မိုးကေနိုင်
သူတို့ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေတာကြည့်ပြီး မိမိတို့ကိုယ်တိုင်မှာ ယုံကြည်ချက်တွေ တိုးလာတယ်။ သေချာပါတယ်။ သူတို့ဆီမှာရှိနေတဲ့ အနိုင်ယူမယ်ဆိုတဲ့ ယုံကြည်ချက်၊ အောင်ပွဲအလီလီရယူမယ်ဆိုတဲ့ခံယူချက်၊ တစ်နည်းအားဖြင့် အောင်စိတ်၊ မောပန်းရုံနဲ့မရပ်၊ နိုင်မှရပ်မယ်ဆိုတဲ့ အောင်စိတ်မျိုး။ အောင်စိတ်ချည်းပဲမဟုတ်ပြန်၊ အနိုင်ရအောင် ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ နည်းစနစ်၊ ဒါမှသာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသပြီး အကောင်းဆုံးယှဉ်ပြိုင်အနိုင်ယူ၊ ဆုတံဆိပ်တွေရပြီဆိုတဲ့ ရလဒ်ကောင်းကိုမြင်ရမယ်။
အနိုင်မခံ၊ အရှုံးမပေးခံယူချက်ရှိနေကြတဲ့အတွက် သူတို့ဟာ
နိုင်ငံအတွက် သူရဲကောင်းတွေ ဖြစ်မှာမလွဲ၊၊ ပြိုင်ပွဲအကြို ကြိုတင်မွေးထားရမယ့်
ခံယူချက်နဲ့ စိတ်ဓာတ်တွေမှာ အရေးအကြီးဆုံးက ကြုံရနိုင်တဲ့ စိုးရိမ်စိတ်တွေ၊ ဖိအားတွေပဲ၊
လျှော့ချထားရမယ်၊ ကြောက်စိတ်တွေ အငုံ့စိတ်တွေ မထားရ၊ အရေးအကြီးဆုံးက စိတ်ဓာတ်ပါပဲ။
ကြောက်စိတ်နေရာမှာ အောင်ပွဲဆာလောင်စိတ်နဲ့ အစားထိုး၊ မိမိကိုယ်မိမိယုံကြည်မှုကို
အမြင့်ဆုံးမှာတည်ဆောက်ကြဖို့ပဲ။
အားကစားမှာ 5 S’s ဖြစ်တဲ့ stamina, speed, strength, skill and
spirit ဆိုတာရှိတယ်၊ သူတို့ အားလုံးတစ်ခုနဲ့တစ်ခုဟန်ချက်ညီနေရမယ်။
ခံနိုင်ရည်၊ ခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်။ ထိုငါးချက်မှာ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊
စိတ်ဓာတ်ကောင်းရင် အောင်ပွဲဆင်ဆိုတဲ့အတိုင်း
မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို
စုစည်းပြီး အကောင်းဆုံးသော အင်အားထုကြီးကို တည်ဆောက်ထားကြဖို့ပါပဲ။
အကောင်းဆုံးပြိုင်ပြီး အများဆုံးဆုတွေယူခဲ့ဖို့
အားလုံးသိတဲ့အတိုင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကြီးက သုံးလသာလိုပါတော့တယ်။
နေရာသုံးနေရာခွဲပြီး ဆင်နွှဲကြမယ့်ပွဲမှာ အားကစားနည်း ၅၃ မျိုး ထည့်သွင်းထားပြီး မြန်မာနိုင်ငံက
အားကစားနည်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ
ပြိုင်ပွဲဝင်ကစားသမား အားလုံးကြိုတင်လေ့ကျင့်ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်။ အောင်ပွဲဆိုတဲ့လမ်းဆုံးမရောက်မီ
လေ့ကျင့်ပြင်ဆင်ခြင်းဆိုတဲ့ ခရီးလမ်းမှာ လျှောက်လှမ်းနေကြတဲ့ကာလတစ်ခုပါ။ ပြင်းပြင်းထန်ထန်
လေ့ကျင့်ကြရင်းဖြင့် နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အားပေးမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း
ပြန်ပြီးတွန်းအားပေးနေရတဲ့ အရေးကြီးဆုံးကာလအတွင်းမှာပါ။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးအစားပေါင်းက ပြိုင်ခဲ့ဖူးသမျှ အကြိမ်တိုင်းမှာ
အခုပြိုင်ပွဲက ၇၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ အားကစားသမား၊ နည်းပြ၊
အုပ်ချုပ်သူအရေအတွက်အားဖြင့်လည်း အများဆုံးဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးက
အခြားနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ ယခင်ပြိုင်ပွဲအားလုံးထက် ယခုဆီးဂိမ်းမှာ
အကောင်းဆုံးဝင်ပြိုင်ပြီး ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အများဆုံးရယူပေးနိုင်ဖို့ကသာ
အဓိကဖြစ်တယ်။
စီမံမှုကောင်းတွေနဲ့အတူ ဖြစ်လာမယ့် အမှန်တကယ်အိပ်မက်
စိတ်ဓာတ်အင်အား၊ ရုပ်ပိုင်းအင်အားတွေကို အကောင်းဆုံးဖြစ်အောင်
တည်ဆောက်ထားရမယ် လို့ဆိုခဲ့ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းကြံ့ခိုင်အောင်အတွက်
စီမံမှုကောင်းတွေရှိပြီးဖြစ်ပေမယ့် မိမိကိုယ်မိမိ တည်ဆောက်ရမယ့်အပိုင်းက ပိုပြီးအဓိကကျပါလိမ့်မယ်။
အခြေခံအားဖြင့်တော့ နိုင်ငံအတွက်၊ တစ်မျိုးသားလုံးအတွက် မြန်မာဆိုတဲ့စိတ်နဲ့
ပြိုင်နိုင်ရမယ်၊ အနိုင်ယူနိုင်ရမယ်။ ဆုတံဆိပ်တွေ ရခဲ့ရင် ပြည်သူနဲ့ နိုင်ငံတော်က
ချီးမြှင့်မယ့်ဆုလာဘ်တွေက မိမိတို့ရဲ့ပန်းတိုင်ကို တွန်းအားဖြစ်စေသလို
ထိုချီးမြှောက်ခဲ့မှုများကပင် အောင်ပွဲဆီအမှန်တကယ်လည်း ရှေးရှုပါတယ်။
အရေးအကြီးဆုံးက မိမိကိုယ်တိုင်သာလျှင်ပါ၊ လေ့ကျင့်မှုအပိုင်း၊ ပြင်ဆင်မှုအပိုင်းမှာ
များစွာဝီရိယထားရပါမယ်။ နေ့ပေါင်းများစွာ၊ အပတ်ပေါင်း၊ လပေါင်းများစွာ
အချိန်ယူလေ့ကျင့်ထားမှုအားလုံးက ရည်မှန်းချက်က တစ်ခုတည်းပါပဲ။ ပြိုင်ပွဲဝင်
အားကစားသမားတွေဟာ အားကစားနဲ့ ဆေးဘက်ဆက်စပ်မှုအပိုင်းကို အထူးအလေးထားကြရပါတယ်။ နှလုံးအပါအဝင်
ကျန်းမာရေးစစ်ဆေးမှု၊ ကြွက်သားအဆစ်ကြံ့ခိုင်မှု ဆန်းစစ်မှုတွေက
နေ့စဉ်ဆောင်ရွက်ရတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။
အာဟာရအပိုင်းမှာလည်း မိမိပြိုင်ပွဲဝင်မယ့်အားကစားနည်းနဲ့ သင့်တော်မယ့်အမျိုးအစား၊
ညီညွတ်မျှတတဲ့ အာဟာရမျိုးကို ရွေးချယ်စားသောက်ကြရတယ်။ နေ့စဉ်အစားအသောက်အစီအစဉ်အောက်မှာ
အားကစားသမားတစ်ယောက် စားသင့်တဲ့ပမာဏဟာ ကျန်းမာရေးနဲ့ ညီညွတ်ရမယ့်အပြင် ပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့
ကုန်ခန်းသွားတဲ့ ကယ်လိုရီနဲ့ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးရမယ့် အာဟာရအမျိုးအစားပမာဏနဲ့ချိန်ပြီး
စားသောက်ရတာမျိုးပါ။
ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးပြီး ကိုယ်အလေးချိန်လည်းမတက်စေ၊ ကိုယ်ခံအားလည်း
ကောင်းစေတဲ့ lean protein
လို အစားအစာမျိုးတွေကို အားကစားအာဟာရပညာရှင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ
ကစားသမားအားလုံး တိတိကျကျစားသောက်ကြရပါတယ်။ နောက်တစ်ချက်အရေးကြီးတဲ့
အားကစားဆိုင်ရာဆေးပညာကဏ္ဍမှာ ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာရရှိနိုင်မယ့်အန္တရာယ်ကိုလည်း
ထည့်သွင်းတွက်ချက်ထားရတယ်။ မပြိုင်ခင်မှာ ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်မှု၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရင်လည်း
ကုသမှုပရိုတိုကောလ်အစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ကြရတယ်။
လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့အတူ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကလည်း
အောင်မြင်မှုအတွက် အခရာကျလွန်းပါတယ်။ အနိုင်ရလိုစိတ် ပြင်းထန်လာတဲ့အခါ စိတ်ကို
လေ့ကျင့်ထားမှ ကြုံရမယ့်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ပြင်းပြတဲ့ စိတ်ဓာတ်အပြင် တည်ငြိမ်တဲ့စိတ်ရှိနေဖို့လည်းလိုတယ်။
စိတ်တည်ငြိမ်ဖို့နဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို တရားထိုင်တဲ့
နည်းလမ်းတွေသုံးပြီး စိတ်ကိုလေ့ကျင့်ပေးကြတယ်လို့ဆိုပါတယ်။
နောက်တစ်ချက်က စည်းကမ်းပိုင်းပါ၊ ပြိုင်ပွဲစည်းကမ်းတွေဆိုတာ အလွန်အရေးကြီးပါတယ်။
လိုချင်တဲ့စိတ်နဲ့အတူ နာခံတဲ့စိတ်ရှိဖို့လည်းလိုတယ်။ အစားအသောက်ပုံစံ၊ အိပ်ရာဝင်ချိန်၊
အိပ်ရာထချိန်၊ နားချိန်ကအစပါ။ ပြိုင်ဘက်ကို အနိုင်ယူတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက
ကစားတတ်ဖို့၊ အနိုင်ယူတတ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ စည်းကမ်းဆိုတာ
မိမိရောက်ရမယ့်ပန်းတိုင်နဲ့ ပြီးမြောက်မှုကြားက အကွာအဝေးခြားတစ်ခုသာ၊
ပန်းတိုင်နဲ့ပြီးမြောက်မှုအကြား ခင်းထားတဲ့ တံတားတစ်ခုမျှပါ။ အသင်းလိုက်ပြိုင်ပွဲတွေမှာ
ပြိုင်ဘက်အသင်းနဲ့ ခိုက်ရန်ဖြစ်ပွားပြီး မိမိအသင်းအပေါ် အနုတ်လက္ခဏာဖြစ်မသွားအောင်
စိတ်ကိုထိန်းသိမ်းနိုင်ဖို့လိုတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်ဆက်တွဲနိုင်ငံနဲ့
လူမျိုးဂုဏ်သိက္ခာမထိခိုက်အောင်စောင့်ထိန်းရမယ့် စိတ်နေစိတ်ထားတွေ
ရှိနေဖို့လိုပါတယ်။ လိုက်နာဖို့အပြင် ရင့်ကျက်မှုပါ ပြသနိုင်ဖို့လိုပါတယ်။
အောင်မြင်မှုပန်းတိုင်ဆီချီတက်မယ့် ခရီးလမ်းဘယ်လမ်းမဆို မချောမွေ့နိုင်ပါဘူး။
အခက်အခဲအတားအဆီးတွေရှိနိုင်တယ်။ ဘယ်လိုစီမံမှု၊ ဘယ်လိုပြိုင်ပွဲမဆို
စိန်ခေါ်မှုဆိုတာ ရှိလာနိုင်တယ်။ မျှော်လင့်မထားတဲ့အချက်တွေကို ကြိုတင်မြော်တွေးထားရပါမယ်။
အထူးသဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာဖြစ်တယ်။ ဥပမာ-ရာသီဥတုအပြောင်းအလဲ၊
အစားအသောက်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ စိတ်ပိုင်းဆိုင်ရာဖိအား၊
စိတ်လှုပ်ရှားမှုတွေကနေ အိပ်စက်အနားယူခြင်းအပေါ် ထိခိုက်နိုင်မှုစတဲ့အချက်တွေကို ထည့်တွက်ရပါမယ်။
ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ်ပါ၊ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းနိုင်စွမ်းရှိဖို့က
ပိုအရေးကြီးပါတယ်။ ထိုသို့ ပြောင်းနိုင်ခြင်းကပဲ ချန်ပီယံတစ်ယောက်၊ အောင်နိုင်သူတစ်ယောက်ရဲ့
လျှို့ဝှက်ချက်ဖြစ်ပါလိမ့်မယ်။
စိတ်ခွန်အားတွေ ပေးမြဲပေးလျက်
ဘာပဲဖြစ်ဖြစ် မြန်မာတစ်မျိုးသားလုံးက အားပေးလျက်ပါ။
မြန်မာတွေပါဝင်တဲ့ ပြိုင်ပွဲတိုင်းအားပေးနေပါတယ်။ ယခင့်ယခင်ခေတ်တွေနဲ့မတူအောင် နိုင်ငံတော်ဘက်ကလည်း
အားကစား ထူးချွန်သူတွေကို အလွန်အားပေးချီးမြှင့်မြှောက်စားတဲ့ အချိန်အခါကောင်းဖြစ်နေတယ်။
ပြည်သူတွေရဲ့ အားပေးမှုဩဘာသံတွေ၊ လက်ခုပ်သံတွေက သင်တို့ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေမှာအမှန်ပါ။
ဒါကြောင့် နိုင်ငံ့ဂုဏ်ဆောင်မယ့် အားကစားသမားအားလုံး... မဆုတ်မနစ်သော လုံ့လနဲ့ ပုံမှန်လေ့ကျင့်
ပြီး ကြိုးစားယှဉ်ပြိုင်ပေးကြပါ။
လေ့ကျင့်မှုဆိုတာ ဘယ်တော့မှပြီးဆုံးတယ်မရှိ၊ ဘယ်တော့မှလည်း အဆုံးသတ်တယ်မရှိ၊
လေ့ကျင့်နိုင်သမျှလေ့ကျင့်ပါ။ ကိုယ်ဝင်ပြိုင်မယ့် ကိုယ့်အားကစားကိုယ်ကိုယ်တိုင်ချစ်ပါ၊
တန်ဖိုးထားပါ၊ လေးစားပါ၊၊ လေ့ကျင့်မှုဆီကနေအမြဲသင်ယူအမြဲလေ့လာပါ။ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုအမြဲရှိပါ၊ ယုံကြည်မှုရှိရင် အောင်မြေတစ်ဝက်နင်းပြီလို့မှတ်၊ ဖိအားဒဏ်ခံနိုင်အောင်
စိတ်ကိုအမြဲ လေ့ကျင့်ပါ။ အောင်မြင်မှုဆိုတာ ကြိုးစားမှုကြောင့် ရလာတာအရည်အချင်းရှိလို့ရတာ၊
တိုက်ဆိုင်မှုမဟုတ်ကြောင်းပြနိုင်ရမယ်၊၊ လဲကျမသွားနဲ့၊ ပြိုလဲမသွားနဲ့၊ လဲရင်ရုန်းထဘယ်တော့မှမရှုံးစေနဲ့။
ဘယ်လို အခက်အခဲရှိရှိလုပ်မယ်၊ ကိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ကသာအခရာ။ အသင်းလိုက်မှာ
သက်သောင့်သက်သာနဲ့ လိုက်မယ်ဆိုတဲ့စိတ် ဘယ်တော့မှ မတွေးပါနဲ့၊၊ ချွေးထွက်များမှ
သွေးထွက်နည်းမယ်၊ အနာခံမှ အသာစံရမယ့် စိတ်ဓာတ်နဲ့အတူ မိမိဘဝတစ်သက်တာဂုဏ်ယူနေရမယ့် ချန်ပီယံဆိုတဲ့
ဆုလာဘ်အတွက် ယခုခဏတာနာကျင်မှုတွေကို မေ့ထားလိုက်ပါ၊ အနာဂတ်ဆိုတာ မျှော်မှန်းနေရုံနဲ့မပြီး၊
ဖန်တီးမှုရှိမှသာ လှပတဲ့အနာဂတ်ဖြစ်လာမှာပါ။
နေ့တိုင်းနေ့တိုင်းမှာ မနေ့ကထက် ဒီနေ့ငါဘယ်လောက်ပိုကောင်းအောင်လုပ်နိုင်သလဲ၊
အမြဲဆန်းစစ်နေပါ။ ဒါမှသာ ယနေ့နာကျင်မှုဟာ နောက်တစ်နေ့အတွက် ချိုမြိန်မှုဖြစ်ပါမယ်။
အားကစားပြိုင်ပွဲတစ်ခု အောင်မြင်မှုအတွက် ဆန္ဒ၊ အသိ၊ နည်းနာ ထိုသုံးခုမှာ
ထက်သန်တဲ့ဆန္ဒက အရေးကြီးဆုံးလို့ ယူဆပါတယ်၊ ဆန္ဒပြင်းထန်မှုရှိနေရင် အင်အားနဲ့
နည်းနာနည်းပရိယာယ်တို့ကလည်း နောက်ကထက်ကြပ်လိုက်ပါလာမှာပဲ။ သေချာတာကတော့
ထက်သန်တဲ့စိတ်ဓာတ်မရှိဘဲ အောင်မြင်မှုဆိုတာ ဘယ်တော့မှရောက်မလာဘူးဆိုတာပဲ။ ဒီလိုကြိုးစားရင်
ဒီလိုအောင်မြင်မှုရမယ်ဆိုတဲ့ မမှိတ်မသုန်ယုံကြည်ချက်ရှိနေရင် ဒီပုံဒီနည်းလမ်းအတိုင်း
လုပ်မယ်ကြိုးစားမယ်ဆိုတဲ့ ခံယူချက်လည်း လိုက်လာမှာပဲ။ ခံယူတဲ့အတိုင်းကြိုးစားခဲ့ရင်
အောင်မြင်မှုက လက်တစ်ကမ်းမှာပါ၊၊
နောက်ဆုံးအချက် အားပေးချင်တာက အိပ်မက်ဆိုတာ ဘယ်အိပ်မက်မှ မကြိုးစားဘဲနဲ့တော့
မရနိုင်ပါဘူး၊ ခက်ခက်ခဲခဲကြိုးစားမှုရဲ့နောက်မှာ ချိုမြိန်တဲ့အောင်မြင်မှု ရှိနေတယ်ဆိုတဲ့အတွက်
ကြောင့်... သူတို့အားလုံး ကောင်းကောင်းလုပ်နိုင် ကြမယ်၊ ယခင်စံချိန်ကောင်းတွေကို
ချိုးနိုင်ကြမယ်၊ နိုင်ငံတော်အလံ ကွင်းအနှံ့လွှမ်းသွားမယ်၊ အဆုံးမှာ
အောင်ပွဲနဲ့အတူ ပြန်လာကြမယ်ဆိုတာ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာမှ သံသယရှိမှာ
မဟုတ်တော့ပါ။
အထူးသဖြင့် ယခုဆောင်းပါးဟာ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်တွေအတွက်
အဓိကရည်ရွယ်တဲ့ အားပေးမှု၊ လှုံ့ဆော်တိုက်တွန်းမှုတွေဖြစ်သော်လည်း...
ကိုယ်စီကိုယ်စီကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားနေကြသူတွေ၊
ဘဝကို အနိုင်မခံအရှုံးမပေး ကြိုးစားနေကြသူအားလုံး... အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက်လည်း
ရည်ရွယ်ချက်တွေ ပါဝင်သွားခဲ့ပြီးဖြစ်ပါတယ်။ ။

No comments:
Post a Comment