ဦးမင်းဦး (မဟာပညာရေး)
မြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်သည် ကျောင်းသားလူငယ်များကို အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်သိစိတ်ရှိသော နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးသည့် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည်။ အခြေခံပညာသင်ရိုးညွှန်းတမ်းသစ်တွင် စာရိတ္တနှင့် ပြည်သူ့နီတိကို အခြေခံအဆင့်များ၌ အဓိကဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားလျက်ရှိသည်။
“စာရိတ္တ” ဆိုသည်မှာ
ကိုယ်ကျင့်တရားဖြစ်ပြီး “ပြည်သူ့နီတိ” မှာ ပြည်သူများ လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်ဖြစ်သည်။
ထို့ကြောင့် စာရိတ္တနှင့် ပြည်သူ့နီတိသည် တစ်သားတည်း ဒွန်တွဲဆက်စပ်နေပြီး အပြန်အလှန်အကျိုးပြုနေသည်။
ပြည်သူ့နီတိကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံကြမှသာလျှင် စာရိတ္တကောင်းမွန်သူဖြစ်လာနိုင်သည်။
စာရိတ္တကောင်းမွန်သူဖြစ်မှလည်း နီတိကျွမ်းကျင်သော ပြည်သူ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့်
စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကို တွဲဖက်ပြီး ရေးဆွဲပြဋ္ဌာန်းပို့ချသင်ကြားခြင်းဖြစ်သည်။
လူ့အဖွဲ့အစည်းအတွင်း
“မှန်သည်” နှင့် “မှားသည်” ဟု ယူဆသောအရာများကို စာရိတ္တကိုယ်ကျင့်တရားဟု သတ်မှတ်နိုင်ပြီး
လူတစ်ဦးချင်းလိုက်နာရန် လမ်းညွှန်ပေးနိုင်သည်။ ၎င်းသည် လူသားနှင့် လူ့ယဉ်ကျေးမှုကို
ကြီးမားစွာမြှင့်တင်ပေးနိုင်သည့် ပင်မအရင်းခံနှင့် စည်းလုံးညီညွတ်သော နိယာမဖြစ်သည်ဟု
လူအများက ယုံကြည်ကြသည်။ စာရိတ္တနှင့် ပြည်သူ့နီတိပညာရေးသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ့သားကောင်းဖြစ်လာစေရန်အတွက်
အခြေခံအုတ်မြစ်ဖြစ်သည်။
ယနေ့ခေတ်တွင်
နိုင်ငံ့သားကောင်းပညာပေးအစီအစဉ်များသည် နိုင်ငံသားများအား ၎င်းတို့၏ အခွင့်အရေးနှင့်
တာဝန်များအကြောင်း ပညာပေးရန် နိုင်ငံများအတွက် ပို၍အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်လာသည်။
စာရိတ္တနှင့် ပြည်သူ့နီတိပညာရေးကို ကမ္ဘာ့နိုင်ငံအများစု တွင် ကျောင်းသင်ရိုးညွှန်းတမ်းအဖြစ်
သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင်
စာရိတ္တပညာရေးကို ပင်းယခေတ်မှ စတင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၇၀၄ ခုနှစ် သီဟသူမင်းလက်ထက်တွင်
အမတ်ကြီး စတုရင်္ဂဗလသည် များစွာသောနီတိကျမ်းများထဲမှ ကိုယ်ကျင့်တရားဆိုင်ရာဆုံးမစာများကို
ရွေးချယ်ပြီး ပါဠိဘာသာသို့ ပြန်ဆိုခဲ့သည်။ ထို့နောက် ပြည်သူများ လိုက်နာကျင့်ကြံနိုင်ရန်အတွက်
အပိုင်း (၇) ပိုင်း ခွဲခြားခဲ့သည်။ ယင်းတို့တွင် ပညာအကြောင်း၊ သူတော်ကောင်းနှင့် လူမိုက်တို့၏သဘာဝ၊
မိတ်ဆွေအပေါင်းအသင်း၊ အမျိုးသမီးများအကြောင်း၊ မင်းနှင့် အမတ်များအကြောင်းစသည်တို့
ပါဝင်သည်။ ဤသည်ကို မြန်မာနိုင်ငံ၏ ပထမဆုံးသော စာရိတ္တပညာ ရေးဟု ယူဆနိုင်သည်။
ဤကျမ်းသည် အမတ်ကြီး
စတုရင်္ဂဗလ ရေးသားခဲ့သည့် ထင်ရှားသော လောကနီတိကျမ်းပင်ဖြစ်သည်။
စာရိတ္တပညာရေး
ဖွံ့ဖြိုးတိုးတက်ခဲ့သော ဒုတိယခေတ်မှာ အင်းဝခေတ်ဖြစ်သည်။ ဤခေတ်တွင် ရှင်မဟာသီလဝံသနှင့်
ရှင်မဟာရဋ္ဌသာရ ရဟန်းနှစ်ပါးသည် ကျော်ကြားသောစာဆိုများအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၎င်းတို့သည်
လူငယ်များ လူကောင်းဖြစ်လာရန် လိုက်နာရမည့် စည်းမျဉ်းများနှင့် လိုက်နာရမည့်အချက်များကို
ပြောပြခဲ့ကြသည်။ ရှင်မဟာသီလဝံသ၏ အဆိုအရ ကိုယ်ကျင့်တရားပညာရေးနှင့် ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာ
အပြုအမူများအကြောင်း ဖော်ပြခဲ့ပြီး သူ၏ အကြံပြုချက်များသည် ကောင်းမွန်သောနေထိုင်မှုပုံစံများ၊
ကောင်းမွန်သောစကားပြောဆိုမှု သို့မဟုတ် နှုတ်ဖြင့် ဆက်သွယ်ပြောဆိုမှုနှင့် အစားအသောက်ပုံစံများ
စသည်တို့ကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏ အကြံပြုချက်များသည် လက်တွေ့ကျပြီး လူတိုင်းအတွက်
အသုံးဝင်သည်။
ရှင်မဟာရဋ္ဌသာရ၏
အဆိုအရ၊ သူသည် တပည့်များအား စာပေ ပညာရပ်များကို လေ့လာရုံသာမက မိမိတို့ဘဝအတွက် ကောင်းမွန်သောအလေ့အကျင့်ကောင်းများကိုလည်း
လိုက်နာကျင့်ကြံရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် မြန်မာမင်းများလက်ထက်တွင် စာရိတ္တပညာပေးခြင်းသည်
လူတစ်ဦးချင်းစီ၏ ဘဝတစ်လျှောက်လုံး၌ ကိုယ်ကျင့်တရားကောင်းမွန်သူများဖြစ်လာစေရန် ရည်ရွယ်ခဲ့ခြင်း
ဖြစ်သည်။
စာရိတ္တနှင့်
ပြည်သူ့နီတိပညာ၏ အဓိကရည်ရွယ်ချက်များနှင့် အရေးပါမှုများကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်
-
ကျင့်ဝတ်နှင့်
အကျင့်စာရိတ္တမြှင့်တင်ခြင်း
အမှား၊ အမှန်ကို
ခွဲခြားသိမြင်စေရန်နှင့် မိဘ၊ ဆရာ၊ လူကြီးသူမ များကို ရိုသေလေးစားခြင်း၊ အများအကျိုးကို
ဆောင်ရွက်ခြင်းစသည့် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေရှိသော အခြေခံကျင့်ဝတ်များကို
ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသည်။ ကလေးသူငယ်များအား ငယ်စဉ်ကတည်းက အမှားနှင့် အမှန်ကို
ဝေဖန်ပိုင်းခြားနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သော လူကြီးမိဘနှင့် ဆရာသမားများကို
ရိုသေလေးစားရန်နှင့် နှုတ်အမူအရာနှင့် ကိုယ်အမူအရာယဉ်ကျေးစေရန် စာရိတ္တပညာက လေ့ကျင့်ပေးသည်။
ဤသည်မှာ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်စွာ နေထိုင်နိုင်ရန် အခြေခံကျသော လူမှုတန်ဖိုးများပင်ဖြစ်သည်။
ကိုယ်ကျင့်တရားကောင်းမွန်စေရန်
ကျောင်းသားလူငယ်များ၏ အကျင့်စာရိတ္တကို ငယ်စဉ်ကပင် ပုံဖော်ပေးခြင်းဖြင့် ရိုးသားမှု၊
ကိုယ်ချင်းစာတရားနှင့် တာဝန်ယူမှုရှိသော လူသားကောင်းများဖြစ်လာ မည်ဖြစ်သည်။ လူမှုကျင့်ဝတ်နှင့်
စည်းကမ်းများကိုလိုက်နာပြီး အများသူငါနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် လူမှုကျင့်ဝတ်နှင့်
စည်းကမ်းများကို သိရှိနားလည်ခြင်းဖြင့် သာယာငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။
နိုင်ငံသားကောင်းတစ်ဦး၏
တာဝန်နှင့်ဝတ္တရား
မိမိ၏ ရပိုင်ခွင့်နှင့်
လိုက်နာရမည့် တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်စေကာ ဥပဒေကို လေးစားလိုက်နာသည့် လူ့အဖွဲ့အစည်းဖြစ်လာစေရန်
ရည်ရွယ်သည်။ ပြည်သူ့နီတိသင်ခန်းစာ များသည် ကျောင်းသားများအား မိမိတို့၏ ရပိုင်ခွင့်
(Rights) နှင့် လိုက်နာရမည့်တာဝန်များ (Responsibilities) ကို နားလည်စေသည်။ ဥပဒေကိုလေးစားခြင်း၊
အများပိုင်ပစ္စည်းကို ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်းစသည့်
နိုင်ငံ့သားကောင်းကျင့်ဝတ်များကို သင်ကြားပေးခြင်းဖြင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက်
အုတ်မြစ် ချပေးသည်။
တာဝန်သိနိုင်ငံသားများဖြစ်လာစေပြီး
နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို နားလည်ကာ ဥပဒေကိုလေးစားလိုက်နာသည့်
အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရမည် ဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်နှင့်
ညီညွတ်ရေး
တိုင်းရင်းသားလူမျိုးပေါင်းစုံ၏
ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုးထားတတ်စေရန်နှင့် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်နိုင်သော “ပြည်ထောင်စုစိတ်ဓာတ်” ကို မွေးမြူပေးသည်။ မြန်မာနိုင်ငံကဲ့သို့
တိုင်းရင်းသားပေါင်းစုံနေထိုင် သောနိုင်ငံတွင် အပြန်အလှန်လေးစားမှုသည် အလွန်အရေးကြီးသည်။
ကျောင်းသင်ခန်းစာများမှတစ်ဆင့် မတူကွဲပြားမှုများကို လက်ခံတတ်စေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်
ခိုင်မြဲစေရန် သင်ကြားပေးခြင်းသည် နိုင်ငံတော်တည်ငြိမ်ရေးအတွက် အသက်သွေးကြောဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်
ရှင်သန်ထက်မြက်စေပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ နေထိုင်သည့် မြန်မာနိုင်ငံတွင်
အချင်းချင်း၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို အပြန်အလှန် လေးစားတန်ဖိုးထားတတ်စေမည်ဖြစ်သည်။
လူမှုဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှု
တစ်ဦးနှင့်တစ်ဦး
ကိုယ်ချင်းစာနာစိတ်ရှိရန်၊ အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်တတ်ရန်နှင့် ပြဿနာများကို
အပြုသဘောဆောင်သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်သောအရည်အချင်းများကို လေ့ကျင့်ပေးသည်။
အဖွဲ့အစည်းနှင့် လုပ်ဆောင်တတ်ခြင်း၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ရှိခြင်းနှင့် အများအကျိုးအတွက်
ကိုယ်ကျိုးစွန့်ဆောင်ရွက်တတ်ခြင်းတို့ကို လက်တွေ့သင်ခန်းစာများမှတစ်ဆင့် လေ့ကျင့်ပေးသည်။
၎င်းသည် ကျောင်းသားများအား အတ္တနည်းပြီး အပြုသဘောဆောင်သော ခေါင်းဆောင်မှုအရည်အချင်းများကို
ရရှိစေ သည်။
ပဋိပက္ခများကို
ငြိမ်းချမ်းစွာဖြေရှင်းတတ်စေပြီး အယူအဆ မတူကွဲပြားမှုများကို အကြမ်းမဖက်ဘဲ စနစ်တကျ
ဆွေးနွေးဖြေရှင်း တတ်သည့် အလေ့အထများ သင်ကြားပေးနိုင်မည်ဖြစ်သည်။
ယနေ့ခေတ်တွင်
စာရိတ္တနှင့် ပြည်သူ့နီတိသင်ခန်းစာများကို ရုပ်ပုံများ၊ ဇာတ်လမ်းတိုများနှင့် ဆွေးနွေးမှုများဖြင့်
ပိုမိုစိတ်ဝင်စားစရာကောင်းအောင် ပြုလုပ်ထားသော်လည်း အချို့သောနယ်ပယ်များတွင် စိန်ခေါ်မှုများရှိနေပြီး
အမှန်တကယ်ထိရောက်ရန်အတွက် “စာတွေ့မှ လက်တွေ့သို့” ကူးပြောင်းရန်လိုအပ်သည်။ စာသင်ခန်းအတွင်း
သင်ယူထားသည်များကို လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်စေရန်အတွက် ပတ်ဝန်းကျင်နှင့် ကျောင်းအသိုင်းအဝိုင်း၏ပံ့ပိုးမှုမှာ
အလွန်အရေးကြီးသည်။
ဆရာ၊ မိဘနှင့်
ပတ်ဝန်းကျင်တို့က စံပြနမူနာပြသခြင်းဖြင့်သာ စာရိတ္တနှင့် ပြည်သူ့နီတိသင်ခန်းစာများသည်
အောင်မြင်နိုင်မည်ဖြစ်သည်။ စာရိတ္တနှင့် ပြည်သူ့နီတိပညာရေးသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက်
ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ ကျောင်းသားလူငယ်များအား ပညာတတ်ရုံသာမက နှလုံးသားလှသော၊
တာဝန်ယူလိုစိတ် ရှိသော နိုင်ငံသားများဖြစ်လာရန်မှာ အိမ်၊ ကျောင်း၊ ပတ်ဝန်းကျင် သုံးဦးသုံးဖလှယ်
ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။
။
ကိုးကား -
နေ့စဉ်ထုတ်သတင်းစာများ
Black, D.
(2014). The social structure of right and wrong. New York:Academic Press.
Civic
Education in Myanmar: Challenges and Opportunities - Tea Circle Oxford.
Ministry of
Education. ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းမူဘောင်။
Myanmar
Teacher Platform (MTP) - စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားရေး အရင်းအမြစ်များ။
Myanmar
National Curriculum Framework - Ministry of Education.
The
Philosophical Study of Moral-based Education in Myanmar – MERAL.
The Basic
Education Law - Myanmar Law Information System.
Wah, N. E,
& Oo, K. Z. (2020). A Study of the Awareness and Attitude of the Primary
Teachers Towards the new Primary Morals and Civics Curriculum Implementation.
Journal of Myanmar Academy, Arts and Sciences, Vol XVIII, No.9C.
သန်းထွတ်၊ ဦး။
(၂၀၂၃)။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါရစေ။ ရန်ကုန်မြို့၊ ရွှေဟင်္သာပုံနှပ်တိုက်။
No comments:
Post a Comment