Monday, July 14, 2025

အားလုံးပါဝင်ဆောင်ရွက်ရမည့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး



စိုးသူရ

ကမ္ဘာပေါ်တွင် လူဦးရေများပြားလာသည်နှင့်အမျှ လူသားများသုံးစွဲသည့် ပလတ်စတစ်ပစ္စည်း ပမာဏများပြားလာပြီး ပလတ်စတစ်ညစ်ညမ်းမှု များပြားလာကာ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများဖြစ်လာကြောင်း တွေ့ရှိနေရသည်။ စည်းကမ်းမဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်ခြင်းများ ကြောင့် ကမ္ဘာကြီး သန့်ရှင်းမှုမရှိတော့ဘဲ လူသားများတွင် ရောဂါများဖြစ်ပွားလာသည်ကို တွေ့ရှိရ သည်။

ပလတ်စတစ်ထုတ်ကုန်များသည် ရှေးခေတ်ကတည်းက လူသားများကို အကျိုးပြုခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ယနေ့ခေတ်၌ ပင်လယ်သမုဒ္ဒရာများတွင် လူသားတို့အသုံးပြုပြီးသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စုပုံရောက်ရှိကာ အဏ္ဏဝါဂေဟစနစ်နှင့် ရေနေသတ္တဝါများ ရှင်သန် နေထိုင်မှုကို အနှောင့်အယှက်ပေးနေသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်တွင် ပလတ်စတစ်ထုတ်ကုန် တန်ချိန် သန်း ၄၀၀ ကျော်ကို ထုတ်လုပ်နေရာ ၎င်းတို့အနက်မှ ပြန်လည်အသုံးပြုနိုင်သည့် ပမာဏသည် ၁၀ ရာခိုင်နှုန်းထက်နည်းသည်ကို တွေ့ရှိရသည်။ ၎င်းပလတ်စတစ်ထုတ်ကုန်များ အနက်မှ ၁၁ သန်းသည် ရေကန်များ၊ ချောင်းများနှင့် မြစ်များအတွင်းသို့ ရောက်ရှိသွားကြပြီး ရေထု ညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်လာစေခဲ့ကြောင်း သိရသည်။

ရေထု၊ လေထုနှင့် အစားအသောက်များထဲသို့ အလွန်သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှား များ ကပ်ငြိလာခြင်းကလည်း လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီသည် နှစ်စဉ် နှစ်တိုင်း ပလတ်စတစ် အမှုန်အမွှား ၅၀၀၀၀ ကျော်ကို ထိတွေ့နေရကြောင်းလေ့လာမှုများအရ သိရသည်။ ၎င်းသေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများ ရေထဲသို့ရောက်ရှိသည့်အချိန်တွင် ငါးများက စားသုံးနေပြီး ၎င်းငါးများ၏ ကိုယ်တွင်းအင်္ဂါများတွင် ကပ်ငြိနေသည့် ပလတ်စတစ် အမှုန်အမွှားများကြောင့် ငါးစားသုံးသူများတွင် ရောဂါများဖြစ်ပွားလာ သည်။

ပလတ်စတစ် ထုတ်ကုန်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပလတ်စတစ် ထုတ်ကုန်သုံးစွဲသူများတွင် ရင်သားကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာများ ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။

ယနေ့ခေတ်တွင် ပလတ်စတစ်အမှုန်အမွှားများကို လူသား၏သွေး၊ အဆုတ် စသည့်ကိုယ်တွင်း အစိတ်အပိုင်းများတွင်ပင် တွေ့ရှိနေရပြီး ကျန်းမာရေးအရ အကျိုးသက်ရောက်မှုများအဖြစ် နာတာ ရှည် ရောင်ရမ်းမှု၊ မျိုးဗီဇစနစ်ပျက်စီးခြင်း၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနှင့် သွေးကင်ဆာများကို ဖြစ်ပွားစေကြောင်း တွေ့ရှိရသည်။ တစ်ခါသုံးပလတ်စတစ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့်အချိန်တွင်လည်း ထွက်ရှိလာသည့် ဓာတုပစ္စည်းများကြောင့်လူသားများ၏ ကျန်းမာရေးအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများရှင်သန်ရေးကို အနှောင့်အယှက်ပေးနေသည်။ ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် တာဝန်ရှိသူများကလည်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည်။

ယခုနှစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ ပလတ်စတစ်ညစ်ညမ်း မှုအဆုံးသတ်ရေးဖြစ်သည်။ ၎င်းဆောင်ပုဒ်အရ ပလတ်စတစ်ထုတ်ကုန်များကို ငြင်းပယ်ခြင်း၊ သုံးစွဲမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပလတ်စတစ်အသုံးပြုရန် စဉ်းစားချင့်ချိန်ဆောင်ရွက် ခြင်းတို့ကို ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်မည် ဖြစ်သည်။

ဘရူနိုင်းနိုင်ငံတွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ပလတ်စတစ်ထုတ်ကုန် ပြန်လည်အသုံးပြုရေးနေ့ကို ယခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် ကျင်းပခဲ့သည်။ စဉ်ဆက်မပြတ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး နိုင်ငံသားများအား အသိပညာပေးသည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံအတွင်းသတ်မှတ်ဒေသများရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ပြန်လည်သုံးစွဲ၍ ထုတ်ကုန်များထုတ်လုပ်ရန် ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချသည့် လုပ်ငန်းများက ၎င်းအခမ်းအနားတွင် စုဆောင်းခဲ့ကြသည်။ နိုင်ငံသားများအား ပလတ်စတစ်ထုတ်ကုန် ပြန်လည်သုံးစွဲသည့်အလေ့အကျင့်ကို မွေးမြူနိုင်ရန် အစိုးရက ၎င်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင်လည်း အိမ်ထောင်စုများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြားသတ်မှတ်ကာ ပြန်လည်အသုံးပြုရေးဆောင်ရွက်နေကြပြီး စည်းကမ်းမဲ့ပလတ်စတစ် စွန့်ပစ်သူများကိုလည်း အရေးယူမှုများဆောင်ရွက်ကြောင်း တွေ့ရှိရသည်။

ကမ္ဘာ့ရေထုသည်လည်း လက်ရှိအချိန်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးနေ သည်ကို တွေ့ရှိရသည်။

ကမ္ဘာပေါ်ရှိ မြေထု၊ ရေထုနှင့် ပင်လယ်သမုဒ္ဒရာများကို ထိန်းသိမ်းရန်အတွက် လူသားတိုင်းက တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ကင်းစင်သည့် လှပသောကမ္ဘာကို ရှေးရှုနိုင်မည် ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ။

ကိုးကား - Save the environment from the danger of plastic waste GNLM

No comments:

Post a Comment