေးလုပ်ငန်း ဆောင်ရွက် သည့်
ဆက်စပ်အဆောက်အဦအချို့ ပြိုကျပျက်စီးခြင်း၊ ရထားလမ်းမြေတာပေါင်များ ကွဲအက်ခြင်း၊ သံလမ်းများ
တွန့်လိမ်ပျက်စီးခြင်းနှင့် အဓိကရှေးဟောင်းတံတားကြီးဖြစ်သည့် စစ်ကိုင်းတံတားကြီးအပါအဝင်
ရထားတံတားအချို့ ထိခိုက်ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။
မြန်မာ့မီးရထားအနေဖြင့်
လူအင်အား၊ စက်ယန္တရားအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်မှုများ အသုံးပြု၍ သတ်မှတ်စံချိန်စံနှုန်းနှင့်
တိုင်းထွာတွက်ချက်မှုများကို အမြန်ဆုံးဆောင်ရွက်သွားနိုင်ခဲ့သည်ကိုလည်း တွေ့ရပါသည်။
မြေငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးသွားသည့် ရထားလမ်းပိုင်းများကို ၇ ရက်အတွင်း
အမြန်ဆုံးပြုပြင် ဆောင်ရွက်နိုင်ခဲ့ပြီး ၅-၄-၂၀၂၆ ရက်နေ့ မှစတင်ကာ ရန်ကုန်-မန္တလေး
လူစီးရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ပေးနိုင်ခဲ့ပါသည်။ ၂၄-၈-၂၀၂၅ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏
မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား
၇၆ ရက်အတွင်း အမြန်ဆုံးပြီးစီးအောင် ပြုပြင်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန် မှုအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မြင်းကောင်ရေ ၁၃၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်း
ခြောက်ခေါင်းကို ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive- BEL) အဖြစ်
ပြောင်းလဲတည်ဆောက်နိုင်ခဲ့ပြီး အဆိုပါဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုပြီး နေပြည်တော်
- မန္တလေး ရထားခရီးစဉ်နှင့် ရန်ကုန်မြို့ပတ် ခရီးစဉ်များတွင် စတင်အသုံးပြုပြေးဆွဲပေးနိုင်ခဲ့ပါသည်။
မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ပြည်တွင်းရှိ အိုင်တီကုမ္ပဏီတစ်ခုမှ ကျွမ်းကျင်သူများ
ပူးပေါင်း၍ ရထား လက်မှတ်များကို Online မှ လက်မှတ် ရောင်းချခြင်းနှင့် ငွေပေးချေခြင်းစနစ်
(Online Railways Ticketing and Payment - ORTP System) ကို တည်ဆောက်၍ ရန်ကုန်-နေပြည်တော်-မန္တလေး
ရထားလမ်းပိုင်းအတွင်း ပြေးဆွဲ ပေးလျက်ရှိသည့် လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များရောင်ချပေးခြင်းကို
ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
ရထားပို့ဆောင်ရေးလုပ်ငန်းသည်
နိုင်ငံတစ်ဝန်း သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ မြန်မာ့မီးရထားတွင်
လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်း အပေါင်းတို့ကလည်း ရထားပို့ဆောင်ရေးလုပ်ငန်းတွင်
အဓိကကျသည့် လုံခြုံ စိတ်ချရမှု၊ အချိန်မှန်ကန်မှု၊ ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့စွာ
ခရီးသွားလာနိုင်မှု စသည့်အချက်များကို အထူး အလေးထားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်မီရထားလုပ်ငန်း နည်းပညာများကိုလည်း
မျက်ခြည်မပြတ် လေ့လာ၍ ရထားပို့ဆောင်ရေးလုပ်ငန်းဖြင့် မိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး
တိုးတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်းထမ်းဆောင်လျက် မြန်မာ့မီးရထား
ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြပါစေကြောင်း လေးနက်စွာ တိုက်တွန်းရေးသားလိုက်ရပါသည်။
။

No comments:
Post a Comment