၂၀၂၅
ခုနှစ် အောက်တိုဘာလ ၁၅ ရက်
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျာ ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားမှာ “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA)” ကို ချုပ်ဆိုနိုင်ခဲ့တာ (၁၀)နှစ်ပြည့်မြောက်တဲ့ မင်္ဂလာရှိသောနေ့ပဲဖြစ်ပါတယ်။ ယခုလိုအချိန်အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ်ရေးထိုးချိန်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ပေးနေကြတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းတို့ဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်းနဲ့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုးတိုး၍ ရှေးရှုဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့အချိန်မှာ
ကျွန်တော်တို့တိုင်းပြည်ရဲ့ ပကတိလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိပါမှ
ပြည်သူလူထုဟာ ကောင်းမွန်စွာစီးပွားရှာနိုင်ပါမယ်။ လုံခြုံစွာနေထိုင်နိုင်ပါမယ်။ ခိုင်မာတိုးတက်တဲ့
လူမှုစီးပွားဘဝများကိုလည်း တည်ဆောက်နိုင်ပါမယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးကို အရေးကြီးတဲ့ လုပ်ငန်းတစ်ခုအဖြစ်
ကျွန်တော်တို့အားလုံး မဆုတ်မနစ် ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
လွတ်လပ်ရေးရပြီးနောက်ပိုင်း
ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းစေဖို့ ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့
နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ လက်ရှိအခြေ အနေမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်
ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြရဆဲလည်းဖြစ်ပါတယ်။ ယနေ့မျက်မှောက် ကာလထိ တိုင်းရင်းသားညီအစ်ကိုတွေ
သင့်သင့်မြတ်မြတ် စည်းစည်း လုံးလုံးဖြစ်လာမှာကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့်
အုပ်စုတွေကလည်း နည်းလမ်းပေါင်းစုံအသုံးပြုပြီး နှောင့်ယှက်မှု အမျိုးမျိုးပြုလုပ်နေကြတာကို
သတိကြီးစွာထားကြဖို့ လိုအပ်ပါတယ်။ “နွားကွဲရင် ကျားဆွဲတတ်တယ်” ဆိုတာကို သိပါလျက်နဲ့ “ငါ့လှေငါထိုး ပဲခူးရောက်ရောက်” စိတ်မျိုးမမွေးကြဖို့လိုအပ်ပါတယ်။
“ပြည့်အင်အားသည်
ပြည်တွင်းမှာသာရှိသည်”ဆိုတဲ့ အဆိုစကား ဟာ အဓိပ္ပာယ်အားဖြင့် လွန်စွာလေးနက်လှပြီး
အမြဲထာဝရမှန်ကန် နေမယ့် အမှန်တရားဖြစ်တယ်ဆိုတာကို အလေးထားလိုက်နာခံယူ သွားကြဖို့ လိုအပ်ပါတယ်။
တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ
ကျွန်တော့်အနေနဲ့
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေတိုင်းမှာ NCA နဲ့ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့ခြင်းဟာ
NCA စာချုပ်သည် ကျွန်တော်တို့နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ
အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမယ့်အချက်ဖြစ်နေလို့ပါ။ NCA ကို
လက်မှတ်ရေးထိုးရခြင်းရဲ့ရည်ရွယ်ချက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကတစ်ဆင့်
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ရသင့်ရထိုက်သော တိုင်းရင်းသားများ၏ အခွင့်အရေးနဲ့
ဒီမိုကရေစီအရေးအတွက်ပဲ ဖြစ်ပါတယ်။
NCA စာချုပ်ကြိုးပမ်းမှုအစဟာ ပထမဒီမိုကရေစီအစိုးရကာလ နိုင်ငံတော်သမ္မတရဲ့ ၂၀၁၁
ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ ကြေညာချက် (၁/၂၀၁၁)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့
ဖိတ်ခေါ်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။ ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့အတွက်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ နိုင်ငံတော်သမ္မတဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့အဖွဲ့ဝင်(၁၁)ဦးပါ ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC)၊ ဒုတိယသမ္မတဦးဆောင်တဲ့ အဖွဲ့ဝင်(၅၂)ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
(UPWC)နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန
(MPC)တို့ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့
ကချင်ပြည်နယ်၊ လိုင်ဇာမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့
ညီလာခံကနေ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့(NCCT)ကို
အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ NCCT ကိုယ်စားလှယ်များဟာ
UPWC ကိုယ်စားလှယ်အဖွဲ့များနဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့ကနေ ၂၀၁၅ ခုနှစ်၊
မတ်လ ၃၁ ရက် အထိ NCA မူကြမ်းရရှိရေးအတွက် ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်
အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ သဘောတူစာချုပ်ကို အတည်ပြုမူကြမ်းအဖြစ် နှစ်ဖက်သဘောတူညီမှုရရှိခဲ့တာ
ဖြစ်ပါတယ်။ အဲဒီအတောအတွင်း ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ်၊
လော်ခီးလာညီလာခံမှာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
NCA မူကြမ်း အတည်ပြုချက်ရရှိပြီးတဲ့နောက်မှာတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ UPWC
ကိုယ်စားလှယ်အဖွဲ့များနဲ့ EAO အဖွဲ့တွေရဲ့ SD
အဖွဲ့ကိုယ်စားလှယ်များဟာ MPC မှာ အဋ္ဌမအကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ၂၀၁၅ ခုနှစ်၊ မတ်လမှာ EAO များ ပြုလုပ်တဲ့
လော်ခီးလာညီလာခံမှ UPWC နဲ့ NCCT ကိုယ်စားလှယ်များအကြား
သဘောတူစာချုပ်(အတည်ပြုမူကြမ်း)ကို အချောသပ်တဲ့
ဆွေးနွေးညှိနှိုင်းခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို
အဆင့်ဆင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို နိုင်ငံတော်သမ္မတဦးဆောင်တဲ့
အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ဟာ နိုင်ငံတကာ အသိသက်သေများရဲ့ရှေ့မှောက်မှာ
ခမ်းနားထည်ဝါစွာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိသက်သေအဖြစ်
ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့
ဂျပန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၁၈
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ EAO
အဖွဲ့ ၂ ဖွဲ့ ထပ်မံပါဝင် လက်မှတ်ရေးထိုးလာတဲ့အတွက် စုစုပေါင်းအဖွဲ့ ၁၀
ဖွဲ့ အထိ အကောင်အထည်ဖော် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ NCA ဟာ
နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ၁၈ လကြာ အကြိမ်ကြိမ်
ဆွေးနွေးညှိနှိုင်းခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြည်ထောင်စု
လွှတ်တော်တွင် အတည်ပြုခဲ့ပြီး မြန်မာ့သမိုင်းမှာ NCA စာချုပ်ဟာ
အထင်ကရစာချုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့
နိုင်ငံတော်အစိုးရတို့အကြား အာမခံချက်ပေးထားတဲ့ ကတိကဝတ်နဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။
NCA ရဲ့အနှစ်သာရဟာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနဲ့
တရားမျှတမှုတို့ကို အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့
ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ NCA ရဲ့ အနှစ်သာရတွေကို
သိရှိနားလည်ပြီး နိုင်ငံတော်အတွက်ဆိုတဲ့ အသိတရားနဲ့ ပူးပေါင်းပါဝင်လာကြဖို့လိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ
နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြန်ကြည့်မယ်ဆိုရင်
စတင်ရေးဆွဲစဉ်ကတည်းက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဟာ အမျိုးသားညီလာခံကို
၁၉၉၃ ခုနှစ်က စတင်ကျင်းပပြီး နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့
ဥပဒေရေးရာ စတဲ့ရှုထောင့်မျိုးစုံက အတွေ့အကြုံကြွယ်ဝတဲ့ အစုအဖွဲ့(၈)ခုဖြစ်တဲ့ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲမှာရွေးချယ်ခံထားရတဲ့
ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊
အလုပ်သမားကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ်များနဲ့
အခြားဖိတ်ကြားသင့်တဲ့ပုဂ္ဂိုလ်များပါဝင်ပြီး စုပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာလည်း
နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်ဖို့
အခြေခံမူ (၁၀၄) ချက်နဲ့အညီ ရေးဆွဲခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုနဲ့
တိုင်းဒေသကြီး၊ ပြည်နယ်များအကြားမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို
ဘယ်လိုခွဲဝေပိုင်းခြား ကျင့်သုံးဆောင်ရွက်မယ်၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ နိုင်ငံတော်အကြီးအကဲ၊
နိုင်ငံသား၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ တာဝန်များ၊ ရွေးကောက်တင်မြှောက်ခြင်း၊
နိုင်ငံရေးပါတီများနဲ့ အထွေထွေ ပြဋ္ဌာန်းချက်များစသဖြင့် အခန်းပေါင်း(၁၅)ခန်းနဲ့ပြဋ္ဌာန်းချက်
ပုဒ်မပေါင်း (၄၅၇) ခုတို့ကို အသေးစိတ်ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး
ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဥပဒေတစ်ရပ်လည်းဖြစ်ပါတယ်။ ဒီလိုစတင်ရေးဆွဲစဉ်ကတည်းက အာဏာဖြန့်ဝေသုံးစွဲခြင်းနဲ့
ဒီမိုကရေစီနိုင်ငံ၊ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေဟာ ဖက်ဒရယ်သဘောတရားတွေ၊ ဒီမိုကရေစီသဘောတရားတွေ
အပြည့်အဝပါဝင်နေတယ် ဆိုတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
၂၀၂၀
ပြည့်နှစ် ရွေးကောက်ပွဲကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေအရပ်ရပ်အရ ကျွန်တော်တို့အစိုးရအနေနဲ့
စတင်တာဝန်ယူပြီးကတည်းက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အထူးအလေးထား ဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့်
ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”
ဆိုတဲ့ လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဦးတည်ချက်
(၉)ရပ်ရဲ့ နိုင်ငံရေးဦးတည်ချက်မှာလည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး”ဆိုတဲ့ ဦးတည်ချက်ကိုလည်း
ထည့်သွင်းချမှတ်ဆောင်ရွက်ခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့
သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းနေခြင်းဟာ
မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ပါဘူး။ ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ပြီး ရည်မှန်းချက်နဲ့
အလှမ်းဝေးစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခကို လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်တဲ့
တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီတို့ကို
ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းကာ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေကို
အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
(၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၃)ဖွဲ့၊
နိုင်ငံရေးပါတီများနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက်
ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မယ်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ပန်းတိုင်ဖြစ်တဲ့
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်မယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ အချက်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) မှာ ပြင်ဆင်နိုင်ရေးအတွက်
အချက်(၄၃)ချက်တို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
အဆိုပါသဘောတူညီချက်များကို
မကြာမီပေါ်ပေါက်လာတော့မယ့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များနဲ့အညီ
ဆက်လက်ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်။ အလားတူပဲ ၂၀၁၇ ခုနှစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ဒုတိယအစည်းအဝေး)မှာ သဘောတူညီခဲ့တဲ့
ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁) ၃၇ ချက်၊ ၂၀၁၈ ခုနှစ်မှာ သဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း(၂) ၁၄ ချက်၊ ၂၀၂၀ ပြည့်နှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း(၃) ၂၁ ချက်တို့ကို ကိုယ်စားလှယ်အသီးသီးက လက်မှတ်ရေးထိုးထားပြီး
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာ
ဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် သဘောတူညီချက်များရယူပြီး
အချင်းချင်းယုံကြည်မှု တိုးမြှင့်တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့
ငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်
အစိုးရနဲ့ EAO တွေအကြား စိတ်ရင်းစေတနာမှန်ကန်စွာနဲ့
အကျေအလည်ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ကျွန်တော့်အနေနဲ့
နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူချိန်ကစပြီး “တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေး”ဆိုတဲ့ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်နဲ့ “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်
ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး”
ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ
တိုင်းရင်းသားလူမျိုးစုမြောက်မြားစွာရှိတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများအားလုံးရဲ့
သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသားလူမျိုးအားလုံးကောင်းစားရေးအတွက်
အာမခံနိုင်တဲ့ နိုင်ငံတော်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။
လက်နက်ကိုင်ပြဿနာကြောင့်
ထိခိုက်ဆုံးရှုံးမှုအများဆုံးဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များသာဖြစ်ပေါ်နေတာကို
တွေ့ရပါတယ်။ အဲဒီဒေသတွေဟာ လွတ်လပ်ရေးမရမီနှင့်ရပြီး နဂိုကတည်းကအခြေအနေအမျိုးမျိုး၊
အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်
“လဲရာသူခိုးထောင်း” ဆိုသလို
ပိုမိုအခြေအနေဆိုးရွားလာတာ တွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြည့်ရင် နိုင်ငံရဲ့
ဝေးလံလှတဲ့ ကျေးလက်ဒေသတွေမှာတောင် တည်ငြိမ်အေးချမ်းမှုရှိရင် ဖွံ့ဖြိုးတိုးတက်မှုရှိနေတာကိုတွေ့ရပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက်
ကောင်းမွန်တဲ့ ရေခံ၊ မြေခံတွေရှိပြီးဖြစ်လို့ တည်ငြိမ်အေးချမ်းမှု သာယာမှုရှိလာပါက
ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာ ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမှာ
မလွဲမသွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသခံပြည်သူလူထုရဲ့ မျက်နှာကိုကြည့်ကြပါ။
စာနာကြပါ။ သူတို့အတွက် တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့
တိုက်တွန်းပြောကြားလိုပါတယ်။
ဒီနေရာမှာပြောလိုတာကတော့
လက်နက်စွဲကိုင်ပြီး လိုချင်တာတွေကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး
လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဖန်တီးလုပ်ဆောင်မှုများဟာ
မိမိတို့ဒေသခံပြည်သူလူထုကို ဖွံ့ဖြိုးမှုနောက်ကျအောင် ဆွဲချနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့သွေဖည်နေပြီး
မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်ကြောင်း အလေးအနက်သတိပြုရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲများက
ပေါ်ပေါက်လာတဲ့ လွှတ်တော်အသီးသီးမှာ မိမိတို့လိုလားချက်တွေကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရယူကြရမှာဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ယနေ့
ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့
ပြည်ထောင်စုစနစ်တည်ဆောက်ရာမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့ ဒီမိုကရေစီရဲ့ကျင့်စဉ်အရ
အနည်းစုရဲ့ဆန္ဒကို လေးစားတန်ဖိုးထားရမှာဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ဖို့၊
ဒီမိုကရေစီစနစ်မယိုင်လဲစေဖို့အတွက် ဒီမိုကရေစီစိတ်မွေးဖို့၊ စည်းကမ်းစနစ်ကျနတဲ့ ဥပဒေကိုလေးစား
တန်ဖိုးထားလိုက်နာတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ပြည်သူတွေအတွက် အကျိုးရှိမှာဖြစ်သော်လည်း မသုံးတတ်ပါက
ယင်းစနစ်မအောင်မြင်တဲ့အပြင် မိမိနိုင်ငံရဲ့ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး၊ လူမှုရေးနှင့်
ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့တိုင်းရင်းသား
ပြည်သူလူထုအားလုံးက အသိတရား၊ သတိတရားများနဲ့ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။
အလားတူပဲ
တိုင်းရင်းသားပြည်သူအားလုံး လိုလားနေတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာမှာလည်း ဖက်ဒရယ်စနစ်ရဲ့
သဘောတရားဖြစ်တဲ့ မတူကွဲပြားတဲ့ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနဲ့လူမျိုးစုများ
စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနဲ့
မျှဝေခံစားခြင်းတို့နဲ့အညီ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုး၊ ပြည်ထောင်စုကြီးရဲ့အကျိုးကို
ရေရှည်ကြည့်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ပုံစံကို တည်ဆောက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
လိုအပ်တဲ့ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရ တောင်းဆိုမှုများအရ ပြင်ဆင်ဖို့လိုအပ်တာတွေကိုလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက်
ခိုင်ခိုင်မာမာရပ်တည်ပြီး မမှိတ်မသုန်ဆောင်ရွက်သွားမယ်ဆိုတာ ထပ်လောင်းပြောကြား လိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ကျွန်တော်တို့နိုင်ငံအနေနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
အရ နိုင်ငံတော်တည်ငြိမ်အေးချမ်းစွာနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပပေးတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်များအရ
ပေါ်ထွက်လာတဲ့အစိုးရကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး
ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်
နိုင်ငံတော်တာဝန်ယူချိန်ကတည်းက အခက်အခဲပေါင်းများစွာကြားကပဲ ဦးစားပေးလုပ်ဆောင်ရမယ့်တာဝန်တွေကို
အဆင့်လိုက်ချမှတ်ပြီး ကြိုးစားအကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲကာလများမှာ
ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကိုတွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို
သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်။
တိုင်းရင်းသားများရဲ့ ဆန္ဒနဲ့လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့အတွက်
နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့
လိုအပ်ပါတယ်။ ဒါမှသာ လူမျိုးစုအလိုက် လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ
ဆွေးနွေးပြီး စုပေါင်းဆုံးဖြတ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ယခုကျင်းပမယ့်ရွေးကောက်ပွဲစနစ်မှာ
ပြည်သူ့လွှတ်တော်တစ်ခုတည်းထဲမှာသာ FPTP
စနစ်ကို အသုံးပြုမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်တို့မှာ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ်
(Mix Member Proportional System-MMP)ကို အသုံးပြုမှာဖြစ်ပါတယ်။
MMP စနစ်ကိုအသုံးပြုခြင်းအားဖြင့် ပါတီငယ်များနဲ့ တိုင်းရင်းသားပါတီတွေဟာ
အချိုးကျကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်လောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။ FPTP
စနစ်တစ်မျိုးတည်းကို အသုံးပြုမယ်ဆိုရင် နိုင်သူအကုန်ယူဆိုတဲ့အတိုင်း
ကိုယ်စားလှယ်နေရာအများစုကို မဲအများဆုံးရရှိတဲ့ ပါတီကြီးတွေက ရယူသွားမှာဖြစ်ပြီး လွှတ်တော်ထဲမှာ
ပါတီကြီးတွေကသာ ကြီးစိုးသွားမှာဖြစ်ပါတယ်။ PR စနစ်နဲ့ ထိန်းညှိခြင်းဖြင့်
တိုင်းရင်းသားပါတီများနဲ့ ပါတီငယ်များအနေနဲ့ ၎င်းတို့ရရှိတဲ့ မဲများအလဟဿမဖြစ်ဘဲ အချိုးကျကိုယ်စားပြုစနစ်အရ
ကိုယ်စားလှယ် နေရာများရရှိပြီး လွှတ်တော်နေရာများကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့
မိမိတို့အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်သယ်ပိုးနိုင်တဲ့၊ မိမိလူမျိုး၊ မိမိဒေသအပေါ်
အလေးထားမယ့်ပုဂ္ဂိုလ်တွေကို ရွေးချယ်သွားနိုင်ကြဖို့လိုပါတယ်။ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်မဲပေးတဲ့ဓလေ့ကို
ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူကြဖို့ပြောလိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
နိဂုံးချုပ်အနေနဲ့
ပြောကြားလိုတာကတော့ သမိုင်းကြောင်းသင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်ပဲ အရေးကြီးပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးဟာ ပြည်ထောင်စုကြီးအတွင်းမှာ
စိတ်ချမ်းသာစွာ နေထိုင်နိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးဟာ အလွန်အရေးကြီးလှပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့အတွက်
အမှန်တကယ်လိုလားတဲ့ဆန္ဒ၊ ငြိမ်းချမ်းစွာညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှုနဲ့ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုတွေရှိမှသာ
ပန်းတိုင်ခရီးကို လျင်မြန်စွာရောက်ရှိမှာဖြစ်ပါတယ်။
ဒါ့ကြောင့်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ အသိဉာဏ်ပညာဖြင့် သတိတရားကိုလက်ကိုင်ထားပြီး NCA လမ်းကြောင်းအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ကြဖို့၊
တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံကာ စည်းလုံးညီညွတ်စွာနဲ့ အနာဂတ်ကာလမှာ တစ်နိုင်ငံလုံး
ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အားသွန်ခွန်စိုက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့
နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:
Post a Comment