Monday, April 6, 2026

အီးအမ်၊ မြေဆွေးနှင့် ဘိုကာရှီ - မြန်မာ့စိုက်ပျိုးရေးအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်း

 


ယုယုမင်း

ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတ်မြေဩဇာအသုံးချမှုသည် အလွန်ကျယ်ပြန့်လာခဲ့သော်လည်း ယင်းနှင့်အတူ စျေးနှုန်းမြင့်တက်မှု၊ ကုန်ကျစရိတ်များ တိုးမြင့်လာမှု၊ လောင်စာဆီရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများ ပိုမိုများပြားလာနေသည်။ ထို့အပြင် ဓာတ်မြေဩဇာများကို အသုံးပြုမှုမညီမျှခြင်းသည် မြေဆီလွှာ၏ သဘာဝအရည်အသွေးကို ထိခိုက်စေပြီး ရေရှည်တွင်ထုတ်လုပ်မှုစနစ်အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

 


ဤအခြေအနေတွင် ဒေသတွင်းရရှိနိုင်သော အရင်းအမြစ်များကိုအသုံးပြု၍ ပြုလုပ်နိုင်သော သဘာဝမြေဆွေး၊ အီးအမ်(EM) အသုံးပြုမြေဆွေးနှင့် ဘိုကာရှီနည်းလမ်းများသည် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အရေးပါသည့် ရွေးချယ်မှုများအဖြစ် ပိုမိုထင်ရှားလာသည်။

မြေဆီလွှာသည် သက်ရှိဂေဟစနစ်တစ်ခုဖြစ်ပြီး အတွင်းရှိသာမန်မျက်စိဖြင့် မမြင်နိုင်သော အလွန်သေးငယ်သည့် အဏုဇီဝသက်ရှိများသည် အော်ဂဲနစ်ပစ္စည်းများကို ချေဖျက်ကာ အပင်များအသုံးပြုနိုင်သော အာဟာရဓာတ်များအဖြစ် ပြောင်းလဲပေးသည်။ ဗက်တီးရီးယား၊ မှိုနှင့် အခြားအဏုဇီဝများသည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်နှင့် ပိုတက်စီယမ်ကဲ့သို့သော အရေးကြီးသည့် အာဟာရဓာတ်များ၏ လည်ပတ်မှုတွင် အဓိကအခန်းကဏ္ဍ ထမ်းဆောင်ကြသည်။ ထို့ကြောင့် မြေဆီလွှာကို “အသက်ရှိသောစနစ်”အဖြစ် သဘောထားကာ ၎င်းအတွင်းရှိ အဏုဇီဝလှုပ်ရှားမှုကို ထိန်းသိမ်းမြှင့်တင်ပေးခြင်းသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းအတွက် မဖြစ်မနေလိုအပ်သည်။

မြေဆွေးသည် အော်ဂဲနစ်ပစ္စည်းများကို အဏုဇီဝသက်ရှိများ၏ လုပ်ဆောင်မှုဖြင့် ဆွေးမြည့်စေပြီး မြေဩဇာအဖြစ် ပြောင်းလဲထားသောပုံစံဖြစ်သည်။ အော်ဂဲနစ်ပစ္စည်းများဖြစ်သော မီးဖိုချောင်အမှိုက်များ၊ သစ်ရွက်ခြောက်များ၊ စိုက်ပျိုးရေးအကြွင်းအကျန်များနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ ပြုလုပ်နိုင်ပြီး ၎င်းသည် မြေဆီလွှာအတွင်း humus ပါဝင်မှုပမာဏကို တိုးပွားစေသည်။ ထိုသို့ဖြင့် မြေဆွေးသည် အပင်များအတွက် အာဟာရဓာတ်ပံ့ပိုးပေးသည့်အပြင် မြေသားကို ပိုမိုပျော့ပျောင်းစေပြီး ရေထိန်းနိုင်စွမ်းနှင့် ရေစိမ့်ဝင်နိုင်စွမ်း၊ လေဝင်လေထွက်ကောင်းမွန်မှုတို့ကို မြှင့်တင်ပေးရာတွင် အရေးပါသည်။

အီးအမ် (EM) သည် အကျိုးပြုအဏုဇီဝသက်ရှိများကို စုပေါင်းထားသည့် သက်ရှိပျော်ရည်ဖြစ်သည်။ ယင်းတွင် လက်တစ်အက်စစ်ဗက်တီးရီးယား (Lactic acid bacteria)၊ တစေးမှို (Yeast)၊ အက်တီနိုမိုင်းစိ ဗက်တီးရီးယား (Actinomyces bacteria) နှင့် အလင်းစွမ်းအင်သုံး ဗက်တီးရီးယား(Photosynthetic bacteria)တို့ အဓိကပါဝင်ပြီး အခြားအချဉ်ဖောက်နိုင်စွမ်းရှိသော မှိုအုပ်စု (Aspergillus ၊ Penicillium)တို့လည်းပါဝင်ပါသည်။ သက်ရှိတို့၏ စုပေါင်းလုပ်ဆောင်ချက်များကြောင့် လယ်ယာစွန့်ပစ်ပစ္စည်းများဖြစ်သော ကာဗွန်ဓာတ်ကြွယ်ဝသည့် ကောက်ရိုး၊ ပဲရိုး အစရှိသည်တို့ကို လျင်မြန်စွာ ဆွေးမြည့်စေရုံသာမက မြေဆွေးဖြစ်စဉ်တစ်လျှောက်တွင် အနံ့ဆိုးလျော့နည်းစေခြင်း၊ ပုပ်သိုးမှုကိုထိန်းချုပ်ခြင်းနှင့် အာဟာရဆုံးရှုံးမှုလျှော့ချခြင်းတို့ကို အထောက်အကူပြုပြီး မြေဆီလွှာအတွင်းရှိ အဏုဇီဝများ၏ လှုပ်ရှားမှုကို ပိုမိုတိုးတက်စေသည်။ ထိုအကျိုးသက်ရောက်မှုများကြောင့် သီးနှံပင်များ၏ ကြီးထွားမှုနှင့် အထွက်နှုန်းကို ကောင်းမွန်စေသည်။

ဘိုကာရှီသည် အီးအမ်ကို အခြေခံ၍ ပြုလုပ်သည့် နည်းလမ်းတစ်ခုဖြစ်

ဘိုကာရှီ(ဂျပန်ဘာသာစကားအသံထွက်)သည် အီးအမ်ကိုအခြေခံ၍ ဖွဲနု၊ စပါးခွံနှင့် အော်ဂဲနစ် အကြွင်းအကျန်များကို လေမဲ့အချဉ်ဖောက်ခြင်းဖြင့်ပြုလုပ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ထူးခြားချက်မှာ အချိန်တိုအတွင်း ပြုလုပ်နိုင်ခြင်း၊ အနံ့ဆိုးထွက်ရှိမှုနည်းခြင်းနှင့် လုပ်ဆောင်ရလွယ်ကူခြင်းတို့ဖြစ်ပြီး မြို့ပြအိမ်ထောင်စုများ၊ ကျောင်းများနှင့် အသေးစားစိုက်ခင်းများတွင် အသုံးချရန် အလွန်သင့်တော်သည်။

ထိုအဏုဇီဝအစုအဝေးများကို ဇီဝလှုံ့ဆော်ပစ္စည်း(Biostimulant)အဖြစ် မြေကြီးထဲသို့ တိုက်ရိုက်ထည့်၍ အသုံးပြုနိုင်ပါသည်။ ထို့ပြင် ရွက်ဖျန်းအားဆေးအဖြစ်လည်း ပြောင်းလဲအသုံးပြုနိုင်ပြီး သီးနှံပင်များ၏ ပင်ပိုင်းကြီးထွားမှုကို အားပေးခြင်း၊ အရွက်များ ကျန်းမာကောင်းမွန်စေခြင်း၊ ပန်းပွင့်ခြင်းနှင့် သီးတင်မှုများကို တိုးတက် စေခြင်းတို့အပြင် ပိုးမွှားကျရောက်မှုကိုလည်း လျော့နည်းစေနိုင်သည်။ ထိုသို့သော ဇီဝပစ္စည်းများ ကို အသုံးပြုခြင်းသည် ဓာတုကင်းလွတ်သော စိုက်ပျိုးရေးသို့ ဦးတည်နိုင်ရန် အထောက်အကူပြုသည်။

မြို့ပြဒေသများတွင် နေ့စဉ်ထွက်ရှိနေသော အစားအစာအကြွင်းအကျန်များနှင့် အော်ဂဲနစ် အမှိုက်များကို စနစ်တကျစုဆောင်း၍ မြေဆွေး သို့မဟုတ် ဘိုကာရှီအဖြစ် ပြောင်းလဲအသုံးချနိုင်ပါက အမှိုက်ပမာဏကို လျှော့ချနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသော အထောက်အကူဖြစ်လာနိုင်သည်။ ထိုမြေဆွေးများကို အိမ်ခြံဝင်းစိုက်ပျိုးရေး၊ အိမ်ခေါင်မိုးစိုက်ပျိုးရေးနှင့် ရပ်ရွာစိုက်ပျိုးရေးအစရှိသည့် မြို့ပြစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည်။

လယ်သမားများအား ဘိုကာရှီပြုလုပ်နည်း သင်ကြားပေးခြင်းသည် အရေးကြီး

သဘာဝမြေဩဇာနည်းလမ်းများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန်အတွက် အသိပညာပေးမှုများ ယခုထက် ပိုမိုတိုးမြှင့်ရန်လိုအပ်သည်။ လယ်သမားများနှင့် မြို့ပြနေပြည်သူများအား အကျိုးပြုအဏုဇီဝသက်ရှိများ အသုံးပြု၍ မြေဆွေးနှင့် ဘိုကာရှီပြုလုပ်သည့်နည်းလမ်းများကို လက်တွေ့သင်ကြားပေးခြင်းသည် အရေးကြီးသည်။

အစိုးရနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း အော်ဂဲနစ်စိုက်ပျိုးရေးကို ပံ့ပိုးပေးရန်၊ သုတေသနနှင့် လက်တွေ့ပေါင်းစပ်မှုများကို တိုးမြှင့်ရန်နှင့် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဈေးကွက်ချိတ်ဆက်မှုများကို တည်ဆောက်ပေးရန် အထူးလိုအပ်သည်။ ဤသို့သော ပံ့ပိုးမှုများရှိမှသာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သဘာဝနည်းလမ်းများကို ယုံကြည်စွာဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

ယနေ့ခေတ်တွင် ဓာတ်မြေဩဇာစျေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းများသည် ပြောင်းလဲမှုလိုအပ်နေပြီဖြစ်သည်။ ထိုအချိန်တွင် အီးအမ်၊ မြေဆွေးနှင့် ဘိုကာရှီတို့ကဲ့သို့ သဘာဝအခြေပြုနည်းလမ်းများသည် ကုန်ကျစရိတ်သက်သာစေခြင်းသာမက မြေဆီလွှာကျန်းမာရေးကို ပြန်လည်တည်ဆောက်ပေးနိုင်သည့် ဖြေရှင်းနည်းတစ်ရပ်ဖြစ်ကြောင်း ထင်ရှားစေသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရည်မှန်းပါက သဘာဝနှင့်ကိုက်ညီသော ဤနည်းလမ်းများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

ကိုးကား

- FAO (FOOD AND AGRICULTURE ORGANIZATION) (၂၀၀၅) – မြေဆီလွှာ အော်ဂဲနစ်ပစ္စည်း၏ အရေးပါမှုနှင့် စိုက်ပျိုးရေးအတွက် အသုံးဝင်မှု

- Teruo Higa and James. F. Parr. (၁၉၉၄)– အကျိုးပြုအဏုဇီဝများနှင့် ရေရှည်စိုက်ပျိုး ရေးသုတေသနစာတမ်း

- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးအဏုဇီဝဗေဒဌာန (၂၀၁၉) – Applied Microbiology II သင်ရိုးစာအုပ်

No comments:

Post a Comment