အောင်ဇေယျဟိန်း
ယနေ့ ကမ္ဘာ့မြို့ကြီးများကို Cyber City ၊ Smart City နှင့် AI City များအဖြစ် နည်းပညာအဆင့်မြှင့်တင်တည်ထောင်လာမှုများ၊ ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို လျှော့ချတိုက်ဖျက်နိုင်ရေး ၂၀၅၀ ပြည့်နှစ် ကာဗွန်ကင်းစင်ရေးကမ္ဘာ့ပန်းတိုင်အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ ရုပ်ကြွင်းလောင်စာများအား မဟာဗျူဟာမြောက်လျှော့ချသုံးစွဲလာမှုများ၊ တစ်ဖန် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းနှင့် နှစ်သက်တမ်းကန့်သတ်ချက်ရှိသော ရုပ်ကြွင်းလောင်စာများ လျော့နည်းရှားပါးလာမှုတို့ကြောင့် အစိမ်းရောင်စွမ်းအင်သုံး လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာရေပန်းစားလာပါ၏။ ကမ္ဘာ့ EV နည်းပညာဖွံ့ဖြိုးမှုအရွေ့များ အံ့မခန်းမြန်ဆန်လာကာ ဈေးကွက်ယှဉ်ပြိုင်မှုစစ်ပွဲများ ပြင်းထန်လာပြီး EV ရောင်းချရမှု ရာခိုင်နှုန်းများ သိသာစွာ မြင့်တက်လာပါသည်။
နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်များအတိုင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်
ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်
လမ်းပြမြေပုံနှင့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပြီး
လုပ်ငန်းကော်မတီငါးခုတို့က ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍
တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်တွင် EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး
မြို့ကြီးများ၌ ပြည်သူများ၏ EV သုံးစွဲမှုများ တစ်ရှိန်ထိုးမြင့်တက်လာသည်ကို
ထင်ရှားစွာ တွေ့မြင်လာရပါသည်။
သို့ဖြစ်ရာ
ပြည်သူတို့ EV သုံးစွဲမှုမှ အကျိုးကျေးဇူးများရရှိနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ
သက်တမ်းရှည်ကြာ သုံးစွဲနိုင်စေရေးတို့အတွက် EV နည်းပညာများ၊ နည်းလမ်းတကျသုံးစွဲမှုများနှင့်
အလေ့အကျင့်ကောင်းများကို ပြည်သူများအကြား ပြန့်ပွားသွားအောင် ကျယ်ကျယ်ပြန့်ပြန့်
ဖြန့်ဝေပေးရန် လိုအပ်လာရာ ဤဆောင်းပါးဖြင့် တင်ပြရခြင်းဖြစ်ပါ၏။
EV ရဲ့ အသက်ဟာ ဘက်ထရီပါ
အမှန်စင်စစ်တွင်
EV ၏
အသက်တမျှ အရေးအကြီးဆုံးအစိတ်အပိုင်းမှာ လူသား၏ နှလုံးနှင့် တန်းတူတင်စားနိုင်သည့် ဘက်ထရီပင်ဖြစ်၏။
လူသားတစ်ဦးအတွက် နှလုံး၏ ကျန်းမာရေးသည် အသက်ရှင်သန်မှုအတွက် အရေးအကြီးဆုံးဖြစ်ပါသည်။
နှလုံးရောဂါရှိနေသူတစ်ဦး၏ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်မြင့်မားသလို သွားလာ၊
နေထိုင်မှုများတွင် ကြောင့်ကြစိုးရိမ်မှုများရှိနိုင်ပါ၏။ အလားတူ EV ဘက်ထရီ၏ ကျန်းမာရေးသည် ကား၏ သက်တမ်းနှင့် စွမ်းဆောင်ရည်၊ မကြောင့်မကြသွားနိုင်သော
ခရီးမိုင်နှင့် ရေရှည်ကုန်ကျစရိတ်များအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါသည်။
EV ဘက်ထရီကို လီသီယမ်ဖြင့် အဓိကဖွဲ့စည်းတည်ဆောက်ထားရာ အကြိမ်ကြိမ်အားသွင်း-
အားပြန်ထုတ်ခြင်းများကအတွင်းရှိ ကုန်ကြမ်းပစ္စည်းများကို ပြောင်းလဲစေပြီး
အချို့သော လီသီယမ်တို့သည် အသုံးပြုနေစဉ် လွတ်လပ်စွာ မရွေ့လျားနိုင်တော့ဘဲ
ရပ်တန့်ပိတ်ဆို့သွားကြ၏။
၎င်းပိတ်ဆို့လီသီယမ်များက
ဘက်ထရီကျန်းမာရေးကို ထိခိုက်၍ စွမ်းရည်ကျဆင်းသွားစေပြီး
ခရီးမိုင်သွားနိုင်စွမ်းကို လျော့နည်းစေပါ၏။ EV ဘက်ထရီကျန်းမာရေးအခြေအနေ (State of
Health-SOH)ကို ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိပါသည်။ သာဓကအားဖြင့်
EV ဘက်ထရီစွမ်းအင်နှုန်း သည် ၆၀ ကီလိုဝပ်နာရီ (kWh) ရှိပြီး ကျန်းမာရေး (SOH) အခြေအနေ ၆၆
ရာခိုင်နှုန်းဟု ဖော်ပြလျှင် ၄၀ ကီလိုဝပ်နာရီအထိသာ အားသွင်းသုံးစွဲနိုင်ပါမည်။
ဘက်ထရီစွမ်းရည်ကျဆင်းရာက နောက်ဆုံးတွင် စွမ်းရည်မဲ့ပြီး မော်တာနှင့်
လျှပ်စစ်စနစ်များ အလုပ်မလုပ်နိုင်တော့လျှင် EV ကို ဆုံးရှုံးသွားပါမည်။
လူတွင် ကျန်းမာရေးထိခိုက်စေသော အလေ့အကျင့်များက နှလုံးရောဂါဖြစ်စေနိုင်သလို EV
တွင် မသင့်လျော်သည့် သုံးစွဲမှုအလေ့အကျင့်များက ဘက်ထရီကို
ဆိုးရွားစွာ ထိခိုက်စေနိုင်၏။
မောင်းနှင်ချိန်၊
ရပ်နားချိန်နှင့် အားသွင်းချိန်တို့၌ EV ကို နည်းစနစ်တကျသုံးစွဲရန်လိုအပ်၏။ အမှန်တကယ်တွင်
ယင်းနည်းစနစ်များအတိုင်း ဆောင်ရွက်ရသည်မှာ အပန်းမကြီးလှ။ ခက်ခက်ခဲခဲ ဆောင်ရွက်ရန်
မလိုအပ်သော်လည်း အလေ့အကျင့်ကောင်းများဖြစ်သည်အထိ အလေးထားလျက် ဆောင်ရွက်သွားရန်သာ
လိုအပ်ပါသည်။ ၎င်းတို့ကို မသိ၍ဖြစ်စေ၊ သိသော်လည်း အလေးမထားပေါ့ပေါ့ဆဆ သုံးစွဲမိ၍ဖြစ်စေ
ဘက်ထရီသက်တမ်းတိုခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို လက်ယပ်၍ ဖိတ်ခေါ်သလို
ဖြစ်နေပါမည်။
EV သက်တမ်းရှည်စေရေးအတွက် ဘက်ထရီသက်တမ်းကို မြန်မြန်ဆန်ဆန် ကျဆင်းစေသည့်
အချက်များဖြစ်သော ကားပြိုင်ပွဲမောင်းသလို အရှိန်ပြင်းထန်စွာ မောင်းနှင်ကာ
စွမ်းအင်ချွေတာမှုမရှိခြင်း၊ ပေါ့ပေါ့ဆဆမောင်းခြင်း၊ မဆင်ခြင်ဘဲအားသွင်းမှုနှင့်
ရပ်နားမှုများ၊ ဘက်ထရီကို လွန်ကဲစွာပူစေခြင်းနှင့် အေးစေခြင်းတို့ကို
ရှောင်ရှားရပါမည်။
EV ဘက်ထရီ သံသရာ
EV လီသီယမ် - အိုင်းယွန်းဘက်ထရီများကို ယေဘုယျအားဖြင့် သက်တမ်းရှစ်နှစ်မှ ၁၅
နှစ်အထိ (မောင်းနိုင်မှုခရီး ကီလိုမီတာတစ်သိန်းမှ နှစ်သိန်းခန့်အထိ)
သုံးနိုင်အောင် အာမခံထုတ်လုပ်ထားပြီး ဘက်ထရီ၏ ပထမသက်တမ်းပင်ဖြစ်၏။ ၎င်းကို
ကျော်လွန်ပြီးနောက် ဘက်ထရီစွမ်းရည် ၇၀ ရာခိုင် နှုန်းမှ ၇၅ ရာခိုင်နှုန်းခန့်သာ
ကျန်ရှိလျှင် ဘက်ထရီ ၏ ဒုတိယသက်တမ်းအဖြစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးနှင့်
နေအိမ်သုံးဘက်ထရီစနစ်များတွင် ဆက်လက်သုံးနိုင်၏။ သို့ဖြစ်ရာ ယင်းစွမ်းရည်ကျဘက်ထရီကို
ပြန်လည်အသုံးပြုလိုသည့် လုပ်ငန်းအဖွဲ့အစည်းထံ ပြန်လည်ရောင်းချပြီး EV အသစ်တစ်စီးဝယ်ယူရန် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါမည်။ ယင်းသို့
ဒုတိယသက်တမ်းအဖြစ် ၁၀ နှစ်ခန့် အသုံးပြုပြီး ဘက်ထရီစွမ်းရည် ၄၀ ရာခိုင်နှုန်းအောက်သို့
ထပ်မံကျဆင်းသွားပါက ၎င်းကို မစွန့်ပစ်ရပေ။ တတိယသက်တမ်းအဖြစ် အဖိုးတန်ဓာတ်သတ္တုများ
(လီသီယမ်၊ ကိုဗော့၊ ဂရပ်ဖိုက်၊ နီကယ်စသည်) ပြန်လည်ထုတ်ယူအသုံးချခြင်း (Recycling)
ဖြင့် ဘက်ထရီနှင့် အခြားကုန်ထုတ်လုပ်ငန်းများ၌ အသုံးပြုနိုင်ရာ သဘာဝမှ
အဖိုးတန်ဓာတ်သတ္တုများ ထုတ်လုပ်ရေးလိုအပ်ချက်ကိုပါ တစ်ပါတည်းလျှော့ချပေးနိုင်ရာ
သဘာဝသယံဇာတ ရင်းမြစ်များကိုလည်း ထိန်းသိမ်းစေနိုင်ပါမည်။
သက်တမ်းအလိုက်
EV ဘက်ထရီကို
အသုံးချနိုင်ပုံနှင့် ဘက်ထရီသံသရာလည်ပုံကို ပုံ ၁ တွင် တင်ပြ ထားပါသည်။ EV ဘက်ထရီရှိ အဖိုးတန်သတ္တုပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းမှ ၉၉
ရာခိုင်နှုန်းအထိ Recycle လုပ်ငန်းစဉ်များဖြင့်
ပြန်လည်ထုတ်ယူရရှိနိုင်ရာ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးဆိုင်ရာ စီးပွားရေးဂေဟစက်ဝန်း
(Circular Economy) ဖွံ့ဖြိုးရန် အထောက်အကူပြုပေးနိုင်ပါ၏။ သို့ဖြစ်ရာ
EV ဘက်ထရီများကို သက်တမ်းမတိုင်မီပျက်စီးခြင်း မဖြစ်အောင် တန်ဖိုးထားလျက်
နည်းစနစ်တကျသုံးစွဲကာ သက်တမ်းကြာရှည်အောင် အလေးထားဆောင်ရွက်ရန် လိုအပ်လှပေသည်။
၁။ EV ကို စနစ်တကျမောင်းခြင်း
၁။ (က)
ညင်သာစွာ အရှိန်လျှော့မောင်းခြင်း
EV မောင်းသည့် အရှိန်သည် တစ်နာရီ မိုင် ၅၀ နှုန်းထက်ကျော်လျှင် ကိုယ်ထည်အလေးချိန်ကို
ဆွဲရန်ထက် လေထုလွှာအတွင်းရှိ လေခုခံမှုကို ဖောက်ထွက်ရန်အတွက် စွမ်းအင်ကို
ပိုမိုအသုံးပြု ရ၏။ EV ၏ အရှိန်ကို ပြင်းထန်စွာမြှင့်တင်လေ
ဘက်ထရီစွမ်းအင်ကို ပိုမိုသုံးစွဲရလေဖြစ်၍ ပိုမိုမြန်ဆန်စွာအားကုန်ပြီး သွားနိုင်သည့်
ခရီးမိုင်လျော့နည်းသွားပါမည်။ သို့ဖြစ်ရာ အရေးမကြီးလျှင် ပုံမှန်နှုန်းဖြင့်
ညင်သာစွာအရှိန်လျှော့မောင်းပါက ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံသည့် အကျိုးကျေးဇူးကို
ရရှိစေပါမည်။ သို့ဖြစ်ရာ ညင်သာသောအရှိန်လျှော့မောင်းမှုပုံစံကို ကျင့်သုံးပါ။ သာဓကအားဖြင့်
အရှိန်သတ်မှတ်ချက် ၇၅ မိုင်နှုန်းတွင် ခရီးမိုင်
ပိုမိုသွားနိုင်စေရန်
၆၅ မိုင်နှုန်းဖြင့်သာ မောင်းပါ။
ထိုသို့
ပြုလုပ်ရန် အလိုအလျောက် အရှိန်ထိန်းချုပ်စနစ် (Cruise Control) ကို အသုံးပြုလျှင်
ယာဉ်မောင်းက EV ကို ထိန်းချုပ်မှုမလိုဘဲ အန္တရာယ်ကင်းရှင်းအောင်
သတ်မှတ်အရှိန်အတိုင်း ထိန်းမောင်း ပေးပါမည်။ အဆိုပါစနစ်အတွက် ခလုတ်မှာ
စတီယာရင်တွင် ပါလေ့ရှိပြီး မောင်းနှင်စဉ် ယာဉ်မောင်းရှေ့ ဒိုင်ခွက်ပေါ်တွင်လည်း
ပုံ ၂ တွင် ဖော်ပြပါအတိုင်း တွေ့မြင်နိုင်ပါသည်။
EV အတော်များများတွင် ပုံ ၃ တွင် ဖော်ပြပါအတိုင်း လိုက်လျောညီထွေ အရှိန်ထိန်းချုပ်စနစ်
(Adaptive Cruise Control-ACC) ပါဝင်ပြီး ၎င်းသည် မောင်းနှင်မှုလမ်းညွှန်စနစ်၊
ယာဉ်ကြောပိတ်ဆို့မှုအခြေအနေနှင့် ရေဒါ၊ ကင်မရာ၊ အာရုံခံ ကိရိယာများမှ အချက်အလက်များအရ
မည်သို့မောင်းသင့်သည်ကို ကြိုတင်သတ်မှတ်ပေးပြီး အန္တရာယ်ကင်းမည့် အကွာအဝေးအလိုက်
အရှိန်နှင့် အကွာအဝေးတို့ကို ထိန်းချုပ်ပေးခြင်း၊ ဘရိတ်အုပ်ခြင်းတို့ကို အလိုအလျောက်
လုပ်ဆောင်ပေး၏။ ရှေ့တွင် တောင်ဆင်းလမ်းရှိနေပါက ၎င်းစနစ်က လီဗာကို လျှော့ချပေးပြီး
ကမ္ဘာ့မြေဆွဲအားဖြင့် ယခင်အရှိန်ကို ဆက်လက်ထိန်းထားပေးခြင်း၊ ရှေ့တွင်အခြားယာဉ်ရှိလျှင်
အရှိန်လျှော့ချပေးခြင်း၊ ယာဉ်ကြောအခြေအနေအရ အဝေးပြေးလမ်းမှ
တိုးဂိတ်ထွက်ပေါက်မရောက်မီ အရှိန်ကို စတင်လျှော့ချပေးခြင်းတို့ကို အလိုအလျောက်
လုပ်ဆောင်ပေး၏။
အဆိုပါလိုက်လျောညီထွေ
အရှိန်ထိန်းချုပ်စနစ် (ACC)
ထက် ပိုမိုအဆင့်မြင့်သော အသိဉာဏ်ရှိ အရှိန်ထိန်းချုပ်စနစ် (Intelligent
Cruise Control-ICC) လည်းရှိ၏။ ယင်းသည် အဆင့်-၂ ရှိ တစ်စိတ်တစ်ပိုင်းမောင်းသူမဲ့စနစ်ဖြစ်၍
လိုက်လျောညီထွေ အမြန်နှုန်းထိန်းချုပ်မှု၊ မောင်းသူ၏ စတီယာရင်လှုပ်ရှားမှု၊ လမ်းအနိမ့်အမြင့်နှင့်
မြေပုံတို့ကို ပေါင်းစပ်ပြီး သက်မှတ်အရှိန်နှုန်းအမျိုးမျိုးကို
အလိုအလျောက်ထိန်းချုပ်ပေးနိုင်ရာ ခရီးဝေးများအတွက် သုံးစွဲရန် အထူးသင့်တော်ပါသည်။
၁။
(ခ) ဘရိတ်အုပ်ရင်း အားပြန်သွင်းခြင်း
EV ရှိ ပင်ကိုစွမ်းဆောင်နိုင်မှုမှာ ဘရိတ်အုပ်ရင်း အားပြန်သွင်းခြင်း (Regenerative
Braking) ဖြစ်၏။ EV မောင်းဖို့
အားသွင်းပေးရသော်လည်း ဘရိတ်အုပ်လျှင် အလိုအလျောက် အားပြန်သွင်းမှုက ထူးကဲသည့်
အားသာချက်ဖြစ်၏။ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို မော်တာက ရွေ့လျားစွမ်းအင်သို့
ပြောင်းလဲပေး၍ EV မောင်းနိုင်၏။ ဘရိတ်အုပ်လျှင် မော်တာက လျှပ်ထုတ်စက်အဖြစ်
ပြောင်းပြန် လုပ်ဆောင်၍ ရွေ့လျားစွမ်းအင်ကို လျှပ်စစ်စွမ်းအင်သို့ ပြန်လည်ပြောင်းလဲပေးရာ
ဘက်ထရီကို အားပြန်သွင်းရင်းယာဉ်ရပ်တန့်စေ၏။ ဤသို့ အသွားနှစ်ဖက်ဓားလို မော်တာက
လုပ်ဆောင်ပေး၍ လောင်စာဆီသုံးကားဆိုလျှင် အလဟဿဖြစ်မည့် စွမ်းအင် ၂၂ ရာခိုင်နှုန်းမှ
၆၅ ရာခိုင်နှုန်းအထိ EV သုံးစွဲမှုမှ အကျိုးကျေးဇူးအဖြစ်
ပြန်လည်ရရှိစေနိုင်၏။
အချို့
EV များတွင်
မြို့တွင်းမောင်းရန်ခြေနင်းတစ်ခုတည်းမောင်းနှင်မှုစနစ် (One Pedal သို့မဟုတ် e-pedal Driving) ပါဝင်ပြီး
အရှိန်တင်ခြင်းနှင့် ဘရိတ်အုပ်ခြင်းအတွက် လီဗာတစ်ခုတည်းကိုသာ သုံး၍ ယာဉ်မောင်းက
လီဗာကိုလွှတ်လိုက်သောအခါ မော်တာများသည် လျှပ်ထုတ်စက်အဖြစ် ပြောင်းပြန်
အလုပ်လုပ်ပြီး ကားကို ပုံမှန်အတိုင်း ရပ်တန့်စေ၏။ ၎င်းစနစ်ကို အလွန်အကျွံသုံးလျှင်
ဘေးအန္တရာယ်ကင်းရှင်းမှုနည်းပါးစေကြောင်း၊ အသုံးပြုဖန်များလာပါက အလေ့အထဆိုးအဖြစ်
အရေးပေါ်အခြေအနေတွင် ဘရိတ်ခြေနင်းကို နင်းရန် နှောင့်နှေးလာကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ရာ တရုတ်နိုင်ငံ တွင် ၂၀၂၇ ခုနှစ်မှစ၍ ၎င်းစနစ်ကို ပြဋ္ဌာန်းချက် အမှတ် GB
21670-2025 ဖြင့် မသုံးရန် တားမြစ်ထားပါသည်။
၁။
(ဂ) အရှိန်ဖြင့် လွှတ်မောင်းခြင်း
အကယ်၍
သင့် EV တွင်
ဘရိတ်အုပ်ရင်း အားသွင်းခြင်းစနစ် ချွတ်ယွင်းနေလျှင်(သို့မဟုတ်) မထိရောက်လျှင်
ဘက်ထရီစွမ်းအင်ချွေတာရေးအတွက် အရှိန်ဖြင့် လွှတ်မောင်းခြင်းကို သုံးနိုင်၏။ ၎င်းသည်
ဘရိတ်နင်းရမည့်အမှတ်သို့ မရောက်မီအဝေးကတည်းက လီဗာကို လွှတ်လိုက်ပြီး ကား၏ လိမ့်ထွက်သွားသော
အရှိန်ဖြင့် ဆက်သွားစေသည့်စနစ်ကို ဆိုလိုသည်။ ၎င်းသည် မြို့တွင်းဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှုရှိရာ
မောင်းရန် လက်တွေ့မကျသော်လည်း အဝေးပြေးလမ်းများတွင်သုံးလျှင် ရွေ့လျားစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့
ပြောင်းလဲရာတွင် စွမ်းအင်ဆုံးရှုံးမှုမရှိရာ ဘရိတ်အုပ်ရင်း အားသွင်းခြင်းစနစ်ထက် ပိုမိုထိရောက်ပါသည်။
အမှန်စင်စစ်တွင်
ဘရိတ်အုပ်ရင်းအားသွင်းခြင်းနှင့် အရှိန်ဖြင့် လွှတ်မောင်းခြင်းစနစ်နှစ်မျိုးကို
ယာဉ်ကြောအခြေအနေအလိုက် တွဲဖက်သုံးနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။
ခရီးဝေးသွားလျှင် ဘရိတ်အုပ်ရင်းအားသွင်းခြင်းစနစ်ကို ပိတ်ထားပါ (သို့မဟုတ်)
အနိမ့်ဆုံးအဆင့်တွင်ထားပါ။ မကြာခဏရပ်တန့်ရသော မြို့တွင်းယာဉ်ကြောများတွင်မူ
ဘရိတ်အုပ်ရင်းအားသွင်းခြင်းကို အမြင့်ဆုံးအဆင့်သို့ ပြောင်းလဲအသုံးပြုပါ။
၎င်းတွဲဖက်မှုက ခရီးမိုင်အများဆုံးသို့ ရောက်ရှိစေ၏။
၁။
(ဃ) Eco Mode ကို အသုံးပြုခြင်း
EV အသစ်များအားလုံးတွင် မောင်းနှင်မှုနှင့် လမ်းအခြေအနေတို့အပေါ် မူတည်၍ စွမ်းရည်ကို
ညှိယူပေးသည့် မောင်းနှင်မှုရွေးချယ်ရန် Mode များ
ပါဝင်သည့်အနက်တစ်ခုမှာ Eco Mode ဖြစ်ပြီး အားသွင်းရန် အခက်အခဲရှိလျှင်
အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
အချို့
EV တွင် မောင်းနှင်မှုပုံစံပြောင်းရန်
စတီယာရင်ဘီးပေါ်၌ ခလုတ်ရှိ၏။ EV မော်ဒယ်သစ်များတွင်
ယာဉ်မောင်းရှေ့ရှိ မောင်းနှင်ထိန်းချုပ်မှုအခြေအနေပြ ဒစ်ဂျစ်တယ်မျက်နှာပြင်ပေါ်တွင်
ရွေးချယ်ရသည်။ Eco Mode ကို ဖွင့်ထားပါက စွမ်းအင်ချွေတာရန်အတွက်
အမြင့်ဆုံးစွမ်းဆောင်ရည်ကို ကန့်သတ်ခြင်း၊ လေအေးပေးစနစ် ရွေးချယ်မှုများကို
ပြောင်းလဲခြင်း၊ လီဗာတုံ့ပြန်မှုကို ညင်သာစေခြင်း (သို့မဟုတ်) ရုတ်တရက်
အရှိန်မြှင့်တင်မှုများအား ကန့်သတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ သာဓကအနေဖြင့်
ပုံ ၄ တွင် EV တစ်စီး၏ မောင်းနှင်ထိန်းချုပ်မှုအခြေအနေပြ
ဒစ်ဂျစ်တယ်မျက်နှာပြင်ပေါ်ရှိ Eco Mode ကို တွေ့မြင်ရပါမည်။
၁။
(င) EV တာယာကို မှန်ကန်စွာ သုံးစွဲခြင်း
တာယာများသည်
လမ်းနှင့် တိုက်ရိုက်ထိတွေ့နေသောကြောင့် ရလဒ်အနေဖြင့် မောင်းနှင်စဉ်
ပွတ်တိုက်မှုဒဏ်ကိုခံရသဖြင့် မည်သည့်ယာဉ်အတွက်မဆို အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်၏။
EV တွင် လောင်စာဆီသုံး
ကားတာယာများကို သုံးစွဲရန်မသင့်လျော်ပါ။ EV တာယာဆိုင်ရာ
သတ်မှတ်စံချိန်စံညွှန်းများနှင့် အရည်အသွေးပြည့်မီသော တာယာများကိုသာ သုံးစွဲသင့်၏။
EV ကားများ၏ အရှိန်မြှင့်တင်မှုသည် အလွန်မြန်ဆန်လှသဖြင့် တာယာနှင့် လမ်းမျက်နှာပြင်
ကြားတွင် တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်မှု ပိုမိုများပြားလာနိုင်ရာ ထိုတည်ငြိမ်လျှပ်စစ်များကို
မြေပြင်သို့ လုံခြုံစွာစီးဆင်းသွားစေရန် လျှပ်ကူးပစ္စည်းအထူးအလွှာများ ထည့်သွင်းထားပါသည်။
ယင်းအပြင် EV တာယာတွင် ပုံသဏ္ဌာန်ပြောင်းလဲမှုကို အနည်းဆုံးဖြစ်အောင်
ဖန်တီးထားကာ လှိမ့်ပတ်ခုခံမှုအား လျှော့ချပေးပြီး စွမ်းအင်ချွေတာမှုကို ရရှိစေ၏။
ထို့ပြင် မြန်နှုန်းမြင့်မောင်းစဉ် တာယာကယာဉ်၏ အလေးချိန်ဗဟိုချက်ကို ဟန်ချက်ညီညီ
ထိန်းထားနိုင်ရန် အထူးပြုလုပ်ထားပါသည်။
EV ၌ အင်ဂျင်သံဆူညံမှုမရှိရာ တာယာများမှ ဆူညံသံကို လျှော့ချရန် တာယာအတွင်းပိုင်း၌
ကပ်ထားသော အသံလုံဖော့နည်းပညာသုံး အမြှုပ်လွှာများက တာယာအတွင်း လေတုန်ခါမှုကြောင့်
ထွက်ပေါ်သော အသံများကို စုပ်ယူပေး၏။
ထိုမျှမက
ဘက်ထရီကြောင့် လောင်စာဆီသုံးကားထက် EV အလေးချိန်သည် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိ
ပိုမိုလေးလံ၏။ သို့ဖြစ်ရာ EV တာယာသည် အဆိုပါအလေးချိန်နှင့်
ရုတ်တရက်ထွက်သောအရှိန်တို့ကို ခံနိုင်ရည်ရှိရန်နှင့် အကောင်းဆုံးသွားနိုင်မည့်
ခရီးမိုင်အတွက် လေခွင်းအားစနစ်ကောင်းမွန်ရန်လည်း လိုအပ်ပါသည်။
ယင်းအပြင်
EV တာယာ
လေပေါင်မမှန်ကန်ပါက စွမ်းအင်သုံးစွဲမှုကို သိသာစွာမြင့်တက်စေရာ သတ်မှတ်နှုန်းအတိုင်း
ရှိ-မရှိ အလေးထားစစ်ဆေးပါ။ ယေဘုယျအားဖြင့် တစ်လက်မပတ်လည်အတွင်းရှိ လေပေါင်နှုန်း (PSI-pound
per square inch) သည် ၃၈ မှ ၄၂ ရှိလျှင် ကောင်းမွန်၏။ ၎င်းနှုန်းကို
ယာဉ်မောင်းဘက်ခြမ်း တံခါးပေါင်အတွင်းတွင် တွေ့ရှိနိုင်၏။ EV မော်ဒယ်သစ်များတွင်
တာယာလေပေါင်ကို ဒိုင်ခွက်ပေါ်တွင်ပင် ပြသပေးရာစစ်ဆေးရန် ပိုမိုလွယ်ကူစေပါသည်။
အားလုံးကိုခြုံငုံလျက်
EV တာယာများ၌
အသံစုပ်ရေမြှုပ်၊ ဝန်လေးခံရော်ဘာဒြပ်ပေါင်းသား၊ အကွေ့များတွင် ကားကို
ယိမ်းထိုးမှုလျှော့ချပေးပြီး ခိုင်ခံ့မှုရှိသော တာယာဘေးသားနံရံ၊
ခံနိုင်ရည်အားကောင်းသော သံမဏိကြိုးများ၊ စွမ်းအင်ချွေတာရန်ပွတ်တိုက်မှုနှင့်
လှိမ့်ပတ်ခုခံမှုအားတို့ နည်းပါးစေရေးအပြင် မိုးရွာလမ်းများ၌
ရေဖယ်ရှားမှုနှုန်းနှင့် လမ်းကပ်အား ပိုမိုကောင်းမွန်စေပြီး လမ်းချော်မှု
မဖြစ်စေသည့် တာယာပန်းပုံစံဖြင့် ပြည့်စုံရပါမည်။
EV တာယာကို ပုံ ၅ နှင့် ၆ တို့တွင် သာဓကအဖြစ် မြင်နိုင်ပြီး တာယာအမျိုးအစား၊
အရွယ်အစားနှင့် ပန်းပုံစံ၊ သက်တမ်း၊ ဝန်ခံနိုင်ရည်ညွှန်းကိန်းများ၊
အမြန်နှုန်းကန့်သတ်ချက်၊ အသုံးပြုပြီးဖြစ်-မဖြစ်၊ သက်တမ်းလွန်ခြင်း ရှိ-မရှိ၊
ကွဲအက်ခြင်း ရှိ-မရှိ၊ ပုံစံပျက်ယွင်းခြင်း ရှိ-မရှိအခြေအနေတို့ကို သေချာစွာ
စိစစ်ရပါမည်။
ခရီးဝေးသွားပါက
EV ဘီးအပို
ဆောင်ထားသင့်၏။ ထို့အပြင် EV တာယာများကို ရေရှည်အသုံးပြု
နိုင်စေရန် ဘီးအားလုံးဟန်ချက်ညီအောင် အလိုင်းမင့်ချိန်ညှိခြင်းနှင့် လစဉ်ပုံမှန်စစ်ဆေးကာ
ကီလိုမီတာရှစ်ထောင်မှ တစ်သောင်းခန့်အထိ မောင်းပြီးလျှင် တစ်ကြိမ် ရှေ့၊ နောက်၊ ဝဲ၊
ယာ စသော အစီအစဉ် အတိုင်း တာယာများကို ပြောင်းရွှေ့တပ်ဆင်ပေးရပါမည်။
၁။
(စ) ကားအတွင်းပိုင်း အပူချိန်ကို ကြိုတင် ညှိထားခြင်း
EV ဖြင့် စမထွက်မီ အားသွင်းကာ လေပူ (သို့မဟုတ်) လေအေးပေးစနစ်ကို
ကြိုတင်ဖွင့်ထားပါ။ သို့မှသာ ဘက်ထရီစွမ်းအင်အပြည့်ဖြင့် နွေးထွေးမှု (သို့မဟုတ်)
အေးမြမှုရှိစွာ သက်သောင့်သက်သာ စတင်မောင်းနိုင်ပြီး စွမ်းအင်ချွေတာနိုင်ပါမည်။
အချို့ EV များ၌ အတွင်းပိုင်း အပူချိန်ကို Application
များဖြင့်လည်း အလွယ်တကူ ထိန်းချုပ်သုံးစွဲ နိုင်ပါသည်။
၁။
(ဆ) မလိုအပ်သော ဝန်ပိုနှင့် အမိုးစင်များ ဖယ်ရှားခြင်း
EV တွင် လေခုခံမှု အနည်းဆုံးဖြစ်အောင် လေခွင်းအားစနစ်ပုံစံကို အကောင်းဆုံး
ဒီဇိုင်းထုတ်ထားပြီး ခရီးမိုင်ပိုမိုသွားနိုင်ရန် ဖန်တီးထားသည်။ သို့သော်
ဝန်ပိုပစ္စည်းများက လေခုခံမှု ၁၅ ရာခိုင်နှုန်း အထိ ပိုမိုမြင့်တက်စေပြီး
ဘက်ထရီစွမ်းအင်ကို ပိုမိုသုံးစွဲရ၏။ ထို့ကြောင့် ခရီးဝေးသွားက ခရီးမိုင်ပိုမို
ရရှိစေရန် အမိုးစင်များ၊ မလိုသောပစ္စည်းများနှင့် ဝန်ပိုအလေးချိန်များကို
ဖယ်ရှားထားပါ။
၁။
(ဇ) မှန်တံခါးများကို ဖွင့်ပြီး မမောင်းခြင်း
မှန်တံခါးများကို
ဖွင့်မောင်းတိုင်း စွမ်းအင်မချွေတာနိုင်ပါ။ အရှိန်မြှင့်မောင်းနှင်စဉ်
လေခုခံမှုကို ပိုမိုကျော်လွှားရရာ စွမ်းအင်ပိုမိုသုံးစွဲရပြီး အချို့ယာဉ်များတွင်
မှန်တံခါးဖွင့်မောင်းခြင်းက စွမ်းအင်သုံးစွဲမှုကို ၂၀ ရာခိုင်နှုန်းအထိ
မြင့်တက်စေနိုင်၏။ သို့သော် အရှိန်အနိမ့်ဖြင့် မောင်းချိန်၌ လေခုခံမှုနည်းပါးသဖြင့်
စွမ်းအင်ပိုမိုသုံးစွဲရမှု မပြောပလောက်ပါ။ EV အမျိုးအစားနှင့် ဒီဇိုင်းအပေါ်တွင်လည်း
မူတည်ပါလိမ့်မည်။ မြို့တွင်း၌ မိုင် ၅၀ နှုန်းအောက် မှန်တံခါး များ ဖွင့်မောင်းလျှင်
စွမ်းအင်ချွေတာနိုင်ပါမည်။ သို့သော် အဝေးပြေးလမ်းများတွင်မူ အအေးပေးစနစ်ကိုသာ
ဖွင့်ထားသင့်၏။
၁။
(ဈ) ရေလွှမ်းမိုးနေသော လမ်းများပေါ်တွင် အတတ်နိုင်ဆုံး မမောင်းခြင်း
EV တွင် အလိုအလျောက်ဘေးကင်းစနစ်များနှင့် မိုးရေထဲနှင့် ရေလွှမ်းလမ်းများ၌ မောင်းပါက
လောင်စာဆီသုံးကားများထက် အားသာချက်များရှိပြီး ပိုမိုစွမ်းဆောင်နိုင်၏။ သို့ရာတွင်
ရေလွှမ်းလမ်း များ၌ EV ကို အချိန်ကြာကြာမောင်းလျှင်
ထိန်းချုပ်နိုင်မှုဆုံးရှုံးခြင်း (သို့မဟုတ်) ကြီးမားသော ပျက်စီးခြင်းများရှိလာနိုင်၍
ဖြစ်နိုင်လျှင် မမောင်းသင့်ပါ။ ရေအနက်မသိ၊ ရေစီးသန်သော လမ်းများ၌ EV လုံးဝ မမောင်းသင့်ပါ။ မဖြစ်မနေအခြေအနေအရ မောင်းရလျှင် EV ရှေ့မှရေလှိုင်းကိုထစေပြီး လျှပ်စစ်အစိတ်အပိုင်းများအတွင်း ရေမဝင်ရောက်စေရန်
စိတ်ရှည်ရှည်ဖြင့် အလွန်နှေးနှေးသွားရမည်။ တစ်နာရီလျှင် ၅ ကီလိုမီတာမှ ၁၀ ကီလိုမီတာ
(၃ မိုင်မှ ၆ မိုင်) အထိသာ မောင်းရပါမည်။ အရှိန်ပြင်းမောင်းလျှင် လှိုင်းလုံးများက
ကားအပေါ်ပိုင်းရှိ ရေစိုမခံနိုင်သော အစိတ်အပိုင်းများအတွင်းသို့ ရေများကို တွန်းပို့(သို့မဟုတ်)လှိုင်းလုံးများက
ကားကို မြောက်တတ်စေပြီး ဘီးများကို ချော်ထွက်စေနိုင်၏။ EV ဖြင့်
ရေပြင်ကို ဖြတ်ကျော်ရန် ပုံမှန်ထက် ပိုကြာနိုင်ပြီး ဘေးကင်းရေးအတွက်
လေအေးပေးစက်ကို ပိတ်ထားကာ ရေပြင်ကို ဖြတ်ကျော်ပြီးနောက် ဘရိတ်ကို ညင်သာစွာနင်းကာ
အခြောက်ခံပါ။
ရေလွှမ်းမိုးနေသော
နေရာများတွင် EV မောင်းလျှင် အထူးသတိပြုရမည်များမှာ-
ရေပြင်အနက်
- EV မောင်းနိုင်သည့်
ရေပြင်အနက်မှာ ဆလွန်းကားဖြစ်လျှင် ၁၀ စင်တီမီတာ မှ ၁၅ စင်တီမီတာ ( ၄ လက်မမှ ၆
လက်မ) နှင့် SUV ကားဖြစ်လျှင် ၅၀ စင်တီမီတာ
(တစ်ပေခွဲကျော်ခန့်) အထိရှိ၏။ အချို့ကားများက ၎င်းတို့ထက် ပိုမိုခံနိုင်ရည်ရှိနိုင်၏။
ကာကွယ်မှု
- EV ဘက်ထရီများကို
ဖုန်မှုန့်နှင့် ရေဝင်ရောက်မှုများမှ အကာအကွယ်ပေးခြင်း စံနှုန်းအဆင့်ကို IP
(Ingress Protection) ဖြင့် ထုတ်လုပ်ထားပါ၏။ အများအားဖြင့် စံနှုန်း
IP67 ဖြင့် ထုတ်လုပ်ထားပြီး ရေအနက်တစ်မီတာ(၃.၂၈၁ ပေ) အထိ
မိနစ် ၃၀ ခန့်ကြာအောင် နစ်မြုပ်ခံနိုင်၏။ IP စာလုံးနောက်မှ ပထမဂဏန်း
6 သည် ဖုန်မှုန့်ကို သေချာစွာလုံအောင် ကာကွယ်နိုင်မှုအဆင့်ကို
ဖော်ပြ၍ ဒုတိယဂဏန်း 7 သည် ရေလုံအောင် ကာကွယ်နိုင်မှုကို
ဖော်ပြ၏။ IP68 အဆင့်ဖြစ်ပါက ရေအနက် ၁.၅ မီတာ (၄.၉၂ ပေ)အထိ
မိနစ် ၃၀ မှ နာရီအတော်များများကြာအောင် နစ်မြုပ်ခံနိုင်၏။ ၎င်းအဆင့်တို့မှာ အမြင့်ဆုံးခံနိုင်ရည်များဖြစ်ပြီး
ပုံမှန်မောင်းနှင်ရန် အခြေအနေများ မဟုတ်ပါ။
ပျက်စီးနိုင်ခြေအန္တရာယ်
- EV ဖြင့်
ရေနက်သော ရေပြင်တွင် မရှောင်ရှားဘဲ အမြဲမောင်းပါက အကြိုအကြားသို့ ဝင်ရောက်သွားသည့်
အညစ်အကြေးရည်များကို သန့်ရှင်းရန် မလွယ်ကူခြင်း၊ သံချေးတက်ခြင်း၊ Suspension
များ၊ ဘရိတ်နှင့် လျှပ်စစ်စနစ်များသည် ရေရှည်၌ ထိခိုက်လာပြီး
တစ်စီးလုံး စွန့်ပစ်လိုက်ရသည်အထိ ဖြစ်နိုင်၏။ ရေကြီးသည့်ရေများ အထူးသဖြင့် ပင်လယ်ရေ
(ဆားငန်ရေ) သည် ဘက်ထရီ မီးလောင်ခြင်းကို ဖြစ်ပေါ်စေ၏။ ရေလွှမ်းမိုးလမ်းများ
ပေါ်တွင် EV ကို အတတ်နိုင်ဆုံး မမောင်းသင့်ပါ။ ရေအနက်မသိရ၍ ရေစီးသန်သောလမ်းများတွင်
EV လုံးဝမမောင်းသင့်ပါ။
၁။
(ည) ပြင်ပအားသွင်းပါဝါဘဏ် (Power Bank)များကို
သတိပြုထားရှိသင့်ခြင်း
ယခုနှစ်
မတ်လ ၃ ရက်နေ့က ဟောင်ကောင်မြို့ Tuen Mun လမ်းမပေါ်တွင် ငွေရောင် BYD Seal တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ Tsing Tin လမ်းဆုံ
အနီးတွင် ယာဉ်ကြောပိတ်ဆို့မှုများ သိသာစွာ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်စဉ်အတွက်
သက်ဆိုင်ရာ ဝန်ဆောင်မှုစင်တာ၌ နည်းပညာပိုင်း အသေးစိတ်စစ်ဆေးခဲ့ရာတွင် စက်ပိုင်း (သို့မဟုတ်)
လျှပ်စစ်စနစ် ချွတ်ယွင်းချက်ကြောင့် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး စစ်ဆေးမှုရလဒ်များအရ
ထိုင်ခုံပေါ်၌ တင်ထားခဲ့သော ပြင်ပအားသွင်းပါဝါဘဏ် (Power Bank) တစ်ခု၏ ရှော့ခ်ဖြစ်ခြင်း (သို့မဟုတ်) အပူလွန်ကဲခြင်းမှ
မီးစတင်လောင်ကျွမ်းရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြင်ပအားသွင်း ပါဝါဘဏ်များအား ယာဉ်အတွင်းခန်း၌
ထားရှိလျှင်သတိပြုရပါမည်။
(ဆက်လက်ဖော်ပြပါမည်)






No comments:
Post a Comment