ကောင်းပြည့်
စစ်မှန်သောအစိုးရနှင့်
ခေါင်းဆောင်မှု၏ အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုနိုင်ငံရှိ ပြည်သူလူထု၏ ကံကြမ္မာသည် ပြည်သူကို ဦးဆောင်နေသော အစိုးရ၏ စစ်မှန်မှုနှင့် ထိုအစိုးရကို လမ်းညွှန်မှုပေးနေသည့် ခေါင်းဆောင်၏ အမြော်အမြင်ရှိမှုတို့အပေါ်တွင် များစွာတည်မှီနေပါသည်။ စစ်မှန်သောအစိုးရဆိုသည်မှာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ကိုယ်စားပြုရုံသာမက တိုင်းပြည်၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ရဲဝံ့ပြတ်သားစွာ ဖြေရှင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော မဟာဗျူဟာမြောက် လမ်းပြ မြေပုံများချမှတ်နိုင်သည့် အစိုးရမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင်
ဘက်ပေါင်းစုံမှ အောင်မြင်နေသော နိုင်ငံအသီးသီးကို လေ့လာကြည့်ပါက အရင်းခံအကြောင်းတရားမှာ
အရည်အသွေးမြင့်မားသော ခေါင်းဆောင်နှင့် စစ်မှန်သော အစိုးရများ ရှိနေခြင်းပင်ဖြစ်ပါသည်။
ဥပမာအားဖြင့် စင်ကာပူနိုင်ငံကို ကမ္ဘာ့အဆင့်မီနိုင်ငံဖြစ်အောင် ထူထောင်ခဲ့ သည့် လီကွမ်ယု(Lee
Kuan Yew) ၏ ခိုင်မာသော စိတ်ဓာတ်နှင့် အမြော်အမြင်ရှိသော ခေါင်းဆောင်မှုမျိုးသည် နိုင်ငံတစ်နိုင်ငံကို
သုညဘဝမှ အောင်မြင်မှု၏ ထိပ်ဆုံးသို့ ပို့ဆောင်နိုင်ကြောင်း သက်သေပြခဲ့ပါသည်။ ယခုအခါ
မိမိတို့မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော သမိုင်းဝင် အခွင့်အရေးကောင်းများ ရရှိနေပြီဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ယခုအစိုးရသစ်သည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့်
ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ဖော်ဆောင်နိုင်ရန် ခိုင်မာသောစိတ်ဓာတ် (Will
Power) ဖြင့် စတင်အခြေပြုခဲ့ပြီဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ကျင်းပခဲ့သော
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသည် အစိုးရသစ်၏ နောင်ငါးနှစ်တာကာလအတွက် မဟာဗျူဟာမြောက်
ရက်ပေါင်း ၁၀၀ စီမံကိန်းလုပ်ငန်းစဉ်များကို တရားဝင်အစပြုလိုက်ခြင်းပင် ဖြစ်ပါသည်။
ခေါင်းဆောင်ကောင်းတစ်ဦး၏
အခန်းကဏ္ဍသည် တိုင်းပြည်အတွင်းရှိ အင်အားစုအားလုံးကို စည်းလုံးညီညွတ်စွာ စုစည်းပေးနိုင်ရန်ဖြစ်ပြီး
ယခုချပြလိုက်သော ရက်ပေါင်း ၁၀၀ စီမံကိန်းသည် ခေါင်းဆောင်မှု၏ ထိရောက်သော အုပ်ချုပ်မှုယန္တရား
(Effective Governance) ကို လက်တွေ့ကျကျ သက်သေပြမည့် ပထမဆုံးသော ခြေလှမ်းသစ်တစ်ခုဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီးက တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို
အဓိကထား၍ အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုင်မာစွာ မိန့်ကြားခဲ့ပါသည်။
ပညာရေးကဏ္ဍ
မြှင့်တင်ရေးနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှု
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက
အတိတ်သမိုင်း၏ အားနည်းချက်များကို သင်ခန်းစာယူ၍ ခေတ်မီပြီး အရည်အသွေးမြင့်မားသော ပညာရေးစနစ်တစ်ခုကို
တည်ဆောက်ရန်မှာ အစိုးရသစ်၏ အဓိကတာဝန်ဖြစ်ကြောင်း အလေးထားမိန့်ကြားခဲ့ပါသည်။ ပညာရေးအားနည်းပါက
အသိပညာဗဟုသုတ နည်းပါးလာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ
ဆုံးရှုံးသွားနိုင်သည်ဟူသော အချက်ကိုလည်း အမြော်အမြင်ရှိစွာ ထောက်ပြခဲ့ပါသည်။
အစိုးရသစ်အနေဖြင့်
ပညာရေးကို အကျိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုအဖြစ် ခိုင်မာစွာ သတ်မှတ်
ထားပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ၏
၆ ဒသမ ၉၂ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများအောက်ရှိ ပညာရေးကဏ္ဍ
များ အပါအဝင်ဆိုပါက စုစုပေါင်း ၉ ဒသမ ၂၂ ရာခိုင် နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပါသည်။
ထို့အပြင် လာမည့်ငါးနှစ်တာကာလအတွင်း ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်ဘဏ္ဍာငွေ၏
၂၀ ရာခိုင်နှုန်းအထိ အဆင့်ဆင့်တိုးမြှင့်သွားရန် ခိုင်မာသော ရည်မှန်းချက် ချမှတ်ထားရှိပါသည်။
နိုင်ငံသားတိုင်း
အခြေခံစာတတ်မြောက်ရုံသာမက ခေတ်နှင့်အညီ အသိပညာဗဟုသုတ ပြည့်စုံ စေရန်အတွက် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို
အောင်မြင်အောင် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။ ကျောင်းနေသူဦးရေ တိုးတက်လာစေရေးနှင့် အခြေခံပညာအဆင့်များတွင်
တန်းစဉ် ကူးပြောင်းမှု လျော့နည်းခြင်းမရှိစေရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
သို့မှသာ နိုင်ငံတော်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမည့်
မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။
စာသင်ကျောင်းများကိုလည်း
သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြုပြင်မွမ်းမံသွား မည်ဖြစ်ပြီး လူငယ်များ၏
ကာယဗလဖွံ့ဖြိုးရေးအတွက် အားကစားကွင်းများ ပါဝင်အောင် စီမံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အထူးသဖြင့် အခြေခံပညာကျောင်းများတွင် ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကို
ထည့်သွင်းသင်ကြားပေးခြင်းဖြင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက် ကောင်းမွန်သော နိုင်ငံ့သားကောင်းများကို
စနစ်တကျပြုစုပျိုးထောင်သွားမည်ဖြစ်ပါသည်။ ဗလငါးတန်နှင့် ပြည့်ဝသည့် ကျောင်းများဖြစ်စေရေးအတွက်
အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊
လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်အစီအစဉ်များကိုလည်း
ရှေ့ပြေးစီမံကိန်းများဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။
နိုင်ငံတကာနှင့်
ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့်အတန်းတစ်ခု ဖြစ်ပေါ်လာစေရန် နေပြည်တော်၊ ရန်ကုန်နှင့်
မန္တလေးမြို့ကြီးများတွင် သုတေသန စွမ်းရည်မြှင့်တင်သည့် ရှေ့ပြေး တက္ကသိုလ်များ
သတ်မှတ်ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။ အထူးသဖြင့် နိုင်ငံတော် အတွက် လိုအပ်သော
အဆင့်မြင့်ပညာရှင်များနှင့် သုတေသီများကို မွေးထုတ်ပေးနိုင်မည့်အပြင် နိုင်ငံ တော်၏
အနာဂတ်ကို သိပ္ပံနှင့်နည်းပညာဖြင့် ပုံဖော်ပေးမည့် မဟာဗျူဟာမြောက် ခြေလှမ်း တစ်ရပ်ပင်
ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့်
ကျေးလက်စီးပွားရေး မြှင့်တင်မှု
မြန်မာနိုင်ငံ၏
လူဦးရေ ၇၀ ရာခိုင်နှုန်းနီးပါးသည် ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်ကြပြီး ထိုသူတို့အနက်
၅၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသူများ
ဖြစ်ပါသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် တစ်ဦးချင်းဝင်ငွေ
တိုးတက်လာမှသာလျှင် နိုင်ငံတော်၏ ဆင်းရဲမွဲတေမှုနှုန်းမှာ သိသာစွာ ကျဆင်းသွားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတက အမြော်အမြင်ရှိစွာ လမ်းညွှန်ခဲ့ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့်
ကျေးလက်စီးပွားရေး မြှင့်တင်မှုကဏ္ဍကို အခြေခံမှစ၍ မြှင့်တင်ရန် အတွက် ရက်ပေါင်း ၁၀၀
စီမံကိန်းတွင် တောင်သူလယ်သမားများအတွက် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှု၊ စက်မှုလယ်ယာနှင့်
နည်းပညာပံ့ပိုးမှု၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး နှင့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို မဟာဗျူဟာမြောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တောင်သူလယ်သမားများ
သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ငွေကြေးအရင်းအနှီး အခက်အခဲ မရှိစေရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို
ရက်ပေါင်း ၁၀၀ အတွင်း တိုးမြှင့်ထုတ်ချေးပေးမည် ဖြစ်ပါသည်။ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ
စိုက်ပျိုးသည့် တောင်သူများအတွက် တစ်ဧကလျှင် ကျပ် သုံးသိန်းနှုန်းအထိလည်းကောင်း၊ အခြားသီးနှံ
၁၈ မျိုးအတွက် တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲနှုန်း အထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊
ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်ဧကလျှင် တစ်သိန်းခွဲအထိ လည်းကောင်း တိုးမြှင့်ပေးသွားရန်
စီစဉ်ထားရှိပါသည်။ တောင်သူများ၏ ကုန်ထုတ်စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးမည့်အပြင်
ကုန်ထုတ်လုပ်မှုစရိတ်များကိုလည်း များစွာအထောက်အကူပြုစေမည့် အစီအစဉ်ဖြစ်ပါသည်။
ရိုးရာစိုက်ပျိုးရေးစနစ်မှ
ခေတ်မီစက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများ
ဝယ်ယူရာတွင် လိုအပ်သော ငွေကြေးပံ့ပိုးမှုများကို စနစ်တကျ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
လယ်ယာသုံးစက်ကိရိယာများအတွက် ကျပ်သိန်း ၃၀၀၀ အထိနှင့် အထက်ဟူ၍ ကဏ္ဍခွဲကာ ချေးငွေများ
ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများနှင့်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြု၍ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးကိုလည်း
နိုင်ငံတော်က အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဒေသအလိုက် အသား၊
ငါးနှင့် စားသောက်ကုန်များ ဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းသည် ကုန်ဈေးနှုန်း များကို လျော့ကျစေမည့်
အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း သမ္မတကြီးက လမ်းညွှန်ခဲ့ပါသည်။ မိမိဒေသအတွင်း ဖူလုံအောင်
ထုတ်လုပ်နိုင်ခြင်းဖြင့် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များကို သက်သာစေရုံသာမက ပြည်သူများအနေဖြင့်
လတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးနိုင်မည့်
အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အားကောင်းလာခြင်းသည် ကျေးလက် နေ ပြည်သူများ၏ လူမှုစီးပွားဘဝကို
မြှင့်တင်ပေးရုံသာမက ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေ အလေအလွင့်ဖြစ်မှုကိုလည်း
ချွေတာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါစီမံကိန်း သည် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင်ကို
ခိုင်မာအောင် တည်ဆောက်ပေးမည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါတော့သည်။
ကုန်ထုတ်လုပ်မှုနှင့်
MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
နိုင်ငံ့စီးပွားရေး
အခြေခံခိုင်မာစေရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ပြည်ပ ပို့ကုန်
တိုးမြှင့်နိုင်ရန်မှာ မဖြစ်မနေလိုအပ်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီးက
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) အောင်မြင်ဖြစ်ထွန်းရေး
အတွက်လည်း လမ်းညွှန်မှုပြုခဲ့ပါသည်။
ပြည်ပမှ ကုန်ကြမ်းများကို
တင်သွင်း၍ ထုတ်လုပ်ခြင်းထက်
မိမိတို့နိုင်ငံအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ
ကို အဓိကထား အားပေးသွားမည်ဖြစ်ပါသည်။ သို့မှသာ ပြည်ပသို့ နိုင်ငံခြားငွေ စီးထွက်မှုကို
ထိန်းချုပ်နိုင်မည့်အပြင် ပြည်တွင်းရှိ သယံဇာတများကို တန်ဖိုးမြှင့်ထုတ်ကုန်
(Value-added products) များအဖြစ် ပြောင်းလဲနိုင်မည့် ဒေသတွင်း ကုန်ကြမ်း များကို အခြေခံသည့်
ကုန်ချောထုတ်လုပ်မှု နည်းလမ်းကောင်းပင် ဖြစ်ပါသည်။
ဝါ၊ ဝါး၊ ရော်ဘာ
စသည့် စက်မှုကုန်ကြမ်းများအပြင် သရက်၊ ဒူးရင်း၊ ငရုတ်ကောင်းစသည့် ဥယျာဉ် ခြံထွက်သီးနှံများကိုလည်း
အဆင့်မြင့်ကုန်ထုတ်သီးနှံများအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ထိုသို့အဆင့်မြင့်သီးနှံများနှင့်
စက်မှုကုန်ကြမ်းများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ဒေသအလိုက် ထွက်ရှိ သော သီးနှံများကို
ကုန်ကြမ်းအဆင့်မှသည် စံချိန်စံညွှန်းမီ ကုန်ချောအဆင့်အထိ ထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့
ထိုးဖောက်နိုင်ရန် ရည်မှန်းထား ပါသည်။
MSME လုပ်ငန်းများ
စတင်ရန်နှင့် တိုးချဲ့ရန်အတွက် လိုအပ်သော ရင်းနှီးမတည်ငွေများနှင့် လုပ်ငန်းလည်ပတ်ရန်
ငွေကြေးများကို နိုင်ငံတော်က ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် လုပ်ငန်းများ
လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အဟန့်အတားများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖြေလျှော့မှုများကိုလည်း
ရက်ပေါင်း ၁၀၀ အတွင်း အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံအတွင်း
ထုတ်လုပ်နိုင်သည့် လူသုံးကုန်နှင့် စားသောက်ကုန်များကို ပြည်ပမှ တင်သွင်း ခြင်းထက်
ပြည်တွင်းဖြစ်ကို ဦးစားပေးအသုံးပြုကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့ပါသည်။ ပြည်တွင်းထုတ်ကုန်များ
အရည်အသွေး ပြည့်မီလာခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်ရုံသာမက နိုင်ငံ တကာဈေးကွက်သို့
ပို့ကုန်အဖြစ် တင်ပို့နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးကို အားကောင်းစေကာ ပြည်ပသွင်းကုန်အစားထိုးရေးနှင့်
ပို့ကုန်မြှင့်တင်ရေးကို များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။
လမ်းပန်းဆက်သွယ်ရေးနှင့်
လျှပ်စစ်ကဏ္ဍ ရက် ၁၀၀ စီမံချက်
နိုင်ငံတော်၏ စီးပွားရေးစီးဆင်းမှု
မြန်ဆန်ချောမွေ့စေရန်နှင့် ဒေသအချင်းချင်း ချိတ်ဆက်မှု အားကောင်းစေရန်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့်
လျှပ်စစ်ကဏ္ဍသည် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ ထို့ကြောင့် အစိုးရသစ်၏ ပထမရက်ပေါင်း
၁၀၀ အတွင်း ပြည်သူများ သိသာထင်ရှားသော အကျိုးကျေးဇူးများ ခံစားရစေရန် လေကြောင်းနှင့်
ဆိပ်ကမ်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ၊ ရထားလမ်းပိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့်
အဆင့်မြှင့်တင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊
လျှပ်စစ်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ များကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။
လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင်
အနီးစခန်းလေဆိပ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့အပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ပို့ကုန်များအား စနစ်တကျသိုလှောင် ထိန်းသိမ်းနိုင်ရန်အတွက်
ခေတ်မီသိုလှောင်ရုံ (Warehouse) များကို ဦးစားပေးတည်ဆောက်သွားရန် စီစဉ်ထားရှိပါသည်။
ကုန်စည်စီးဆင်းမှု
ကုန်ကျစရိတ် သက်သာစေရန်အတွက် ရထားလမ်းပိုင်းများအား အဆင့်မြှင့်တင် ခြင်းကို အလေးထားဆောင်ရွက်မည်ဖြစ်ပါသည်။
အထူးသဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည်လမ်းပိုင်းများတွင်
လမ်းပိုင်းကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး ကချင် ပြည်နယ်အတွင်းရှိ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းရထားလမ်းပိုင်းရှိ
တံတားနှင့် လမ်းပိုင်းပြင်ဆင်မှုများကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။
ပြည်သူများ သတင်းအချက်အလက်စီးဆင်းမှု
ပိုမိုမြန်ဆန်လာစေရန်အတွက် ရက်ပေါင်း ၁၀၀ အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ် ၂၇ ခု
ကို ထပ်မံတိုးချဲ့စိုက်ထူပေးသွားမည်ဖြစ်ပါသည်။ ၎င်းအပြင် လက်ရှိအသုံးပြုနေသော စခန်းကိုးခုကိုလည်း
မြန်နှုန်းမြင့် 4G LTE အဆင့်သို့ မြှင့်တင်ပေး ခြင်းဖြင့် ဒေသတွင်း ဆက်သွယ်ရေးကဏ္ဍကို
အားကောင်းစေမည်ဖြစ်ပါသည်။
နိုင်ငံ့စီးပွားရေးနှင့်
ကုန်ထုတ်လုပ်မှုအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးမှာ မရှိ မဖြစ် လိုအပ်ချက်ဖြစ်ပါသည်။
ထို့ကြောင့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး (Solar Power) စီမံကိန်းများကို
အရှိန်အဟုန်ဖြင့် လုပ်ဆောင်မည်ဖြစ်ပါသည်။ အထူးသဖြင့် နေရောင် ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို
ဖော်ဆောင်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက်ပါ လျှပ်စစ်စွမ်းအားကို အကျိုးရှိရှိ အသုံးပြုသွားမည်
ဖြစ်ပါသည်။
ကျန်းမာရေးနှင့်
လူမှုရေးဆိုင်ရာ ကတိကဝတ်များ
ပြည်သူများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်း
မြင့်မားလာစေရေးနှင့် ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးသည်
နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိက ကျသော ကဏ္ဍဖြစ်ပါသည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့်
ကျန်းမာရေးဝန်ဆောင်မှုများကို အရည် အသွေးမြှင့်တင်ရန်နှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍမြှင့်တင်ခြင်းအနေဖြင့်
ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်းမီစေရန်အတွက် မြို့နယ်ပေါင်း ၅၀
တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများကို ထပ်မံ ခန့်အပ်ကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို
ပိုမိုထိရောက်အောင် ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
ပူးပေါင်း၍ နှလုံးရောဂါရှင် လူနာတစ်သိန်းအတွက် အခမဲ့ကာကွယ် ကုသပေးမည့် လုပ်ငန်းစဉ်များကိုလည်း
အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ကျန်းမာရေးကဏ္ဍတွင်
ကျွမ်းကျင်သူနာပြုနှင့် သားဖွားဆရာမများ လုံလောက်စွာရှိစေရန်အတွက် လက်ရှိသူနာပြုသင်တန်းကျောင်းများကို
“သူနာပြုသိပ္ပံ” (Nursing Science) အဆင့်သို့ အဆင့်မြှင့်တင်သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့်
လက်တွေ့ကုသမှုနယ်ပယ်တွင် အရည်အသွေးမြင့်မားသော ကျန်းမာရေးဝန်ထမ်းများကို ပိုမိုမွေးထုတ်ပေးနိုင်ရန်
ရည်ရွယ်ခြင်းဖြစ်ပါသည်။
လူငယ်များ၏ စိတ်ဓာတ်နှင့်
စည်းကမ်းကို အားကစားဖြင့် ပုံဖော်ပေးနိုင်ရန် "Football for School" အစီအစဉ်ကို
တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ရှေ့ပြေးစီမံကိန်း (Pilot Project) အနေ ဖြင့်
စတင်မည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် လူငယ်များ ကျန်းမာကြံ့ခိုင်ရုံသာမက စုပေါင်းဆောင်ရွက်တတ်သည့်
စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သော နိုင်ငံ့သားကောင်း များဖြစ်လာစေရန် ပြုစုပျိုးထောင်သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
ကျန်းမာရေးနှင့် အားကစားကဏ္ဍကို ဟန်ချက်ညီညီ မြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုဘဝလုံခြုံစိတ်ချရမှုကို
ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင်
တက်ကြွစွာ ပါဝင်လာနိုင်စေရန် အခြေခံ အုတ်မြစ် ချမှတ်ပေးခြင်းပင် ဖြစ်ပါတော့သည်။
ငြိမ်းချမ်းရေးနှင့်
တည်ငြိမ်ရေး ဖိတ်ခေါ်ချက်
နိုင်ငံတော်သမ္မတကြီးက
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လမ်းညွှန်မိန့်ကြားရာတွင် “ကျွန်တော် တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊
တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်း
လုပ်သွား၊ နောက်ကအဖျက်လုပ်ငန်းတွေ ပါလာလို့ ရှိရင် သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုဖြစ်နေမှာပေါ့။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ
ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း
လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာ တွေ ရှိလာပါလိမ့်မယ်။
ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့
အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ
ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။
အဖွင့်မှာ ပြောခဲ့သလိုပဲ အသုံးချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချမခံရအောင်နေကြဖို့
ပြောလိုပါတယ်” ဟု ထည့်သွင်းမိန့်ကြားခဲ့ပါသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိလျှင် မည်သည့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိုမျှ
အရှိန် အဟုန်ဖြင့် လုပ်ဆောင်ရန် ခက်ခဲပါသည်ဟူသော အချက်ကို အလေးထား မီးမောင်းထိုးပြခဲ့ပါသည်။
ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံးအဆုံးသတ်
နိုင်ရန်နှင့် ရေရှည်တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် “နိုင်ငံရေးပြဿနာကို နိုင်ငံရေး
နည်းလမ်းဖြင့် ဖြေရှင်းရန်” နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရသစ်က ပြတ်သားသော သဘောထားဖြင့်
လမ်းဖွင့်ပေးခဲ့ပါသည်။
နိုင်ငံတော်သမ္မတက
PDF အဖွဲ့များအပါအဝင် အဖွဲ့အစည်းအသီးသီးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရန်နှင့် မိမိတို့၏ သဘော ထားများကို ငြိမ်းချမ်းစွာ
တွေ့ဆုံဆွေးနွေးကြရန် အလေးအနက် ဖိတ်ခေါ်ထားပါသည်။
တည်ငြိမ်အေးချမ်းရေးနှင့်
ရှေ့လုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)
လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မထိုးရသေးသည့် အဖွဲ့ များကိုပါ တွေ့ဆုံဆွေးနွေးရန်
လမ်းဖွင့်ထားပါသည်။ PDF အဖွဲ့ဝင်များအနေဖြင့် အသုံးချခံဘဝမှ ရုန်းထွက်ကာ ဥပဒေဘောင်အတွင်း
ဝင်ရောက်၍ နိုင်ငံတော်တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာမှ
ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်ပြကာ တရားဝင်ဥပဒေအဖြစ် အတည်ပြုဆောင်ရွက်သွားမည့်
လမ်းစဉ်ကိုလည်း ချမှတ်ထား ပါသည်။
တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်
ပြည်သူများ အနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝများကို အေးချမ်း စွာ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို လည်း ထိရောက်စွာ
ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူနှင့် အစိုးရအကြား ယုံကြည်မှု တည်ဆောက်ခြင်းဖြင့် ငြိမ်းချမ်းသော
လူ့အသိုက်အဝန်းတစ်ခုကို ပြန်လည်ထူထောင်သွားမည်ဖြစ်ပါသည်။
လက်နက်ကိုင်လမ်းစဉ်ကို
စွန့်လွှတ်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်လာရန် ဖိတ်ခေါ် ခြင်းသည် အရှုံးအနိုင်အတွက်မဟုတ်ဘဲ
တိုင်းပြည်နှင့် ပြည်သူတို့၏ အနာဂတ်အတွက် ဖြစ်ပါသည်။ အဆိုပါဖိတ်ခေါ်ချက်သည် စစ်မှန်သော
ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် သမိုင်းဝင် ခြေလှမ်းတစ်ရပ် ဖြစ်ပါတော့သည်။
ရှေ့ဆက်ရမည့်
လမ်းစဉ်
အနှစ်ချုပ်အားဖြင့်ဆိုရသော်
အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတော်၏ အနာဂတ်ကို ပြန်လည် ထူထောင်ရာတွင် အဂတိကင်းစင်မှု၊
မှန်ကန်သောလုပ်ရပ်နှင့် စေတနာကို အခြေခံ၍ ခိုင်မာသော ခြေလှမ်းများဖြင့် ရှေ့ဆက်လှမ်းမည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော ယခုအစိုးရသည် ပြည်သူတို့၏ အကျိုးစီးပွားကို
အစဉ်တစိုက် ရှေးရှုလျက် ရက်ပေါင်း ၁၀၀ စီမံကိန်းမှတစ်ဆင့် မြင်သာထင်သာရှိသော ပြောင်းလဲမှုများကို
စတင်ဖော်ဆောင်နေပြီဖြစ်ပါသည်။
နိုင်ငံတော်ဘဏ္ဍာငွေများကို
အသုံးပြုရာတွင်လည်း အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိရောက် စွာ သုံးစွဲရန်မှာ အစိုးရ၏
အဓိကမူဝါဒဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများကို ဦးစားပေးအဆင့်မြှင့်တင်ပေးခြင်းဖြင့်
ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲများ ကင်းစင်သည့် မျှတသော ဖွံ့ဖြိုး တိုးတက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
တစ်ဆက်တည်းမှာပင်
ပြည်သူများ၏ လူမှုဘဝ လွယ်ကူချောမွေ့စေရန်အတွက် နည်းပညာအခြေပြု ဝန်ဆောင်မှုများကို အရှိန်အဟုန်ဖြင့်
တိုးမြှင့်သွားမည်ဖြစ်ရာ အသက် ၁၀ နှစ်ပြည့် ကလေးငယ်များ အတွက် နိုင်ငံသားစိစစ်ရေးကတ်များကို
ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် e-ID စနစ်အတွက် လိုအပ်သော အချက်အလက်များကို ရက်ပေါင်း
၁၀၀ အတွင်း အမြန်ဆုံးကောက်ယူဖြည့်သွင်းခြင်း တို့ဖြင့် ခေတ်မီပြီး ထိရောက်မြန်ဆန်သော
e-Government ယန္တရားတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်သွားမည် ဖြစ်ပါသည်။
အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း
မိမိတို့၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကို ထိရောက် စွာ ပေါင်းစပ်၍ တိုင်းပြည်နှင့်
ပြည်သူ့အကျိုးကို အမှန်တကယ်ဖော်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ကြီးက လမ်းညွှန်တိုက်တွန်းထားပြီး
ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မည်သို့သော ဝေဖန်မှုနှင့် စိန်ခေါ်မှုများ ရှိနေပါစေ၊ အမှန်တရားကို
လက်ကိုင်ထား၍ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် မဆုတ်မနစ် သော ဇွဲ၊ လုံ့လတို့ဖြင့်
ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
အစပြုမည့် ရက်ပေါင်း ၁၀၀ စီမံကိန်းနှင့် အစိုးရသစ်၏ ရှေ့လုပ်ငန်းစဉ်များက မြန်မာနိုင်ငံသစ်ဆီသို့
တက်လှမ်းမည့် အရေးကြီးသော ခြေလှမ်းသစ်တစ်ခု ဖြစ်ပါသည်။ စစ်မှန်သော အစိုးရ၊ အမြော်အမြင်ရှိသော
ခေါင်းဆောင်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အမိနိုင်ငံတော်ကြီးကို
ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် မလွဲဧကန်တည်ဆောက်နိုင်မည်ဟု
ယုံကြည်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment