ခင်မောင်ထွေး
“ဥဩ၊ ဥဩ”
ဥဩငှက်တို့၏
တွန်ကျူးသံက ကြည်နူးဖွယ်ကောင်းလှသည်။ ဥဩငှက်တို့၏ အသံက နွေလ၏ သင်္ကေတလည်းဖြစ်သည်။
ဥဩတွေတွန်ကျူး နွေဦး ရောက်ခဲ့လေပြီ။
“ဟေ့၊ ကိုဉာဏ်။ မနေ့က ဖုန်းခေါ်တာ မကိုင် ဘူး။ ဘယ်ပျောက်နေလဲ”
“ဟာ၊ ဟုတ်လား။ မနေ့က ရုံးမှာ မီးသတ်ဆေးဘူးနဲ့ လက်တွေ့မီးငြှိမ်းသတ် လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်နေရလို့ဗျို့”
လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ရေးလုပ်ငန်း
တစ်ဆက်တည်းမှာပဲ
ကိုဉာဏ်က လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သူတစ်ခါမျှ မလုပ်ခဲ့ဘူးကြောင်း၊
လက်တွေ့လုပ်ကြည့်မှ ကိုယ့်အတွက်လည်း အကျိုးရှိ၊ အသုံးဝင်မှုကို သိလာခဲ့ကြောင်း
ဆိုပါသည်။
“ဒါပေါ့ဗျာ။ လူဆိုတာ တကယ့်အရေးကြုံလာရင် ခြေမကိုင်မိလက်မကိုင်မိနဲ့
ဘာလုပ်လို့ ဘာကိုင်ရမှန်းသိတာ မဟုတ်ဘူးဗျ။ သိသည့်တိုင်အောင်
စနစ်တကျလက်တွေ့လေ့ကျင့်မှုတွေ လုပ်မထားရင် မီးသတ်ဆေးဘူးကို ဘယ်ကစလို့ ဘယ်လိုဖွင့်ပြီး
မီးကိုဘယ်လိုငြှိမ်းသတ်ရမလဲဆိုတာ ဘယ်လုပ် တတ်မှာလဲ”
သူ၏
အဆိုကို ကျွန်တော်က တစ်ခဲနက်ထောက်ခံရင်း လူ့သဘာဝလူ့မနောအရ လူတို့စိတ်တွင်
ဖြစ်လေ့ဖြစ်ထရှိသော လူ့စိတ်သဘာဝကို ဆင်ခြင်မိပြီး ကျွန်တော့်အမြင်ကိုလည်း တစ်ဆက်တည်း
ပြောလိုက်ပြန်သည်။
“ငယ်စဉ်ကတော့ ကျွန်တော်တို့လည်း ဒါမျိုးလေ့ကျင့်မှုတွေ၊ သင်တန်းတွေကို
အပိုအလုပ်တွေလို့ ထင်ခဲ့မိတာပေါ့ဗျာ။ အသက်အရွယ်တွေရ၊ ဘဝအတွေ့အကြုံတွေရလာမှ အသိပညာ၊
အတတ်ပညာနဲ့ ဆက်စပ်တဲ့သင်တန်းတွေ၊ လေ့ကျင့်မှုတွေက ကိုယ့်ဌာန၊ ကိုယ့်အဖွဲ့အစည်း၊
ကိုယ့်မြို့ ကိုယ့်ရွာသာမက ကိုယ့်ဘဝကိုယ့်မိသားစုအတွက်ပါ
တစ်ချိန်မဟုတ် တစ်ချိန်
အသုံးဝင်တယ်ဆိုတာ သိလာရတယ်ဗျ”
ယခုရက်ပိုင်းအတွင်း
နွေလ၏ သင်္ကေတဥဩငှက်တို့၏ တွန်ကျူးသံများနှင့်အတူ မီးသတ်ကားများ၏ ဥဩဆွဲသံများကိုလည်း
ထိတ်လန့်ဖွယ်မကြာခဏကြားလာရပေသည်။ နွေခေါင်ခေါင်မရောက်မီ နွေဦးကာလမှာပင်
မီးလောင်မှုများက မကြာခဏလို ဖြစ်ပွားလျက်ရှိသည်။
ဖေဖော်ဝါရီလ
၁၈ ရက်နေ့ နံနက်စောပိုင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ
စတိုးဆိုင်ဖွင့်လှစ်ထားသော နေအိမ်မီးလောင်မှုဖြစ်စဉ်တွင် သက်ကြီးပိုင်း ညီအစ်မ
အမျိုးသမီးကြီးနှစ်ဦးဖက်လျက်သား အသက်ဆုံးရှုံးခဲ့ရရှာသည်။
မီးလောင်မှုဖြစ်စဉ်များ
မီးလောင်မှုဖြစ်စဉ်များတွင်
လူနေအိမ်များသာမက ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊
စက်ရုံအလုပ်ရုံများလည်း ပါဝင်သည်။
ဖေဖော်ဝါရီလ
၁၆ ရက်နေ့ မွန်းလွဲပိုင်းက လောင်ကျွမ်းခဲ့သော လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်
ကုလားကြီးစုကျေးရွာ တောင်တွင်းကြီးလမ်းရှိ အမက (၂၃)
စာသင်ကျောင်းမီးလောင်မှုဖြစ်စဉ်တွင် သုံးမိနစ်လျှပ်စစ်ရေနွေးအိုးတည်ထားခဲ့ရာမှ
မေ့လျော့ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ
၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ
ဘုန်းတော်ကြီးကျောင်းမီးလောင်မှုအပါအဝင် တစ်ရက်တည်း မီးလောင်မှုသုံးကြိမ်ဖြစ်ပွားခဲ့သည်။
ထို့အတူ
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်
ငှက်ပျောတောလမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်အပိုင်း (၅) ဗညားဒလလမ်းရှိ
ဖွဲစက်ရုံတစ်ရုံနှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်
ဝါးတရာစက်မှုဇုန်ရှိ စက်ရုံတစ်ရုံတို့တွင်မီးလောင်မှုများ ဖြစ်ပွားခဲ့ပြန်သည်။
ရွှေပြည်သာစက်မှုဇုန်တွင် တစ်ပတ်အတွင်း စက်ရုံမီးလောင်မှုနှစ်ကြိမ်ဖြစ်ပွား
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်
စက်မှုဇုန်အပိုင်း (၅) တွင် ဖြစ်ပွားခဲ့သော ဖွဲစက်ရုံမီးလောင်မှုဖြစ်စဉ်တွင်
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက
ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက်လက်လောင်ကျွမ်းနေသဖြင့် ည ၁၀ နာရီ ၄၇
မိနစ်တွင် Level 1 အဆင့်ဖြင့် ထပ်မံမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်
ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံမီးလောင်မှုဖြစ်စဉ်တွင်လည်း Level 1 အဆင့် မီးလောင်ကျွမ်းခဲ့၍
တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ အဆိုပါမီးလောင်မှုတွင်
စက်ရုံရှေ့၌စုပုံထားသော ဖော့ဘူး၊ စက္ကူပုံးများ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
ပင်မစက်ရုံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။
ဈေးရုံတစ်ရုံရှိ
ဆိုင်ခန်းပေါင်း ၂၄၀ ခန့်
ဖေဖော်ဝါရီလ
၂၅ ရက် ညပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်
ကင်ပွန်းတန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးရွာ ရှိ အာဟာရသုခဈေး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြန်သည်။
ည ၈ နာရီ ၄၆ မိနစ်တွင် ဈေးရုံ၏ ရုံအမှတ် (ဂ) မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက
အချိန်မီသွားရောက်မီးငြှိမ်းသတ် ခဲ့ရာ ည ၉ နာရီ ၃၁ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း
သိရသည်။ ယင်းမီးလောင်မှုဖြစ်စဉ်တွင် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု
မရှိခဲ့ကြောင်း၊ ဈေးရုံ ငါးရုံအနက် ဈေးရုံတစ်ရုံရှိ ဆိုင်ခန်းပေါင်း ၂၄၀ ခန့်
မီးလောင်ပျက်စီးခဲ့သည်။
၂၀၂၆
ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂၀ ရက် အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် မီးလောင်မှုစုစုပေါင်း ၁၉၆ ကြိမ် ဖြစ်ပွားခဲ့ရာ မီးဖိုမီး ၂၈
ကြိမ်၊ ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး လေးကြိမ်၊ လျှပ်စစ်မီး ၇၅ ကြိမ်၊ မသမာသူ
ရှို့မီးငါးကြိမ်၊ တောမီး ၁၆ ကြိမ်နှင့် သောင်းကျန်းသူ ရှို့မီးသုံးကြိမ်ဖြစ်ကြောင်း
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
မီးလောင်မှုဖြစ်စဉ်များအနက်
လျှပ်စစ်နှင့် ပတ်သက်၍ လောင်ကျွမ်းသောမီးနှင့် ပေါ့ဆမှုကြောင့်
လောင်ကျွမ်းသောမီးတို့က အကြိမ်အရေအတွက် အများဆုံးဖြစ်ရာ ပြည်သူများအနေဖြင့်
မိမိတို့နေအိမ်နှင့်ဆိုင်ခန်းများတွင် ဝိုင်ယာသွယ်တန်းရာ၌
သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးမီသော ဝိုင်ယာကြိုးများနှင့်
လျှပ်စစ်ပစ္စည်းများကို စနစ်တကျသုံးစွဲကြရန် လိုအပ်ပါသည်။
ကျွမ်းကျင်သူများနှင့်
ပုံမှန်စစ်ဆေးရန်လိုအပ်
ထို့အတူ
အိမ်များ၊ ဆိုင်ခန်းများတွင် သွယ်တန်းထားသော မီးကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ
ဟောင်းနွမ်းပေါက်ပြဲပျက်စီးခြင်းများကို စစ်ဆေးပြီး အချိန်မီလဲလှယ်ကြရန်၊ ပလတ်တစ်ခုတည်းတွင်
လျှပ်စစ်အသုံးအဆောင်ပစ္စည်း အများအပြားပူးတွဲအသုံးမပြုရန်နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုများကိုလည်း
ကျွမ်းကျင်သူများနှင့် ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။
ထို့အတူ
မိမိ၏ ပေါ့ဆမှုကြောင့် မိမိ မိသားစုသာမက မိမိရပ်ရွာဒေသတစ်ခုလုံး မီးကူးစက်လောင်ကျွမ်းမှုမဖြစ်စေရေးအတွက်
လျှပ်စစ်မီးသုံးစွဲရာတွင် သတိ၊ အသိဖြင့် ဂရုတစိုက်သုံးစွဲကြရန်လိုအပ်သည်။
အထူးသဖြင့် မီးပျက်ချိန်နှင့် မလိုအပ်တော့သည့်အချိန်၊ အိမ်ပြင်သို့
ထွက်သည့်အချိန်၊ အနားယူအိပ်စက်ချိန်တို့တွင် သုံးလက်စလျှပ်စစ်ပစ္စည်းများကို
မပျက်မကွက်ပိတ်ရန် သတိပြုကြရမည်ဖြစ်ပါသည်။
ပူပြင်းခြောက်သွေ့သောကာလများတွင်
အပူချိန်မြင့်မားခြင်း၊ လေတိုက်နှုန်းမြင့်မားခြင်းနှင့်
အစိုဓာတ်နည်းပါးခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်ခြေပိုမိုမြင့်တက်လာနိုင်သည့်အတွက်
ပြည်သူများက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်
လိုအပ်သည်။
မီးတားလမ်းများ
ဖောက်လုပ်ထားရှိရေး၊ ဟောင်းနွမ်းဆွေးမြည့်နေသော လျှပ်စစ်ဝိုင်ယာကြိုးများအား
အသစ်လဲလှယ်တပ်ဆင်ရေး၊ စနစ်တကျသွယ်တန်းစေရေး၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ
ပြည့်စုံလုံလောက်စွာထားရှိရေး၊ ရေရရှိရေးအတွက် မီးသတ်ရေကန်များ၌ ရေဖြည့်တင်းထားရှိရေးနှင့်
မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် FSC လျှောက်ထားရယူရေး စသည့်မီးဘေးကြိုတင်ကာကွယ်ရေး
လုပ်ငန်းအစီအစဉ်များကို သတိတမံဉာဏ်မြေကတုတ် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရပါမည်။
ဥဩငှက်တို့၏တွန်ကျူးသံနှင့်အတူ
နွေဦးရာသီရောက်ပြီဆိုလျှင်ဖြင့် မီးသတ်ဦးစီးဌာန၏ “သင့်ကြောင့် မီးမလောင်ပါစေနှင့်”
သတိပေးနှိုးဆော်ချက်ကို မိဘပြည်သူများအားလုံး သတိပြုဆင်ခြင်ပြီး မီးဘေးအန္တရာယ်ကို
ကြိုတင်ကာကွယ်ကြရန် အသိပေးနှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment