မြင့်မောင်စိုး
တစ်လောက ကျွန်တော်သတင်းထောက်ကြီးတစ်ယောက်ရဲ့ ဖိတ်ကြားစီစဉ်မှုအရ ရန်ကုန်- မန္တလေး အမြန်လမ်း ၁၁၅ မိုင်အနီး ပဲခူးရိုးမပေါ်ရှိ ဖြူးချောင်းရေလှောင်တမံသို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော် အကြိမ်ကြိမ်အခါခါသွားရောက်ခဲ့စဉ် အမြန်လမ်းမပေါ်ကနေ ဒီရေလှောင်တမံကို လှမ်းမြင်ရပေမယ့် လေ့လာခွင့်မကြုံခဲ့ပါ။ အခုတစ်ခါမှာတော့ ဖြူးချောင်းရေလှောင်တမံအကြောင်းသာမက နိုင်ငံတစ်ဝန်းကရေလှောင်တမံကြီးတွေရဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ပေးနေတာတွေ၊ စိုက်ပျိုးရေပေးဝေနေတာတွေကို အသေးစိတ် သိရှိလေ့လာခွင့်ရခဲ့ပါတယ်။
လှပခံ့ညားတဲ့တာတမံ
ကျွန်တော်တို့လေ့လာရေးအဖွဲ့ ယာဉ်တန်းဟာ ၁၁၅ မိုင် အမြန်လမ်းမှ အနောက်ဘက် ပဲခူးရိုးမတောင်ကြောပေါ်တက်သွားပြီး နာရီဝက်ခန့်အကြာ မှာတော့ ဖြူးချောင်းတမံကို ရောက်ပါတယ်။ ကြည်စိမ်းနေတဲ့ရေပြင်၊ လှပခံ့ညားတဲ့တာတမံ၊ ညို့ညို့ဆိုင်းဆိုင်းရှိနေတဲ့ တောတောင်လျှိုမြောင်တွေကြောင့် စိတ်ကြည်နူးဖွယ်ကောင်းလှပါတယ်။
ရေလှောင်တမံအနီးမှာတော့ ရေလှောင်တမံနဲ့ပတ်သက်တဲ့ ကြေးပြားကမ္ပည်းမော်ကွန်း စိုက်ထူထားတာကိုတွေ့ရပါတယ်။ မော်ကွန်းမှာရေးထား တဲ့စာတန်းကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနက အကောင်အထည်ဖော်ခဲ့ပြီး ( ၈-၁-၂၀၁၅) ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့သည်လို့ရေးသားထားတာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ ရေလှောင်တမံနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း မေးမြန်းခဲ့ပါသေးတယ်။
“ကျွန်တော်တို့ ဒီရေလှောင်တမံကြီးကနေ ၂၀၁၄ ခုနှစ်နောက်ပိုင်းကစတင်ပြီး ဓာတ်အားထုတ်လုပ်ပါတယ်။ ဒီဇိုင်းအရဆိုရင်တော့ တစ်နှစ်ကို ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ ထုတ်လုပ်နိုင်ပါ တယ်။ မနှစ်ကတော့ ဆည်ရေဝင်ရောက်မှု အားကောင်းတာကြောင့် လျာထားချက်ကို ကျော်လွန် ပြီး ၂၀၉ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါ တယ်”လို့ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်ရုံမှူး ဦးမင်းသူအောင်ကဆိုပါတယ်။
ဘက်စုံရေလှောင်တမံစီမံကိန်းတွေဟာ မဟာဓာတ် အားလိုင်း(National Grid) ထဲကို နေ့စဉ် ဓာတ်အားတွေထုတ်လုပ်ပို့လွှတ်နေသလို စိုက်ပျိုးရေကိုလည်း ဖြန့်ဖြူးပေးနေပါတယ်။
“ကျွန်တော်တို့ ဖြူးချောင်းရေလှောင်တမံက ဒီနှစ်နွေရာသီမှာတော့ နွေစပါးအတွက် စိုက်ပျိုးရေပေးဝေနေပါတယ်။ စုစုပေါင်း နွေစပါးစိုက်ဧက ၁၈၀၀၀ အတွက်ဖြစ်ပါတယ်။ စီမံကိန်းရဲ့ သုံးပုံ တစ်ပုံပါ။ စီမံကိန်းအားလုံးပြီးသွားရင်တော့ ဧက ၉၀၀၀၀ အထိ နွေစပါးရေပေးဝေနိုင်မှာဖြစ်ပါတယ်” လို့ ဖြူးချောင်းရေလှောင်တမံစီမံကိန်းတည်ဆောက်ရေး (၁)လက်ထောက်ညွှန်ကြားရေးမှူး ဦးတလန်ကြားက ဆိုပါတယ်။
စိုက်ပျိုးရေးအတွက်လည်း အားထားရ
မြန်မာနိုင်ငံမှာ စပါးစိုက်ဖို့ စိုက်ပျိုးရေလည်းပေးနိုင်၊ လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်တဲ့ နိုင်ငံပိုင်ဘက်စုံရေလှောင်တမံစီမံကိန်း ၂၅ ခု ရှိကြောင်း လေ့လာမှတ်သားရပါတယ်။ အများအား ဖြင့်တော့ ဖြူးချောင်းရေလှောင်တမံအပါအဝင် ဘီလူးချောင်း၊ ကင်းတား၊ ဆည်တော်ကြီး၊ ဇော်ဂျီ၊ပေါင်းလောင်း၊ သဖန်းဆိပ်နဲ့ ရဲရွာအစရှိတဲ့ ရေလှောင်တမံစီမံကိန်းတွေဖြစ်ပါတယ်။ ဒီလို စီမံကိန်းတွေဟာ လျှစ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်သလို စိုက်ပျိုးရေးအတွက်လည်း အားထားရတဲ့ စီမံကိန်းကြီးတွေဖြစ်ပါတယ်။
ဒီလိုဘက်စုံရေလှောင်တမံ စီမံကိန်းကြီးတွေဟာ အခြားအခြားသော ရေလှောင်တမံစီမံကိန်းတွေနဲ့မတူပါဘူး။ ပထမဦးစွာ ရေလှောင်တမံမှ ထုတ်လွှတ်လိုက်တဲ့ရေကို အသုံးပြုပြီး တာဘိုင်စက်တွေကို လည်ပတ်စေကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာဖြစ်ပါတယ်။ တစ်ဖန် ရေအားလျှပ်စစ် ထုတ်လုပ်ရာမှ စီးဆင်းသွားတဲ့ရေတွေကို အောက်ဘက်မှာ ရေလွှဲဆည်တစ်ခုတည်ဆောက်ပြီး စိုက်ပျိုးရေအဖြစ် အသုံးချတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ရေလှောင်တမံ ၂၅ ခု အနက်က စီမံကိန်းအများစုကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဒီလိုဘက်စုံရေလှောင်တမံစီမံကိန်းတွေ အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့ဆိုတာ ငွေကြေးအရင်းအနှီး ရှိရုံနဲ့မဖြစ်ပါဘူး။ မြေမျက်နှာသွင်ပြင် ပထဝီအနေအထားက အဓိကအကျဆုံးလို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆည်တမံအများစုဟာ တောင်ကုန်းတောင်တန်းတွေနဲ့ ချိုင့်ဝှမ်းတွေကို အခြေခံတည်ဆောက်ထားတာပါ။ မြန်မာနိုင်ငံမှာ အရှေ့ဘက်မှာဆိုရင် ရှမ်းကုန်းမြင့်၊ အနောက်ဘက်မှာဆိုရင် အနောက်ရိုးမ၊ အလယ်ပိုင်းမှာဆို အလယ်ရိုးမခေါ် ပဲခူးရိုးမစတာတွေရှိပါတယ်။ ဆည်တမံအများစု ဟာ တောင်ရိုးတောင်စွယ်တွေကို တာတမံအဖြစ် ဖြတ်တားကာတည်ဆောက်ခဲ့တာပါ။
ဒါဟာ မြန်မာနိုင်ငံအတွက် သဘာဝကပေးတဲ့ လက်ဆောင်လို့ဆိုရမှာပါ။ ဒီလိုတောင်ရိုးတောင်စွယ်တွေ၊ တောင်တန်းတွေ၊ ချောင်းတွေ၊ မြောင်းတွေမရှိဘူးဆိုရင် ဘက်စုံရေလှောင်တမံစီမံကိန်းတွေတည်ဆောက်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အဓိကရေချိုအရင်းအမြစ်တွေဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်းမြစ်ကြီးတွေဆိုတာ ရှိပါတယ်။ ဒီမြစ်ကြီးတွေကလည်း တောင်တန်းတွေကို မြစ်ဖျားခံပြီး ပေါ်ပေါက်လာတာဖြစ်ပါ တယ်။ တကယ်လို့သာ ဆည်တမံတွေမရှိဘူး၊ မတည်ဆောက်ခဲ့ဘူးဆိုရင် မိုးအခါမှာ ရေကြီးရေလျှံ မှုတွေ ပိုမိုပြီးဖြစ်ပွားနိုင်သလို နွေအခါမှာလည်း ရေပြဿနာကြုံတွေ့ရဖို့ ရှိပါတယ်။
ဆည်တမံအစုအဖွဲ့တွေ ပေါ်ပေါက်လာ
မြန်မာနိုင်ငံမှာ ယခင်ကဆည်တမံဆိုတာ နည်းပါတယ်။ အခုအချိန်မှာတော့ ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းတွေမှာ ဆည်တမံအစုအဖွဲ့တွေ ပေါ်ပေါက်လာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကိုကြည့်မယ်ဆိုရင်လည်း ဟိုတုန်းက မိုးကောင်းရေသောက်မျှသာဖြစ်ပါတယ်။ မိုးကောင်းရေသောက်ဆိုတာ မိုးကောင်းတဲ့နှစ်မှာ စိုက်ရေးပျိုးရေးကောင်းပါတယ်။ မိုးခေါင်တဲ့နှစ်မှာတော့ စိုက်ပျိုးရေးမကောင်းပါဘူး။ စိုက်ပျိုးရေးမကောင်းရင် အခြားစီးပွားရေးတွေလည်း မကောင်းနိုင်ပါဘူး။ စီးပွားရေးမကောင်းရင် လူတစ်ဦးချင်း ဝင်ငွေကျဆင်းနိုင်သလို တိုင်းပြည်ရဲ့ ဂျီဒီပီလည်းကျဆင်းနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံမို့ပါ။
ဟိုတုန်းကဆိုရင် အောက်ပြည်အောက်ရွာသွားတဲ့ အညာသူအညာသားတွေဟာ အပြန်မှာ ဘာလက်ဆောင်မှမပါရင်နေ ဆန်လေးတစ်စိတ်၊ တစ်ခွဲလောက် အညာဆန်ရထားကြီးတွေစီးပြီး သယ်ကြရရှာတယ်။ အညာမှာ ဆန်ရှားတာကိုး။ ခုတော့ ဒါတွေဟာ ပြောင်းပြန်ဖြစ်သွားပြီ။ ဆည်တမံတွေရဲ့ကျေးဇူးကြောင့် အညာကဆန်တွေ ပြည်ပနိုင်ငံအထိ ပို့နေပြီ။ စပါးပေါ်ချိန်ဆို အညာကဆန်ကားကြီးတွေ ရန်ကုန်ဆိပ်ကမ်းတွေကတစ်ဆင့်ပို့နေတာ အများအပြားတွေ့ရပါတယ်။ အညာသားတွေဟာ စပါးအတွက်မိုးမကောင်းလို့ စပါးအောင်ရေ မရဖို့ ပူစရာမလိုတော့ပါဘူး။
ဒါပေမယ့်လည်း အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဆည်တမံတွေကို တည်ဆောက်နိုင်ခဲ့ပေမယ့် စိုက်ပျိုးရေပေးဝေဖို့ မြောင်းလက်တံတွေ၊ တူးမြောင်း တွေ၊ ရေသောက်စနစ်တွေ ဆက်လက်တည်ဆောက် ဖို့ကျန်ပါသေးတယ်။
မြောင်းလက်တံတွေတည်ဆောက်
ဖြူးချောင်းရေလှောင်တမံ စီမံကိန်းတစ်ခုတည်း ကိုကြည့်မယ်ဆိုရင် အခုမှဆည်ရေသောက်ဧက ၁၈၀၀၀ လောက် မြောင်းလက်တံတွေတည်ဆောက် ပြီးနေတာဖြစ်ပါတယ်။ ဆည်ရေသောက်ဧက ၉၀၀၀၀ အထိ ဖော်ဆောင်ဖို့ကျန်ရှိနေပါသေးတယ်။ ၂၀၂၈-၂၀၂၉ ခုနှစ်အထိ ဆည်ရေသောက်ဧက ၉၀၀၀၀ အတွက် လျာထားဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဖြူးချောင်းတမံလို ဘဏ္ဍာနှစ်အလိုက်ဖော်ဆောင်မယ့် ဆည်ရေသောက်စနစ်တွေ ကျန်ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။
ဒီလို ဘဏ္ဍာနှစ်တွေအလိုက် ဆည်ရေသောက် စနစ်တွေဖြစ်တဲ့ မြောင်းလက်တံတွေ၊ ရေသိုလှောင် မှုစနစ်တွေ ကောင်းလာတာနဲ့အမျှ မြန်မာပြည် တစ်နံတစ်လျားမှာ ရွှေရောင်ဝင်းတဲ့စပါးခင်းတွေ ဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာဦးမှာ ဖြစ်ပါတယ်။ နွေအခါမှာ ရေရှာစရာမလိုဘဲ စိုက်ဧကတွေ တိုးလာဖို့ရှိပါတယ်။ အခုအခါမှာ စပါးအပြင် နွေနှမ်းတွေတောင် စိုက်နေကြပါပြီ။ ကဲ... စပါးက ဆန်၊ နှမ်းက ဆီ ဘာပူစရာလိုသေးလဲ။ သြော်. ဒါကလည်း ဆည်တမံများ အမြော်အမြင်ရှိရှိ တည်ဆောက်ခဲ့တဲ့ကျေးဇူးပေကိုး။ ။


No comments:
Post a Comment