နိဒါန်း
မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါတယ်။ မိမိတို့ နိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ကွန်ဗင်းရှင်းပါ ရည်ရွယ်ချက်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါရည်ရွယ်ချက်တွေကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အမြဲသုံးသပ်လျက်ရှိပြီး ပဉ္စမအကြိမ်ထိ ပြင်ဆင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။
အဂတိလိုက်စားမှုဟာ လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်အတော်များများမှာ ပုံစံအမျိုးမျိုးနဲ့ လှိုက်စားဖျက်ဆီးနေတဲ့ မနှစ်မြို့စရာ အကျင့်ဆိုး၊ စနစ်ဆိုးကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အဂတိလိုက်စားမှုဟာ အချိန်ကာလကြာမြင့်စွာ အထိန်းအချုပ်မဲ့ကြီးထွားလာခဲ့ရင် ထိုနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့မှာ အဓိက အဟန့်အတားတစ်ခု ဖြစ်ပြီး ဆင်းရဲချမ်းသာမညီမျှမှုကို ဖြစ်ပေါ်စေပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ မျှတမှု၊ တရားဥပဒေ စိုးမိုးမှုစတဲ့ ကောင်းမြတ်တဲ့ အလေ့အထတွေ ပိုမိုမြင့်မားလာစေရေးကို မျှော်မှန်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံရေးစိတ်ဆန္ဒ ပြင်းပြစွာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက် ရှိပါတယ်။
ဒါကြောင့် ကော်မရှင်ဟာ နိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေဖို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရေး ရည်မှန်းလျက် အဂတိလိုက်စား မှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၈ ခုနှစ်မှ စတင်ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းအစီ အစဉ်များချမှတ်ပြီး ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနဲ့ စုံစမ်းစစ်ဆေးအရေးယူခြင်းစတဲ့ လုပ်ငန်းတာဝန်သုံးရပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
(၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ ပြောကြားခဲ့တဲ့ Video Message မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့စပ်လျဉ်းပြီး ကောက်နုတ်ချက်က အောက်ပါအတိုင်းဖြစ်ပါတယ် -
“စည်းကမ်းကောင်းမွန်ပြီး ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်များ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာမှာ အဂတိလိုက်စားမှုကင်းစင်ဖို့ လိုအပ်ပြီး အဂတိလိုက်စားမှုဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။ ဒါ့ကြောင့် အဂတိကင်းပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် တည်ဆောက်နိုင်မှသာ နိုင်ငံတော်ဟာ ဘက်ပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်လာပြီး အများပြည်သူရဲ့ လူမှုဘဝတွေဟာလည်း မျှမျှတတနဲ့ သာယာဝပြောလာမှာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့လိုအပ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ် လုံးကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသားနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။”
“ဖြောင့်မတ်တည်ကြည်မှုရှိခြင်းဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအဆောက်အအုံရဲ့ အရေးကြီးတဲ့မဏ္ဍိုင်တစ်ရပ် ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးဦး၊ လူ့အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ စီးပွားရေးနဲ့လူမှုရေးမှာ ယုံကြည်စိတ်ချရမှုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးနဲ့ သာယာဝပြောရေးတို့အတွက် ဖြောင့်မတ်တည်ကြည်မှုဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှုရှိစေဖို့အတွက် ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်မှုတွေကို အုပ်ချုပ်ရေးအပိုင်းမှာသာမက ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေအတွက်ပါ ထည့်သွင်း စဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာသာမက လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ ပုဂ္ဂလိကကဏ္ဍကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတော်နဲ့ အများ ပြည်သူရဲ့အကျိုးစီးပွားကို ကောင်းမြတ်တဲ့ စိတ်စေတနာ၊ ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ်ကျင့်တရားတို့နဲ့ ဆောင်ရွက်သွားစေနိုင်မှာ ဖြစ်ပါတယ်။”
“အဂတိကင်းစင်တဲ့ လူ့အသိုက်အဝန်းဖြစ်လာရေးမှာ ရှိနေဆဲဖြစ်တဲ့ အဂတိလိုက်စားမှုတွေ လျော့ပါးသွားအောင် အဂတိလိုက်စားမှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးတိုက်ဖျက်ရမှာဖြစ်သလို နောင်အနာဂတ်မှာ ပပျောက်သွားတဲ့အထိ လိုအပ်တဲ့ ပြင်ဆင်၊ စီမံ၊ ဆောင်ရွက်မှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့လိုပါတယ်။ အထူးအားဖြင့် အဂတိ လိုက်စားမှုတွေဟာ ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့ အဂတိလိုက်စား မှုကို လက်ယပ်ခေါ်နေတဲ့ အခြေခံအရင်းအမြစ်တွေ မှန်သမျှဖယ်ထုတ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုကြိုးစားတဲ့အခါမှာ ကိုင်တွယ်အသုံးပြု သူတွေက လိုအပ်သလို ဆွဲယူအသုံးချနိုင်တဲ့ ရှုပ်ထွေးပြီး လူအများနားလည်ရခက်ခဲတဲ့ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နဲ့ညွှန်ကြားချက်တွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို အများပြည်သူလွယ်ကူရှင်းလင်းစွာ သိရှိနားလည်တဲ့ဖော်ပြချက်တွေနဲ့ ပြုပြင်ဖို့ကိစ္စရပ် တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။”
အသိပညာပေးခြင်းကဏ္ဍ
ကော်မရှင်ရဲ့ အသိပညာပေးဆောင်ရွက်မှုကဏ္ဍမှာ နိုင်ငံ့ဝန်ထမ်းတွေသာမက ပုဂ္ဂလိကကဏ္ဍနဲ့ ပညာရေးနယ်ပယ်တွေမှာပါ အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွေနဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်တို့မှာ ဖွင့်လှစ်တဲ့သင်တန်း ၃၆ ခုမှာ သင်တန်းသား ၁၈၅၁ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုတွေကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ ကော်မရှင်ရုံးအရာ ထမ်းတွေက ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ၈၆ ကျောင်းမှာ ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ နွေရာသီကျောင်းပိတ်ရက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွေမှာ ဆရာ/ဆရာမ ၁၅၅၂၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာတွေ တိုးပွားလာစေဖို့နဲ့ ကျောင်းသားလူငယ်တွေ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို စာသင်ခန်းတွေကနေ စတင်နိုင်ဖို့ရည်ရွယ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းတွေကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
အလားတူ ကျောင်းသားလူငယ်တွေအတွင်း ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ အသိုက်အဝန်း တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းသားလူငယ် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး Edutain-ment အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေနဲ့ ကော်မရှင်ရုံးခွဲများတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ အခြေခံပညာကျောင်း ၉၀ မှ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား ကျောင်းသူ ၃၁၃၆၉ ဦးကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာတွေ သင်ကြားပို့ချနိုင် ခဲ့ပြီး “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” နှင့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲတွေကို ကော်မရှင်ရုံး၊ နေပြည်တော်နဲ့ ရုံးခွဲတည်ရှိရာ မြို့တွေရှိ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေ စုစုပေါင်း ၁၂ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၈၇၉ ဦးတို့နဲ့ လူငယ်စကားဝိုင်းတွေ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
ကော်မရှင်ဟာ ပုဂ္ဂလိကကဏ္ဍမှာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမှု အနေနဲ့ ၇-၃-၂၀၂၅ ရက်နေ့က ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ၈၅ ဦးကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
ကော်မရှင်အနေနဲ့ အသိပညာပေးခြင်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်စေဖို့နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတတွေကို အများပြည်သူ ပိုမိုသိရှိနိုင်စေဖို့ရည်ရွယ်ပြီး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အဖြစ် ရုပ်ပြသရုပ်ဖော်တေးသီချင်း သုံးပုဒ်နဲ့ ဇာတ်လမ်းတို ၁၂ ပုဒ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ပူးပေါင်းထုတ်လွှင့်ပြသလျက်ရှိပါတယ်။
ကော်မရှင်က လျှို့ဝှက်ထိန်းသိမ်းရမယ့် သတင်းအချက်အလက်မှအပ ကော်မရှင်ရဲ့လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်း၊ ဆောင်ရွက်ချက်တွေကို အများပြည်သူတို့ အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်စေဖို့နဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာအသိပညာတွေ တိုးမြင့်လာစေဖို့ ရည်ရွယ်ပြီး ကော်မရှင်ရဲ့ Facebook Page ACC Myanmar၊ Website (http://www.accm.gov.mm)နဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ကော်မရှင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်နဲ့ စပ်လျဉ်းတဲ့ သတင်း ၁၃၁ ပုဒ်ကို ထည့်သွင်းဖော်ပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက် ၁၀ နှစ်မှ ၁၅ နှစ်၊ အသက် ၁၆ နှစ်မှ ၂၀ နဲ့ အသက် ၂၁ နှစ်မှ ၂၅ နှစ်ဆိုပြီး အသက်အုပ်စု သုံးခုခွဲ၍ “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်နဲ့ ပိုစတာ၊ ဗီဒီယိုနဲ့ ပန်းချီပြိုင်ပွဲတွေကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ အသက်အပိုင်းအခြားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များအား ဆုချီးမြှင့်ခဲ့ပါတယ်။
တားဆီးကာကွယ်ခြင်းကဏ္ဍ
ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) တွေကို ၂၀၂၅ ခုနှစ်အထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခု၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၅ ခုတို့မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းနိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေ ရဲ့ ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းအစီအစဉ် ၆ ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုတွေက ဂရပ် (၁) ပါအတိုင်း ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေရဲ့ ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းအစီအစဉ် ၆ ရပ်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်မှုတွေက ဂရပ်(၂)ပါအတိုင်း ဖြစ်ပါတယ်။
ကော်မရှင်အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဂတိလိုက်စားမှုရဲ့ ဘေးအန္တရာယ်နဲ့ သဘော သဘာဝတွေကို သိရှိရှောင်ကြဉ်နိုင်စေဖို့၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တစ်ဦး တစ်ယောက်ကစပြီး ကဏ္ဍအသီးသီးကပုဂ္ဂိုလ်တွေ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်လာစေဖို့နဲ့ အဂတိလိုက်စားမှုကိုလက်မခံတဲ့ ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်စေဖို့ရည်ရွယ်ပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၆ ခုမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအရေးယူခြင်းကဏ္ဍ
ဥပဒေမူဘောင်ခိုင်မာဖို့အတွက် ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြန်လည်သုံးသပ်ရေးအစည်းအဝေးတွေကို ကျင်းပ ပြုလုပ်ခဲ့ပြီး ပြန်လည်သုံးသပ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်အစီရင်ခံစာကို ၈-၁၂-၂၀၂၃ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို တင်ပြခဲ့ပြီး ဥပဒေပြင်ဆင်တဲ့ကိစ္စရပ်တွေပြီးမြောက်ပါက ဥပဒေပြင်ဆင်ချက်တွေနဲ့အညီ အဂတိလိုက်စား မှုတိုက်ဖျက်ရေးနည်းဥပဒေတွေ အသစ်ထုတ်ပြန်နိုင်ဖို့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင်ရေးဆွဲထားတဲ့ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူတွေ အကာအကွယ်ပေးရေးဥပဒေ (မူကြမ်း)နဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းတွေ၊ ဥပဒေရေးရာဝန်ကြီးဌာနတွေကို အကြံပြုချက် တောင်းခံခဲ့ပြီး ပြန်လည်ပေးပို့လာတဲ့ အကြံပြုချက်တွေနဲ့စပ်လျဉ်းလို့ ပြင်ဆင်ထားရှိပြီး ဖြစ်တာကို တွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးအရေးယူခြင်း ကဏ္ဍအနေနဲ့ ကော်မရှင်ကို ပေးပို့လာတဲ့ တိုင်ကြားစာတွေအပေါ် စိစစ်သုံးသပ်ပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းတွေက စိစစ်ဆောင်ရွက်ရမယ့် ကိစ္စရပ် ဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေဆီ လွှဲပြောင်းပေးပို့ခြင်း၊ ကော်မရှင်က အရေးယူရန် ရှိပါက စုံစမ်းစစ်ဆေး တရားစွဲတင်ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တိုင်ကြားစာတွေ၊ သက်သေအထောက် အထားခိုင်လုံမှုမရှိတဲ့ တိုင်ကြားစာတွေကို ကျိုးကြောင်းဖော်ပြပြီး တိုင်ကြားသူထံ အကြောင်း ပြန်ကြားခြင်းတွေ ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။
၂၀၂၅ ခုနှစ်မှာ နေပြည်တော်ရှိ ကော်မရှင်ရုံးကို တိုင်ကြားစာ ၁၃၉၂ စောင်၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်)ကို တိုင်ကြားစာ ၃၄ စောင်၊ ကော်မရှင်ရုံးခွဲ (မန္တလေး)ကို တိုင်ကြားစာ ၁၅ စောင်၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)ကို တိုင်ကြားစာ ၁၄ စောင်၊ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)ကို တိုင်ကြားစာ ခြောက်စောင်အပါအဝင်တိုင်ကြားစာ စုစုပေါင်း ၁၄၆၁ စောင် လက်ခံရရှိပါတယ်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်အလိုက် တိုင်ကြားစာများ လက်ခံရရှိမှုကတော့ ဂရပ်(၃) ပါအတိုင်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာကော်မရှင်က လက်ခံရရှိတဲ့ တိုင်ကြားစာတွေရဲ့ အခြေအနေကို ဆောင်းပါးပါဇယားနံပါတ် (၁) တွင် ဖော်ပြအပ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ လက်ခံရရှိတဲ့ တိုင်ကြားစာတွေ အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို ဆောင်းပါး ပါ ဇယားနံပါတ် (၂) တွင် ဖော်ပြအပ်ပါတယ်။
အရေးယူဆောင်ရွက်ပေးနိုင်တဲ့ တိုင်ကြားစာ ၈၆၁ စောင်နဲ့ ပတ်သက်လို့ ကော်မရှင်က စုံစမ်းစစ်ဆေးတဲ့ တိုင်ကြားစာ သုံးစောင်၊ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တွေထံ အရေးယူဆောင်ရွက်ဖို့ လွှဲပြောင်းပေးပို့တဲ့ တိုင်ကြားစာ ၃၆၉ စောင်နဲ့ တိုင်ကြားသူ တစ်ဦးချင်းထံကို တိုင်ကြားစာပါ အကြောင်းအရာနဲ့ စပ်လျဉ်းလို့ ဆောင်ရွက်သင့်တာတွေကို ဖော်ပြ အကြံပြုချက်တွေနဲ့ ပြန်ကြားပေးတဲ့ တိုင်ကြားစာ ၄၈၉ စောင် ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးတရားစွဲတင်ပို့မှုနှင့် လွှဲပြောင်းပေးပို့မှု
၂၀၂၅ ခုနှစ်မှာ တိုင်ကြားစာ သုံးစောင်ကို စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ လူပုဂ္ဂိုလ် ၁၂ ဦးကို သက်ဆိုင်ရာ တိုင်းဒေသကြီးတရားလွှတ်တော်တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ တရားစွဲတင်ပို့ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ခြောက်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၀ (ခ)နဲ့ အညီ သက်ဆိုင်ရာဌာနတွေကို လွှဲပြောင်းပေးပို့ အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေထံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆ (ဍ) အရ လွှဲပြောင်းပေးပို့တဲ့ တိုင်ကြားစာတွေအပေါ် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက ဝန်ထမ်း ၂၆၆ ဦးကို ဝန်ထမ်းစည်းကမ်းအရ အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။
ကော်မရှင်က ၂၀၂၅ ခုနှစ်အတွင်း တိုင်ကြားစာတွေအပေါ် အရေးယူဆောင်ရွက်နိုင်ခဲ့မှုတွေက ဆောင်းပါးပါ ဇယားနံပါတ် (၃) တွင် လေ့လာတွေ့ရှိ ရပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ၂၀၂၅ ခုနှစ်အတွင်း စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ပို့ခဲ့တဲ့အမှုတွေနဲ့ တိုင်ကြားစာတွေအပေါ် စိစစ်ဆောင်ရွက်ခဲ့မှုတို့အရ ပြည်သူ့ဘဏ္ဍာသိမ်း ဆည်းနိုင်မှုနဲ့ ကာကွယ်နိုင်မှု အခြေအနေက ဆောင်းပါးပါ ဇယားနံပါတ်(၄)အတိုင်း ဖြစ်ပါတယ်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ကော်မရှင်အနေနဲ့ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ သတင်းအချက်အလက်ဖလှယ်ခြင်း၊ အတွေ့အကြုံနဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေမျှဝေခြင်းနဲ့ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ASEAN – Parties Against Corruption (ASEAN-PAC) ကို ၂၀၁၃ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး ASEAN-PAC ရဲ့ (၂၁) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး ဦးဆောင်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနဲ့ အရာထမ်းတစ်ဦးတို့ ပါဝင် တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကိုရီးယား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့အစည်းတွေနဲ့ နားလည်မှုစာချွန်လွှာ MoU ရေးထိုးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတကာမှာ ကျင်းပတဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို In Person နဲ့ ၉ ကြိမ်၊ Virtual Format နဲ့ ၁၃ ကြိမ် တက်ရောက်နိုင်ခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ ကောင်းမွန်တဲ့အလေ့အထတွေ၊ အတွေ့အကြုံတွေဖလှယ်နိုင်ခဲ့ပြီး ကော်မရှင်က ဆောင်ရွက်လျက်ရှိတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ပြည်ပသင်တန်းများ တက်ရောက်ခြင်း
ကော်မရှင်ဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ရော ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေဖို့အတွက်ပါ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံအဖွဲ့အစည်းတွေက ဖိတ်ကြားလာတဲ့ သင်တန်းတွေမှာ ကော်မရှင်ရုံးရှိ ဝန်ထမ်းတွေကို စေလွှတ်တက်ရောက်စေခဲ့တာမှာ ၂၀၂၅ ခုနှစ်အတွင်း In-Person နဲ့ ဖွင့်လှစ်ခဲ့တဲ့ သင်တန်းငါးကြိမ်၊ သင်တန်းသား ခြောက်ဦး တက်ရောက်ခဲ့ပါတယ်။
ပြည်တွင်းသင်တန်းများ တက်ရောက်ခြင်း
ကော်မရှင်ရုံးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာစေဖို့နဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူ ချက်ပြည့်ဝစေဖို့အတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်း တွေက ဖွင့်လှစ်တဲ့ သင်တန်း ၃၆ ခုမှာ သင်တန်းသား ၆၆ ဦး စေလွှတ်တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကော်မရှင်ရုံးမှာဖွင့်လှစ်တဲ့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း လေးခုမှာ သင်တန်းသား ၉၄ ဦးကို သင်ကြားပို့ချခဲ့ပါ တယ်။
အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း
ကော်မရှင်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို လျင်မြန်စွာ တိုးတက်နေတဲ့ မျက်မှောက်ခေတ်မှာ Artificial Intelligence - AI ဘာသာရပ်ကို သိရှိစေဖို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချပြီး အထောက်အကူဖြစ်စေဖို့အတွက် AI နည်းပညာ ဟာ လူသားတွေရဲ့ ဘဝနေထိုင်မှုပုံစံအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့မှု၊ AI App-lication တွေကို ကဏ္ဍစုံမှာ အသုံးပြုနေပြီး AI နည်းပညာကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေ၊ တရားစီရင်ရေးကဏ္ဍတွေမှာလည်း အသုံးပြု လာကြတာကို လေ့လာတွေ့ရှိရမှု ၊ AI နည်းပညာကို အသုံးပြုပြီး အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိတဲ့ ပုံစံနဲ့ မူမမှန်မှုတွေကို Big Data တွေကတစ်ဆင့် ရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်းနဲ့ စုံစမ်းစစ်ဆေးခြင်းတို့မှာ AI နည်းပညာ အသုံးပြုပြီး အကြံဉာဏ်ရယူနိုင်မှု၊ အရေးကြီးတဲ့ အချက်အလက်တွေကို လျင်မြန်စွာ စုစည်းပေးနိုင်ခြင်းကြောင့် အချိန်နဲ့ အရင်းအမြစ်တွေကို သက်သာစေနိုင်မှု၊ AI ဟာ လူသားတို့ရဲ့ဘဝကို အထောက်အကူပြုနိုင်တဲ့ နည်းပညာတစ်ခုဖြစ်သလို ဆိုးကျိုးကိုလည်း အထူးသတိပြုဖို့ လိုအပ်ကြောင်း၊ AI နည်းပညာကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ဖို့အတွက် သေချာစွာ လေ့လာအသုံးချဖို့ လိုအပ်ကြောင်း စတဲ့အချက်တွေနဲ့စပ်လျဉ်းပြီး “Applied AI for Anti-Corruption” အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း
ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို လေးနှစ်တစ်ကြိမ် ရေးဆွဲဆောင်ရွက်လျက်ရှိရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ဒုတိယ လေးနှစ်တာကာလအဖြစ်သတ်မှတ်ပြီး လုပ်ငန်းကဏ္ဍ (၆)ခု၊ လုပ်ငန်းစဉ် (၂၀)၊ လုပ်ငန်းရပ် (၅၈) ချက်နဲ့ရေးဆွဲခဲ့ပါတယ်။ အဲဒီမဟာဗျူဟာ စီမံချက်အပေါ်မူတည်ပြီး ၂၀၂၅ ခုနှစ်အတွင်း ကော်မရှင်ရုံးအဖွဲ့နဲ့ ဦးစီးဌာနတွေက အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လုပ်ငန်းအစီအစဉ်ကို လုပ်ငန်းရပ် (၄၁) ချက်နဲ့ ရေးဆွဲခဲ့ရာမှာ အကောင်အထည်ဖော် ဆောင်ရွက်မှုအနေနဲ့ (၃၃)ချက် (၈၁%) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်ဟာ ထိရောက်သေချာမှုရှိတဲ့ လုပ်ငန်းအစီအစဉ်ဖြစ်တာကို သုံးသပ်တင်ပြထားပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍအနေနဲ့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးနဲ့ သက်ဆိုင်တဲ့ အသိပညာဗဟု သုတတွေကို ကျောင်းသား လူငယ်များက စတင်ရရှိ စေဖို့အတွက် ဆရာကိုင်စာအုပ်တွေနဲ့ ရည်ညွှန်း စာစောင်တွေကို အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို ဖြန့်ဝေနိုင်ခဲ့လို့ ကျောင်းသား လူငယ်တွေအတွက် ဖြောင့်မတ်တည်ကြည်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတတွေ ရရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနဲ့အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Preven-tion Unit-CPU) တွေကို ၂၀၂၅ ခုနှစ်အထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခု၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၅ ခုတို့မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းနိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကော်မရှင်အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တွေမှာရှိတဲ့ CPU တွေကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနဲ့စပ်လျဉ်းတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အကြံပြုဆွေးနွေးခြင်း၊ PFP Web Portal အသုံးပြု နည်း သင်တန်းပို့ချပေးခြင်းတွေ ဆောင်ရွက်ပေး လျက်ရှိတဲ့အပြင် လိုအပ်တဲ့နည်းပညာ ပံ့ပိုးကူညီ ခြင်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့လို့ CPU တွေရဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုတွေမှာ များစွာအထောက်အကူဖြစ်စေခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှစ်ခုဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို တိုးချဲ့အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ရှေ့လုပ်ငန်းအစီအစဉ်
ကော်မရှင်ဟာ ၂၀၂၆ ခုနှစ်မှာ အဂတိလိုက်စားမှု အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို အောက်ဖော်ပြပါ လုပ်ငန်းအစီအစဉ်တွေချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ တင်ပြထားပါတယ်-
(က) ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေး၊
(ခ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိ လိုက်စားမှု
တားဆီးကာကွယ်ရေး၊
(ဂ) အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး၊
အသိပညာပေးရေး အစီအစဉ်များ တစ်နိုင်ငံလုံး ပျံ့နှံ့စေရန် တိုးမြှင့်ဆောင်ရွက်ခြင်း၊
(ဃ) စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း လုပ်ငန်းတို့ကို
ထိရောက်ခိုင်မာစေမည့် အခြေခံကောင်းများ တည်ဆောက်ရေး၊
(င) ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေး၊
(စ) ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊
(ဆ) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊
(ဇ) အမြဲမပြတ် စောင့်ကြည့်ရေးနှင့် သုံးသပ်အကဲဖြတ်ရေး၊
(ဈ) ကော်မရှင်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို ပြည်သူသို့
အစီရင်ခံတင်ပြရေး။
အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရန်
အဂတိလိုက်စားမှုကင်းစင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေဖို့အတွက် အဂတိလိုက်စားမှုကို ဖြစ်ပွား လာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်ပွားအောင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းတို့ကို ကော်မရှင်က စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတွက်အရေးကြီးတဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ အဂတိလိုက်စားမှုတွေ လျော့နည်းကျဆင်းစေရေး၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်စေရေးနဲ့ အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် နိုင်ငံရေးစိတ် စေတနာအရင်းခံနဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေ ချမှတ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေဖို့အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ် ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ ဒါ့အပြင် နယ်ပယ်ကဏ္ဍ အသီးသီးမှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့လည်း အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေတဲ့ အပြုအမူ၊ လှုပ်ရှားဆောင်ရွက်မှုတွေကို ရှောင်ရှားပြီး အများပြည်သူအကျိုးစီးပွားကို ဦးတည်ချက်ထား အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကော်မရှင်က
အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေဖို့
ရည်မှန်းကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ ။

No comments:
Post a Comment