Friday, July 18, 2025

“မြန်မာ့တန်ဖိုး... မြန်မာ့အနာဂတ်” (Myanmar’s Value – Myanmar’s Future)

 


မောင်မိုး

“သနပ်ခါး၏ အေးမြသင်းပျံ့သော မွှေးရနံ့မှသည် ဆယ့်နှစ်ရာသီပန်းများ၏ ရောင်စုံဝင့်လွင်သော ပွင့်ချပ်များအထိ ဧရာဝတီ၏ ငြိမ်းချမ်းသော စီးဆင်းမှုမှသည်  စိမ်းလန်းသော ရိုးမတောင်တန်းများအထိမြန်မာတို့၏ အင်အားသည် မြန်မာ့အမွေအနှစ်များ၊ မြန်မာ့တန်ဖိုးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပါသည်…”









မြန်မာနိုင်ငံသည် ခိုင်မာသောသမိုင်းကြောင်း၊ ကြွယ်ဝသောယဉ်ကျေးမှုအစဉ်အလာများဖြင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ ကြီးမြတ်သော သာသနာ့ရွှေရောင်ထွန်းပြောင်မှုမှသည် ဧရာဝတီမြစ်၏ အေးချမ်းသာယာသောစီးဆင်းမှုအထိ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာကို ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ရိုးရာဓလေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ ကြံ့ခိုင်မှုများဖြင့် စုစည်းပုံဖော်ထားသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာသည် နိုင်ငံ၏ အမည်အတွင်း၌ပင် အထင်အရှားပေါ်လွင်နေသည်။ “မြန်မာဟူသော စကားလုံးသည် ကျွန်ုပ်တို့လူမျိုး၏ သန်မာမှုနှင့်လျင်မြန်မှုကို ရောင်ပြန်ဟပ်စေပါသည်။ “မြန် (Swift) သည် လျင်မြန်မှုနှင့် လိုက်လျောညီထွေဖြစ်မှုကို ကိုယ်စားပြုပြီး “မာ (Resilience)သည် သန်မာမှုနှင့်ခံနိုင်ရည်ရှိမှုကို ကိုယ်စားပြုသည်။ ဤပေါင်းစပ်မှုသည် ကျွန်ုပ်တို့နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်ကို ပေါ်လွင်စေသည်။

မြန်မာ့သနပ်ခါးသည် အသားအရည်လှပတင့်တယ်စေသည့် အလှကုန်ပစ္စည်းတစ်ခုထက်ပိုပါသည်။ ၎င်းသည် သန့်ရှင်းစင်ကြယ်မှု၊ နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်မှုနှင့် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာသော ရိုးရာဓလေ့ကို ကိုယ်စားပြုသည်။ ထိုကဲ့သို့ပင် မြန်မာတို့၏ ယဉ်ကျေးမှုမြင့်မားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကြံ့ကြံ့ခံနိုင်ခြင်းတို့သည် မြန်မာ့တန်ဖိုးများဖြစ်ပြီး ထိုတန်ဖိုးများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း၍ စွမ်းအားအဖြစ် စုစည်းပွေ့ပိုက်ကာ ခေတ်အဆက်ဆက် စိန်ခေါ်မှုများကို လျင်မြန်စွာနှင့် သန်မာစွာရင်ဆိုင်ကျော်လွှားခဲ့ခြင်းသည် မြန်မာ့လမ်းစဉ်(Myanmar’s Way)များ အတိုင်းပင်ဖြစ်သည်။ မြန်မာ့နည်းမြန်မာ့ဟန် (Myanmar-Owned and Myanmar-Led) ဖြင့်ပင် မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော ကိုလိုနီခေတ်၊ ထိုမှတစ်ဆင့်ပေါ်ပေါက်လာသော ရောင်စုံသူပုန်ခေတ်၊ ခေတ်အဆက်ဆက်ရှင်ကြီးဝမ်းနှင့် ရှင်ငယ်ဝမ်းအသီးသီးတွင် ဖြတ်သန်းရင်း နိုင်ငံရေးပဋိပက္ခအဖုံဖုံတို့ကို ကျော်လွှားနိုင်ခဲ့ကာမုန်တိုင်းအပြီး ထွက်ပေါ်လာသည့် ရောင်စုံသက်တံပမာ တစ်ဖန်ထွန်းလင်းတောက်ပခဲ့သည့်သာဓက သမိုင်းများရှိခဲ့ပြီဖြစ်ပါသည်။

သမိုင်းကြောင်းတန်ဖိုး

မြန်မာနိုင်ငံသည် ရှေးကျသောယဉ်ကျေးမှု၊ ထူးခြားသည့် သမိုင်းအမွေအနှစ်နှင့် လှပသောသဘာဝတရားတို့ဖြင့် ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံးနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကျွန်ုပ်တို့၏ မြေသည်ပုဂံခေတ်မှစတင်၍ ကိုလိုနီခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ယနေ့ခေတ်အထိ ရှည်လျားသော သမိုင်းကြောင်းများကိုပိုင်ဆိုင်ထားပြီး ထိုအမွေအနှစ်များသည် မြန်မာလူမျိုးတို့၏ ဂုဏ်ရည်နှင့် စိတ်ဓာတ်ကိုထင်ဟပ်စေသည်။ နှစ်ပေါင်းထောင်ချီရှိသော သမိုင်းကြောင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် ယဉ်ကျေးမှုအဆင့်ဆင့်ထွန်းကားလာမှုကို ပုဂံပြည်ကြီးက သက်သေထူလျက်ရှိပါသည်။ “တကောင်းအဘိရာဇာ၊ တို့မြန်မာသာကီမျိုးဟာမို့ ဟု စာဖွဲ့ခဲ့ရသော တကောင်းမှစ၍ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့် ခေတ်စဉ်များတစ်လျှောက် မြန်မာတို့သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခံ့ညားထည်ဝါစွာ နေထိုင်ခဲ့ကြသည်။

အဓွန့်ရှည်တည်တံ့ခိုင်မြဲလာခဲ့သော မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် နိုင်ငံတော်ကြီး တည်တံ့ခိုင်မာရေးအတွက် ဘိုးဘွားဘီဘင်များ သွေးနှင့်ရေးထိုးခဲ့သော သမိုင်းမှတ်တမ်းကောင်းများ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သမိုင်းမှတ်တမ်းကောင်းများသည် ယနေ့ထက်တိုင်မော်ကွန်းတင်ထားဆဲဖြစ်သည်။ မြန်မာ့သမိုင်း၏ တန်ဖိုးသည် အတိတ်ကို မှတ်တမ်းတင်ရုံသာမက သင်ခန်းစာယူ၍အနာဂတ်ကို ပုံဖော်ဖန်တီးရန်ဖြစ်သည်။ သင်ခန်းစာယူရန် အခြေခံဖြစ်သည်။ ကျွန်ုပ်တို့၏ မျိုးဆက်သစ်များအနေဖြင့် ဤသမိုင်းအမွေကို ထိန်းသိမ်းကာကွယ်ပြီး ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးသောနိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ဆောက်ရန် တာဝန်ရှိသည်။

ပထဝီဗဟိုချက် တန်ဖိုး

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အင်ဒိုချိုင်းနားကျွန်းဆွယ်အားပိုင်းခြားထားပြီး အရှေ့ဘက်တွင် အာဆီယံအပါအဝင် အာရှဒေသတစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်တွင် တောင်အာရှဒေသ အပါအဝင် အိန္ဒိယသမုဒ္ဒရာစသည့် သမုဒ္ဒရာနှစ်စင်းနှင့် ဒေသတစ်ခုကိုပိုင်းခြားထားပါသည်။ တစ်နည်းအားဖြင့် ၎င်းဒေသနှစ်ခုနှင့် သမုဒ္ဒရာနှစ်စင်းတို့အားဆက်စပ်ပေးရာ Land Bridge တစ်ခုအဖြစ် တည်ရှိနေပါသည်။ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယသမုဒ္ဒရာသည် အာရှတိုက်၊ အာဖရိကတိုက်နှင့် ဩစတြေးလျတိုက်တို့၏ ဆက်သွယ်ရာဗဟိုတွင်တည်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသည်သာမက ပထဝီနိုင်ငံရေး(Geopolitics)နှင့် ပထဝီစီးပွားရေး (Geoeconomics)အရ အလွန်အရေးပါသော နေရာတစ်ခုဖြစ်ပါသည်။

တောင်အာရှနှင့် အရှေ့တောင်အာရှအကြား ဆုံမှတ်တွင်တည်ရှိသော မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့၏ ဗဟိုချက်ဖြစ်ခဲ့ပြီး မြန်မာတို့၏ ပထဝီနိုင်ငံရေး တန်ဖိုးတစ်ခုလည်းဖြစ်ပါသည်။ ဘုရားစေတီပုထိုးများစွာတည်ရှိသော ရှေးဟောင်းမြို့တော် ပုဂံသည်တစ်ချိန် က အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင် အာရှကြားသမိုင်းနှင့် ယဉ်ကျေးမှု တံတားအဖြစ်တည်ရှိခဲ့ပြီး ဒေသတစ်ဝန်းမှ ပညာရှင်များနှင့် ကုန်သည်များကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အာရှတိုက်အရှေ့တောင်ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး၏ အနောက်ပိုင်းတွင် မဟာဗျူဟာကျကျ တည်ရှိနေခြင်းနှင့်အတူ နိုင်ငံအတွင်းသဘာဝသယံဇာတများ ပေါကြွယ်ဝမှုများ၊ ကမ်းရိုးတန်းတည်ရှိမှုအနေအထား၊ သဘာဝနှင့်ဖန်တီးဆိပ်ကမ်းများ ရရှိနိုင်မှုအနေအထား၊ မြစ်ချောင်းများ၏ တည်ရှိမှုအနေအထား၊ မြေဆီဩဇာပြည့်ဝမှု၊ အဓိကကုန်သွယ်ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများနှင့်နီးကပ်မှု၊ သမုဒ္ဒရာများအတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်သည့် ပင်လယ်ပြင်ထွက်ပေါက်ရှိခြင်း စသည့် ရေကြောင်းဆိုင်ရာ အနေအထားများသည် မြန်မာပထဝီတန်ဖိုးများ ဖြစ်ပါသည်။ ၎င်းပထဝီဗဟိုချက်တန်ဖိုးများကို မြန်မာနိုင်ငံသားအားလုံး အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာ အသုံးချဖန်တီး အကောင်အထည်ဖော်ရန်လိုအပ်မည်ဖြစ်ပါသည်။

စီးပွားရေးတန်ဖိုး

စီးပွားရေးသည်လည်း မြန်မာတို့၏အဓိကတန်ဖိုးတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည်တစ်ချိန်က ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ “အာရှတိုက်၏ ဆန်အိုး အဖြစ် လူသိများခဲ့သည်။ ပုဂံခေတ် (အေဒီ ၉၄၉-၁၂၉၇) တွင် ငွေကြေးစနစ်ကို ငွေဒင်္ဂါး၊ ‌ငွေခဲများဖြင့် အသုံးပြုခဲ့ပြီး အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပြုခဲ့သည်။ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်များ (၁၄၁၉ ရာစု)တွင် ဆား၊ ကျွန်းသစ်၊ သစ်မာတို့သည် အရေးပါသောကုန်သွယ်မှုပစ္စည်းများဖြစ်ခဲ့ပြီး ဥရောပ (ပေါ်တူဂီ၊ ဒတ်ချ်)၊ အိန္ဒိယ၊ တရုတ်တို့နှင့် ကုန်သွယ်မှုများ တိုးတက်ခဲ့သည်။ ကျောက်စိမ်းနှင့် ပတ္တမြားမှသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အထိ မြန်မာ့သယံဇာတကြွယ်ဝမှုသည် မြန်မာနိုင်ငံကို အာရှတွင် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ သို့ဖြစ်ရာ ယနေ့မြန်မာ့စီးပွားရေးတန်ဖိုးများ ပြန်လည်မြှင့်တင်နိုင်ရေးတွင် GDP တိုးတက်ရေး၊ ထုတ်ကုန်တိုးမြှင့်ရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့်ရေးများအား အရှိန်အဟုန်ဖြင့် အဆင့်လိုက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ဘာသာ၊ သာသနာ ယဉ်ကျေးမှုတန်ဖိုး

မြန်မာနိုင်ငံသည် ဘာသာ၊ သာသနာယဉ်ကျေးမှုအစဉ်အလာများ နှစ်ပေါင်းထောင်ချီ ထွန်းကားတည်ရှိခဲ့သောနိုင်ငံဖြစ်သည်။ မြန်မာတို့၏ လူ့ဘောင်လောကနယ်ပယ်တွင် ဘာသာတရားနှင့် ယဉ်ကျေးမှုအစဉ်အလာများကို အစဉ်အဆက် ထိန်းသိမ်းရှင်သန် ရပ်တည်နေထိုင်ခဲ့ကြပေသည်။ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၏အဆုံးအမများပေါ်တွင်အခြေခံပြီး ကရုဏာ၊ မေတ္တာ၊ စေတနာ၊ သဒ္ဓါတရားတို့ဖြင့် လူမှုအသိုင်းအဝိုင်းကို စည်းလုံးညီညွတ်စေသည်။ ရိုးရာပွဲတော်များ၊ ဘာသာရေးအခမ်းအနားများတွင် ပြည်သူများစုပေါင်းပါဝင်ခြင်းသည် ဤစည်းလုံးမှုကို ထင်ဟပ်စေသည်။ မြန်မာလူမျိုးတို့၏ ရိုးသားမှု၊ သစ္စာရှိမှု၊ ကျေးဇူးသိတတ်မှုတို့သည် ဗုဒ္ဓဘာသာ၏သီလနှင့် ဝါရိတ္တသမာဓိများ မှ ပေါက်ဖွားလာသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သကဲ့သို့ ဘာသာမျိုးစုံလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသော နိုင်ငံလည်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် မိမိဘာသာကို တန်ဖိုးထားမြတ်နိုးကြသလို သူတစ်ပါးဘာသာကိုလည်း လေးစားတန်ဖိုးထားသူများဖြစ်သည်။ သို့ဖြစ်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံရေးအရလွတ်လပ်ခွင့်နှင့် ဘာသာရေးအရလွတ်လပ်ခွင့်များကို ထည့်သွင်း ပြဋ္ဌာန်းထားရှိခြင်းဖြစ်သည်။

ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်းနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသများအား UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းမှတ်တမ်းတင်ခြင်းကလည်း မြန်မာ့ယဉ်ကျေးမှုတန်ဖိုးများကို ကမ္ဘာက အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။

ထို့အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် UNESCO ၏ လူသား မျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီး မြန်မာ့ရိုးရာသနပ်ခါးသည်လည်း မကြာခင်အချိန်ကာလတစ်ခုတွင် UNESCO ၏ အမွေအနှစ်စာရင်းတွင် ပါဝင်လာနိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန်ဆိုသည့် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာ့အလယ်တွင် မိမိတို့၏ကိုယ်ပိုင် သမိုင်းယဉ်ကျေးမှုများဖြင့် နှစ်ပေါင်းထောင်ချီ ခိုင်မာစွာတည်ရှိလာခြင်းနှင့်အတူ အနာဂတ်တွင်လည်း မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များမြှင့်တင်ရေး၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာများတိုးမြှင့်ရေးနှင့် မြန်မာ့ Identity (မြန်မာ့ဝိသေသ)များ မြှင့်တင်နိုင်ရေးသည် နိုင်ငံသားအားလုံး၏ အဓိကသမိုင်းပေးတာဝန်တစ်ခုပင်ဖြစ်ပါသည်။ မြန်မာတို့၏ ဘာသာ၊ သာသနာယဉ်ကျေးမှုအစဉ်အလာသည် လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှု၊ အနုပညာဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရားမြင့်မားမှုနှင့် သမိုင်းအမွေအနှစ်တို့ကို ပေါင်းစပ်ထားသော မြန်မာ့အသက်သွေးကြောပင်ဖြစ်သည်။ ဤတန်ဖိုးများကို ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နှစ်ပေါင်းထောင်ချီသော ယဉ်ကျေးမှုတို့ အခြေတည်လာသည့် သမိုင်းကြောင်းကို ထင်ဟပ်ပြသနေမည်ဖြစ်ပါသည်။

လူမှုရေးတန်ဖိုး

မြန်မာ့ရိုးရာ “ထမင်းဝိုင်းသည်လည်း အစားအစာထက်ပိုသည့် မိသားစု၏ စည်းလုံးမှု၊ ရိုးရာဓလေ့နှင့် လူမှုရေးတန်ဖိုးများဖော်ဆောင်သော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ မြန်မာ့ထမင်းဝိုင်းတွင် မိသားစုဝင်အားလုံးစုဝေးပြီး တစ်ဝိုင်းတည်းထိုင်ကာ ထမင်း၊ ဟင်းများကို အတူတကွမျှဝေစားသောက်ခြင်း၊ လူကြီး၊ လူငယ်၊ ကလေးအားလုံးအဆင့်အတန်းမခွဲခြားဘဲ တန်းတူညီမျှပါဝင်ခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထမင်းဝိုင်းသည် စည်းလုံးမှု၏ သင်္ကေတဖြစ်သည်၊ မိသားစုအတွင်း ချစ်ခြင်းမေတ္တာ၊ ပြောဆိုဆက်ဆံမှုများကို မြှင့်တင်ပေးသည်။ ဧည့်သည်များကို ထမင်းဝိုင်းသို့ ဖိတ်ခေါ်ခြင်းဖြင့် ရိုးရာဓလေ့ဧည့်ဝတ်ကျေပွန်မှုကို ပြသပါသည်။ မိသားစုအခြေပြု ကျေးလက်စည်းလုံးမှု၊ ရိုးရာဓလေ့နှင့် ဘာသာတရားအပေါ် လေးစားမှု၊ တန်းတူညီမျှမှု၊ ကရုဏာနှင့် ရိုးသားမှု၊ မေတ္တာ၊ ဒါန၊ သဘာဝနှင့် ဟန်ချက်ညီစွာ နေထိုင်မှုတို့သည် မြန်မာ့လူမှုရေးတန်ဖိုးများပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်အလှူအတန်းနှင့် ပေးကမ်းစွန့်ကြဲမှု အထက်သန်ဆုံးနိုင်ငံများတွင် ကမ္ဘာ့ထိပ်ဆုံးအဆင့်၌ ရပ်တည်လျက်ရှိခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထားလူမှုဆက်ဆံရေး ဓလေ့တန်ဖိုးများကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ပဋိပက္ခများပြည့်နှက်နေသည့် နိုင်ငံဟုမည်သို့ပင် သမုတ်စေကာမူ မြန်မာတို့၏ “အလှူရေစက်လက်နှင့်မကွာ ဓလေ့ရိုးရာ တန်ဖိုးများသည် ကမ္ဘာပေါ်တွင် သဒ္ဓါတရားပြည့်ဝသော လူမျိုးများအဖြစ်နွံမနစ်သော ပတ္တမြားကဲ့သို့ပင် တည်ရှိနေမည်ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ် တန်ဖိုး

ပြည်ထောင်စုစိတ်ဓာတ်တန်ဖိုးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောနှင့် ဝိညာဉ်ပင်ဖြစ်သည်။ ယင်းသည်အတိတ်က ရဲရင့်သောစွန့်လွှတ်အနစ်နာခံမှုများ၊ ပစ္စုပ္ပန်၏ ကြီးမားသော စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်မှုများနှင့် အနာဂတ်အတွက်လှပတင့်တယ်သော မျှော်လင့်ချက်များကို ကိုယ်စားပြုသည်။ ပြည်ထောင်စုဟူသည် နိုင်ငံတစ်ဝန်းလုံးရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံတို့၏ ညီညွတ်မှု၊ စည်းလုံးမှု၊ ဂုဏ်သိက္ခာနှင့် တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ် အခြေခံအုတ်မြစ်ကြီး တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ မတူကွဲပြားသော တောတောင်ရေမြေ သဘာဝအနေအထားများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အသွေးအရောင်၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှုများကွဲပြားကြသော်လည်း တစ်မြေတည်းနေတစ်ရေတည်းသောက်ကြသော ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများပင်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်သည် ညီညွတ်ခြင်း၏ အင်အားကိုပြသပြီး တစ်သားတည်းရှိသော စိတ်၊ မိသားစုသဖွယ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရေရှည်အကျိုးစီးပွားကို တည်ဆောက်ခြင်းဖြစ်သည်။ ထိုသို့တည်ဆောက်ရာတွင် နိုင်ငံတော်အတွင်း ကြုံတွေ့ရင်ဆိုင်လာသည့် မည်သည့်အခက်အခဲများမဆို ပြည်ထောင်စုစိတ်ဓာတ်များဖြင့် ပူးပေါင်း ဖြေရှင်းကျော်လွှားကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူခဲ့သည့် သမိုင်းကြောင်းမှသည် ယနေ့နိုင်ငံတစ်ဝန်း ခိုင်မာသော ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် သဘာဝဘေးဒဏ်ကြီးများမှ ပြန်လည်ရုန်းထရေးအထိ ပြည်ထောင်စုစိတ်ဓာတ်ခွန်အားဖြင့် ချီတက်လျှောက်လှမ်းရန်လိုအပ်မည်ဖြစ်သည်။ ဤတန်ဖိုးကြီးကို ထိန်းသိမ်းရန်နှင့် အကောင်အထည်ဖော်ရန်မှာ အစိုးရတစ်ရပ်တည်း၏ တာဝန်သာမက၊ နိုင်ငံသားတိုင်း၊ လူမှုအဖွဲ့အစည်းတိုင်း၊ တိုင်းရင်းသားတိုင်း၏ တာဝန်ဝတ္တရားများဖြစ်ပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment