တယော(ရေသယံဇာတ)
စာရေးသူ ယခုရက်ပိုင်းအတွင်း နားထဲစွဲစွဲမြဲမြဲရှိနေအောင် နားထောင်မိနေသော သီချင်းများက (ဆရာ) မြင့်မိုးအောင်ရေးသားပြီး (ဦး)ဇော်ဝင်းထွဋ်သီဆိုထားသည့် “မျှော်လင့်ချက်ကမ်းခြေ”နှင့် (ဆရာ) ထူးအိမ်သင်ကိုယ်တိုင်ရေးသားသီဆိုထားသော “ရာဇဝင်များရဲ့သတို့သမီး”တို့ ဖြစ်ပါသည်။
ဤသီချင်းကောင်းများက မိမိတို့ မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားခေါ်ဝေါ်ကြသော မိခင် ဧရာဝတီမြစ်ကြီးအကြောင်း ရေးသားဖွဲ့သီထားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အသက်သွေးကြော၊ ကျွန်တော်တို့နိုင်ငံ၏ မိခင်ဖြစ်သော ဧရာဝတီမြစ်ကြီးသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ထိခိုက်နိုင်သလား၊ တည်ဆောက်မည့်တမံက ငလျင်ဒဏ်ခံနိုင်မလား၊ ဆည်၏အောက်ဘက်ဒေသများတွင် ရေခန်းခြောက်နိုင်သလား၊ နိုင်ငံတော်ကရရှိမည့် အကျိုးအမြတ်က ဘာတွေရှိမလဲ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သလား လူမှုကွန်ရက်မှာ ပြောဆိုဝေဖန်ရေးသားနေကြသလို မလုပ်သင့်သော စီမံ ကိန်းလား၊ စီမံကိန်း၏ အားသာချက်၊ ကောင်းကျိုးတွေက ဘာလဲဆိုသည်ကို သိချင်စိတ်၊ လေ့လာ ဆန်းစစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့၍ ဆရာ့ရုံးခန်းဘက်သွားကာ ရုံးအဖွဲ့ထံ သတင်းပို့ပြီး တွေ့ခွင့်တောင်းခဲ့ပါသည်။
ဆရာ့ရုံးခန်းထဲရောက်သည့်အခါ လုပ်လက်စ အလုပ်များကို လုပ်နေရင်းမိမိအားသူ၏ ရုံးစားပွဲရှေ့ထိုင်ခုံတွင် ထိုင်စေ၍ မိမိ၏ လာရင်းကိစ္စအကြောင်းရင်းကို မေးလေသည်။ မိမိလည်း အချိန်မဆိုင်းတော့ဘဲ အလုပ်များပြီး မအားသော ဆရာသမားကပေးသည့် အချိန်အပိုင်းအခြားအတွင်း မိမိသိချင်သော ဧရာဝတီမြစ်ကြီးနှင့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သမျှ အကြောင်းအရာများကို မေးမြန်းရာ ဆရာကလည်း နိုင်ငံတကာ စံနမူနာများဖြင့် အသေအချာရှင်းလင်း သင်ကြားပေးခဲ့ပါသည်။ ဆရာ့ရုံးခန်းမှအထွက် ဧရာဝတီမြစ်ကြီးနှင့် ပတ်သက်ပြီး မိမိကဲ့သို့ လူမှုကွန်ရက်များနှင့် သတင်းမီဒီယာများထက်တွင် ပျံ့နှံ့နေသော သတင်းအမှား၊ အချက်အလက်အမှားများကို ယုံလွယ်ပြီး မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပေါ် ဆန့်ကျင်ကန့်ကွက်လိုသူများအား ဆရာရှင်းပြပေးသော သတင်းအမှန်၊ အချက်အလက်အမှန်ကို သိစေရန်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးမည် ဆုံးဖြတ်ခဲ့ပါသည်။
မိခင်ဧရာဝတီမြစ်ကြီးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့ဘက်အစွန်ဆုံး ဘိုရှုလာတောင်တန်းများမှ စတင်လာပြီး မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ မြောက်ဘက် ၂၆ မိုင် ၅ ဖာလုံခန့်အကွာတွင် မေခမြစ်နှင့် မလိခမြစ် မြစ်နှစ်သွယ်တို့ ပေါင်းဆုံမြစ်ဖျားခံ၍ မြန်မာပြည်တစ်လျှောက် ဖြတ်သန်း စီးဆင်းကာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အနီး၌ မြစ်မြွှာများ ကွဲထွက်ပြီး မြစ်ဝကျွန်းဒေသတစ်ခု ဖြစ်ပေါ်ကာ မုတ္တမပင်လယ်အတွင်းသို့ စီးဝင်ပါသည်။ ဧရာဝတီမြစ်ကြီးသည် စုစုပေါင်း ရေဆင်းဧရိယာအဖြစ် စတုရန်းကီလိုမီတာ အကျယ် ၄၁၃၇၁၀ ရှိပြီး အလျားကီလိုမီတာ ၂၁၇၀၊ မိုင် အားဖြင့် ၁၃၇၅ မိုင် ရှည်လျားပါသည်။ ပျမ်းမျှရေထု စီးနှုန်းအနေဖြင့် ၁၃၀၀ ကုဗ မီတာ/စက္ကန့်ရှိပြီး မြစ်ကြောင်းအတွင်း သင်္ဘောများသွားလာနိုင်သော အလျားမှာ မိုင် ၉၅၀ ရှိပါသည်။
ဧရာဝတီမြစ်ကြီးကို ချင်းတွင်းမြစ် စီးဝင်ပေါင်းဆုံသောနေရာမှ အထက်ဘက်ကို ဧရာဝတီမြစ်အထက်ပိုင်းနှင့် ထိုစီးဝင်ပေါင်းဆုံသောနေရာမှ အောက်ဘက်မြစ်ဝကျွန်းပေါ်ဒေသ မစတင်မီ ဟင်္သာတမြို့အထိ အပိုင်းကို ဧရာဝတီမြစ် အောက်ပိုင်းဟု ယေဘုယျ သတ်မှတ်ထားကြပါ သည်။ ချင်းတွင်းမြစ်ကို နိုင်ငံ၏ အဓိကမြစ်များထဲတွင် ထည့်သွင်းဖော်ပြကြသော်လည်း ဧရာဝတီ မြစ်အတွင်းစီးဝင်သည့် အရေးပါသော မြစ်လက်တက် တစ်ခုဟုလည်း ဆိုနိုင်ပြန်သည်။ ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသောနေရာတွင် ရေဆင်းဧရိယာ စတုရန်းကီလိုမီတာ ၁၁၅၃၀၀ ခန့်ရှိပြီး ချင်းတွင်းမြစ်၏ နှစ်စဉ် မိုးတွင်းကာလ ရေဆင်းမှု ပမာဏသည် ဧရာဝတီမြစ်ကြီး၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိပါသည်။
ဧရာဝတီမြစ်ကြီးအတွင်း စီးဝင်ကြသော မြစ်လက်တက်များအဖြစ် ဧရာဝတီမြစ်အထက်ပိုင်းတွင် မြစ်ကြီး၏ လက်ယာဘက်မှ မိုးကောင်းချောင်းနှင့် မူးမြစ်၊ လက်ဝဲဘက်မှ တာပိန်မြစ်၊ ရွှေလီမြစ်၊ ချောင်းမကြီးချောင်း၊ မြစ်ငယ်မြစ်(နမ္မတူမြစ်)၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်နှင့် စမုန်ချောင်းတို့ ဖြစ်ကြသည်။ ဧရာဝတီမြစ်အောက်ပိုင်းတွင် ယင်းချောင်း၊ ပင်းချောင်း၊ ဘွက်ကြီးချောင်း၊ မြောက် နဝင်းချောင်းနှင့် တောင်နဝင်းချောင်းတို့က လက်ဝဲဘက်မှ စီးဝင်ပြီး ယောချောင်း၊ စလင်းချောင်း၊ မန်းချောင်း၊ မုန်းချောင်းနှင့် မင်းတုန်းချောင်းတို့က လက်ယာဘက်မှ စီးဝင်ကြသည်။
မြန်မာပြည်၏ အထက်မှအောက်၊ မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းနေသော မိခင်ဧရာဝတီ မြစ်ကြီးသည် မြန်မာပြည်၏ အဓိကပြည်တွင်း ရေကြောင်းသွားလာရေး လမ်းကြောင်းကြီးဖြစ်သည့်အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ဆန်ရေစပါးများကို မြန်မာပြည်အထက်ပိုင်းသို့ တင်ပို့ရောင်းချရာ ကုန်သွယ်ရေးလမ်းကြောင်းကြီး ဖြစ်သည်။
သို့သော် ဧရာဝတီမြစ်ကြီး၏ မိုးရာသီရေစီးဆင်းမှုနှင့် နွေရာသီရေစီးဆင်းမှုပမာဏမှာ များစွာကွာခြားမှုရှိနေသောကြောင့် နွေရာသီတွင် ရေခန်းခြောက်မှုပြဿနာများရှိ၍ ရေကြောင်းကုန်စည် ကူးသန်းသွားလာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ နှစ်စဉ်ပုံမှန်စီးဝင်နေသော ရေကို အကျိုးရှိစွာ သိုလှောင်အသုံးချပြီး နွေရာသီ ရေရှားပါးမှုပြဿနာများ ဖြေရှင်းနိုင်သလို ရေအား အမြင့် လုံလောက်စွာရရှိနိုင်သော နေရာများတွင် ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်၍ လျှပ်စစ် ထုတ်လုပ်သင့်ပေသည်။ ထို့ပြင် ရေအားလျှပ်စစ် တမံများသည် မိုးရာသီမိုးများမှုကြောင့် ရေကြီးရေလျှံမှုကို အတန်အသင့် ကာကွယ်နိုင်ရန် လိုအပ်သော ကာကွယ်ရေးအစီအမံများအဖြစ်ပါ အသုံးချ နိုင်ပေမည်။
မြစ်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ
မြစ်ကြမ်းပြင်နှင့် မြစ်ကြောင်းများက ဘူမိဗေဒ မြေမျက်နှာသွင်ပြင်နှင့် အောက်ခံမြေလွှာများ ရွေ့လျား မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အဆိုပါမြေမျက်နှာသွင်ပြင်၏ အထက်ဘက်ဒေသများတွင် မိုးရွာသွန်းခြင်း၊ ဆီးနှင်းကျခြင်း၊ ရေခဲများအရည် ပျော်ခြင်းစသည့်သဘာဝဖြစ်ရပ်များကြောင့် ရေစီးဆင်းမှုဖြစ်ပေါ်လာသည်။ ထိုရေများသည် လျှိုမြောင်များမှတစ်ဆင့် မြောင်းငယ်၊ ချောင်းငယ် အသွယ်သွယ်ဖြတ်သန်းစီးဆင်းပြီး မြစ်ပြင်မှ တစ်ဆင့် ပင်လယ်သမုဒ္ဒရာဆီသို့ စီးဆင်းသွားကြလေသည်။ ကမ္ဘာဦးအစကတည်းကပင် တောတောင် ရေမြေသဘောသဘာဝများ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာမှုများကြောင့် မြစ်ချောင်းများသည် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲဖြစ်တည်ခဲ့ကြရသည်။
ရေ၏ သဘောသဘာဝအရ မြင့်ရာမှနိမ့်ရာသို့ စီးဆင်းသောကြောင့် မြစ်ချောင်းများ၏ အရင်းအမြစ်သည် များသောအားဖြင့် တောင်တန်းဒေသများနှင့် ကုန်းမြေမြင့်ဒေသများတွင် မြစ်ဖျားခံလေ့ရှိပြီး မြေပြန့်လွင်ပြင်များကို ဖြတ်သန်းစီးဆင်းကာ မြေနိမ့်ဒေသနှင့် ပင်လယ်၊ သမုဒ္ဒရာတို့တွင် အဆုံးသတ်ကြပါသည်။ မြစ်ရေစီးဆင်းမှုသည်လည်း ရာသီဥတုနှင့် မိုးရွာသွန်းမှုအပေါ်မူတည်၍ အမြဲပြောင်းလဲနေပါသည်။ မိုးရာသီ၊ မိုးများသည့်ကာလများတွင် မြစ်ရေမြင့်တက်လာပြီး ရေစီးနှုန်းများပြား ကာ ရေကြီးရေလျှံမှု၊ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင် သကဲ့သို့ နွေရာသီနှင့် မိုးနည်းသောကာလများတွင် မြစ်ရေလျော့နည်းတတ်ပါသည်။ မြစ်များသည် မြေမျက်နှာပြင်ကို ပြောင်းလဲစေသော အင်အားကြီးမားသည့် သဘာဝအင်အားတစ်ရပ်ဖြစ်ပြီး မြစ်ရေစီးအားကြောင့် မြစ်ကမ်းပါးနှင့် မြစ်အောက်ခံမြေပြင်ကို တိုက်စားတတ်သည်။ သဲ၊ သစ်ပင်၊ သဲနုန်း များကို မြစ်အောက်ပိုင်းဒေသများသို့ သယ်ဆောင်တတ်ကြသည်။ ရေစီးအားနှေးသည့် နေရာများတွင် သဲနုန်းများစုပြုံကာ မြစ်ဝကျွန်း၊ မြေနုကျွန်းများ ဖြစ်ပေါ်စေပါသည်။
မြစ်များသည် အချိန်ကြာလာသည်နှင့်အမျှ လမ်းကြောင်းပြောင်းလဲနိုင်သည့် သဘောသဘာဝ ရှိသည့်အတွက် မြစ်ပြင်ကျယ်ပြန့်လာခြင်း၊ မြစ်ရေ စီးကြောင်း ပြောင်းလဲခြင်း၊ မြစ်ကော ချောင်းကော များ ဖြစ်ပေါ်လာခြင်း၊ သဲနုန်းများ တင်ပို့မှုများပြားလာခြင်းများလည်း ဖြစ်ပေါ်နေပြန်သည်။ မြစ်ကမ်းပါးတိုက်စားမှု၊ သဲနုန်းစုပြုံမှုများကြောင့် ကွေ့ကောက်သော မြစ်လမ်းကြောင်း၊ မြစ်ဟောင်း ကန်၊ မြစ်ကျိုးအင်း စသည်တို့ ဖြစ်ပေါ်လာတတ်ပါ သည်။ မြစ်များသည် သဘာဝဂေဟစနစ်အတွက် အလွန်အရေးပါပြီး ရေသတ္တဝါများ၊ ငါးများ၊ အပင်များနှင့် တိရစ္ဆာန်များ၏ အသက်ရှင်ရေးအတွက် အခြေခံရေအရင်းအမြစ်ဖြစ်သလို လူသားများအတွက်လည်း သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ် ဓာတ်အား(ရေအားလျှပ်စစ်)နှင့် ရေကြောင်းသယ်ယူ ပို့ဆောင်ရေး စသည့်အရေးပါသော အကျိုးကျေးဇူး များကို ပေးစွမ်းနိုင်ပါသည်။
သမိုင်းတစ်လျှောက် လူ့ယဉ်ကျေးမှု အများစုသည်လည်း မြစ်ကမ်းဘေးတွင် မွေးဖွားဖွံ့ဖြိုးလာခဲ့ ကြသည်။ ဧရာဝတီ၊ နိုင်း၊ ယန်ဇီ၊ တိုင်ဂရစ်နှင့် ယူဖရေးတစ်စ်မြစ်များသည် လူ့ယဉ်ကျေးမှုကြီးများ ပေါက်ဖွားရာ အခြေခံအရင်းအမြစ်များ ဖြစ်ကြလေ သည်။ မြစ်သည် သဘာဝရေဂေဟစနစ်၏ အဓိက အင်အားတစ်ရပ်ဖြစ်ပြီး မြေမျက်နှာပြင်ကို ပြောင်းလဲစေသည့် သဘာဝအင်အား၊ လူ့အသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထောက်ပံ့ပေးသည့် အသက်ရှင်မှု အခြေခံအရင်းအမြစ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မြစ်များကို ထိန်းသိမ်းကာကွယ်ပြီး တည်တံ့ခိုင်မြဲစွာ အသုံးချနိုင်ရေးက အနာဂတ် ကမ္ဘာကြီးအတွက် မဖြစ်မနေလိုအပ်သော တာဝန် တစ်ရပ်ပင်ဖြစ်ပါသည်။
ရှေးမြန်မာတို့ လယ်ယာမြေအတွက်ရေကို ဘယ်လိုအသုံးပြုခဲ့ကြသလဲ
ရှေးယခင် ခေတ်အဆက်ဆက် သောက်ရေ၊ သုံးရေ ရှားပါးခဲ့ခြင်းပြဿနာကို အဘိုးအဘွား၊ မိဘများ၏ ပြောစကားများအရ သိရှိမှတ်သားခဲ့ရပြီး ရေ၏တန်ဖိုးနှင့် အသုံးဝင်ပုံကို သတိပြုမိခဲ့ပါသည်။ အညာဒေသတွင် မိုးရွာမှ လယ်ယာစိုက်ပျိုးရေးအတွက် ရေရတတ်ကြသလို တံစက်မြိတ်မှ ကျလာသည့်ရေကိုခံပြီး ရေတံလျှောက်နှင့် ရေလှောင်ကန်ဆီ သွယ်တန်းရယူထားသောရေကို သုံးရေအဖြစ် လုပ်ကြရပါသည်။ ရှေးမြန်မာများ လယ်ယာအတွက် ရေရရှိရေးစီမံခန့်ခွဲပုံကို လေ့လာသိရှိရသလောက် ရေးသားရလျှင် ရှေးမြန်မာနိုင်ငံ၌ မိုးရာသီမိုးများသော်လည်း မိုးမရွာသည့်ကာလမှာ ခြောက်လခန့်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ရေရှားပါးသောကြောင့် ရေထိန်းသိမ်းရေးနှင့် ရေဖြန့်ဝေရေးသည် လယ်ယာစိုက်ပျိုးရေးအတွက် အသက်သွေးကြောဖြစ်ခဲ့ပါသည်။
ထို့ကြောင့် ရှေးမြန်မာမင်းများက မိုးရာသီတွင် မိုးရေကိုစုဆောင်းနိုင်ရန် ရေကန်ကြီးများ ဆောက်လုပ်ခဲ့ကြသည်။ ရေစီးရေဝင်ကောင်းမွန်သော ချောင်းများကို မြေသားဖြင့် တမံပိတ်ဆို့၍ ကန်ဖွဲ့ခြင်းဖြင့် မိုးရာသီတွင် ရေသိုလှောင်ကာ မိုးနည်းသောရာသီတွင် လယ်ယာများဆီသို့ ဖြန့်ဝေ ပေးခဲ့ကြပါသည်။ ထင်ရှားသော ဥပမာများအဖြစ် ပုဂံဒေသမှ မြကန်၊ မိတ္ထီလာကန် စသောကန်များ သည် လယ်ယာအတွက်သာမက သောက်သုံးရေ၊ ဘုရားကျောင်းအသုံးပြုရေအဖြစ်ပါ အသုံးပြုခဲ့သည်။ ဧရာဝတီမြစ်၊ ချောင်းများမှ ရေမြောင်းများ တူးဖော်၍ လယ်ကွင်းများဆီ ရေခွဲဝေခဲ့သည်။ ချောင်းများ တွင် အနိမ့်တမံဆောက်ကာ ရေကို တစ်ဖက်သို့လှည့်ပေးခြင်းဖြင့် ရေတက်ချိန်တွင် လယ်ထဲဝင်စေ ရန် စီမံခဲ့ကြသည်။ အိမ်ခြံမြေ၊ လယ်ကွင်းအနီးတွင် ရေတွင်းများနှင့် ရေကန်ငယ်များ တူးဖော်၍ မြေအောက်ရေကို အသုံးချရန် ကြံဆောင်ခဲ့ခြင်းသည် လယ်ယာအတွက်သာမက လူနေမှုဘဝ အတွက်ပါ အရေးပါခဲ့သည်။
ပုဂံခေတ်၌ မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ထွန်းကားခဲ့သည်။ ယင်းဒေသသည် မိုးမမှန်သည့် မိုးနည်းဒေသဖြစ်ခြင်း၊ မိုးရာသီတွင် မိုးများသော်လည်း မိုးမရွာသည့်ကာလရှည်လျားခြင်း၊ ဧရာဝတီ မြစ်ကြီးရှိသော်လည်း မြစ်ကမ်းမှ အဝေးတွင်ရှိသော လယ်ယာများ အများအပြားရှိခြင်းတို့ကြောင့် ရေထိန်းသိမ်းရေးနှင့် ရေဖြန့်ဝေရေးကို စနစ်တကျ မလုပ်နိုင်ပါက လယ်ယာစိုက်ပျိုးရေး မတည်တံ့နိုင်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် ပုဂံခေတ် တွင် ရေရရှိရေးကို နိုင်ငံတော်အဆင့် အရေးကြီးကိစ္စ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ပုဂံခေတ် ရေရရှိရေး စနစ်၏ အခြေခံအယူအဆအဖြစ် မိုးရာသီ ရေကို အလွန်အကျွံမဖြုန်းတီးဘဲ စုဆောင်းခြင်း၊ စုဆောင်း ထားသောရေကို မိုးနည်းသောရာသီတွင် ထိရောက်စွာ ဖြန့်ဝေခြင်း၊ သဘာဝမြေပြင်အနိမ့်အမြင့်ကို အပြည့်အဝအသုံးချခြင်းဆိုသည့် အယူအဆသုံးရပ် အပေါ် အခြေခံထားသည်။ ဤအယူအဆကို အကောင်အထည်ဖော်ရန် အရေးပါဆုံးသော ပြယုဂ်မှာ “မြကန်” ဖြစ်သည်။
မြကန်ကို ရှေးအမည်မသိ စာဆိုတစ်ဦးက-
မြကန်သာ
မြကန်သာ၊ တောင်ကျချောင်းဘေး၊
ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊
နန္ဒာပေလော၊ တူစွဟုတ္တာ။
ဟူ၍ ဖော်ကျူးရေးဖွဲ့ထားခဲ့သည်။
မြကန်သည် မြန်မာနိုင်ငံ ပုဂံဒေသရှိ ရှေးခေတ်ရေကန်တစ်ကန်ဖြစ်ပြီး တုရင်တောင် အနောက်ဘက်တွင် တည်ရှိပါသည်။ ထိုမြကန်အား ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီးကိုယ်တိုင် ဦးဆောင်၍ ပုဂံသူ၊ ပုဂံသားတို့၏ စုပေါင်းအင်အားဖြင့် စီမံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြကန်၏ မူလအမည်မှာ မဟာနိဗ္ဗာန လက်ဆွဲချီရေ (မဟာ နိဗ္ဗာန်လက်ဆွဲချီကန်)ဟု ကျောက်စာများ၌ တွေ့ရ ပါသည်။ မြကန်သည် ပိုက်လှမ်းတောင်အား တာတမံအရန်အတားမျိုး ပိတ်ဆို့ကာဆီး၍ စီမံထားသည့် တစ်ဖက်ဆည်ကန်ဖြစ်ပြီး မြကန်ကို အမရကန်ဟုလည်း ခေါ်ကြသည်။(မ−မရဏ)သေခြင်းမရှိသော ဟူ၍လည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုကြပြန်သည်။
သက္ကရာဇ် ၅၉၈ ခုနှစ်တွင် ပုဂံကျစွာမင်းကြီးက မြကန်ကို ပြန်လည်၍ ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ခဲ့သည်။ မြကန်အနီးတွင် ကျစွာမင်းကြီး၏ သမီးတော် သံပျင်မင်းသမီး ကောင်းမှုတော် ဘုရားစေတီတော်တစ်ဆူလည်းရှိသည်။ မြကန်သည် ပုဂံခေတ်တွင် ဆောက်လုပ်ခဲ့သည့် ရေသိုလှောင်ကန်ကြီးကို ခေါ်ဆိုခြင်းဖြစ်ပြီး လယ်ယာသုံးရေရရှိရေး၊ သောက်သုံးရေရရှိရေး၊ ဘုရားကျောင်း၊ သံဃာတော်များ အသုံးပြုရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ထမ်းဆောင်ခဲ့သည်။ “မြ”ဟူသော စကားလုံးသည်တန်ဖိုးရှိခြင်း၊ အသက်သွေးကြောဖြစ်ခြင်းကို အဓိပ္ပာယ်ရပြီး မြကန်သည် ပုဂံ၏ အသက်သွေးကြောဟု ဆိုနိုင်သည်။
မြကန်ကို နေရာရွေးချယ်ရာတွင် တောင်စောင်း အောက်ခြေရှိ သဘာဝရေစီးလမ်းကြောင်းများ ဆုံရာနေရာ၊ ရေစီးဝင်လွယ်၊ ထွက်လွယ်ရှိသော နေရာတွင် ရွေးချယ်တည်ဆောက်ခဲ့သည်။ ဤသည် မှာ သဘာဝပတ်ဝန်းကျင်ကို နက်နဲစွာ နားလည်ထားကြောင်း ပြသနေသည်။ မြကန်၏ မြေသားတမံ ဆောက်လုပ်ရာတွင် မြေကို အလွှာလိုက် တင်းကျပ်အောင်စီမံ၍ ထုထည်မြှင့်တင်ကာ ရေဖိအားကို ခံနိုင်ရည်ရှိစေရန် တမံအနားကျယ်အောင် ဒီဇိုင်းဆွဲတည်ဆောက်ထားခြင်းသည် ယနေ့ခေတ်မြေသား တမံ (Earth Dam) နည်းပညာ၏ အစောဆုံးပုံစံဟု သတ်မှတ်နိုင်သည်။
မြကန်၌ မိုးရာသီတွင် ရေဝင်ရန် ရေဝင်မြောင်း၊ ရေများလွန်းပါက တမံမပျက်စီးစေရန် ရေပိုလွှဲ၊ ရေလွှတ်ပေါက်နှင့် လယ်ယာသို့ ရေဖြန့်ဖြူးရန် ရေထုတ်ပေါက်များကို စနစ်တကျ ပြုလုပ်ထားသည်။ မြကန်သည် သီးခြားမတည်ရှိဘဲ မြောင်း ကွန်ရက်နှင့် ချိတ်ဆက်မှုအဖြစ် အခြားကန်များ၊ ချောင်းများ၊ လယ်ယာမြောင်းများနှင့် ချိတ်ဆက်ထားသည့် ရေဖြန့်ဝေကွန်ရက်တစ်ခုအဖြစ် တည်ရှိခဲ့သည်။ မြကန်ကြောင့် မိုးနည်းသည့်ဒေသတွင်ပါ လယ်ယာအောင်မြင်လာ၍ ဆန်နှင့် အစားအစာများ အလုံအလောက်ရရှိခဲ့သည့်အပြင် လယ်ယာအထွက် တိုးတက်လာ၍ ပုဂံခေတ် စီးပွားရေးကောင်းမွန် လာခဲ့ပြီးအကျိုးဆက်အဖြစ် ဘုရားစေတီပုထိုးများ အလွန်များစွာ ဆောက်လုပ်လှူဒါန်းနိုင်သော စီးပွားရေးအင်အား ပေါ်ပေါက်လာခဲ့သည်။
မြကန်တည်ဆောက်ရေး စီမံခန့်ခွဲမှုအဖြစ် မြကန်ကို ဘုရင်အမိန့်ဖြင့် တိုင်းသူပြည်သားများ၏ စုပေါင်းအင်အားကို အခြေခံ၍ ဆောက်လုပ်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးကို နိုင်ငံတော်နှင့် ရပ်ရွာလူထု တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ မြကန်တည်ဆောက်ခြင်းကို ကုသိုလ်ကောင်းမှုကြီးအဖြစ် သတ်မှတ်ခဲ့သဖြင့် ဘာသာရေးနှင့် တိုင်းပြည်၏ တည်ငြိမ်သာယာဝပြောမှုကိုပါ အထောက်အကူ ပြုခဲ့ပါသည်။ သို့သော် နည်းပညာဆိုင်ရာ တွက်ချက်မှုများ ထွန်းကားခြင်းမရှိသည့် ကာလဖြစ်သည့် အလျောက် သဲနုန်းများ စုပြုံလွယ်ခြင်း၊ ပြုပြင် ထိန်းသိမ်းမှုမလုပ်နိုင်ပါက ကန်အသုံးမဝင်ဖြစ်နိုင် ခြင်း၊ မိုးလွန်ကဲပါက တမံပျက်စီးနိုင်ခြင်း စသည့် အားနည်းချက်များရှိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ပုဂံခေတ် ရေရရှိရေးစနစ်နှင့် မြကန်သည် သဘာဝပတ်ဝန်းကျင်ကို နက်ရှိုင်းစွာ နားလည်ခြင်း၊ နည်းပညာကို လူမှုဘဝနှင့် ချိတ်ဆက် အသုံးချနိုင်ခြင်း၊ ရေကို အသက်သွေးကြောအဖြစ် သတ်မှတ်သော အမြင်ကျယ်ဝန်းမှုတို့၏ အထင်ကရ သက်သေများဖြစ်သည်။ မြကန်ကြောင့်သာ ပုဂံသည် မိုးနည်းသည့်ဒေသအတွင်းတွင်ပင် အရှည်ကြာ တည်တံ့နိုင်ခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကြီး တစ်ရပ်အဖြစ်ယနေ့ထိ ထင်ရှားနေဆဲ ဖြစ်ပါသည်။
တမံများ၏အစ၊ ခေတ်သစ်တမံ နည်းပညာတိုးတက်လာမှုများ
တမံများ တည်ဆောက်ခြင်းကို ရေသိုလှောင်ရန်၊ ရေကြီးရေလျှံမှုကာကွယ်ရန်၊ သဲနုန်းဖမ်းထိန်းရန်၊ စိုက်ပျိုးရေပေးဝေရန်၊ သောက်သုံးရေဖြန့်ဖြူးရန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် ရေမျက်နှာပြင် ထိန်းညှိ၍ ရေကြောင်းသွားလာရေး လွယ်ကူ ချောမွေ့စေရန် စသောရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရည်ရွယ်တည်ဆောက်ကြလေ့ရှိသည်။ ဘီစီ ၄၀၀ အစောပိုင်းခေတ်ဦးကတည်းက အာရှတိုင်းသားများ ၏ မြေသားတမံတည်ဆောက်၍ ရေသိုလှောင်ခြင်း ကို (ရှေးအခေါ် Ceylon မြို့) ယခုခေတ်အခေါ် သိရီလင်္ကာနိုင်ငံမှာ စတင်ကာ တည်ဆောက် အသုံးချခဲ့ကြပါသည်။ တမံတည်ဆောက်ခြင်း လုပ်ငန်းများ အသုံးဝင်တွင်ကျယ်လာသည်နှင့်အမျှ အေဒီ ၅ ရာစုအရောက်တွင် သိရီလင်္ကာနိုင်ငံသားများသည် တမံများကို မိုးများသည့်ကာလတွင် မိုးရေသိုလှောင်ရန်၊ စိုက်ပျိုးရေအသုံးပြုရန်နှင့် ရေသွင်းစိုက်ပျိုးရေး အသုံးပြုရန် ရည်ရွယ်၍ တမံအမျိုးမျိုးကို တည်ဆောက်လာခဲ့ကြပြီး ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။
လူသားသမိုင်းတွင် အစောဆုံးတည်ဆောက်ခဲ့သော တမံ၏ တမံဆိုင်ရာ အထောက်အထား အကြွင်းအကျန်များကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၏ တောင်ဘက် ဝါဒီအယ်လ်ဂါရာဝီ (Wadi-Al-Garawi)အရပ်တွင် ရှေးဟောင်းသုတေသနပညာရှင်များ ရှာဖွေတွေ့ရှိထားပါသည်။ နောက်ထပ် ရုပ်ဝတ္ထု သက်သေအနေဖြင့် (၁၃၁၉-၁၃၀၄) ဘီစီကာလတွင် အီဂျစ်ဘုရင် ဖာရိုဆက်သီ တည်ဆောက်ခဲ့သည့် ဆီးရီးယားနိုင်ငံ ဟွမ်မြို့အနီးရှိ ကွာတင်နာ(Quatinah) ရေလွှဲဆည်သည် ယနေ့ထက်တိုင် ဟွမ်မြို့ကို သောက်သုံးရေများ ဖြန့်ဖြူးပေးလျက်ရှိသည်။
ခေတ်ကာလရွေ့စီးလာခြင်းနှင့်အတူ စက်မှု တော်လှန်ရေးခေတ်ကာလတွင် ရေသယံဇာတ အသုံးချမှုကို ပိုမိုထိရောက်စွာအသုံးချရန် ပြင်ဆင် လာကြသည်။ ဆန်းသစ်တီထွင်ဖန်တီးမှုများ အပြိုင်အဆိုင် ပေါ်ပေါက်လာသော ခေတ်တစ်ခေတ် ဆန်းသစ်လာသည်နှင့်အညီ ၁၈၈၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဝယ်ကွန်စင်ပြည်နယ်အပလီတန်မြို့အနီး မြေခွေးမြစ်ပေါ်၌ တမံတစ်ခု တည်ဆောက်၍ ကမ္ဘာ့ပထမဆုံးသော ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်ခဲ့ကြသည်။ ၁၈၉၆ ခုနှစ်၌ နိုင်ဂရာရေတံခွန်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကို ထပ်မံ တည်ဆောက်ကာ နယူးယောက်မြို့ကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ ။
No comments:
Post a Comment