မော်ကျွန်း - မြင့်အောင်
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ၆-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ စာရေးသူလည်း ကြုံတုန်းကြုံခိုက်မို့ ထိုနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ လှပခံ့ညားလွန်းလှသည့် တံတားကြီးပါလား။ မြင့်မားခံ့ထည်လွန်းလှသည်။ မိမိတို့တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူဖွယ်ရာ တံတားကြီးတစ်စင်းပင်။ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် တံတားများထဲတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုးဆိုင်းတံတား(Cable Stayed Bridge)အမျိုးအစားဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သူများအနေဖြင့်
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့မှုကို ဂုဏ်ယူနေကြမည်၊
သမိုင်းမှတ်တမ်းဝင် တံတားတစ်စင်းဖြစ်၍ ဝမ်းသာကြည်နူးနေကြမည်ဟု ယုံကြည်မိပါသည်။
စာရေးသူတို့ လိုက်ပါလာသော
ကားလေးမှာ ကားတန်းကြီးနှင့်အတူ တန်းစီလျက် လိုက်ပါလာခဲ့သည်။ တံတား လူသွားလမ်းများမှနေပြီး တံတားသစ်ကြီးပေါ်သို့
တက်ရောက်ကြည့်ရှု လေ့လာနေကြသည့် ပြည်သူများဖြင့် တံတားကြီးမှာ ပြည့်ကျပ်စည်ကားနေသည်။
သူတို့အားလုံး ဝမ်းသာကျေနပ် နေကြသည်ကို မြင်တွေ့ရသည်။ သူတို့မျက်နှာပြင်ပေါ်တွင် ပီတိအပြုံးများ
ဖြတ်သန်းနေကြသည်။ တံတားပေါ်သို့ ရောက်သောအခါ ဘယ်လိုအရသာ မျိုးမှန်းမသိသော ကြည်နူးခံစားမှုကို
ကျွန်တော့်စိတ်တွင် ခံစားရသည်။ ဂုဏ်ယူမဆုံးဖြစ်မိသည်။ တံတားအပေါ်စီးမှ မြင်ကွင်းများကို
လေ့လာကြည့်သောအခါ နိုင်ငံခြားမြို့ကြီးတစ်မြို့သို့ ရောက်ရှိနေသည့်အလား ထင်မှတ်မှားမိသည်။
ရန်ကုန်မြို့ရှိ တိုက်တာနေအိမ်အဆောက်အအုံများ၊ အထပ်မြင့်အဆောက်အအုံ များ၊ ရန်ကုန်မြစ်နှင့်
ရေယာဉ်ဝင်ထွက် ဆိုက်ကပ်နေမှုများ၊ ဒလမြို့မြင်ကွင်းများကိုပါ တွေ့မြင်ကြရသည်။ တံတားပေါ်တွင်
လေတဖြူးဖြူး တိုက်ခတ်နေသည်ကို ထိတွေ့ခံစားရင်း ရန်ကုန်မြို့မှ ဒလမြို့ဆီသို့ ဆက်လက်စီးမျောလိုက်ပါ
သွားမိသည်။
တံတားကြီး မဖွင့်လှစ်မီက
ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့နယ်နေ ပြည်သူများအနေဖြင့် ရန်ကုန်မြို့သို့ သွားလိုလျှင်
ကျယ်ပြောလှသော ရန်ကုန်မြစ်ကို စက်တပ်သမ္ဗန်များ၊ ရေယာဉ် ကြီးငယ်မျိုးစုံဖြင့် ဖြတ်ကူးသွားလာကြရသည်။
ပွင့်လင်းရာသီတွင် သွားလာမှု အဆင်ပြေလွယ်ကူသော်လည်း မိုးလေပြင်းထန်သည့် မိုးရာသီကာလများတွင်မူ
ဘေးအန္တရာယ်များလှသည်။
ဒလမြို့နယ်သည်
ယခင်က ရန်ကုန်မြို့နှင့် နီးကပ်ခဲ့သော်လည်း ရန်ကုန်မြစ်ကြီးခြားနေသဖြင့် တိုးတက်သင့်သလောက်
မတိုးတက်ဘဲရှိခဲ့သည်။ ယခုတော့ ဒလသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီ
ဖြစ်သည်။ မြန်မာ - ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတားကြီးက ဒလနှင့်ရန်ကုန် ကို ပေါင်းကူးယှက်နွှယ်
ချစ်ကြိုးသွယ်ပေးထားသည်။ ဒလမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို
ဆက်နွှယ်ပေါင်းကူးထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်ရာ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဟု
ယုံကြည်မိသည်။
ဒလ၏ ဖွံ့ဖြိုးတိုးတက်မှုများကား
ဤမျှသာမကသေး၊ ဒလမြို့နယ်နေ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် တံတားကြီး၏ ဘေးတစ်ဖက်စီတွင်
ရန်ကုန်မြို့မှ ဒလမြို့သို့ သောက်သုံးရေ ဖြန့်ဝေပေးနိုင်စေရေးအတွက် တစ်ပေခွဲအချင်းရှိ
ရေပိုက်များကိုလည်း တပ်ဆင်ဆောင်ရွက်ထား ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏
စီးပွားရေးမြို့တော်ဖြစ်ပြီး နှစ်ပေါင်းရာချီသက်တမ်း ရှိခဲ့သည့် ရန်ကုန်မြို့၏ မြို့လယ်ဧရိယာကို
မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်နှင့် ပေါင်းစပ်ပေးနိုင်ခဲ့သဖြင့် ဒလမြို့၏ ဖွံ့ဖြိုး တိုးတက်မှုသည် မြို့ပြအသွင်ဆောင်ပြီး
ဖွံ့ဖြိုးတိုးတက်လာမည်သာမက ဒလမြို့နယ်နှင့် တစ်ဆက်တစ်စပ်တည်းရှိနေသော တွံတေး၊ ကော့မှူးနှင့်
ကွမ်းခြံကုန်းဒေသများသည်လည်း တစ်ပြိုင် တည်း မြို့ပြအသွင်ဆောင်ကာ အသီးသီး ဖွံ့ဖြိုးတိုးတက်လာတော့မည်ဟု
မြင်မိပါသည်။
ယခုအခါ ရန်ကုန်-ဒလ၊
ဒလ- ရန်ကုန်မှာ ရေမခြား၊ မြေမခြား တစ်ဆက်တစ်စပ်တည်း အချိန်တိုကာလအတွင်း သွားလာနိုင်မည်ဖြစ်၍
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကြီးပေါ်မှ ဖြတ်သန်းသွားလာပါက ဒလမှ ရန်ကုန်မြို့လယ်ရပ်ဝန်းဆီသို့
သွားရောက်လိုပါ လျှင် ငါးမိနစ်အချိန်မျှဖြင့် ရောက်ရှိနိုင်တော့မည်ဖြစ်သည်။
ထိုနည်းတူစွာပင်
ဒလမြို့နယ်မှ တစ်ဆက်တစ်စပ်တည်း ထိစပ်နေသော ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ၊ ဖျာပုံနှင့်
ဘိုကလေးမြို့နယ် ပင်လယ်ပိုင်းကမ်းခြေဒေသများအထိလည်းကောင်း၊ မော်လမြိုင်ကျွန်း-ဘိုကလေးမြို့နယ်တို့နှင့်
တိုက်ရိုက်ထိစပ်နေသော ပင်လယ် ပိုင်းဒေသများအထိ လည်းကောင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများက
လိုက်ဖက် ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ထို့အပြင် မော်လမြိုင်ကျွန်းမြို့နယ်နှင့်
တိုက်ရိုက်ထိစပ်နေသော ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ အိမ်မဲ၊ မအူပင်နှင့် ပုသိမ်မြို့တို့အထိ
အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်တော့မည် ဖြစ်၍ ဒေသဖွံ့ဖြိုး အလှတိုးလာတော့မည် ဖြစ်သည်။
ယခင်က မအူပင်-လှိုင်သာယာ-
ရန်ကုန်ခရီးလမ်းဖြင့် တိုက်ရိုက်ထိတွေ့ ခရီးသွားလာကြရသော မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီးမှ
ပြည်သူများမှာ လှိုင်သာယာအဝေးပြေးဂိတ်သို့ ဆက်သွယ်သွားလာကြရသည်။ ထိုမှ တစ်ဆင့် မော်တော်ကားလိုင်းများ၊
အငှား မော်တော်ယာဉ်များ၊ ခရီးသည်ကြိုပို့ယာဉ်များဖြင့် ရန်ကုန်မြို့သို့ ခရီးဆက်ကြရသည်။
ယာဉ်ကြောမပိတ်ပါက နာရီဝက်မှ မိနစ် ၄၀ အတွင်း ခရီးသွားကြရသည်။ ယာဉ်ကြောပိတ်၍ ဖြည်းဖြည်း
ချင်းမောင်းနှင်ရပါမူ တစ်နာရီနီးပါးအထိ ခရီးသွားကြရပါသည်။
ယခုတော့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး
(ဒလ) တံတားကြီး ဖွင့်လှစ်လိုက်ပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူလျင်မြန်သွားပြီဖြစ်သည်။
ချစ်ကြည်ရေးဒလတံတားကြီးမှ ရန်ကုန်မြစ်ကို ဖြတ်ကူးပြီး ရန်ကုန်မြို့လယ် ဘုန်းကြီးလမ်းဆီသို့
အချိန်တိုအတွင်း ရောက်ရှိကာလိုရာခရီးသို့ ခရီးဆက်နိုင်ကြပြီဖြစ်သည်။
ထိုသို့ မြန်မာပြည်သူများ
ဝမ်းသာပျော်ရွှင်ဂုဏ်ယူရသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကြီး တည်ဆောက်နိုင်ရန်
၂၀၁၂ ခုနှစ်တွင် မြန်မာ- ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ စတင်ခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံ (Economic Development Coopera-tion Fund – EDCF)ချေးငွေမှ အမေရိကန်
ဒေါ်လာ ၁၅၈ သန်းခန့်နှင့် နိုင်ငံတော် အစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်
စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး
တံတားကြီး အပြီးသတ်ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ ၂၃ ဘီလီယံကျော်ကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ
ထပ်မံဖြည့်စွက်ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် တံတားကြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ-ကိုရီးယား
ချစ်ကြည်ရေး (ဒလ) တံတားသည် အရှည် ၆၁၂၇ ပေရှိပြီး လေးလမ်းသွားတံတားဖြစ်သည်။ ပင်မတံတား၏
လျှောစောက် (Gradient) ၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိပြီး တံတား အကျယ် ၇၉ ပေရှိသည်။ ၁၁ပေခွဲအကျယ်
ယာဉ်သွားလမ်း လေးလမ်းနှင့် ခြောက်ပေခွဲအကျယ် လူသွားလမ်း နှစ်ဖက်ပါရှိသည်။ တံတားခွင့်ပြုတန်ချိန်မှာ
ယာဉ်တစ်စီး ချင်းအလိုက် ၇၅ တန်ဖြစ်သည်။
သို့ဖြစ်ပေရာ
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တံတားကြီးပေါ်မှ ဖြတ်သန်းမောင်းနှင်ကြသည့်
ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးလိုအပ်လှပါသည်။
အထူးပြုတင်ပြရလျှင်
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ရန်ကုန်နှင့် ဒလမြို့နယ်တို့နှင့်
ထိစပ်နေသော မြို့နယ်များသည် ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ ဒေသတွင်း
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်၊ ခြံ၊ မြေနှင့် သယ်ယူပို့ဆောင်ရေး
လုပ်ငန်းကဏ္ဍများပါမကျန် လိုက်ဖက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ရန်ကုန်မြို့တော်၏
အထင်ကရပြယုဂ် (Landmark) ဖြစ်သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတား ကြီးသည် ရန်ကုန်တိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်းဒေသကြီးတို့ကို ပေါင်းကူးယှက်နွှယ် ချစ်ကြိုးသွယ်ပေးလျက်ရှိပါကြောင်း ဂုဏ်ပြုရေးသား
တင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment